မြန်မာပြည်က ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်အတွက် အထောက်အထားတွေကို ဘယ်လို ဖော်ထုတ်သလဲ

  • ရိုလန်ဟုချ်
  • ဘီဘီစီသတင်း
Rohingya refugees desperate for aid crowd as food is distributed - September 2017

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းကျော် မြန်မာပြည်က ထွက်ပြေးရ

မည်းမည်းမြင်သမျှ ပစ်ခတ် သတ်ဖြတ်မှု၊ ရွာတွေ ပြာကျအောင် မီးရှို့မှု၊ ကလေးသူငယ်တွေကို သတ်ဖြတ်ပြီး အမျိုးသမီးတွေကို လူအုပ်နဲ့ မုဒိမ်းကျင့်မှု၊ နိုင်ငံတကာ ဥပဒေအရ အဆိုးရွားဆုံး ပြစ်မှုတွေကို မနှစ် သြဂုတ်လက မြန်မာပြည်မှာ ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂရဲ့ စစ်ဆေးတွေ့ရှိချက်တွေက စွပ်စွဲထားပါတယ်။

ဒီလောက် ပြင်းထန်တဲ့ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်ခဲ့လို့ မြန်မာ့တပ်မတော်ကို ရိုဟင်ဂျာ တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ဆေးရမယ် ဆိုပြီး ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားပါတယ်။

မြန်မာ အစိုးရက ကုလသမဂ္ဂ စစ်ဆေးသူတွေကို ပြည်တွင်း ဝင်ခွင့်မပေးသလို ဒီအစီရင်ခံစာပါ တွေ့ရှိချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။

ဒီအစီရင်ခံစာကို ပြုစုစစ်ဆေးခဲ့ပုံက ဒီလိုပါ။

မြေစမ်းခရမ်းပျိုး

၂ဝ၁၇ မတ်လ ၂၄ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေပြီး မြန်မာပြည်ကို လွတ်လပ်တဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ လွှတ်ပြီး သဘောတူညီခဲ့ပါတယ်။ စစ်တပ်နဲ့ လုံခြုံရေး အဖွဲ့တွေကနေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။

ဒီအဖွဲ့ ဖွဲ့ပြီး ၅ လ အကြာမှာပဲ ရိုဟင်ဂျာ စစ်သွေးကြွတွေက ရဲကင်းစခန်းတွေကို ဝင်တိုက်လို့ မြန်မာ အစိုးရတပ်က ရခိုင်မှာ စစ်ဆင်ရေးကြီး စပါတယ်။

စုံစမ်းရေး အဖွဲ့က ဒီစစ်ဆင်ရေးကြီးကို အဓိက အာရုံစိုက်ခဲ့သလို ကချင်နဲ့ ရှမ်းပြည်နယ်က ချိုးဖောက်မှုတွေကိုလည်း စစ်ဆေးဖို့ ကြည့်ရှု ခဲ့ပါတယ်။

နိုင်ငံတွင်း ဝင်ခွင့်ရဖို့ စုံစမ်းရေး အဖွဲ့က မြန်မာ အစိုးရကို ၃ ကြိမ် တောင်းဆိုခဲ့ပေမယ့် ဘာပြန်ကြားချက်မှ မရခဲ့ပါဘူး။

စုံစမ်းမေးမြန်းမှု

ပထမဆုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းက ဒီမေးမြန်းမှုတွေကြောင့် အမေးခံရသူတွေ စိတ်ဒဏ်ရာမရဖို့ပဲ ဖြစ်တယ်လို့ စုံစမ်းရေး အဖွဲ့ကို ခေါင်းဆောင်သူ ၃ ယောက်ထဲမှာ ပါတဲ့ ခရစ္စတိုဖာ ဆစ်ဒိုတီက ပြောပါတယ်။

တွေ့ဆုံခဲ့သူတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး ပြင်းပြင်းထန်ထန် ထိခိုက် နာကျင်ထားသူတွေ ဖြစ်ပြီး ဒီလို မေးမြန်းမှုတွေကြောင့် ထပ်ပြီး အနာတရဖြစ်မယ်ထင်ရင် မမေးဖို့လည်း မေးမြန်းမယ့် ကုလသမဂ္ဂ ဝန်ထမ်းတွေကို ညွှန်ကြား ထားတယ်လို့ သူက ဆိုပါတယ်။

"ဒီလောက် ထိခိုက်ခံစားခဲ့ရသူတွေမှာ ထပ်ပြီး အနာတရဖြစ်မယ်ဆိုရင် ဘာသက်သေမှ ရဖို့ အရေးမကြီးပါဘူး"

တနှစ်အတွင်း ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို လူ ၇ သိန်းကျော် ထွက်ပြေးခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည်ထဲကို စုံစမ်းရေး အဖွဲ့တွေ ဝင်လို့မရပေမယ့် ဒီလို ထွက်ပြေးလာသူတွေဆီက စစ်ချက်တွေ အများကြီး ယူလို့ ရခဲ့နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကိုပင်လယ်ဖြတ်ပြီး ထွက်ပြေးရ

ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဗြိတိန်မှာ လူ ၈၇၅ ယောက်ကို တွေ့ဆုံခဲ့သလို ဘယ်အဖွဲ့နဲ့မှ မတွေ့ရသေးသူတွေဆီက ထွက်ဆိုချက်ဟာ အဖိုးတန်ဆုံး ဖြစ်တယ်လို့လည်း စောစောကတည်းက ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။

အပြောင်းအလဲ လုပ်ထားနိုင်တဲ့ သက်သေထွက်ချက်မျိုးကို မလိုချင်ဘူးလို့လည်း သြစတြေးလျ လူ့အခွင့်အရေး ရှေ့နေ ဆစ်ဒိုတီက ပြောပါတယ်။

"နေရာစုံက လူတွေဆီကနေ အချက်အလက်တွေ ရအောင် ကြိုးစားပါတယ်၊ နောက်ပိုင်းကျတော့ ရိုဟင်ဂျာ အချင်းချင်း ဆက်သွယ်မှုနဲ့ နယ်မြေတခုထဲက တခြားသူတွေဆီပါ ရောက်အောင်သွားပြီး ပြည့်စုံတဲ့ အချက်အလက်တွေ ရအောင် ယူပါတယ်"

သက်သေ အထောက်အထား

တယောက်တည်းက ပြောတာနဲ့ သက်သေလို့ ဘယ်တော့မှ မယူပါဘူး၊ တခြား ရင်းမြစ်တွေဆီက ဒါကို ထောက်ခံတဲ့ အချက်အလက်တွေ ရဖို့လည်း စစ်ဆေးပါတယ်လို့ မစ္စတာ ဆစ်ဒိုတီက ပြောပါတယ်။

ဒီသက်သေတွေထဲမှာ ဗီဒီယို၊ ဓာတ်ပုံတွေနဲ့ ရိုဟင်ဂျာရွာတွေ လနဲ့ချီပြီး ဖျက်ဆီးခံရတာကို ဂြိုဟ်တုက ရယူတဲ့ ဓာတ်ပုံတွေနဲ့ တခြား သက်သေအထောက်အထားတွေပါပါတယ်။

Interactive How the village of Thit Tone Nar Gwa Son was erased

13 February 2018

Thit Tone Nar Gwa Son in February 2018

25 May 2017

Thit Tone Nar Gwa Son village in May 2017

နမူနာ တခု ပြရရင် ရွာတရွာကို ဖျက်ဆီးခံရတယ် ဆိုတဲ့ သတင်းတွေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေက ရပါတယ်။

ဒါကို ဂြိုဟ်တု ဓာတ်ပုံတွေ သုံးပြီးရှာတော့ သက်သေထွက်ချက်တွေနဲ့ ကိုက်ညီတာကို သွားတွေ့ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေ အရ

  • ရခိုင် မြောက်ပိုင်းမှာ ၃၉၂ ရွာကို တစိတ်တဒေသဖြစ်စေ၊ တရွာလုံးဖြစ်စေ ဖျက်ဆီးခံခဲ့ရတယ်
  • အဲဒီဒေသက အိုးအိမ် ၄ဝ ရာခိုင်နှုန်းလောက် ရှိတဲ့ အိမ်အလုံး ၃၇,ဝဝဝ ကျော် ပျက်စီးတယ်
  • စစ်ဆင်ရေးတွေ စပြီး ၃ ပတ်အတွင်း ဒီအိမ် ၈ဝ ရာခိုင်နှုန်းလောက် မီးရှို့ခံရတယ်

မြေပြင်က သက်သေ ဓာတ်ပုံတွေ ရဖို့က ပိုပြီး ခက်ခဲပါတယ်။

ရခိုင်က ထွက်ပြေးရတော့ လူတွေ လမ်းမှာ အရှာခံရတာ၊ ရွှေငွေနဲ့ မိုဘိုင်းဖုန်းတွေ အသိမ်းခံရတာ ရှိတယ်လို့ ဆစ်ဒိုတီက ပြောပါတယ်။ ဒီလိုသိမ်းတာကလည်း သူတို့ရိုက်ထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဖျက်ဆီးချင်လို့ ဆိုတာ ထင်ရှားတယ်လို့လည်း ဆိုပါတယ်။

"အများအစား မကျန်ရစ်ပေမယ့် သက်သေထဲမှာ ထည့်သုံးပါတယ်"

စွပ်စွဲခံရသူတွေ

ထိပ်တန်း မြန်မာ စစ်အရာရှိကြီး ၆ ယောက်ကို တရားရုံးတင်စစ်ဆေးသင့်တယ်လို့ကုလသမဂ္ဂ အစီရင်ခံစာက ထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲမှာ ကာကွယ်ရေး ဦးစီးချုပ် နဲ့ သူ့ရဲ့ လက်ထောက်တို့လည်း ပါပါတယ်။

ဒီလိုလူတွေကို စစ်ဆေးသူတွေက ဘယ်လို တပ်အပ် စွပ်စွဲ နိုင်တာလဲ။

ဒီအမှုမှာ စာရွက် စာတမ်း၊ အသံဖမ်းချက်တွေကို အခြေမခံဘဲ သုတေသန ရလဒ်တွေပေါ် အရင်းခံ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ,

ဦးေသာင်းထွန်း

မြန်မာ အစိုးရ လုပ်ကိုင် ဆောင်ရွက်ပုံတွေကို အသေးစိတ် နားလည်ဖို့ စစ်ဆေးသူတွေအနေနဲ့ ပညာရှင်တွေအပေါ် အများကြီး အားကိုးခဲ့ရပါတယ်။ ဒီထဲမှာ စစ်ရာဇဝတ်မှု ခုံရုံးတွေ စစ်ဆေးရာမှာ ကူညီခဲ့ဖူးတဲ့ စစ်ဘက် အကြံပေး တယောက်လည်း ပါပါတယ်။

မြန်မာ စစ်တပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အကြံပေးမှု မျိုးစုံကို အထူးပြည့်စုံအောင် ရယူနိုင်ခဲ့တယ်လို့ ဆစ်ဒိုတီက ပြောပါတယ်။

မြန်မာ စစ်တပ်မှာ တပ်ချုပ်နဲ့ လက်ထောက်တွေ မသိဘဲ ဘာမှ လုပ်လို့မရအောင် တင်းကျပ်စွာ ထိန်းချုပ်ထားတယ် ဆိုတဲ့ ကောက်ချက်ကို ရခဲ့တယ် လို့လည်း ပြောပါတယ်။

ကျူးလွန်မှုတွေကို အမိန့်ပေးခဲ့တယ်လို့ ယူဆရသူတွေရဲ့ အမည်ကို ထုတ်ပြန်ပြီးနောက် ဒီရက်စက်မှုတွေကို ကျူးလွန်ခဲ့နိုင်တဲ့ စစ်ဘက် ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ဖို့ ဆက်ကြိုးစားနေပါတယ်။

"မြေပြင်မှာ တိုက်ခိုက်မှု ကျူးလွန်သူလို့ စွပ်စွဲခံရသူတွေ စာရင်း ရှိပေမယ့် ဒါကို မထုတ်ပြန်ဘဲ ထားအုံးမယ် လို့လည်း ဆစ်ဒိုတီက ဆိုပါတယ်။ သူတို့ကို ဆက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ သူတို့ နာမည်တွေက စစ်ဆေးရေးမှာ ထပ်ခါထပ်ခါ ပါလာတယ် လို့လည်း ဆိုပါတယ်။

ဥပဒေကြောင်း

လူမျိုးတုံးသတ်ဖြတ်မှု မြောက်နိုင်တဲ့ ကိစ္စတွေကို ဖော်ထုတ်တာနဲ့ ဒီဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်ကြောင်း သက်သေပြရတာ ဒီနှစ်ခုက တူမလိုလိုနဲ့ ကွဲပါသေးတယ်။

လူမဆန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်း သက်သေတွေကို မြန်မြန်ဆန်ဆန် ရခဲ့ပြီး အရမ်းလည်း များတယ်လို့ ဆစ်ဒိုတီက ဆိုပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုကတော့ ဥပဒေအရ ပိုပြီး ရှုပ်ထွေးပါတယ်လို့လည်း ဆိုတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဒီလောက် ခိုင်မာတဲ့ လူမျိုးတုံးသတ်ဖြတ်မှု သက်သေတွေ ရမယ် ထင်မထားမိသူ ခရစ္စတိုဖာ ဆစ်ဒိုတီ

ဘာသာရေး အုပ်စုတစု၊ လူမျိုးစု တစု သို့မဟုတ် နိုင်ငံတခုလုံး ဖြစ်စေ၊ တစိတ်တပိုင်းကို ဖြစ်စေ ဖျက်ဆီးလိုတဲ့ ဆန္ဒနဲ့ ကျူးလွန်တာကို လူမျိုးတုံး သတ်ဖြတ်မှုလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီမှာ အရေးကြီးတာက ဆန္ဒ ဆိုတဲ့ စကား ဖြစ်ပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကတော့ မြန်မာ့ တပ်မတော်ရဲ့ ဆန္ဒကို ဖော်ပြတဲ့ သက်သေတွေကို ရှင်းရှင်းလင်းလင်းတွေ့ရတယ်လို့ ဆိုပါတယ်။

တပ်မှူးတွေနဲ့ ပြစ်မှုကျူးလွန်တယ်လို့ မသင်္ကာသူတွေရဲ့ ပြောဆိုတဲ့ စကားတွေ၊ ဒီလို စစ်ဆင်ရေးတခုအတွက် လိုအပ်တဲ့ ပြင်ဆင်မှု ပမာဏတွေကို စစ်ဆေးသူတွေက ကိုးကားပါတယ်။ ဒါပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုလို့ ဥပဒေ ရှုထောင့်က သတ်မှတ်ဖို့ ဆိုတာ အဆင့်ဆင့်သွားရတဲ့ ကိစ္စ ဖြစ်ပါတယ်။

စုံစမ်းမှုတွေ စတုန်းက ကျွန်တော်တို့ မှန်းဆမထားမိခဲ့တဲ့ အနေအထားတခုကို ရောက်လာခဲ့တယ်၊ ဒီလောက် ခိုင်မာတဲ့ လူမျိုးတုံးသတ်ဖြတ်မှု သက်သေတွေ ရမယ်လို့ ကျွန်တော်တို့ ၃ ယောက်စလုံး ထင်မထားမိဘူး၊ အံ့သြစရာ ကောင်းတယ်လို့ ဆစ်ဒိုတီက ပြောပါတယ်။

နောက်တဆင့်တက်သော်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

စစ်ဗိုလ်ချုပ်ကြီး ၆ ယောက်ကို တရားရုံးတင်သင့်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာ အစိုးရ ခေါင်းဆောင်နဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီတိုက်ခိုက်မှုတွေ ရပ်အောင် မတားဆီးနိုင်ခဲ့ဘူး ဆိုပြီး ပြစ်တင်ရှုတ်ချပါတယ်။ ဒေါ်စု ရာထူးက ထွက်သင့်တယ် လို့တောင် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ထွက်ပြောပါတယ်။

ဒီစစ်ဆေးမှုတွေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ဒါမှမဟုတ် ခုံရုံးအသစ်ကို တင်ဖို့နဲ့ လက်နက်တင်ပို့မှု တားမြစ်မှုတွေ လုပ်ဖို့ အပါအဝင် လုပ်သင့်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါပေမဲ့ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်ကတော့ သူ့အိမ်နီးချင်း မြန်မာအပေါ် ဒီလို ပြင်းပြင်းထန်ထန် အရေးယူမှာကို ဆန့်ကျင်ကာကွယ်ပါတယ်။

မြန်မာ အစိုးရ အာဏာပိုင်တွေဟာ သူတို့ကို စွပ်စွဲထားတာတွေကို ပြန်ပြီး စုံစမ်းမှာတော့ မဟုတ်ဘူးလို့ ဆစ်ဒိုတီက ဆိုပါတယ်။ ဒီအစီရင်ခံစာဟာ သူတို့ကို တဘက်သတ် စွပ်စွဲချက်တွေနဲ့ ပြည့်နှက် နေတယ် ဆိုပြီး ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

မနှစ်က လုပ်တဲ့ တပ်တွင်း စစ်ဆေးရေးမှာတော့ ဒီပဋိပက္ခ ဖြစ်စဉ်အတွက် အပြစ်မရှိကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

လုပ်သင့်တဲ့ လုပ်ငန်းစဉ်တွေကို ထုတ်ပြန်ပေးလိုက်တယ်၊ ဆောင်ရွက်ဖို့ကတော့ တခြားသူတွေ တာဝန်ပဲလို့ ဆစ်ဒိုတီက ပြောပါတယ်။ လုံခြုံရေး ကောင်စီဟာ သူ့တာဝန် ဝတ္တရားကို ထမ်းဆောင် လိမ့်မယ်လို့ အများကြီး မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်လည်း မသိတာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။