မြန်မာ့သမိုင်းရဲ့ ရှက်စရာ အမည်းကွက်

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ၁၉၃၈ ဇူလိုင်လ ၂၆ ညနေမှာ စူရတီဘဇားခေါ် သိမ်ကြီးစျေးကို ချီတက်

မြန်မာနိုင်ငံမှာ အမျိုးသားရေး လှုပ်ရှားမှုတွေကတဆင့် လွတ်လပ်ရေး ရယူခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို အဓိကထား ရေးသားကြတာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေရဲ့ အစွန်းဘက် ဖြစ်တဲ့ လူမျိုးရေး ဘာသာရေး ရင်ဆိုင်တင်းမာခဲ့တာတွေကိုတော့ သာမန်လောက်ပဲ ဖော်ပြကြပြီး အမျိုးသားရေး လှုပ်ရှားမှုတွေ အားနည်းအောင် နယ်ချဲ့ အစိုးရရဲ့ စီမံမှုတွေလို့ပဲ ယူဆကြတာ များပါတယ်။

ဒါတွေရဲ့ အကျိုးဆက် ရိုက်ခတ်ချက်ဖြစ်တဲ့ မုန်းတီးမှုကို ယဉ်ကျေးမှုနဲ့ အစိုးရ မူဝါဒတွေမှာ ထင်ဟပ်ခဲ့တာကို တွေ့ရပြီး နိုင်ငံခြားကြောက်စိတ် အဖြစ် ပညာရှင်တွေရဲ့ သတ်မှတ်တာကို ခံရပါတယ်။

ဒီထဲက အဓိက ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ အိန္ဒိယ ဗမာ အဓိကရုဏ်းတွေ ဖြစ်ပါတယ်။

၁၉၃ဝ မှာ ပထမအကြိမ် ဖြစ်ခဲ့ပြီး ၁၉၃၈ မှာ ထပ်တကြိမ် ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်မှာလည်း နိုင်ငံရေး အကျပ်အတည်း ရှိတဲ့အချိန်တွေမှာ ဒီလို အဓိကရုဏ်းတွေ ထပ်ဖြစ်တတ်တာကို တွေ့ရပါတယ်။

တရုတ် ဗမာ အဓိကရုဏ်းကတော့ ၁၉၆၇ မှာ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption မန္တလေး သိမ်းကာစ ဗြိတိသျှစစ်တပ်တွေ

၁၉၃၈ ဇူလိုင်လမှာ စဖြစ်တဲ့ ဒုတိယ အိန္ဒိယ ဗမာ အဓိကရုဏ်းကို ၁၃ဝဝ ပြည့် အရေးတော်ပုံ ရေနံမြေ အလုပ်သမား သပိတ်ကို ရှောင်လွှဲဖို့ ဗြိတိသျှ အစိုးရက ဖန်တီးမှု အဖြစ် မြန်မာ သမိုင်းတွေမှာ ဖော်ပြတတ်ပါတယ်။

တကယ်က ဒီအဓိကရုဏ်းဟာ မြန်မာနိုင်ငံကို ဗြိတိသျှ သိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူမျိုးရေး တင်းမာမှုရဲ့ အကျိုးဆက် ဖြစ်ပါတယ်။

ဒုတိယ အင်္ဂလိပ် မြန်မာစစ် နောက်ပိုင်း မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးကို တိုးချဲ့ဖို့ အိန္ဒိယက လယ်သမားတွေ ခေါ်သွင်းလာတာရဲ့ နောက်ပိုင်း ၁၉၃ဝ လောက်မှာ မြန်မာပြည် လူဦးရေ ၁၄ သန်းခွဲမှာ တသန်းကျော်က အိန္ဒိယ နွယ်ဖွားတွေ ဖြစ်လာပါတယ်။ ရန်ကုန်မြို့မှာ လူ ၄ သိန်းကျော် ရှိရာမှာ ထက်ဝက်က အိန္ဒိယ နွယ်ဖွားတွေပါ။

အိန္ဒိယ မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီခရီး

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ရန်ကုန်မြို့တနေရာက အိန္ဒိယလူမျိုးတစု

တတိယစစ်အပြီး အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ချိန်မှာတော့ အိန္ဒိယ နွယ်ဖွား စစ်သားတွေ အများအပြား သုံးပြီး ထကြွ ပုန်ကန်မှုတွေကို နှိမ်နင်းတာကို တွေ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ အိန္ဒိယ လူမျိုး ဆန့်ကျင်ရေး ကဗျာတွေ အထက်ပိုင်းမှာ ပေါ်လာတယ်လို့ သမိုင်းပညာရှင် ဒေါက်တာတိုးလှက မှတ်ချက်ပေးပါတယ်။

ဗြိတိန်မှာ လမ်းစပျောက်နေတဲ့ ငမောက်ပတ္တမြားကြီး

ဝိုင်အမ်ဘီအေနဲ့ တခြား ဗုဒ္ဓဘာသာ အခြေခံတဲ့ အဖွဲ့အစည်းတွေကလည်း အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ လှုံ့ဆော်ပြီး နိုင်ငံရေး သြဇာကြီးလာခဲ့ပါတယ်။

၁၉၃ဝ မှာ ဖြစ်တဲ့ ပထမ အိန္ဒိယ ဗမာ အဓိကရုဏ်းဟာ အလုပ်သမားချင်း အလုပ်လုရာက စပါတယ်။

အဲဒီအရေးအခင်းအပြီး ထူထောင်တဲ့ တို့ဗမာ အစည်းအရုံးမှာ ဗမာ အမျိုးသားရေးဝါဒကို နိုင်ငံနဲ့ချီ တည်ဆောက်ထားပါတယ်။

တို့ဗမာ သခင်တွေထဲမှာ အိန္ဒိယနဲ့ တရုတ် သခင်တွေပါပေမယ့် မြန်မာနဲ့ တိုင်းရင်းနွယ်ဖွားတွေ ကြီးစိုးရေးကို လှုံ့ဆော် ခဲ့တာပါ။

အဲဒီနောက်ပိုင်း အိန္ဒိယက မြန်မာပြည်ကို ခွဲထုတ်ဖို့ ဆန္ဒခံရာကနေ တွဲရေး ခွဲရေး လှုပ်ရှားမှုတွေ ဖြစ်လာပြီး တွဲရေး ထောက်ခံတဲ့ ခေါင်းဆောင်တွေ အနိုင်ရပေမယ့် ဗြိတိသျှက မြန်မာပြည်ကို ၁၉၃၇ မှာ သီးသန့် ခွဲထုတ် အုပ်ချုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Win Latt
Image caption အဓိကရုဏ်း ဖြစ်စေတဲ့ မော်လဝီနဲ့ ယောဂီစာတမ်း

၁၉၃၈ မှာ ရေနံမြေ အလုပ်သမား သပိတ် ဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်နေတဲ့ အချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်နှစ်က ထုတ်ခဲ့တဲ့ ဘာသာရေး စာအုပ်တအုပ်ကို စာရေးဆရာ မြစလွယ်ရဲ့ ဝတ္ထုတအုပ်မှာ ပြန်ပြီး ထည့်သွင်းဖော်ပြရာက အဓိကရုဏ်း အစပျိုးတယ်လို့ စင်္ကာပူ အမျိုးသား တက္ကသိုလ် သမိုင်းဌာနက ပါရဂူဘွဲ့ယူ ကျောင်းသား ကိုဖြိုးဝင်းလတ်က ပြောပါတယ်။

ရဟန်းတော်တွေက မြို့လုံးကျွတ် အစည်းအဝေး ရွှေတိဂုံမှာ ခေါ်ပြီး အိန္ဒိယ လူမျိုး အများစု ရှိတဲ့ ရပ်ကွက်တွေကို သွားရာက အဓိကရုဏ်း စဖြစ်ပြီး နောက်တလကျော် မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။

ဒီအစည်းအဝေးခေါ်တာကို ဗြိတိသျှ အစိုးရက မတားမြစ်ခဲ့ဘူးလို့ သခင်သန်းထွန်းက အဓိကရုဏ်းအကြောင်း အဲဒီအချိန်ကရေးတဲ့ ဗြိတိန်ထုတ် နိုင်ငံတကာ အလုပ်သမား သတင်းစာစောင် မှာ မှတ်ချက်ချခဲ့ပါတယ်။

အဓိကရုဏ်းကို လိုက်ထိန်းတဲ့ ရဟန်းတော်တွေကို ဗြိတိသျှ ပုလိပ်က ရိုက်နှက်ဖြိုခွဲလို့ အခြေအနေပိုဆိုးသွားစေတယ်လို့လည်း ဆိုပါတယ်။

အဓိကရုဏ်း ဖြစ်စေတဲ့ မော်လဝီနဲ့ ယောဂီ စာအုပ်ကို အရေးယူခဲ့ရသလို တဘက်ကလည်း အစ္စလာမ်ဘာသာကို ပုတ်ခတ်တဲ့ စာအုပ်တွေကို ဗြိတိသျှ အာဏာပိုင်တွေ အရေးယူခဲ့တာတွေ ရှိဖူးတယ်လို့ ကိုဖြိုးဝင်းလတ်က မှတ်ချက်ချပါတယ်။

ပသီဘာသာဝင်များ စဉ်းစားရန်နဲ့ လူဖောက်သာသနာ စာအုပ်တွေပါ။

အလားတူ ၁၉၂၅ လောက်က အမေရိကန် ခရစ်ယာန် သာသနာပြုတွေ ရေးတဲ့ ရွှေချိန်ခွင် စာအုပ်၊ ခရစ်ယာန်ဘုရားနဲ့ ဗုဒ္ဓဘာသာဘုရား အမေးအဖြေ စာအုပ်တွေနဲ့ ပတ်သက်ပြီး ဂျီစီဘီအေ အစည်းအဝေးမှာ ရှုတ်ချတာကလွဲပြီး အဓိကရုဏ်း ဖြစ်တာမျိုးထိ မရှိခဲ့ဘူးလို့ ကို ဖြိုးဝင်းလတ်က ပြောပါတယ်။

ကိုလိုနီခေတ်မှာ ဘာသာအချင်းချင်း ဆွေးနွေး ဝါဒပြိုင်တာတွေ ရှိခဲ့ပြီး ဂျိမ်းစ်လှကျော် ဦးလေး ဝန်ထောက်ကြီး ဦးညိုရဲ့ ဘဝအလင်းပြ သင်္ခေပကျမ်းဟာ သူ ခရစ်ယာန်အယူကို စွန့်ပြီး ဗုဒ္ဓဘာသာပြန်ဖြစ်တာကို မှတ်တမ်းပြုတဲ့ ကျမ်းဖြစ်ပါတယ်။

မော်လဝီနဲ့ ယောဂီ စာအုပ်ဟာ ခုခေတ်လူတွေ ထင်သလို ဗုဒ္ဓဘာသာကို ပြင်းပြင်းထန်ထန် ပုတ်ခတ်တာမျိုးထက် အစအနောက်ပုံစံရေးရင်း လွန်သွားတဲ့သဘောတွေ့ရတယ်လို့ မြန်မာ လူမျိုး ဖြစ်ပေါ်ပုံကို လေ့လာတဲ့ ကို ဖြိုးဝင်းလတ်က ပြောပါတယ်။

မော်လဝီနဲ့ ယောဂီ စာအုပ်ကို ၁၉၃၁ မှာ ထုတ်တုန်းက အာဏာပိုင်တွေကို တင်ပြပေမယ့် ချက်ချင်း အရေးယူနိုင်ခဲ့တာတော့ မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ရန်ကုန်မြို့တနေရာက အစောင့်တပ်သား

အဓိကရုဏ်း ဖြိုခွင်းရာမှာလည်း အင်အားအပြင်းဆုံး သုံးတဲ့အတွက် လက်ဘက်ရည် ထွက်ဝယ်တဲ့ ကလေးကို ပစ်သတ်တာမျိုးတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်က အခြေအနေကို ဖော်ကျူးခဲ့တဲ့ ဝတ္ထုတပုဒ်က သိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်း ထွက်သည့်ပမာ ဝတ္ထုကြီး ဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲမှာ မြို့ထဲက သူဌေးကတော် မမြမှီကို အဓိကရုဏ်းကြားက သွားကယ်ရတဲ့ အကြောင်းပါပါတယ်။

သခင်သိန်းဖေရဲ့ အရေးအခင်းအတွင်း ရေးတဲ့ ကုလား ဗမာ တိုက်ပွဲ စာအုပ်နဲ့ သခင်ဖိုးလှကြီးရဲ့ သပိတ်စစ်ပွဲ စာအုပ်တွေကတော့ ဆင်းရဲသား အိန္ဒိယနဲ့ မြန်မာအချင်းချင်း ညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ကုလား ဗမာတိုက်ပွဲ စာအုပ်ကို သခင်အောင်ဆန်း၊ သခင်နုစတဲ့ လူငယ် ခေါင်းဆောင်တွေက ထောက်ခံခဲ့ကြပါတယ်။

အဓိကရုဏ်း မတိုင်ခင်နဲ့ အဓိကရုဏ်းအတွင်းမှာ သွေးထိုးပေးတဲ့ မြန်မာ သတင်းစာတွေကြောင့် အခြေအနေဆိုးစေတာလည်း ရှိပါတယ်။ သတင်းစာတွေကို ပိတ်တာ၊ အာမခံတောင်းတာနဲ့ သိမ်းဆည်းတာတွေကိုလည်း အစိုးရက လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption အဓိကရုဏ်းအတွင်း ရန်ကုန်မြို့တနေရာ

ဒီအဓိကရုဏ်းကြောင့် ၁၃ဝဝ ပြည့်အရေးတော်ပုံ အရှိန်ပျက်မသွားပေမယ့် ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားရေးနှင့် အမွေဆက်ခံမှုအက်ဥပဒေနဲ့ အိန္ဒိယနဲ့ လူဝင်လူထွက်စာချုပ်တွေကို နောက်နှစ်တွေမှာ ချုပ်ဆိုခဲ့တာက အဓိကရုဏ်းရဲ့ အရှိန်သြဇာပါပါတယ်။

စစ်အတွင်း အိန္ဒိယကို အိန္ဒိယလူမျိုး ၃ သိန်းခွဲထွက်ပြေးတာကလည်း ဒီအဓိကရုဏ်းကြောင့် လက်တုံ့ပြန်ခံရမှာ စိုးတာက အဓိကပါပါတယ်။ ဒါပေမဲ့ ထွက်ပြေးတဲ့ စစ်ပြေးတွေကို ဘူတာစဉ်တလျှောက် လူမျိုးမခွဲဘဲ ကျွေးမွေးပေးကမ်းတဲ့ အကြောင်း ရွှေဥဒေါင်းက တသက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

အဓိကရုဏ်း ဖြစ်ရတဲ့အကြောင်းတွေထဲမှာ လယ်သီးစားချတာ မကျေနပ်မှု၊ လူမျိုးကွဲ လက်ထပ်မှု စတဲ့အကြောင်းခံတွေ ပါတယ်လို့ အဓိကရုဏ်း အစီရင်ခံစာမှာ ပါရှိပါတယ်။

၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း မြန်မာပြည်မှာ စပါးစျေးကျပြီး လယ်တွေကို ချစ်တီးအတိုးနဲ့ သိမ်းတာ၊ ရုံးတွေမှာ အိန္ဒိယ လူမျိုးတွေနဲ့ မြန်မာတွေ အလုပ်အပြိုင်လျှောက်ရတာ၊ ဗြိတိသျှ၊ အိန္ဒိယနဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေ မြန်မာပြည်မှာ ကြီးစိုးတာ စတဲ့ ကိစ္စတွေက ဒီတင်းမာမှုတွေရဲ့ ရေသောက်မြစ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption အမျိုးသားရေး ဇောင်းပေးတဲ့ ခေတ်ပြိုင်စာစောင်တခု

လွတ်လပ်ရေးရပြီးနောက်မှာတော့ မြန်မာအစိုးရထဲမှာ အိန္ဒိယ နွယ်ဖွားတွေကို ဝန်ကြီးခန့်တာ၊ သံအမတ် စေလွှတ်တာတွေ ရှိခဲ့ပေမယ့် စာပေ ယဉ်ကျေးမှု ဘက်မှာ အိန္ဒိယနဲ့ တရုတ်အနွယ်တွေကို လှောင်ပြောင် ကဲ့ရဲ့တဲ့ အမြင်တွေက ဆက်ရှိနေတယ်လို့လည်း စင်္ကာပူ အမျိုးသား တက္ကသိုလ်က ကိုဖြိုးဝင်းလတ်က ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီးနောက် အိန္ဒိယ နွယ်ဖွား တွေရဲ့ စီးပွားရေးတွေကို သိမ်းယူပြီး လူ ၃ သိန်းကျော်ကို ပြန်ပို့တာတွေ ဖြစ်ခဲ့ပါတယ်။ ယူဂန်ဒါနဲ့ ဇင်ဘာဘွေစတဲ့ အလားတူ ကိုလိုနီလက်က လွတ်တဲ့ နိုင်ငံတွေမှာလည်း နိုင်ငံခြားသွေးပါသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းတာ၊ ပြည်ပနှင်ထုတ်တာတွေကို အာဏာရှင် ခေတ်တွေမှာ ပြုလုပ်ခဲ့ပါတယ်။

မလေးရှားမှာတော့ ဘူမိပုတြဝါဒနဲ့ ဇာတိသားတွေကို အခွင့်အရေး ပိုပေးတဲ့ မူတွေ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ၁၃ဝဝ ပြည့် အရေးတော်ပုံကာလ မြင်ကွင်း

မြန်မာနိုင်ငံမှာတော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ မျိုးစောင့်ဥပဒေတွေဟာ နိုင်ငံခြားသား ကြောက်ရွံ့တဲ့အမြင်တွေက လာတယ်လို့ သုံးသပ်ရေးသားတာတွေ ရှိပါတယ်။

တချိန်က ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း အဖြစ် အိန္ဒိယ နိုင်ငံနဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ မြန်မာပြည်မှာ အိန္ဒိယ နွယ်ဖွားတွေရဲ့ ဆက်ဆံရေး အမြင်မကြည်တာတွေလည်း ဖြစ်ခဲ့ပါတယ်။