လွတ်လပ်ခဲ့သည်ဆိုသော ကယား သို့မဟုတ် ကရင်နီ

ဓာတ်ပုံ မူပိုင် Tessa Bunney
Image caption ရိုးရာအက ကခုန်နေတဲ့ ကရင်နီလူမျိုးတွေ

ကယားပြည်နယ်ကို အရင်က ကရင်နီလို့ သိခဲ့ကြပါတယ်။ ကရင်နီ အကြီးအကဲတွေဟာ အင်းဝမင်းတွေရဲ့ လက်အောက်ခံတွေလို့ မြန်မာ အထောက်အထားတွေက ရေးကြပေမယ့် သီးခြားလွတ်လပ်စွာ အုပ်ချုပ်တဲ့ နယ်တွေ ဖြစ်တယ်လို့ ကက်သလစ် သာသနာပြုတွေရဲ့ မှတ်တမ်းတွေမှာ ပါရှိပါတယ်။

ညောင်ရမ်းခေတ် အနောက်ဘက်လွန်မင်းလက်ထက် ဗုဒ္ဓ သာသနာထွန်းကားတဲ့ နယ်မြေတွေအကြောင်း စုံစမ်းရာမှာ ကန္တာရဝတီနယ်ကို ဒုတိယသင်္ဂါယနာတင်ပြီးချိန်မှာ သာသနာရောက်တယ်ဆိုပြီး ဖြေကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ရေးသားပါတယ်။ အဲဒီခေတ်မှာပဲ တရားရုံးတွေမှာ ကယားဘာသာစကားပြန်တွေ ထားပေးတယ်ဆိုပြီး မြန်မာမင်း အမိန့်တော်တွေမှာ ပါကြောင်းလည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Tessa Bunney
Image caption ကက်သလစ်သာသနာ ထွန်းကားတဲ့ ကယားပြည်

ကုန်းဘောင်ခေတ်မှာ ဘုရင်နဲ့ လွှတ်တော်က မှာလိုက်သည် ဆိုပြီး စာရေးအကြောင်းကြားတဲ့ သံလွင်အနောက်ဘက် မြို့စားစာရင်းမှာတော့ ကန္တရဝတီခေါ် လွိုင်ကော်ပါပါတယ်။

''ပျိုလေးတို့အိမ်မိုး ထိုးလာတဲ့ပေဖူးလွှာ ဘာစာတဲ့မေး၊ မေးပါနဲ့အေ ယိုးဒယားငယ်နဲ့ ကုလားကို စစ်ချီတော့ ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလို့ရေး၊ လွမ်းစာတဲ့လေး'' ဆိုတဲ့ ကဗျာတေးသွားမျိုးလည်း ရှိခဲ့ပါတယ်။

ထိုင်းမှတ်တမ်းတွေအရ မြန်မာတိုက်ခိုက်မှုက ကင်းဝေးအောင် ကရင်နီနဲ့ ကရင်ဖြူ အကြီးအကဲတွေဆီ ဇင်းမယ် အကြီးအကဲတွေက မဟာမိတ်ဖွဲ့ထားကြောင်း၊ မြန်မာတိုက်ခိုက်မှုတွေ ရှိလာရင် သစ်တောထူထပ်တဲ့ ကရင်နီနယ်ကို ထိုင်းလူမျိုးတွေ တိမ်းရှောင်လေ့ ရှိကြောင်း ရေးသားပါတယ်။

လူမျိုးစုံစွာ ကရင်နီမှာ

ဓာတ်ပုံ မူပိုင် Wikipaedia
Image caption ဗြိတိသျှဖိအားကြောင့် အနောက်ကရင်နီနယ်ကို လက်လွှတ်ရ

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီးမှာ ဗြိတိသျှဘက်က နယ်နိမိတ်သတ်မှတ်ဖို့ တောင်ငူကနေ ကရင်နီနယ်ဘက်ကို စိုင်းပြင်းချိန်မှာ မြန်မာဘုရင် အစိုးရနဲ့ စပြီး အငြင်းပွားကြပါတယ်။

အဲဒီအချိန်ကတည်းက အနောက်ကရင်နီနယ်စားဘက်က ဗြိတိသျှနဲ့မဟာမိတ် စာချုပ်ချုပ်ဆိုတာ ရှိခဲ့ပါတယ်။

နောက် ကရင်နီနယ်တွေမှာ သစ်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှေ့နဲ့ အနောက် ကရင်နီနယ်ရှင်တွေ အချင်းများကြပါတယ်။

အနောက်ကရင်နီနယ်စားဘက်က ဗြိတိသျှက ထောက်ခံပြီး အရှေ့ပိုင်းနယ်စား စောလဖော်ကတော့ မင်းတုန်းမင်းနဲ့ နီးစပ်ပါတယ်။

မင်းတုန်းမင်းသားတော် မြင်ကွန်းမင်းသား ပုန်ကန်မှုမှာ အနောက်ကရင်နီ ကြယ်ဖိုးကြီးစားနဲ့ ပေါင်းပြီး ပုန်ကန်တာကို အရှေ့ပိုင်းက မင်းတုန်းမင်းတပ်တွေနဲ့ ပူးပေါင်းတိုက်ထုတ်ပါတယ်။

ဒီအချိန်မှာပဲ စောလဖော်ကို ဗြိတိသျှ သြဇာခံဖို့ ကာနယ် ဆလေဒင်က စည်းရုံးတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Khu Saw Reh
Image caption ဗြိတိသျှနဲ့ ပူးပေါင်းဖို့ ကြံတဲ့ ကြယ်ဖိုးကြီးစား ကေဖိုးဒူရုပ်တု

နိုင်ငံရေး ရှုပ်ထွေးနေချိန်မှာ အနောက်ကရင်နီနယ်စား ခွန်ထီးက ဗြိတိသျှနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့အတွက် ပိုပြီး တင်းမာလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေတ်ပြိုင် မြန်မာ သတင်းစာတွေမှာလည်း ဗြိတိသျှ ပါဝင်ပတ်သက်တာကို မလိုလားတဲ့ ရေးသားမှုတွေ တွေ့ရပါတယ်။

မြန်မာဘုရင်လက်အောက်ခံ ရှမ်း ကရင် ကချင် စော်ဘွားတွေကို ရန်ကုန်ခေါ်ပြီး ဗြိတိသျှ အာဏာပိုင်တွေက မြှောက်ပင့်ပေးနေတယ် ဆိုပြီးရတနာပုံနေပြည်တော် သတင်းစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဗြိတိသျှနဲ့ ပေါင်းဖို့ ကြံတယ်ဆိုတဲ့ ကြယ်ဖိုးကြီးစား ခွန်ထီးကိုယ်တိုင် ရန်ကုန်မှာ ကင်းဝန်မင်းကြီးကို လာတွေ့ပြီး မင်းတုန်းမင်းဆီ ဆက်ဖို့ ဆင်ကောင်း ရှာနေတယ်လို့ ပြောဆိုကြောင်း လန်ဒန်သွားမှတ်တမ်းမှာ ရေးသားပါတယ်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးမှာတော့ မြန်မာနိုင်ငံတော် အပါအဝင် ကရင်နီ နယ်၌ ကရင်လူမျိုးများ တိုက်ခိုက်၍ ကရင်မိန်းမ ယောက်ျားတို့ကို ကျွန်အဖြစ် ဖမ်းယူစေစားတဲ့ ကိစ္စအပါအဝင် နယ်ခြားကိစ္စတွေ ပြောဆိုဖို့ နိုင်ငံခြားဝန်ထောက်ကို ၁၈၇၅ မှာ အိန္ဒိယကို သံအဖြစ် စေလွှတ်တယ်လို့ ရေးသားပါတယ်။

နောက်ဆုံး အိန္ဒိယ ဘုရင်ခံချုပ် ကိုယ်စားလှယ် ဆာဒေါက်ဂလက်ဖောဆိုက် မန္တလေးတက်လာပြီး မင်းတုန်းမင်းနဲ့ ဆွေးနွေးရာက အနောက်ကရင်နီကို သီးခြား လွတ်လပ်တဲ့ နယ်အဖြစ် သတ်မှတ်တဲ့ စာချုပ်ကို လက်မှတ်ထိုးခိုင်းပါတယ်။

ဓာတ်ပုံ မူပိုင် Smith Collection/Gado
Image caption ကိုလိုနီခေတ် လွိုင်ကော် ရှုခင်း

ဒီစာချုပ်ဟာ မင်းတုန်းမင်းအတွက် သံတမန်ရေးအရ အရှုံးထွက်တာ ဖြစ်ပြီး အနောက်ကရင်နီက မြန်မာတပ်တွေ ဆုတ်ပေးရပေမယ့် ဗြိတိသျှ ကိုယ်စားလှယ်တွေ ဆက်ရှိနေပါတယ်။

အရှေ့ကရင်နီက စောလဖော်ကတော့ ပါတော်မူပြီးနောက်မှာ ဗြိတိသျှကို ခုခံတိုက်ခိုက်ရာမှာ အရေးနိမ့်ပြီး နယ်ကထွက်သွားရပါတယ်။

ကရင်နီနယ်တွေကို ဗြိတိသျှက မသိမ်းပိုက်ဘူး ဆိုပေမယ့် ကရင်နီ အကြီးအကဲတွေကို ဆာနာဒ်အမိန့်တော် ထုတ်ပြီး အသိအမှတ်ပြု ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယက မဟာရာဇာ စော်ဘွား အုပ်ချုပ်တဲ့ နယ်တွေလိုပဲ သဘောထားပြီး ဗြိတိသျှက ကြိုးကိုင်ခဲ့ပါတယ်။ တောင်ကြီးမှာ ရှိတဲ့ ဗြိတိသျှ အရေးပိုင်ကနေ ဒီနယ်တွေအရေးကို ခန့်ခွဲခဲ့ပါတယ်။

ဗြိတိသျှ လက်အောက်ခံ ရှမ်းစော်ဘွားတွေရဲ့ ဝါစဉ်စာရင်းမှာလည်း ကရင်နီ စော်ဘွား မြို့စားတွေ ပါဝင်သလို ကရင်နီဒေသက သစ်လုပ်ငန်းနဲ့ မော်ချီး သတ္တုတွင်းတွေမှာ ဗြိတိသျှက ကြီးစိုးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Nay Win
Image caption ကယန်းတော်လှန်ရေးခေါင်းဆောင်သိုင်းဘဟန်

ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိသျှ တပ်တွေ၊ ကွန်မြူနစ် ပြောက်ကျားတွေနဲ့ ပေါင်းပြီး ကယန်းနဲ့ ကရင်တွေ ဂျပန်ကို တော်လှန်ပါတယ်။

စစ်အပြီးမှာ ကယန်းခေါင်းဆောင် သိုင်းသန်းတင်၊ သိုင်းဘဟန် စသူတွေ ပါဝင်တဲ့ ကရင်နီ ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာ ခေါင်းဆောင်တွေ ရန်ကုန်မှာ တွေ့ခဲ့သလို ဗိုလ်ချုပ် ကိုယ်တိုင်လည်း လွိုင်ကော်ကို လာခဲ့ပါတယ်။

ပင်လုံညီလာခံမှာတော့ ကရင်နီဘက်က မတက်ခဲ့ပါဘူး။

ညီလာခံ နောက်ပိုင်း ရီးစ်ဝီလျံ ကော်မရှင်နဲ့ တွေ့ဆုံရာမှာ ကရင်နီ ခေါင်းဆောင်တွေအကြား ပြည်မနဲ့ ပေါင်းလိုသူ၊ ကရင် တွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကရင်ပြည်နယ်မှာ ပါဝင်လိုသူ စသဖြင့် ကွဲပြားခဲ့ပေမယ့် နောက်ဆုံးမှာ ပြည်မနဲ့ ပူးပေါင်းပြီး လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ကရင်ပြည်နယ် ထူထောင်ချိန်မှာ ပူးပေါင်းဖို့ ဆန္ဒရှိမရှိ စုံစမ်းတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Htin Aung
Image caption ကရင်နီခေါင်းဆောင်များ ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့စဉ်က

ကရင်လူမျိုးစုတွေထဲမှာ ကရင်နီနဲ့ တခြားလူမျိုးတွေကို ထည့်သွင်းထားတဲ့အတွက် သီးသန့်လူမျိုး ဟုတ်မဟုတ် ကော်မရှင်ဖွဲ့ စစ်ဆေးတာတွေ ရှိသလို နောက်ဆုံး ပြည်နယ် နာမည်ကို ကရင်နီက ကယားအဖြစ်ပြောင်းလဲတာတွေ ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေး ယူပြီးနောက်ပိုင်း ကယားပြည်နယ်ထဲကို မြန်မာတပ်တွေ ဝင်လာပြီး နယ်ခံတပ်တွေနဲ့ တိုက်ခိုက်တာ၊ ကရင်တပ်တွေနဲ့ ကရင်နီတပ်တွေ ပေါင်းပြီး လွိုင်ကော်ကို သိမ်းတာတွေ ဖြစ်ခဲ့ပါတယ်။

ကေအမ်တီ တရုတ်ဖြူ ကျူးကျော်မှု ကြောင့် ကယားရေး ပိုပြီး ရှုပ်ထွေးတာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Chan Mon Htoo
Image caption အသက် ၂၂ နှစ်နဲ့ ပြည်နယ်ဝန်ကြီး ဖြစ်ခဲ့တဲ့ စဝ်ဝဏ္ဏ

ပြည်နယ် ဝန်ကြီး စဝ်ဝဏ္ဏရဲ့ ကယားတပ်တွေက မြန်မာအစိုးရဘက်က ဝင်တိုက်ပေးသလို ကယန်းခေါင်းဆောင် သိုင်းသန်းတင်က လူနှစ်ထောင်ပါ စစ်ရဲတပ်ကို ဖွဲ့ပြီး ကရင်လက်နက်ကိုင်တွေကို တိုက်ထုတ်တယ်လို့ မြဝတီ မဂ္ဂဇင်းမှာ ဖော်ပြပါတယ်။

ကယားဝန်ကြီး စဝ်ဝဏ္ဏကို ကယားဗိုလ်ချုပ်လို့ မြန်မာဘက်က ချီးကျူးခဲ့ပေမယ့် နောက်ပိုင်း ဖဆပလကွဲပြီး စစ်တပ်က အာဏာသိမ်းရာမှာ ဦးနုဘက်ကနေ ကယားတပ်တွေက ပါဖို့ ကြိုးစားခဲ့ပါတယ်။

၁၉၆၂ နောက်ပိုင်းမှာတော့ စဝ်ဝဏ္ဏကို ဖမ်းဆီးပြီး သိုင်းသန်းတင်နဲ့ ဦးအေမြလေးတို့ကို ပြည်နယ်ကောင်စီမှာ ခန့်အပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Burmese Encyclopaedia
Image caption ဖွဲ့စည်းစ ကယားပြည်နယ်မြေပုံ

ကယားပြည်နယ်ထွက် ကျောက်ပြားစက်ရုံအပြင် ဘီလူးချောင်းက လောပိတရေအားလျှပ်စစ်တွေကို တနိုင်ငံလုံး အသုံးပြုခဲ့ပေမယ့် ကယားနိုင်ငံရေးကတော့ အနှစ် ၇ဝ အတွင်းမှာ သိသာစွာ မပြောင်းလဲခဲ့ပါဘူး။

နိုင်ငံပြင်ပကို ထွက်ပြေးရတဲ့ ကရင်နီ ဒုက္ခသည်တွေ ပိုများလာသလို ငြိမ်းချမ်းရေး ရဖို့ကလည်း ခက်နေပါသေးတယ်။

ကယား ခေါ် ကရင်နီဟာ သီးခြားလွတ်လပ်ခဲ့သလား အငြင်းပွားနေကြသလို ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထားသင့်သလား ဆန္ဒပြကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

ဗိုလ်ချုပ်ရုပ်တု ထားသင့်မထားသင့် စစ်တမ်းကောက်

ဓာတ်ပုံ မူပိုင် Tessa Bunney
Image caption ဘီလူးချောင်းနဲ့လောပိတဆည်
ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ကရင်နီလက်နက်ကိုင်တော်လှန်ရေး မပြီးဆုံးသေး