၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption လွှတ်တော် အဆင့်ဆင့်တိုင်းမှာ အမတ်နေရာ လေးပုံ တပုံ ကို စစ်တပ်ကိုယ်စားလှယ်တွေ က ယူထား

စစ်တပ်ခေါင်းဆောင် က သဘောမတူပဲနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အများက ပြောကြပါတယ်။

အစိုးရတရပ်ရဲ့ အာဏာပိုင်စိုးမှု အတိုင်းအတာ၊ ဗဟိုနဲ့ ပြည်နယ်တွေအကြား စီမံအုပ်ချုပ် လုပ်ပိုင်ခွင့်နဲ့ အကျိုးခံစားခွင့် ဝေမျှမှု၊ စစ်တပ်ခေါင်းဆောင် ကို အစိုးရ က ထိန်းချုပ်နိုင်မှု စတဲ့ အရေးကြီး သော့ချက် ကျတဲ့ နေရာတွေမှာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်း ထားတဲ့ အချက်တွေ က အကန့်အသတ် အကြီးအမားနဲ့ကို ဖြစ်နေစေတယ်လို့ မြန်မာ့ နိုင်ငံရေး သုံးသပ်သူတွေ က မြင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေက အရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ခုဖြစ်တဲ့ ၁၉၄၇၊ ၁၉၇၄ အခြေခံဥပဒေ တို့နဲ့ နှိုင်းယှဉ်ရင် ဖက်ဒရယ် လက္ခဏာ တွေပိုရှိပါတယ်၊ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည့်းပုံအခြေခံ ဥပဒေဟာ ပြီးပြည့်စုံတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမဟုတ်သေးပေမယ့် ဖက်ဒရယ်စနစ်ကို သွားနိုင်ဖို့အတွက် ပထမခြေလှမ်းအဖြစ် မြင်သင့်တဲ့အကြောင်း အရင် ဦးသိန်းစိန် အစိုးရလက်ထက် က ပြန်ကြားရေး ဝန်ကြီးဟောင်းဖြစ်တဲ့ ဦးရဲထွဋ် က ဆိုပါတယ်။

ဒါပေမယ့် ဒီအမြင်ကို လက်မခံနိုင်ပဲ ပယ်ချမယ့် သူတွေ အများအပြားပါ။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကို လှမ်းတက်ကြမယ့် အရေးမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ က အဟန့်အတားတွေ ဖြစ်နေတယ်လို့ မြန်မာပြည် အရေး အတွက် လှုပ်ရှားတက်ကြွသူအများစုက မြင်ကြတာပါ။

လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦး က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေးအတွက် လူထုအား နဲ့ဖိအားပေး ပြင်ဆင်နိုင်ရေး ကို ယုံကြည်သလို၊ လက်ရှိကာလမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးထားတဲ့ အာဏာဘောင် အတွင်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ က လုပ်နိုင်သလောက် ပြုပြင်ပြောင်းလဲတာတွေ ကို လုပ်ဖို့တိုက်တွန်းပါတယ်။

သူက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ သမ္မတဟာ နိုင်ငံမှာအမြင့်ဆုံးအာဏာပိုင် တဲ့ သူ ဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသနဲ့လုံခြုံရေးရာ ဝန်ကြီး တို့ကို အုပ်ချုပ် စီမံနိုင်ကြောင်း ထောက်ပြ ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခက်အခဲကို ဘယ်လို ကျော်လွှားနိုင်မလဲ မြန်မာ့အရေးကမ္ဘာ့ အရေးအစီအစဉ်

ဒါ့အပြင် သမ္မတဟာ အစိုးရ ဝန်ကြီးဌာနတွေ ကို ပေါင်းနိုင်၊ အသစ်ဖန်တီးနိုင်၊ ဖျက်ပစ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူ ဖြစ်တဲ့အတွက် ဥပမာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန လို ဌာန ကို ပြည်ထဲရေး ဝန်ကြီးဌာန အောက်က ထုတ်ပြီး သီးခြားဌာန အဖြစ်ထားဖို့ လုပ်ဆောင်သင့် တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးညီလာခံဟာ ပြည်တွင်းစစ် ရပ်စဲရေးအတွက် သာမက နိုင်ငံတည်ထောင်ရေးအတွက် ဆွေးနွေးတာတွေလည်း ပါဝင်တာကြောင့် စစ်တပ် ကိုယ်စားလှယ်တွေ အပါအဝင် မြန်မာ့နိုင်ငံရေး ကို ပြောင်းလဲလိုသူတွေ က အဲဒီ ညီလာခံ အစည်းအဝေးတွေမှာ အတူဆွေးနွေးနိုင်ကြရင်း တည်ဆောက်ချင်ကြတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အတွက် အကန့်အသတ်ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေဥပဒေ အပိုင်းတွေ ကို ပြင်ဆင်နိုင်လာမယ့်လမ်း ပေါ်ထွက်လာနိုင်တာ ကို အတိုင်းအတာတခုအထိ မျှော်လင့်ထား မိကြောင်း နိုင်ငံရေးလှုပ်ရှားမှု အတွက် အကျဉ်းကျခံရဖူးသူလည်းဖြစ်၊ စာရေးဆရာမ တယောက် လည်း ဖြစ်တဲ့ မသီတာ (စမ်းချောင်း)က ဆိုပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဘယ်လောက် အချိန်ကာလကြာရင်၊ ဘယ်လောက် အပိုင်းကို ပြုပြင်ပြောင်းလဲမယ်ဆိုတာ ကို မထည့်သွင်းထားတဲ့အတွက် စစ်တပ်က သဘောတူတဲ့အချိန်ကျမှ သာ ပြောင်းလဲလို့ရမယ် ဆိုတဲ့အချက်ကလည်း မြန်မာ့အရေး လှုပ်ရှားသူတွေအတွက် စစ်တပ်ခေါင်းဆောင်တွေဟာ အာဏာကို လွှမ်းမိုးထိန်းချုပ်ထားလိုတဲ့ ရည်ရွယ်ရင်း ရှိတယ်ဆိုတာကို သံသယ အကြီးအမား ဖြစ်စရာပါ။

အဲဒီလို ပြောင်းလဲသွားမယ့် ကာလသတ်မှတ်ချက် မပါတဲ့အချက် ကလည်း လူထုအားနဲ့ တွန်းရွှေ့တဲ့ နည်းကို နိုင်ငံရေးလှုပ်ရှားသူတွေ ဖက်က ပိုစဉ်းစားဖို့ တွန်းအားပေးနေသလို ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုင်းရင်းသားဒေသတွေ မှာ စစ်ဆင်ရေးတွေကို မရပ်တဲ့အတွက် စစ်တပ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေ

ဒေသတွင်း ဒီမိုကရေစီ ပြောင်းလဲရေး အရွေ့တွေမှာလည်း လူထု လှုပ်ရှားမှုတွေ က အရေးပါခဲ့တယ်လို့ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း ဥက္ကဌ ဦးမြတ်သူ က ပြောသလို၊ လက်ရှိ NLD အစိုးရ အပါအဝင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး လှုပ်ရှားဆောင်ရွက်သူတွေ အနေနဲ့ စစ်တပ်အပေါ် ဖိအားပေး နိုင်တာမျိုးကို စဉ်းစား လုပ်ကိုင်ကြကာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲနိုင်ရေး အတွက် နီးကပ် လာမယ်လို့ သုံးသပ်ပါတယ်။

အရင် စစ်တပ်ခေါင်းဆောင်တွေ က ၂၀၀၈ အခြေခံဥပဒေ ကို ဦးဆောင်ရေးဆွဲ ခဲ့ရာမှာ ထားခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဦးရဲထွဋ် ကို ဘီဘီစီ ကမေးတော့ မြန်မာ့နိုင်ငံရေးမှာ အဓိက အင်အားစု သုံးခုဖြစ်တဲ့ ဗမာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ တပ်မတော် ဆိုတဲ့ အင်အားသုံးခု လွှတ်တော်ထဲမှာ အလုပ်တူတူတွဲလုပ်ရင် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ နဲ့ အရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ခုရဲ့ အားနည်းချက်ဖြစ်တဲ့ အများစုမဲရတဲ့ နိုင်ငံရေးပါတီက သူ့သဘောနဲ့ သူ အခြေခံဥပဒေကို လိုသလိုပြင်ဆင်တာမျိုးတွေကို ကာကွယ်နိုင်ဖို့၊ ဒီမိုကရေစီအသွင် ကူးပြောင်း ရေး မှာ တပ်မတော်က လုပ်ဖော်ကိုင်ဖက် အဖြစ်နဲ့ ပါဝင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့တယ်လို့ သူမြင်တဲ့အကြောင်း ပြောပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ဘယ်အချိန်ပြင်နိုင်မလဲဆိုရင်တော့ အထက်မှာပြောထား တဲ့ အင်အားစု သုံးခု သဘောတူတဲ့အချိန်ပြင်လို့ရမှာပေါ့၊ အများစုမဲရတဲ့ ပါတီ သဘော တခုတည်း နဲ့ တော့မရဘူး၊ အင်အားစု အားလုံးသဘောတူရမယ်၊ အချို့ အချက် တွေဆိုရင် ပြည်သူ့ ဆန္ဒခံယူရမယ်၊ ပြည်နယ် နယ်နမိတ်ပြင်တာမျိုး ဆိုရင် ပြည်နယ်က လူထု သဘောတူရမယ်၊ ဒါ့ကြောင့် ပြင်ဖို့ထက် ယုံကြည်မှုတည်ဆောက် ဖို့ကို အရင် လုပ်ဖို့ လိုတယ်လို့ သူ က ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် စစ်တပ်က တဖက်အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အနေအထား နဲ့ ပတ်သက်လို့ မသီတာ (စမ်းချောင်း)ကို မေးကြည့်တော့ ဒီမိုကရေစီရေး၊ အမျိုးသားရေး လှုပ်ရှားဆောင်ရွက်နေသူတွေဖက်ကလည်း စစ်တပ်ကို နိုင်ငံတည်ဆောက်မယ့် နေရာမှာ စစ်တပ်ကို ချန်ထားခဲ့လို့မရဘူးဆိုတာကို အလေးထား သင့်သလို၊ စစ်တပ်အနေနဲ့ ကလည်း အခု ပုံစံ အတိုင်း ပဲ ဆက်သွားနေရင် ပြည်သူလူထု အသက် အိုးအိမ် စည်းစိမ် ကို စစ်တပ်က အကာအကွယ်ပေးတဲ့ ပုံရိပ်ကောင်း ရှိနေပါတယ် လို့ အာမခံချက် ပေးနိုင်စွမ်း က ကိုယ့်တပ်တွင်းမိသားစုတွေ အတွက်တောင် အချိန်ကြာလာတာနဲ့ အမျှ ဆွဲဆောင်စည်းရုံးနိုင်မှု အားနည်း လာနိုင်တယ်လို့ ပြောပါတယ်၊ ဒါကြောင့် တပ်မတော် အနေနဲ့လည်း ရေရှည်မှာ ပုံရိပ်ကောင်းကို ထိန်းသိမ်းနိုင်ရေး အတွက် နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်သူတွေ နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို စဉ်းစား သင့်ပြီဖြစ်ကြောင်း ထောက်ပြပါတယ်။