အာဆာ ဘာတွေလုပ်နေသလဲ

ဓာတ်ပုံ မူပိုင် youtube
Image caption အာဆာအဖွဲ့ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲက အာတာအူလာ

ရခိုင်ပြည်နယ်က ရဲကင်းစခန်းတချို့ကို ARSA အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဒီနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ တနှစ်ပြည့်ပါပြီ။ သြဂုတ်လ ၂၅ ရက်တိုက်ခိုက်မှုနောက်ပိုင်း မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက် ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီပဋိပက္ခနဲ့အတူ အာဆာရဲ့ နာမည်ဟာလည်း မြန်မာမှာသာမက ကမ္ဘာမှာပါကျော်သွားခဲ့ပါတယ်။ ဒါပေမယ့် အာဆာအဖွဲ့ဟာ လျှို့ဝှက်သိုသိပ်တဲ့ အဖွဲ့အစည်းဖြစ်လို့ တကယ်တန်း သူတို့ဘာလုပ်နေသလဲဆိုတာ ဘယ်သူမှ များများစားစား မပြောနိုင်ကြပါဘူး။

အာဆာအဖွဲ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ သြဂုတ်လ ၂၁ ရက်နေ့အထိ သတင်းထုတ်ပြန်နေတာတွေ့ရပါတယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တာက အစ်နေ့ ဆုတောင်းပါ။

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ကြားရခဲတဲ့ အာဆာရဲ့ သတင်းတပုဒ်ဟာ DNA India သတင်းစာမျက်နှာပေါ်မှာ ထွက်ပေါ်လာပါတယ်။ မနစ်ရှူကလာ ဆိုတဲ့ သတင်းသမားတယောက်ရေးသားတဲ့ အဲဒီသတင်းထဲမှာ အာဆာအဖွဲ့နဲ့ အိန္ဒိယ အစိုးရလက်အောက်က လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ အာသံရိုင်ဖယ်တို့ တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ အာဆာအဖွဲ့ဟာ အိန္ဒိယနယ်စပ် မြန်မာဘက် အခြမ်းမှာ ခြေကုပ်စခန်း ထူထောင်ဖို့ကြိုးစားရင်း အိန္ဒိယနယ်စပ်မှာရှိတဲ့ အာသံရိုင်ဖယ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ အဲဒီသတင်းမှာရေးသားထားပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာတော့ အဲဒီရေးသားချက်ဟာ မဟုတ်မမှန်တဲ့ လုပ်ကြံသတင်းသာဖြစ်တယ်လို့ အာဆာအဖွဲ့က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူတို့ဟာ မြန်မာအစိုးရစစ်တပ်ကလွဲပြီး ကျန်တဲ့ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘူးလို့ အဲဒီကြေညာချက်မှာ ရေးသားတုံ့ပြန်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန် ထပ်ဆင့်ဖော်ပြ ရေးသားကြတာတွေကို မတွေ့ရသလို မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရဘက်ကလည်း တစုံတရာ ပြောဆိုတာမျိုး မတွေ့ရဘဲ အသံတိတ်နေခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်အကြမ်းဖက်မှု တနှစ်ပြည့် မြေပြင်အနေအထား

မေလ နှောင်းပိုင်းတုန်းကတော့ အာဆာအဖွဲ့ဟာ ဟိန္ဒူတွေ အပေါ်မှာ အစုအပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားတွေနဲ့ တွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို မြန်မာအစိုးရက ကြိုဆိုခဲ့ပါတယ်။ အာဆာအဖွဲ့ကတော့ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ကြောင်း မေလ ၂၅ ရက်နေ့မှာ ကြေညာချက်တစောင်နဲ့ တုံ့ပြန်ရေးသားခဲ့ပါတယ်။ သူတို့အနေနဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်တဲ့ ရခိုင်လူမျိုးတွေကိုတောင် မသတ်ဖြတ်ခဲ့ဘဲ သူတို့နဲ့ ရန်ငြှိုးမရှိတဲ့ ဟိန္ဒူတွေကို သတ်ဖြတ်တယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အာဆာရဲ့ နောက်ဆုံးစစ်ရေးလှုပ်ရှားမှုကတော့ ဇန်နဝါရီလ ၅ ရက်နေ့က တရိန်းကျေးရွာအနီးတိုက်ခိုက်မှုဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက တရိန်းကျေးရွာအနီးမှာ အစိုးရတပ်မတော် မော်တော်ယာဉ်တစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်က ဗိုလ်ကြီး ၁ ယောက်အပါအဝင် တပ်မတော်သား ၇ ယောက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ အာဆာက ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။

ဟိန္ဒူတွေကို အာဆာ သတ်ဖြတ်ခဲ့တာလို့ AI ထုတ်ပြန်

အာဆာ အဖွဲ့ ဆိုတာ ဘာလဲ

ဓာတ်ပုံ မူပိုင် ARSA Twitter
Image caption အာဆာအဖွဲ့က တွတ်တာ လူမှုကွန်ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်

အာဆာအဖွဲ့ပေါ်ပေါက်လာပုံ

သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုဖြစ်ပွားပြီးပြီးချင်းမှာပဲ မြန်မာအစိုးရက အာဆာကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် သက်သေ အထောက်အထားတော့ မပြခဲ့ပါဘူး။ ဖမ်းမိတဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးချက်အရ သိရှိရတယ်လို့သာ ဆိုပါတယ်။

နိုင်ငံတကာ ပဋိပက္ခဆိုင်ရာ အဖွဲ့ International Crisis Group အိုင်စီဂျီ ကတော့ ပိုပြောပြခဲ့ပါတယ်။

အာဆာအဖွဲ့ဟာ သူတို့အဖွဲ့ရဲ့ နာမည်ကို မူလက ဟာရာကာ အယ်လ်ရာကင် ဆိုတဲ့ နာမည် အသုံးပြုခဲ့ပါတယ်။ အာရပ်စကားနဲ့ ယုံကြည်ချက်အခြေခံလှုပ်ရှားမှုလို့ ဆိုလိုတာ ဖြစ်ပါတယ်။ "Arakan Rohingya Salavation Army" - ARSA ဆိုတဲ့ နာမည်ကိုတော့ ၂၀၁၇ ခု သြဂုတ်လတိုက်ခိုက်မှုနောက်ပိုင်းကျမှ သုံးစွဲလာခဲ့တာပါ။ မြန်မာလို "အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်" လို့သူတို့ရဲ့ ကြေညာချက်တွေမှာ ဖော်ပြသုံးစွဲပါတယ်။

Image caption ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ရာဒေသ

အာဆာခေါင်းဆောင် အာတာအူလာ

အာဆာကတင်တဲ့ ဗီဒီယိုတွေမှာ အဓိက ခေါင်းဆောင်ပြီး စကားပြောတဲ့ အာတာအူလာဟာ ဆော်ဒီအာရေးဗီးယား နေထိုင်သူဖြစ်တယ်လို့ အိုင်စီဂျီက ထုတ်တဲ့ "မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အသစ်ထွက်ပေါ်လာသော မွတ်ဆလင် သူပုန်ထမှု" ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာတာအူလာရဲ့ ဖခင်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင် တယောက်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ကရာချိမြို့ကို ရွှေ့ပြောင်း နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကရာချိမြို့မှာ အာတာအူလာကို မွေးဖွားပါတယ်။ သူဟာ ရိုဟင်ဂျာစကားနဲ့ အာရဗီ စကားကို သွက်သွက်လက်လက် ပြောနိုင်ပါတယ်။

ဟာရာကာ အယ်လ်ရာကင် အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် ၂၀ ဟာ ဖွဲ့စက မက္ကာမှာ ရုံးထိုင်ပြီး မက်ဒီနာမှာလည်း အနည်းဆုံး ကော်မတီဝင် ၁ ယောက် ရုံးထိုင်တယ်လို့ အိုင်စီဂျီ အစီရင်ခံစာကဆိုပါတယ်။ ဒါပေမယ့် အာဆာအဖွဲ့ရဲ့ အမြင်နဲ့ ရည်ရွယ်ချက်တွေဟာ အယ်လ်ခိုင်းဒါး၊ အစ္စလာမ်နိုင်ငံ အဖွဲ့တို့လို နိုင်ငံဖြတ်ကျော် ဂျီဟတ် အကြမ်းဖက်မဟုတ်ဘူးလို့လည်း အိုင်စီဂျီ အစီရင်ခံစာက အင်္ဂလိပ်ဘာသာ အစီရင်ခံစာရဲ့ စာမျက်နှာ ၁၃ မှာဆိုထားပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံတကာ အကြမ်းဖက်လှုပ်ရှားမှု သဖွယ်သဘောထားလေ့ရှိပါတယ်။

စည်းရုံးလေ့ကျင့်မှု

အာဆာအဖွဲ့ဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ရိုဟင်ဂျာရွာတွေမှာ သင်တန်းတွေပေးခဲ့တယ်လို့လည်း အိုင်စီဂျီကဆိုပါတယ်။ သင်တန်းဆရာတွေဟာ ဝါရင့်ရိုဟင်ဂျာတွေ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့မှာ အတွေ့အကြုံရှိခဲ့ဖူးသူတွေ လို့လည်း ဆိုပါတယ်။

အိုင်စီဂျီအဖွဲ့ရဲ့ အစီရင်ခံစာက အဲသလို ပါကစ္စတန်၊ အာဖဂန်နစ္စတန်က အတွေ့အကြုံရှိသူတွေ သင်တန်းပေးနေကြသလို နိုင်ငံတကာက ရိုဟင်ဂျာနဲ့ မွတ်ဆလင်တွေရဲ့ လှူဒါန်းငွေတွေကို အာဆာက လက်ခံရရှိနေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဆာအဖွဲ့က အသုံးပြုတဲ့လက်နက်တွေကို မြန်မာအစိုးရပြန်ကြားရေးက ပြသထားရာမှာတော့ ဓားရှည်၊ ဝါးချွန်၊ လောက်လေးခွ၊ လုပ်သေနတ်လိုမျိုး အရည်အသွေးညံ့တဲ့ လက်နက်အမျိုးအစားတွေကိုသာ တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ရိုဟင်ဂျာအရေးတက်ကြွသူတွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေကို သုံးသပ်ရင် အာဆာအဖွဲ့ရဲ့ သေနင်္ဂဗျူဟာတွေဟာ သိပ်မကောင်းသလို ရိုဟင်ဂျာ အများရဲ့ ထောက်ခံမှု ရတာမျိုးလည်း မရှိဘူးလို့ ဘီဘီစီ သတင်းထောက် ဂျော်နသန်ဟက်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ အသက် ၂၀ ကျော် ရိုဟင်ဂျာ မွတ်ဆလင် လူငယ် တယောက်ကို သတင်းထောက် ဂျော်နသန်ဟက်တွေ့ဆုံ စကားပြောခဲ့ရပါတယ်။ သူဟာ အာဆာအဖွဲ့မှာ ပါဝင်ခဲ့သူတယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူတို့ရွာကို အာတာအူလာ ရောက်လာပြီး ရိုဟင်ဂျာတွေအပေါ် မတရားလုပ်နေတာကို ဆန့်ကျင်တိုက်ခိုက်ဖို့လိုပြီလို့ သူ့ကို အာတာအူလာက ပြောတယ်လို့ သူကဆိုပါတယ်။ အဲဒီနောက် သူတို့ရွာကလူတွေကို တောင်ပေါ်ကတောထဲမှာ သင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။ မော်တော်ကား အင်ဂျင်ဟောင်းတွေရဲ့ ပစ်စတင်ကို အသုံးပြုပြီး လက်လုပ်ဗုံးလုပ်နည်းကိုလည်း သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခု အာဆာတိုက်ခိုက်မှု နှစ်ပတ်လည် ကာလမှာ မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ ပြီးခဲ့တဲ့ တနှစ်ကာလအတွင်းမှာ အာဆာဟာ ထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုမျိုး လုပ်ဆောင်ခဲ့တာ မတွေ့ရပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာ ပြဿနာ မပြေလည်သေးရင် အာဆာအဖွဲ့ရဲ့ ခြိမ်းခြောက်မှုဟာ ဆက်လက်ရှိနေဦးမယ်လို့ ပြည်တွင်းပြည်ပ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် လူငယ်တွေ မျှော်လင့်ချက်မဲ့နေလို့ ကုလပြော

ဆက်စပ် အကြောင်းအရာများ