ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က သူတို့မှာ အပြစ်မရှိဘူးလို့ပြော

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦးတို့ကို စက်တင်ဘာ ၃ ရက်နေ့က ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက် ပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ သတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုကို ဖော်ထုတ်ဖို့ စုံစမ်းနေတုန်း အဖမ်းခံရတာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အထူး သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အဲဒီဆောင်းပါးကို ရိုက်တာ သတင်းထောက် နှစ်ယောက် ပါဝင် ရေးသားခဲ့တာဖြစ်ပြီး အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ရိုက်တာက ဖော်ပြခဲ့တဲ့ အင်းဒင် သတ်ဖြတ်မှု

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တော ဒေသက ရဲကင်းစခန်း ၃၀ ကျော်ကို Arakan Rohingya Salvation Army (ARSA )အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး တစ်ပတ်အကြာမှာ အင်းဒင် သတ်ဖြတ်မှုဖြစ်ခဲ့တယ်လို့ အထူးသတင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အင်းဒင်ရွာမှာ ရိုဟင်ဂျာရွာသား ၁၀ ယောက်ကို စက်တင်ဘာ ၁ ရက် ညနေက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂ ရက် မနက် ၁၀ နာရီလောက်မှာ ရွာသား နှစ်ယောက်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သူတို့အားလုံးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို ဖော်ထုတ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့ဖို့ အင်းဒင်နဲ့ အနည်းဆုံး တခြား ရွာနှစ်ရွာက ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကို စုစည်းခဲ့တယ်လို့ ရွာသား တစ်ဒါဇင်ကျော်က ရိုက်တာသတင်းဌာနကို ပြောခဲ့တဲ့အကြောင်းနဲ့ ရှင်းလင်းပစ်ဖို့ အမိန့်ကို တပ်မတော်က ပေးခဲ့တာလို့ ပြည်သူ့စစ် သုံးယောက်နဲ့ ထောက်လှမ်းရေး တစ်ယောက် တို့က ရိုက်တာကို ပြောခဲ့တယ်လို့ ရေးထားပါတယ်။

အင်းဒင် စစ်ဆင်ရေးကို ဦးဆောင် ခဲ့တာဟာ ခမရ ၃၃ နဲ့ အမှတ် ၈ ပြည်သူ့စစ်တပ်ဖွဲ့တို့ ဖြစ်တယ် လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင်ရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရွာသားများ

ဒါ့အပြင် ပြည်သူ့စစ် အဖွဲ့ဝင် တချို့ဟာ ရိုဟင်ဂျာတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ကျွဲနွား၊ မော်တော် ဆိုင်ကယ်တွေကို လုယူ ရောင်းစားခဲ့ကြတယ် လို့လည်း ရိုက်တာရဲ့ အထူးသတင်း ဆောင်းပါးမှာ ဖော်ပြပါတယ်။

စစ်သားတွေ၊ ရဲတွေနဲ့ အင်းဒင်ရွာ လုံခြုံရေးအဖွဲ့ဝင်ရွာသားတွေက အင်းဒင်ရွာမှာရှိတဲ့ ရိုဟင်ဂျာ နေအိမ်အများစုကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဗုဒ္ဓဘာသာဝင် ရွာသား ဆယ်ယောက်ကျော်က ပြောတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ အင်းဒင်ရွာက ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေက အနီးအနား ကမ်းခြေ တစ်ခုသို့ သွားရောက်ခိုလှုံခဲ့ကြတယ်၊ အသတ်ခံသူ ၁၀ ယောက်က အဲဒီထဲက ဖြစ်တယ်လို့ သက်သေတွေက ပြောတာကိုလည်း ဆောင်းပါးမှာ ရေးထားပါတယ်။

သူတို့တွေက ငါးဖမ်းသမားတွေ၊ ငါးရောင်းသူတွေ၊ စတိုးဆိုင် ဖွင့်ထားကြသူတွေ၊ ကျောင်းသားတွေဖြစ်ကြပြီး အစ္စလာမ်ဘာသာရေး ဆရာတစ် ယောက်လည်း ပါတယ်လို့ ဆိုပါတယ်။

စစ်သားတွေက ရိုဟင်ဂျာ အမျိုးသား ၁၀ ယောက်ကို ရွေးထုတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့က သင်္ချိုင်းတစ်ခုအနီး ခေါ်သွားခဲ့တဲ့ ညနေခင်းက ရိုက်ထားတဲ့ ဓာတ်ပုံမှာ အဲဒီ အမျိုးသားတွေ ရွာလမ်းကြားမှာ ဒူးထောက်နေတဲ့ပုံကို ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Handout
Image caption ရိုက်တာဘက်က ရရှိခဲ့တဲ့ အသတ်ခံရတဲ့ ရွာသားများပုံ

ဒေသခံ ဗုဒ္ဓဘာသာဝင် လယ်သမား ဦးမောင်နီ ပျောက်ဆုံးနေတာကို လုံခြုံရေးဝန်ထမ်းတွေက မေးမြန်းခဲ့ကြောင်းနဲ့ သူပျောက်ဆုံးမှုဟာ အဲဒီ ရိုဟင်ဂျာ ၁၀ ယောက်နဲ့ ပတ်သက်တဲ့ အထောက်အထား တစ်စုံတစ်ရာ မရှိဘူးလို့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေက ရိုက်တာကို ပြောခဲ့တယ် လို့လည်း ရေးထားပါတယ်။

အဖမ်းခံရသူတွေကို သတ်မယ့် နေရာဆီ စစ်သားတွေ ခေါ်သွားတာ သူတို့ ကြည့်နေ ခဲ့ရတယ်လို့ ဗုဒ္ဓဘာသာဝင် သုံးဦးက သက်သေထွက်ဆိုခဲ့တယ် လို့လည်း ရိုက်တာ ဆောင်းပါးမှာ ဖော်ပြ ပါတယ်။

တာဝန်ကျ စစ်တပ်အရာရှိက ဦးမောင်နီရဲ့ သားတွေကို ခေါ်ပြီး ပထမဆုံး သတ်ဖြတ်ခိုင်း ခဲ့ရာမှာ ပထမဆုံးသားက အစ္စလာမ် ဘာသာရေးဆရာ Abdul Malik ရဲ့ ခေါင်းကို ခုတ်ဖြတ်ခဲ့ပြီး ဒုတိယသားက နောက် အမျိုးသား တစ်ယောက်ရဲ့ လည်ပင်းကို ခုတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်မှုအပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို ရခိုင် လူကြီးတစ်ဦးက ရိုက်တာသတင်းထောက် တွေကို ပေးခဲ့ပါတယ်။

သူဓာတ်ပုံ ပေးတဲ့အကြောင်းကတော့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပြီး နောင်ကို ဒီလို ထပ်ဖြစ်မှာ မလိုလားတဲ့ အတွက် ရိုက်တာသတင်းဌာနကို ဒီ အချက်အလက်တွေ မျှဝေတာလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption အင်းဒင်သုသာန်မှာ လူတွေ သတ်ဖြတ် မြှုပ်နှံထားမှုမှာ လုံခြုံရေး တပ်ဖွဲ့တွေ ပါမပါဆိုတာကို တပ်မတော်က စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေး

အင်းဒင် သတ်ဖြတ်မှုကို တပ်မတော်ဘက်က ဘာပြောလဲ

ရိုက်တာ သတင်းထောက်တွေ ဖမ်းဆီးခံရပြီးနောက်၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုသာန်မှာ အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ ရုပ်အလောင်းတွေဟာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အင်းဒင် ကျေးရွာသား ဦးမောင်နီ လယ်တောကို အသွားမှာ ဘင်္ဂါလီရွာသားတွေက ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ အတွက် ရွာသားတွေက နာကျည်းပြီး တုံ့ပြန် လက်စား ချေခဲ့တာလို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ဘင်္ဂါလီ အကြမ်းဖက်သမား အယောက် ၂၀၀ လောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဝိုင်းပြီး တိုက်ခိုက်ခဲ့ရာမှာ အဲဒီထဲက ၁၀ ယောက်ကို ဖမ်းမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကို ရဲစခန်းပို့ဖို့ နယ်မြေ အခြေအနေ ငြိမ်သက် အေးဆေးမှု မရှိတဲ့ အတွက် သုသာန်မှာ သတ်ဖြတ်ဖို့ ခေါ်ဆောင် သွားစဉ်မှာ ဦးမောင်နီရဲ့ သားနှစ်ဦးနဲ့ ရွာသား တစ်ဦးတို့က ဓားနဲ့ ခုတ်ခဲ့ပြီး ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ခဲ့ရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၄ ဦးက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

၂၀၁၇ ဧပြီလ မှာတော့ အင်းဒင်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့တာ တွေ့ရတဲ့ တပ်မတော် အရာရှိနဲ့ စစ်သည် ၇ ဦးတို့ကို ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက် တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန် ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ အရာရှိ ၄ ဦးနဲ့ အခြားအဆင့်စစ်သည် ၃ ဦးတို့ကို တပ်မတော် ကနေ အမြဲတမ်း ထုတ်ပစ်ပြီး နယ်ဘက် အကျဉ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ ပါတယ်။

ဆက်စပ် အကြောင်းအရာများ