ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖက်ရှင်
- စောရန်နိုင်
- ဘီဘီစီမြန်မာပိုင်း

နိုင်ငံရေးတခေတ်မှာ ဖက်ရှင်ထွင်နိုင်တဲ့ ခေါင်းဆောင်လည်းဖြစ်
လန်းဆန်းပေါ့ပါးပြီး ဖက်ရှင်ဒီဇိုင်းကို စတိုင်ကျကျဝတ်လေ့ရှိသူ။ ခေါင်းပေါ်ကပန်းတွေ၊ လည်ပင်းမှာ ဆန်းသစ်ဆွဲကြိုးအလှတွေကြောင့် ပိုပြီးခမ်းနားစေတယ်။ မြန်မာဆန်ဆန် သူ့ရဲ့ ဖက်ရှင်က လူပြောများ ရေပန်းစားနေဆဲ။
သူက နိုင်ငံရေးမှာ ထိပ်တန်းနေရာယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါ။
မြန်မာပြည်သာမက နိုင်ငံခြားက အစည်းအဝေးတွေ၊ အခမ်းအနားတွေမှာလည်း မြန်မာ ဆန်ဆန်ဖက်ရှင်တွေဝတ်ပြီး တက်လေ့ရှိတဲ့ ဒေါ်စုကြောင့် မြန်မာအမျိုးသမီးတွေကြားမှာ သူ့ရဲ့ဖက်ရှင်က ရေပန်းစားနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖက်ရှင်လို့တောင် တချို့ကခေါ်ကြတယ်။
တချို့ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည့်ဝတ်တဲ့ ဒီဇိုင်းနဲ့တူတဲ့ ဖက်ရှင်တွေကို ဝယ်ဝတ်ကြ ပါတယ်။ ဒေါ်စုအတွက်ချုပ်မယ့်အင်္ကျီနဲ့ ထဘီကို ဒီဇိုင်နာတွေက ရန်ကုန်မြို့လယ်က ဗိုလ်ချုပ်ဈေးမှာ လည်း လာဝယ်လေ့ရှိတယ်လို့ အထည်ဆိုင် ဝန်ထမ်းတွေက ပြောပါတယ်။ တချို့အမျိုးသမီးတွေ ဆိုရင်လည်း ဒေါ်စုဝတ်တဲ့ဒီဇိုင်းနဲ့ တူတာတွေကို လာရွေးဝယ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HEIN HTET
ပုတီးဆွဲကြိုးနဲ့ အစည်းအဝေးတက်
"ဒေါ်စုဝတ်တဲ့ ဒီဇိုင်းတွေပြပြီး လာဝယ်တာတွေ ရှိတယ်။ သူတို့ပြတဲ့ ဒီဇိုင်းနဲ့ ညီမတို့မှာ ရှိတဲ့ဒီဇိုင်း နဲ့တူရင် ဝယ်သွားတယ်။ လာဝယ်တာက လူလတ်ပိုင်းအမျိုးသမီးတွေ ပိုများတယ် " လို့ ဗိုလ်ချုပ်ဈေးက အရောင်းဝန်ထမ်းမလေး အိဖြူက ပြောပါတယ်။
ဗိုလ်ချုပ်ဈေးက မိုးပွင့်ဖြူအထည်ဆိုင်မှာ ဈေးရောင်းတဲ့ လိယဉ် ကတော့ "ဒီဇိုင်နာတွေက ဒေါ်စုအတွက် ပိတ်စတွေ လာရွေးတယ်။ သူနဲ့ လိုက်ဖက်မယ့် ပိတ်စတွေပေါ့။ အဓိကကတော့ ပိုးချိတ်တွေ၊ ရက်ကန်းချိတ်တွေ ဝယ်သွားတာ များတယ်။ ပိတ်စဒီဇိုင်း တော်တော်များများ ကတော့ နိုင်ငံခြားဆန်တယ်။ အဖြူရောင်၊ မီးခိုးရောင်တွေ ကြိုက်တယ်။ ရှင်းရှင်းလေးတွေ classic ဖြစ်တာတွေလည်းကြိုက်တယ်" လို့ ဆိုပါတယ်။
"ဒေါ်စုအတွက် ဒီဇိုင်နာတွေ အဝယ်များတာကတော့ ချည်ချိတ်နဲ့ ရက်ကန်းချိတ်တွေ။ ရင်ဖုံးနဲ့ ချိတ်ထဘီလေးတွေပေါ့။ သူတို့ပြောတာက ရိုးရိုးရင်ဖုံး၊ အပေါ်ပိုင်းမှာ ပြောင်ဖြစ်နေတာတွေ၊ အောက်ပိုင်းမှာ ရက်ကန်းချိတ်ဘီတွေ ဒေါ်စုကြိုက်တယ်။ သူ့အတွက်ဆိုပြီး ဝယ်သွားကြတယ်။ ချုပ်တဲ့ပုံစံကတော့ ဗမာဆန်ဆန် များတယ်။ ဒီဇိုင်နာတွေက ဗမာတွေပါ၊ အမျိုးသမီးရော အမျိုးသားဒီဇိုင်နာလည်းရှိတယ်" လို့ လိယဉ် က ပြောပါတယ်။

တိုင်းရင်းသားအဆင်၊ ရိုးရာအဆင်တွေကိုအမြဲဝတ်
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်နိုင်ငံမှာ နှစ်အတော်ကြာနေခဲ့ပြီး အနောက်တိုင်းယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ့ မစိမ်းတဲ့သူပါ။ အင်္ဂလန်နိုင်ငံသား သမိုင်းဆရာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံက ကုလသမဂ္ဂရုံးမှာလည်း အလုပ်လုပ်ခဲ့ပြီး အနောက်တိုင်းနိုင်ငံတွေမှာ ကျင်လည်ခဲ့ဖူးသူပါ။
ဒါပေမယ့် အနောက်နိုင်ငံမှာလုပ်တဲ့ အစည်းအဝေး၊ အခမ်းအနားတွေမှာ အနောက်တိုင်းလို မဝတ်ဘဲ မြန်မာဆန်ဆန်ဝတ်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တချို့က လေးစားကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်ကိုအားကျတဲ့ ရန်ကုန်မြို့က ကုမ္ပဏီဝန်ထမ်း မစန္ဒာ ကတော့ ဒေါ်စုဝတ်တဲ့ဒီဇိုင်းနဲ့တူတဲ့ မြန်မာရိုးရာအဝတ်တွေလည်း ဝယ်ဝတ်တယ်လို့ဆိုပါတယ်။
"ကျွန်မမှာ မြန်မာရိုးရာဝတ်စုံတွေတော့ အများကြီးရှိတယ်။ အမေစုဝတ်တဲ့ဒီဇိုင်းနဲ့တူတာတွေ လည်းရှိတယ်။ တစ်ခါတစ်လေ ဝတ်ဖြစ်တယ်။ အန်တီစုရဲ့ ဖက်ရှင်တွေကြိုက်တယ်။ သူ့ကိုအားကျတယ်" လို့ မစန္ဒာ က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AUNG SHINE OO
နိုင်ငံခြားသံတမန်တွေကို မြန်မာဝတ်စုံနဲ့ အမြဲတွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်ရဲ့ထူးခြားမှုကို သတိပြုမိတဲ့ မြန်မာအမျိုးသမီး နောက်တယောက် ကတော့ ကိုယ်လုံပညာဆရာမဖြစ်တဲ့ မော်ဒယ် ရန်ကုန်သူမီရှဲ ပါ။ ဒေါ်စုရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး သတိထားမိတာကို ရန်ကုန်သူမီရှဲ ပြောပြပါတယ်။
"ဒေါ်စုရဲ့ ဝတ်စုံဒီဇိုင်းတွေက ရိုးရှင်းပါတယ်။ အဆင်တွေက တိုင်းရင်းသားအဆင်၊ ရိုးရာအဆင်တွေကို အမြဲဝတ်တာ သတိထားမိတယ်။ အမြဲတမ်း ပြန်ဝတ်လို့ မရိုးနိုင်တဲ့ ဒီဇိုင်းဖြစ်တာရယ်၊ တွဲစပ်ဝတ်တဲ့ ပန်း၊ ပုဝါ၊ ဆွဲကြိုး၊ နားကပ်တွေက လိုက်ဖက်ညီလွန်းလို့ နှစ်သက်မိတယ်" လို့ ရန်ကုန်သူမီရှဲ က ပြောပါတယ်။
"သတိထားမိတာကတော့ ၂ဝ၁ဝ လောက်ကစပြီး မိန်းကလေးတွေက ဒေါ်စုဝတ်တာ ကျက်သရေရှိတယ် ခံစားရလို့ မြန်မာဝတ်စုံကို အရင်ကထက် မြတ်မြတ်နိုးနိုး ဝတ်လာတယ်။ စက်ချုပ်ဆိုင်မှာ ဒေါ်စုဒီဇိုင်း ချုပ်ပေးပါဆို ဘယ်ပုံစံဆိုတာ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုအောင် လူသိကြပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FACUNDO ARRIZABALAGA
ပြည်ပခရီးတွေမှာ မြန်မာဝတ်စုံကို စွဲမြဲစွာဝတ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တချို့ကလည်း ဒေါ်စုနဲ့လိုက်ဖက်မယ့် အင်္ကျီနဲ့ ထဘီတွေ လက်ဆောင်အဖြစ် ပေးလေ့ရှိပါတယ်။ တချို့ကျတော့ အလှဆင်ထားတဲ့ ဆွဲကြိုးနဲ့ လက်ကောက်ဝတ်တွေ ပေးကြပါတယ်။ လက်ဆောင်ပေးသူ တချို့ကတော့ စီးပွားရေး အသိုင်းအဝိုင်းက လာတာကြောင့် တခါတလေ ဝေဖန်မှုတွေ ရှိပါတယ်။
၂ဝ၁၇ ခုနှစ် မေလ ဒုတိယပင်လုံ ညီလာခံက ညစာစားပွဲတခုမှာ ရွှေနဲ့ကျောက်စိမ်းတွေနဲ့ ပေါင်းစပ်အလှဆင်ထားတဲ့ ဖက်ရှင်ဆွဲကြိုးကြောင့် ဝေဖန်မှုတွေလည်းရှိခဲ့တယ်။ ဖားကန့်က ဒေသခံ ကျောက်တူးသမားတွေ ဆင်းရဲနေချိန်မှာ ဒေါ်စုက ကျောက်စိမ်းနဲ့ အလှခြယ်ထားတဲ့ ဆွဲကြိုးကို ဝတ်ပြီးပွဲတက်တာကို ဝေဖန်ကြပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ရေးသားမှတ်ချက်ပြုသူတွေလည်း ရှိခဲ့တယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့က အောင်မြင်နေတဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား ဒီဇိုင်နာ ရှီဘူရဇာနည်ကတော့ သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တဲ့ ဝတ်စုံတွေထဲက အနည်းဆုံး အထည် ၆၀ လောက် ဒေါ်စုကို လက်ဆောင်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လက်ရှိဒေါ်စုဝတ်နေတဲ့ ဖက်ရှင်တွေထဲမှာလည်း သူပေးခဲ့တဲ့ ဝတ်စုံတွေပါနေတယ်လို့ ဆိုပါတယ်။ ဒေါ်စုကိုလက်ဆောင်အဖြစ်ပေးခဲ့တဲ့ ဝတ်စုံထဲက သူမှတ်မိနေသေးတဲ့ ဒီဇိုင်းတခုကို ဇာနည်က ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ragnar Singsaas
ခရမ်းပြာဝတ်စုံနဲ့ နိုဘယ်ဆုတက်ယူခဲ့
"နာမည်ကြီးတဲ့လူတွေအတွက် ဒီဇိုင်းတွေအများကြီး ဆွဲပေးတယ်။ မြန်မာလူမျိုးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပါပဲ။ ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တဲ့လူတွေကို ကျွန်တော် လေးစားတယ်။ ကျွန်တော့်အဖေအမေတွေ ပြောခဲ့တဲ့ ခရမ်းပြာ စိတ်နေစိတ်ထားပေါ့။ ခရမ်းပြာစိတ်ထားဟာ အနီရောင်လည်းမဟုတ်ဘူး၊ အပြာရောင်လည်းမဟုတ်ဘူး။ ဆိုရှယ်လစ်နဲ့ အရင်းရှင်ဝါဒတွေရဲ့အလယ်ပေါ့။ တနည်းပြောရရင် မြန်မာပြည် ဒီမိုကရေစီ စိတ်ထားပေါ့။ အဲဒါက ခရမ်းပြာရောင်ဖြစ်တယ်။ ကျွန်တော့်စိတ်ထဲမှာရှိတဲ့ စိတ်ကူးနဲ့ ခရမ်းပြာအရောင်ဒီဇိုင်း ဆွဲချုပ်ခိုင်းပြီး ဒေါ်စုကိုကန်တော့လိုက်တယ်" လို့ ဒီဇိုင်နာဇာနည်က ပြောပါတယ်။
"ကျွန်တော်အဓိကသုံးတဲ့အရောင်တွေက မြန်မာပြည်က ပန်းတွေရဲ့အရောင်ဖြစ်ဖြစ်၊ ရာသီဥတုအလိုက် ပြောင်းလဲနေတဲ့အရောင်တွေပဲ ဖြစ်ဖြစ်၊ အဲဒီကရတဲ့ ခံစားချက်ကို ယူပြီးတော့ ဒီဇိုင်းတွေထွင်တာ။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ ဒီဇိုင်းတွေကို ကြည့်လိုက်ရင် မြန်မာရဲ့ရင်ဖုံးနဲ့ တူတာတို့၊ ခန္ဓာကိုယ်နဲ့ သက်တောင့်သက်သာ ဖြစ်တာတွေများတယ်။ ဥပမာ လုံချည်နဲ့တူတာမျိုးတွေ တွေ့ရမယ်။ ကိုယ်ခန္ဓာကို သိပ်မကျဉ်းကျပ်စေတဲ့ ဒီဇိုင်းတွေများတယ်။ ကျွန်တော်ချုပ်တဲ့ ဒီဇိုင်းတွေဟာ မြန်မာပြည်က အက်ျီတွေ၊ တိုက်ပုံတို့၊ လုံချည်တို့လိုပဲ ဝတ်ရတာ လွတ်လပ်တယ်၊ လုံး၀ စိတ်ကျဉ်းကျပ်တာမရှိဘူး" လို့ ရှီဘူရဇာနည် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ko Kyaw Thu
ဒေါ်စုဖက်ရှင်ကို နှစ်ခြိုက်တဲ့ ပန်းချီဆရာမ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှင်ဝတ်စုံတိုင်းမှာ လှပတင့်တယ်မှု၊ လုံခြုံနူးညံ့မှု၊ အရောင်ဆန်းပြားမှုတွေနဲ့ ပြည်စုံတယ်လို့ ဆိုလာသူကတော့ ရန်ကုန်မြို့က ပန်းချီဆရာမ နုယဉ် ပါ။ သူက ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားတွေလည်း ဆွဲပါတယ်။
"ကျွန်မက ပန်းချီလည်းဆွဲတဲ့သူ ဆိုတော့ အမေ့ရဲ့ဝတ်စုံဒီဇိုင်းတွေမှာ အရောင်ရွေးချယ် စပ်ဟပ်တာလေးကို အရမ်းသဘောကျပါတယ်။ တခါတလေ ဒီဇိုင်းနဲ့အရောင်လေးတွေဟာ ရိုးရှင်းစွာနဲ့ အဆင့်မြင့်နေပုံတွေဟာ ကျွန်မတို့တောင် လိုက်မမီပါဘူး" လို့ ဆရာမနုယဉ်က ပြောပါတယ်။
ဒေါ်စုရဲ့ မြန်မာဆန်ဆန် ဖက်ရှင်ကြောင့် မြန်မာရိုးရာဝတ်စုံကို နှစ်ခြိုက်စွာ ပြန်ဝတ်ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပုံမှန်အားဖြင့် မြန်မာဝတ်စုံကို အရမ်းကြိုက်တာ မဟုတ်ပေမယ့် ဒေါ်စုရဲ့ ဖက်ရှင်ကို သတိထားမိပြီး နောက်ပိုင်းမှာ သူ့ကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ko Kyaw Thu
မြန်မာဝတ်စုံလောက် ထိုက်တန်တင့်တယ်တာမရှိ
"အမေ(ဒေါ်စု) နဲ့ပတ်သက်ပြီး ကျွန်မရဲ့ အကြီးကျယ်ဆုံး အပြောင်းအလဲတစ်ခုဟာ မြန်မာဝတ်စုံ တွေကို ပိုမိုမြတ်နိုးတတ်လာပြီး အမြဲတမ်း ဝတ်ဆင်လာတတ်ခြင်းပါပဲ။ အမေစုဝတ်တဲ့ ဖက်ရှင်ပုံစံဟာ ကျွန်မတို့အတွက်တော့ တော်ဝင်စံ ပါပဲ။ တကယ်ကြီးကျယ် အဆင့်မြင့်တဲ့ အခမ်းအနားပွဲလမ်းတွေမှာ ဝတ်ဖို့ စဉ်းစားတော့မယ်ဆိုရင် ကျွန်မအနေနဲ့ကတော့ မြန်မာဝတ်စုံလောက် ထိုက်တန် တင့်တယ်တာမရှိတော့ဘူးလို့ ထင်ပါတယ်" လို့ ပန်းချီဆရာမ နုယဉ်က ပြောပါတယ်။
ဒိုင်ယာနာရဲ့ ဖက်ရှင် ပုံပြင်