မြန်မာပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေကို ဆက်ဖြည့်ဆည်းနေမယ့် ဘီဘီစီ
- မင်းထက်
- အယ်ဒီတာ၊ ဘီဘီစီမြန်မာပိုင်း အစီအစဉ်

ဘီဘီစီ မြန်မာပိုင်း ၇၈ နှစ်ပြည့် ကာလမှာ ဒီဂျစ်တယ် မီဒီယာတွေကနေ ပိုမို တင်ဆက်နေပါတယ်
ဘီဘီစီမြန်မာပိုင်းအစီအစဉ်က လက်ရှိထုတ်လွှင့်နေတဲ့ ရေဒီယိုအစီအစဉ်တွေကို အချိန်လျှော့လိုက်ပါတယ်။ မနက် ၃၀ မိနစ်နဲ့ ညပိုင်း ၄၅ မိနစ်ကနေ အခုဆို မနက်ရော ညပါ ၁၅ မိနစ်စီပဲ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘီဘီစီရဲ့ ဂုဏ်သတင်းအတိုင်း တိကျမှန်ကန်တဲ့သတင်းတွေ၊ အားကောင်းတဲ့ အင်တာဗျူးတွေ၊ ခိုင်မာပြည့်စုံတဲ့ သုံးသပ်ချက်တွေကို ပရိသတ်တွေဆီ အရောက် ဆက်ပို့ပေးနေဦးမှာ ဖြစ်ပါတယ်။ နေ့စဉ်ထုတ်လွှင့်နေတဲ့ ရေဒီယိုအစီအစဉ်တွေကို လက်ရှိအတိုင်းပဲ ဖေ့စ်ဘုတ်လိုက်ဗ်ကလည်း တိုက်ရိုက် ကြည့်ရှုနားဆင် နိုင်ကြမှာ ဖြစ်ပါတယ်။ FM ကတင်ဆက်ပေးနေတဲ့ အစီအစဉ်တွေမှာလည်း အပြောင်းအလဲ ရှိမှာမဟုတ်ပါဘူး။
၁၉၄၀ ခုနှစ်ကတည်းက လှိုင်းတိုနဲ့ ထုတ်လွှင့်လာပြီး ကျွန်တော်တို့ရဲ့ မြန်မာပရိသတ်တွေကို လွတ်လပ်ပြီး ခိုင်မာတဲ့ သတင်းတွေ ပေးပို့ပေးနေခဲ့တဲ့ မြန်မာဌာနအတွက် အခုလို ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ကို ဌာနအနေနဲ့လည်း ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာပါ။ ဒါပေမယ့် ဒီကနေ့ခေတ်ရဲ့ ပကတိအမှန်တရားကို ကြည့်ရင် လှိုင်းတိုရေဒီယိုကနေ နားထောင်သူ အရေအတွက်ဟာ တကမ္ဘာလုံးမှာ တရှိန်ထိုး ထိုးကျနေပြီး ကျွန်တော်တို့ရဲ့ ထုတ်လွှင့်ချက်တွေကို ရယူနားဆင်သူ အများစု ဟာလည်း ဒီဂျစ်တယ်ပလက်ဖောင်းတွေကနေ ဖြစ်လာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ထုတ်လွှင့်ချက်တွေအတွက် ပရိသတ်တွေ အများစုရှိရာ၊ ပရိသတ်တွေ အများစု အဆင်အပြေဆုံး ရယူသုံးစွဲနိုင်ဖို့ရာ ဒီဂျစ်တယ် ပလက်ဖောင်းတွေကနေ ဒီဂျစ်တယ် နည်းပညာတွေနဲ့ သတင်းတွေကို အရောက်ပေးသွားဖို့ ပိုအာရုံစိုက်ပြီး ပိုမိုတိုးချဲ့ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဘက်မှာ အင်အားတွေ အရင်းအမြစ်တွေ ပိုပြီး တိုးမြှင့်သုံးစွဲသွားမှာ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းအစီအစဉ်ဟာ သမိုင်းကြောင်းတလျှောက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ မဖွံ့ဖြိုးခဲ့တဲ့ မြန်မာနိုင်ငံတွင်းက ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေကို နှစ်ပေါင်း ၈၀ နီးပါး ဖြည့်ဆည်းပေးနေခဲ့တဲ့ ပြည်သူတွေအတွက် "လိုအပ်တဲ့ သတင်းဌာနတစ်ခု" အဖြစ် ရပ်တည်နေခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်လို့ နိုင်ငံဟာ လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာချိန်မှာလည်း ဘီဘီစီဟာ မြန်မာပြည်သူတွေ အတွက် အားထားရတဲ့ ရှေ့ဆောင်သတင်းဌာနအဖြစ် ဆက်ရပ်တည်နေခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဘီဘီစီမြန်မာပိုင်း အစီအစဉ်ရဲ့ ထုတ်လွှင့်ချက်တွေကို ရေဒီယို၊ တီဗီ နဲ့ ဝက်ဆိုက်၊ ဆိုရှယ်မီဒီယာ၊ မိုဘိုင်း၊ SMS စတဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေကနေ တင်ဆက်ပေးနေပါတယ်။ ဘီဘီစီရဲ့ ထုတ်လွှင့်ချက်တွေကို ပြည်တွင်းမှာ ရေဒီယိုနှစ်ခု၊ ရုပ်သံလိုင်း နှစ်လိုင်း၊ မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုတစ်ခု၊ ပြည်တွင်းသတင်းဝက်ဆိုက် တစ်ခု၊ ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနဝက်ဆိုက် တစ်ခုတို့နဲ့ ပူးပေါင်းပြီးလည်း တင်ဆက်ပေးနေပါတယ်။ မြန်မာပြည်သူတွေအတွက် အဓိက အားထားရတဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ သတင်းတင်ဆက်မှုတွေ၊ ကိုယ်ပိုင်သတင်းတွေ ပေးနေတဲ့ သတင်းဌာန အဖြစ် ဆက်ရပ်တည်နေနိုင်အောင် ကြိုးစားတဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ထုတ်လွှင့်တင်ဆက်မှုတွေကို ဒီဂျစ်တယ်ပလက်ဖောင်းတွေကနေ အဓိက ဦးစားပေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းနိုင်ငံရေး အခြေအနေကို ကြည့်ရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အလျင်အမြန် အောင်မြင်ပြီးမြောက်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မပြည့်စုံသေးတာ တွေ့ရပါတယ်။ ဒါက မီဒီယာကဏ္ဍမှာဆို တော်တော်လေး ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဆင်ဆာတည်းဖြတ်တဲ့ စနစ်ကို ဖျက်သိမ်းပေးလိုက်ပြီးတဲ့နောက်မှာ အများကြီး ပေါ်လာတဲ့ နေ့စဉ်သတင်းစာတွေဆိုလည်း စီးပွားရေးအရ တွက်ခြေမကိုက်တာကြောင့် အခုဆို တော်တော်များများ ပိတ်သိမ်းသွားကြပါပြီ။ ရုပ်သံလွှင့် မီဒီယာပိုင်းကိုလည်း အစိုးရ၊ တပ်မတော် ဒါမှမဟုတ် အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေသူတွေကပဲ အများစုကို ထိန်းချုပ် ထားကြပါတယ်။ သတင်းသမားတွေဆိုလည်း ရှေးကျတဲ့ တိကျတဲ့ ပြဋ္ဌာန်းသတ်မှတ်မှုမရှိတဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုခံရတာ ထောင်ချခံရတာတွေ ရှိနေပါတယ်။ ဒီအထဲမှာ သတင်းသမားတွေ ဆိုရှယ်မီဒီယာမှာ ရေးသားမှုတွေ ကြောင့်လည်း အရေးယူခံရတာ ရှိနေပါတယ်။ ဒီလို ဥပဒေပြဋ္ဌာန်းချက်မျိုးတွေ ကြောင့်ရယ်၊ စစ်တပ်ဘက်က ခြိမ်းခြောက်မှုတွေကြောင့်ရယ်၊ တခါ နိုင်ငံတွင်းမှာ တိုးများလာနေတဲ့ ပြင်းထန်တဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကြောင့်ရယ် သတင်းသမားတွေ အကြားမှာ ကိုယ့်ကိုယ်ကို ဆင်ဆာလုပ်လာကြရတာလည်း တွေ့ရပါတယ်။ ဒါကြောင့် တရားဝင် ဆင်ဆာလုပ်မှု ပယ်ဖျက်လိုက်ပေမယ့် ဆင်ဆာတည်းဖြတ်မှု ပုံစံအမျိုးမျိုးနဲ့ ဆက်တည်ရှိနေပါသေးတယ်။
ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာအရေးအခင်းမှာဆိုလည်း အာဏာပိုင်တွေက သူတို့ ရေးသားစေလိုတဲ့ သဘောထားမျိုးတွေကို ရေးသားဖော်ပြဖို့ မီဒီယာတွေအပေါ် ဖိအားပေးလာတာရှိပါတယ်။ သတင်းသမားတွေ ကိုလည်း မျိုးချစ်စိတ်ပြသဖို့ ဆိုပြီး သတင်းရယူတင်ဆက်တဲ့နေရာမှာ ဘက်တစ်ဘက်တည်းကို ရပ်ဖို့ ဖိအားပေးတာတွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာတော့ ကျွန်တော်တို့ ဘီဘီစီရဲ့ နေ့စဉ်ရုပ်သံအစီအစဉ် တွေကို ထုတ်လွှင့်ပေးနေတဲ့ ပြည်တွင်းက ရုပ်သံဌာနတစ်ခုနဲ့ လမ်းခွဲခဲ့ရပါတယ်။ စိတ်မကောင်းစရာက အဲဒီရုပ်သံဌာနက ဘီဘီစီရဲ့ ထုတ်လွှင့်ချက်တွေမှာ သူတို့လက်ခံနိုင်မယ့် အသုံးအနှုန်းမျိုးပဲ သုံးစွဲရမယ်ဆိုပြီး တောင်းဆိုလာခဲ့တာပါ။ ဘီဘီစီ အနေနဲ့တော့ ကိုယ့်ရဲ့ အယ်ဒီတိုးရီးယယ်ပိုင်း လွတ်လပ်ခွင့်ကို ဘယ်လို အခြေအနေမျိုးမှာမှ အလျော့ပေးမှာ မဟုတ်ပါဘူး။
ဘီဘီစီမြန်မာပိုင်းဌာနတည်ရှိရာ လန်ဒန်မြို့တော်က ဘီဘီစီရုံးချုပ်
မိုဘိုင်း၊ အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာ သုံးစွဲသူ အရေအတွက်ကို ကြည့်ရင် မြန်မာနိုင်ငံဟာ အာရှမှာ အလျင်အမြန်ဆုံး တိုးတက်နေတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ အင်တာနက် သုံးစွဲသူ ၁၈ သန်းရှိပြီး ဖေ့စ်ဘုတ်သုံးစွဲသူကလည်း ၁၈ သန်းရှိတဲ့အတွက် မြန်မာပြည်မှာ အင်တာနက် ဆိုတာ ဖေ့စ်ဘုတ်ပါလို့တောင် ဆိုရမလိုဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ ဖေ့စ်ဘုတ်ကို လိုက်ခ် လုပ်ပြီး ကြည့်ရှုသူ ၁၄ သန်းကျော်ရှိတဲ့အထဲမှာ ၁ဝ သန်းကျော်က မြန်မာနိုင်ငံက ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ ဝက်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ တခြား ပလက်ဖောင်းတွေကရော၊ ပြည်တွင်း ပြည်ပ မိတ်ဖက် ပူးပေါင်းတင်ဆက်သူ အသံလွှင့်ဌာနတွေ၊ သတင်းဌာနတွေက တဆင့်ပါ ဘီဘီစီဟာ ကိုယ့်ရဲ့ သတင်းစံနှုန်းကို အမြင့်ဆုံး ဆက်ထိန်းထားပါတယ်။ သောတရှင်တွေ ပရိသတ်တွေ သိသင့်တဲ့၊ ကိုယ့် နေ့စဉ်ဘဝမှာ အဆင်ပြေအောင် နေနိုင်ဖို့၊ ကိုယ့်ဘဝအတွက်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချနိုင်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပြည့်စုံ ရှင်းလင်းစွာ ဆက်ပေးပို့နေမှာ ဖြစ်သလို လူထုရဲ့ အသံတွေကိုလည်း ဆက်ဖော်ထုတ် ပေးနေမှာပါ။ ဒီမိုကရေစီကို နားလည်လက်ခံကျင့်သုံးတတ်အောင် လူထုရဲ့ အမြင်တွေကိုလည်း ဆွေးနွေးတင်ဆက်ပေးနေမှာပါ။ ဘီဘီစီ အစီအစဉ် တွေကို ပြည်တွင်း FM သတင်းဌာနတွေကနေ ထုတ်လွှင့်တင်ဆက် ပေးနေသလို၊ တစ်နေ့ ၂ ကြိမ် မိုဘိုင်းနဲ့ SMS သတင်းတိုတွေကိုလည်း ပြည်တွင်းက မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ဗဏီတစ်ခုနဲ့ ပူးပေါင်းတင်ဆက်ပေးနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဒီလို မိုဘိုင်းဝန်ဆောင်မှုကတဆင့် လူထုဆီ သတင်းတွေ အရောက်ပို့ပေးတာ မြန်မာနိုင်ငံမှာ ဘီဘီစီက ပထမဆုံး ဖြစ်ပါတယ်။ နောက်တစ်ခါ အင်စတာဂရမ်၊ တွစ်တာ၊ ဗိုင်ဗာ၊ ယူကျုနဲ့ ပေါ့ဒ်ကတ်စ်တွေကလည်း ဘီဘီစီ သတင်းတွေကို ပရိသတ်ဆီ ချိတ်ဆက်ပေးပို့နေပါတယ်။ ရုပ်သံသတင်းတွေမှာလည်း မဇ္စျိမတီဗီက ညစဉ်ထုတ်လွှင့်နေတဲ့ သတင်းအစီအစဉ်အပြင် ဩဂုတ်လက စတင်လို့ ဘီဘီစီရဲ့ နာမည်ကျော် နည်းပညာအစီအစဉ် ကလစ်ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် စတင်ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။ အပတ်စဉ် ကြည့်ရှုသူ ၁၆ သန်းခွဲရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရုပ်သံလိုင်းကြီးက တဆင့် ကမ္ဘာ့ပေါ်က နောက်ဆုံးပေါ်တီထွင်မှုတွေ၊ မိမိတို့ရဲ့ နေ့စဉ် လူမှုဘဝကို အဆင်ပြေတိုးတက်အောင် အကူအညီပေးနိုင်မယ့် နည်းပညာဆိုင်ရာ အထောက်အကူတွေကို တိုးချဲ့ တင်ဆက်ပေး နေပါတယ်။
ချုပ်ပြောရရင်တော့ ဘီဘီစီရဲ့ အခုနောက်ဆုံး အပြောင်းအလဲဟာ သောတရှင်တွေ ပရိသတ်တွေဆီ ပို့ပေးနေတဲ့ သတင်းတွေကို လျှော့ချဖြတ်တောက်တာ မဟုတ်ဘဲ ပရိသတ် အများစုကြီး ရှိနေရာ၊ အနာဂတ်မှာလည်း ပရိသတ်အများစုကြီးက အဆင်အပြေဆုံး ရယူသုံးစွဲနိုင်မယ့် နေရာတွေက တိုးချဲ့ထုတ်လုပ်သွားမယ့် အစီအစဉ်ကို စတင်လိုက်တာသာ ဖြစ်ပါတယ်။
ဘီဘီစီရဲ့သတင်းတွေနဲ့ မြန်မာပြည်သူတွေကို အထိရောက်ဆုံး ဆက်ပြီး အလုပ်အကျွေးပြုသွား နိုင်မယ့် ခြေလှမ်းတစ်ခု စလှမ်းလိုက်ခြင်းသာ ဖြစ်ကြောင်းပါခင်ဗျာ။