ငြိမ်းချမ်းရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတယ်လို့ ဝန်ကြီးဟောင်း ဦးအောင်မင်းဝေဖန်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်စီးသွားမှာကို မလိုလားဘူးလို့ ဝန်ကြီးဟောင်း ဦးအောင်မင်း ပြော
လက်ရှိ ငြိမ်းချမ်းရေးဟာ အရင် အစိုးရ လက်ထက်လောက် ထင်သလောက် မအောင်မြင်တာမို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သမ္မတ အမိန့်နဲ့ ကမ်းလှမ်းခဲ့ရင် ကူညီချင်တယ်လို့ အရင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဦးဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်း ဦးအောင်မင်းက ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။
ဘီဘီစီ ။ ။ အစိုးရက တကယ်လို့ ကမ်းလှမ်းလာခဲ့ရင် ငြိမ်းချမ်းရေးကို ပြန်ဆောင်ရွက်ချင်တယ် ဆိုတော့ ဘာတွေက တွန်းအား ပေးလို့ပါလဲ။ ဘာ့ကြောင့် လုပ်ချင်ရတာပါလဲ။
ဦးအောင်မင်း။ ။ ကျွန်တော်က ငြိမ်းချမ်းရေးကို အစအဆုံး စလုပ်ခဲ့တာ ဖြစ်တာပေါ့။ စလုပ်ခဲ့တဲ့ အခါမှာ တိုင်းရင်းသားတွေနဲ့ ကျွန်တော် အများကြီး ဆက်ဆံခဲ့ရတယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ ကျွန်တော် ရရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော်က ရှင်းရှင်းပြောရင် ကျွန်တော် ပြောတိုင်း ပြောတိုင်းမှာ တိုင်းရင်းသားတွေဘက်က လိုက်လိုက်ပြောတယ်။ လူတွေက ဘာပြောလဲ ဆို ကျွန်တော့်ကို တိုင်းရင်းသားတွေရဲ့ ရှေ့နေကြီးတယောက်လို့ ဒီလို ပြောခံရတယ်။ ဦးသိန်းစိန် လက်ထက်က ပေးသကဲ့သို့ပေါ့။ အဲလို အခွင့်အာဏာမျိုး ရမယ်ဆိုရင် ကျွန်တော် လုပ်လို့ ရတယ်။ အဲဒီတော့ ဦးသိန်းစိန်ဟာ ဘယ်လောက်အထိ ကောင်းလဲ ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေး သွားတဲ့အခါမှာ တိုင်းရင်းသားတွေက ဦးအောင်မင်း - ခင်ဗျားကို မယုံဘူး၊ ဟာ အဲဒါဆိုရင်တော့ ဘာလိုချင်လဲပြော သမ္မတကြီးဆီကနေ စာလိုချင်တယ်၊ ဆိုတော့ သမ္မတကြီးကို ကျွန်တော်က ပြောတယ်။ သမ္မတကြီးက စာရေးပေးတယ်။ ဒါက သူတာဝန်ယူပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါကြောင့်မို့ ဒီဥစ္စာကိုတော့ ငြိမ်းချမ်းရေးတော့ လုပ်ပါ၊ သူနောက်က ဖြစ်အောင် လုပ်ပေးမယ် ဆိုတဲ့ သဘောမျိုး စာလေးတွေ ရေးတာ၊ ကျွန်တော် မှတ်မိသလောက် ဆိုရင်တော့ အဲဒီစာမျိုး ဦးဂွမ်မော် ဆီမှာ ၂ စောင်လောက် ရှိတယ်။ KNU မှာ ၁ စောင်လောက် ရှိတယ်။ တခါတလေကျရင် ကျွန်တော် အစည်းအဝေး လုပ်နေတဲ့အခါမှာ block ဖြစ်နေတဲ့အခါ ဦးသိန်းစိန်ရဲ့ သဘောထားကို လှမ်းမေးတယ်။ ဦးသိန်းစိန်-ဟိုကနေ ကျွန်တော့်ကို ဖုန်းနဲ့ ပြန်ပြောတယ်။ ကျွန်တော် အဲဒီ့ဖုန်းကို ဖွင့်ပေးထားတယ်။ တိုင်းရင်းသားတွေက ဦးသိန်းစိန်ရဲ့ အသံကို နားနဲ့ ဆတ်ဆတ် ကြားကြတယ်။ အဲတော့ လူတွေက၊ တိုင်းရင်းသားတွေက ယုံတာပေါ့။ ယုံတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးက အောင်မြင်တာပေါ့။ ကျွန်တော်တို့ ငြိမ်းချမ်းရေးက အောင်မြင်တာပေါ့။ ကျွန်တော် ပြောတဲ့ Presidential Order ဆိုတာ ဦးသိန်းစိန် ကျွန်တော့်ကို ပေးခဲ့တဲ့ Presidential Order မျိုးကို ကျွန်တော် ပြောခြင်း ဖြစ်တယ်။ အဲလို Order မျိုး ရရင်တော့ ကျွန်တော် လုပ်ပေးမှာပေါ့။ ဒါကို ပြောတာ ဖြစ်တယ်။
ဘီဘီစီ။ ။ တိုင်းရင်းသားနဲ့ ပိုနီးစပ်တယ်၊ တိုင်းရင်းသားရဲ့ အကြောင်း ပိုနားလည်တယ်၊ ထိစပ်မှု ပိုရှိတယ်လို့ ဦးအောင်မင်းက ပြောတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်က ဘာကို လိုချင်တာလဲ။
ဦးအောင်မင်း။ ။ သူတို့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေပေါ့။ ဘာတွေ ဆုံးရှုံးလဲ။ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ကြီးကြီးကျယ်ကျယ် ပြောရင်တော့ Power Sharing ပေါ့။ အာဏာနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ နောက် Resource Sharing စီးပွားရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ အဲဒီ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို သူတို့က ပြန်လိုချင်နေတာပဲ။ ဒါကြောင့်မို့ ပင်လုံ အစည်းအဝေးကြီးမှာ သူတို့ ပြောတဲ့ အထဲမှာ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်စနစ်မှာ ဘာပါလဲ။ အဓိကက ၂ ချက်ပဲ။ Power Sharing ၊ Resource Sharing ။ အဲတော့ Power တွေ ပြန်လိုချင်တာပဲ။ Resource တွေ ပြန်share လုပ်ချင်တာပဲ။ အဲဒါကို သူလိုချင်တဲ့ အဓိက အချက်က အဲဒါတွေပဲ ဖြစ်တယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ထိုက်သင့်သလောက် ပေးကို ပေးရမယ်။ မပေးလို့ မရပါဘူး။ အဲတော့ ကျွန်တော် ပြောတဲ့ အထဲမှာ အမြဲတမ်း ပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းပြည်နယ် သားတွေ အုပ်ချုပ်ရမယ်။ ကချင်ပြည်နယ်မှာ ကချင်ပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ သူ့ပြည်နယ်အကြောင်း သူဘာလိုတယ် ဆိုတာ သူသိတာပေါ့၊ ကျွန်တော်တို့ ဒီက သွားလုပ်ပေးရင် ဘယ်ထိရောက်မလဲ။ ကျွန်တော်သာ ဆိုရင်တော့ လုပ်ပိုင်ခွင့် ရှိရင် ကျွန်တော် ပေးထည့်လိုက်မှာပဲ။
ဘီဘီစီ။ ။ လက်ရှိအစိုးရက ပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရပေါ့။ အရင်အစိုးရက စစ်တပ်နဲ့ ပိုနီးစပ်တယ်လို့ တချို့က သုံးသပ်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လုပ်ကိုင်တဲ့အခါ ချဉ်းကပ်တဲ့ပုံ၊ လုပ်ပုံ လုပ်နည်း နည်းနည်း ကွာဟမှုတွေ ရှိတယ်။ ဦးအောင်မင်းအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အစည်းအဝေးတခု လုပ်တော့မယ် ဆိုရင် ဘယ်လို ပြင်ဆင်သလဲ။
ဦးအောင်မင်း။ ။ ကျွန်တော်က ဘာလဲ ဆိုရင် တိုင်းရင်းသားတွေနဲ့ involve တဲ့ အစည်းအဝေးမှာ သူတို့က ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမယ်၊ ဘယ်အချက်တွေကို တောင်းဆိုမှာ ဖြစ်တယ် ဆိုတာကို ကျွန်တော့်ကို ကြိုပို့တယ်ဗျ၊ အဲတော့ ကျွန်တော်က အဲဒါတွေကို အပိုဒ်လိုက် အပိုဒ်လိုက် စာရွက်မှာ ရေးရမယ်။ မေးခွန်း question ပေါ့ဗျာ။ issue ပေါ့။ first issue ၊ second issue ၊ third issue ။ first issue ကြားထဲမှာ ကျွန်တော်က blank ထားထားတာ၊ second issue လေး ပြီးတဲ့အခါမှာ third issue လေး ထားရတယ်။ ပြီးရင် နိုင်ငံတော် သမ္မတကြီးဆီ သွားရတယ်။ ကျွန်တော်က၊ ဒီအစည်းအဝေး ကျွန်တော် သွားတော့မယ်၊ ဒီအစည်းအဝေးမှာတော့ ဒါတွေ မေးလိမ့်မယ်၊ ဒါတွေ အဖြေတောင်းလိမ့်မယ်၊ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ပြောရမလဲ။ ကျွန်တော်က ပြောလိုက်တယ်၊ ပြောလိုက်တော့မှ သူက ဟာ - မင်း ၁ ဆိုရင် ဘာပြောလိုက်၊ issue ၂ ဆိုရင် မင်းဘာပြောလိုက်၊ ဟာ သမ္မတကြီး ကျွန်တော့်ကို အဲလို နှုတ်နဲ့ မပြောနဲ့၊ စာနဲ့ ရေးပေးပါ။ သမ္မတကြီးက စာလေးနဲ့ ရေးပေးတယ်။ ဒါဆို ဒီလိုပေးလိုက်၊ ဒါဆို ဆက်ဆွေးနွေး ဘာညာ ဆိုတာ၊ သူက ဒါလေးတွေ ရေးပေးတယ်။ ဒီဟာတွေ အားလုံးဟာ လူကြီးတွေ ဆီက ရတဲ့ ပေါ်လစီဗျ၊ ကျွန်တော် ပြင်ဆင်တာ၊ ကျွန်တော် ပြင်ဆင်သကဲ့သို့ပဲ ကျွန်တော့်အောက်က ရှိတဲ့ လုပ်ငန်းအဖွဲ့တွေက လေယာဉ်ပျံ လက်မှတ် လုပ်တာတို့၊ အစည်းအဝေး နေရာ ရွေးတာတို့၊ ဟိုဘက်က အစည်းအဝေး ဘယ်သူ တက်မလဲတို့၊ ဒီဘက်က ဘယ်သူ တက်မယ် ဆိုတဲ့ ဥစ္စာတွေ ညှိနှိုင်းတာတို့၊ ဒါလေးတွေက အစ အကုန်လုံးက ပြိုင်တူ လုပ်နေတာ၊ အဲတော့ အစည်းအဝေး ကျတော့လည်း သူတို့က ဒီမေးခွန်းတွေကို မေးလိုက်တဲ့ အခါကျတော့ ကျွန်တော့် ပေါ်လစီ ပါသွားပြီးသား ဖြစ်တော့ ဟာ မင်းတို့ ဒီ issue ဆို ဒါ၊ ဒါဆိုဒါ၊ ဆိုတော့ ပြောလိုက်တော့ အစည်းအဝေးက ခဏလေးနဲ့ ပြီးသွားရော၊ ဒီလိုပေါ့။ အဲဒါ ပြင်ဆင်မှု ကောင်းဖို့ လိုတယ်၊ ပြင်ဆင်မှု ကောင်းရင်လေ လုပ်ငန်းတဝက် ပြီးသွားရော။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ အခုလက်ရှိ ဒီအစိုးရလက်ထက် ငြိမ်းချမ်းရေးမှာ ပါဝင် ဦးဆောင်နေတဲ့ အစိုးရ တာဝန်ရှိသူတွေကရော အခုသွားနေတဲ့ နေရာမှာ ဘာတွေ လိုအပ်နေပါလဲ။
ဦးအောင်မင်း။ ။ အဓိက ကတော့ဗျာ၊ ကျွန်တော် ပြချင်တာ ငြိမ်းချမ်းရေး လုပ်ဖို့အတွက်က အဓိကအားဖြင့် ခုန ကျွန်တော် ပြောသလိုပဲ ပေါ်လစီ ကောင်းကောင်း တောင်းဖို့ လိုတယ်ဗျ။ နံပါတ် ၂ ကတော့ implementation ပေါ့။ ပေါ်လစီ ကို အကောင်အထည်ဖော်ဖို့အတွက် implementation team ကို ကောင်းကောင်း ဖွဲ့ဖို့ လိုတယ်။ အဲဒီအဖွဲ့နဲ့ မပြီးသေးဘူးဗျ။ work force ဆိုတဲ့ အဖွဲ့တွေ ရှိရမယ်။ ဒီ work force ဆိုတဲ့ အဖွဲ့တွေက အနားမနေရဘူး။ သွားလိုက် ပြန်လိုက်၊ သွားလိုက် ပြန်လိုက်နဲ့ ဟိုအဖွဲ့ကတော့ ဘာမေးတော့မယ်၊ ဟိုအဖွဲ့ကတော့ ဘယ်လို ဖြစ်နေတယ်။ သူတို့အထဲမှာတော့ ဘယ်လို စကားပြောနေကြပြီ၊ ဘယ်သူကတော့ တင်းမာတယ်၊ ဘယ်သူကတော့ ပျော့ပြောင်းတယ်၊ ဟာ ဒီဆွေးနွေးပွဲမှာ အဖြေရနိုင်တယ်၊ အဖြေမရနိုင်ဘူး၊ ဒါလေးတွေ အားလုံးဟာ work force ဆီကပဲ သွားလိုက် ပြန်လိုက်ပဲ လုပ်နေတာကိုး။ အဲတော့ ကျွန်တော်တို့က ဒီက သွားတဲ့ သူတွေက အစည်းအဝေး မစခင်ကတည်းက အဲ ကျွန်တော် ဆိုရင်ပေါ့လေ။ သူတို့ ဘာပြောမယ် ဆိုတာက အစ အကုန်သိတယ်။ အဲလို ကျွန်တော်က ကြိုတင် ပြင်ဆင်ပြီးသွားတာ ဖြစ်တယ်။ အဲတော့ ဒီမှာ ရှိတဲ့ သူတွေကလည်း အဲလိုပဲ လုပ်ရင်တော့လည်းဗျာ ရမှာပေါ့။
ဘီဘီစီ။ ။ NCA လက်မှတ်ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေတောင်မှ အခု NCA ကို ပြန်သုံးသပ်နေတယ်၊ ဒါဟာ အယုံအကြည် နည်းလာတာ ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိတယ်။ ဒီ NCAက အရင်အစိုးရက ချမှတ်ခဲ့တဲ့ လမ်းစဉ်ပဲ ဖြစ်တော့ အခုမှ ဘာဖြစ်လို့ အဲဒီလို ဖြစ်လာရတာလဲ။ ဘယ်လို သုံးသပ်လဲ။
ဦးအောင်မင်း။ ။ ကျွန်တော်က NCA နဲ့ ပတ်သက်လို့လည်း ခဏခဏ ပြောတယ်။ NCA ဟာ အကောင်းဆုံး ဖြစ်ပါတယ် ဆိုတာကို။ သူတို့အဖွဲ့နဲ့ ကျွန်တော်တို့ အဖွဲ့ကတော့ ဥပဒေရဲ့ ထီးရိပ်တခုထဲအောက်မှာ မရှိကြပါဘူး။ တိုင်းရင်းသားတွေ ဘက်မှာလည်း အစိုးရအဖွဲ့ ဆိုတာ ဖွဲ့ထားတယ်ဗျ၊ အဲဒီ အစိုးရ အဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီးတို့၊ သစ်တော ရေးရာ ဝန်ကြီးတို့၊ စိုက်ပျိုးရေး ဝန်ကြီးတို့ ဆိုတာ အကုန် ရှိပြီးသားဗျ၊ သူတို့ကို မရှိနဲ့လို့ ကျွန်တော် မပြောဘူး၊ နှစ်ပေါင်း ၆၀ ကျော်ဗျာ။ သူတို့လည်း သူတို့ နယ်မြေမှာ သူတို့ ကောင်းအောင် လုပ်ကြမှာပဲ။ အဲတော့ အဲဒီ ဥပဒေတခုထဲအောက်ကို ရောက်စေချင်တယ်။ under the one umbrella ထီးရိပ်တခုထဲအောက်ကို ရောက်ဖို့ လိုအပ်တယ်။ အဲလို ရောက်ဖို့ အတွက်ကလည်း ကျွန်တော်တို့က သူတို့ကို ပါအောင် ကျွန်တော်တို့က ဆွဲသွင်းရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဟို သူတို့အပေါ်မှာ ဒီအကြောင်းအရာတွေကို အသေးစိတ် နားလည်ပေးမှ၊ ဒီဥစ္စာကို လုပ်မယ် ဆိုရင် လုပ်လို့ ရတာ ဖြစ်တဲ့အတွက် နားလည်ဖို့တော့ ကြိုးစားဖို့ လိုတယ်လို့ ဒီလို မြင်တာပေါ့ဗျာ။
ဘီဘီစီ။ ။ အခုနောက်ပိုင်းမှာ တရုတ်ရဲ့ အခန်းကဏ္ဍကလည်း အများကြီး အရေးကြီးလာတယ်။ တရုတ်ကလည်း ထဲထဲဝင်ဝင် ပါဝင်လာတာ တွေ့ရတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာက တရုတ်ရဲ့ အခန်းကဏ္ဍကရော အခုဒီလက်ရှိမှာ တိုင်းရင်းသား အထူးသဖြင့် မြောက်ပိုင်း အဖွဲ့ပေါ်မှာ ဘယ်လောက်အထိ သြဇာညောင်းလဲ၊ ဘယ်လောက်ထိ အရေးကြီးလဲ။
ဦးအောင်မင်း။ ။ တရုတ်နယ်စပ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို တရုတ်က သြဇာညောင်းတယ်၊ အရင်တုန်းကလည်း ညောင်းခဲ့တယ်။ အမြဲတမ်းလည်း ညောင်းနေမှာပဲ ဖြစ်တယ်။ ဘာလို့လည်း ဆိုတော့ တရုတ်ရဲ့ နယ်မြေနဲ့ ဒီဘက်နယ်မြေနဲ့ ဆက်စပ်နေတယ်၊ မြန်မာပြည်ထဲ လာပြီး ဆေးကုဖို့တို့၊ မြန်မာပြည်ထဲ လာပြီး စာသင်ဖို့တို့၊ စျေးဝယ်ဖို့တို့ မဖြစ်နိုင်ဘူး။ ဟိုဘက်က လမ်းက ပိုကောင်းတယ်။ ဟိုဘက်မှာ စျေးဝယ်တယ်။ ဟိုဘက်မှာ စာသင်တယ်။ အဲတော့ ဘယ်လောက်ထိ ဖြစ်လာလဲ ဆိုရင် အဲ့နယ်စပ်ဒေသမှာ လျှောက်ကြည့်ဗျ။ စိတ်မကောင်းစရာ ဘာသွားတွေ့သလဲ ဆိုရင် အားလုံးက တရုတ်စာကို တတ်ကြတယ်ဗျ။ ဆိုင်းဘုတ်တွေက တရုတ်စာနဲ့ ရေးထားတယ်။ ဗမာ ဆိုင်းဘုတ် ဆိုတာ တခုမှ မတွေ့ရဘူး။ ကျွန်တော်တို့လည်း အားနည်းတာပေါ့။ ကျွန်တော်တို့ အစိုးရလည်း အားနည်းတယ်။ ဒါတွေကို ကျွန်တော်တို့က အစောကြီးထဲက ကြိုတင် မြော်မြင်ပြီးတော့ မြန်မာ လူမျိုးအတွက် မြန်မာ လိုင်ဇေးရှင်းဆိုတာ လုပ်ဖို့ ကောင်းတာပေါ့။ အဲဒါတွေ မလုပ်ခဲ့တဲ့ အတွက် တရုတ်ရဲ့ သြဇာအာဏာတွေ၊ တရုတ်ရဲ့ အငွေ့အသက်တွေ အများကြီး ရှိတယ်။ ဒါ့ကြောင့်မို့ တရုတ်ရဲ့ အရေးပါမှုက ရှိနေမှာပဲ၊ သူတို့ဆီမှာ။
ဘီဘီစီ။ ။ဦးအောင်မင်းတို့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်တုန်းက စစ်တပ်နဲ့ အချိတ်အဆက် ရှိတယ်လို့ ထောက်ပြတာတွေလည်း ရှိတယ်။ အခု လက်ရှိ အစိုးရက တပ်မတော်နဲ့ ဘယ်လောက်ထိ လက်ရှိ အစိုးရက တပ်မတော်နဲ့ ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်မှု ရှိလဲ ဆိုတာကလည်း မေးခွန်း ထုတ်နေကြတာ ရှိတယ်ပေါ့လေ။ အဲဒါကြောင့်လည်း ဒီငြိမ်းချမ်းရေး မှာက ကျကျန်နေလားလို့ တချို့က ထင်နေကြတာပေါ့လေ။ အဲဒီပေါ်မှာရော ဘယ်လို သုံးသပ်ပါလဲ။
ဦးအောင်မင်း။ ။ တကယ်တော့ဗျာ။ ငြိမ်းချမ်းရေးကို တကယ်လုပ်တာက နိုင်ငံတော် ခေါင်းဆောင်ကြီးတွေရဲ့ ပေါ်လစီပေါ့။ တိုင်းရင်းသားတွေဘက်က ကြည့်ရင်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေပေါ့။ အဲတော့ အဲဒီ ခေါင်းဆောင်ကြီး တွေရဲ့ ပေါ်လစီပဲ ဖြစ်တာပေါ့နော်။ အဲဒီဟာ မှန်ကန်တဲ့ ပေါ်လစီတွေ ချဖို့ လိုတယ်။ မှန်ကန်တဲ့ ပေါ်လစီတွေ ချဖို့လည်း တယောက်နဲ့ တယောက်က တိုင်ပင်နေရမယ်၊ အဓိကက တော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်ပေါ့လေ၊ သူ့ရဲ့ ပေါ်လစီက တထပ်ထဲ ဖြစ်ရမယ်။ အဲတော့ တထပ်ထဲ ဖြစ်တဲ့ အခါကျရင် ကျွန်တော်တို့သာ ပေါ်လစီ တခုပဲ ဖြစ်သွားမှာပေါ့။ ဒီပေါ်လစီကို တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အခါကျရင် ဘာမှ မရှုပ်တော့ဘူးပေါ့။ အဲတော့ အခုဟာက ကြားနေရတာက အစိုးရလာတဲ့အခါမှာ ပေါ်လစီ တမျိုး၊ လွှတ်တော်က လာတဲ့အခါမှာ ပေါ်လစီက တမျိုး၊ တပ်မတော်က လာတဲ့အခါမှာ ပေါ်လစီကတမျိုး၊ ဒါတွေက မညှိခဲ့လို့ ဒီလို ဖြစ်တယ်လို့ ကျွန်တော် တွက်တာပေါ့။ အဲလို ညှိဖို့ အကောင်းဆုံး နေရာကတော့ ကျွန်တော့်ကို ထပ်ပြီးတော့ လူတွေက ဆဲဦးမှာပဲ။ ကာလုံပဲ ပြောချင်တာ၊ ကာလုံ၊ ကာလုံကတော့ အကောင်းဆုံးပဲ၊ ကာလုံမှာ နိုင်ငံတော အကြီးအကဲတွေ ဖြစ်တဲ့ သမ္မတကြီး ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက် ပါတယ်။ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ပါတယ်။ ဘာ ညာ ဆို အားလုံး ၁၁ယောက်ပေါ့။ အဲဒီကနေ တကယ် နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ strategic policy တွေ ချရတဲ့ နေရာ ဖြစ်တာကိုး။ အဲဒီနေရာမှာမှ အားလုံး စုံစုံညီညီ တွေ့လို့ ရတယ်။ အဲတော့ ကာလုံ မထိုင်ရင် အဲဒီ ဆုံးဖြတ်ချက်တွေက မထွက်နိုင်တော့ဘူး။ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကလည်း သီးခြား ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တဲ့အတွက် အောက်ကျမှ ပြန်ပေါင်းစပ်တဲ့အခါကျတော့ ပိုပြီးတော့ အခက်အခဲတွေ ဖြစ်တယ်။ ဒါ့ကြောင့်ဖို့ အပေါ်မှာ ပေါင်းစပ်ပြီးမှ ဆင်းလာတဲ့ ပေါ်လစီ တခုထဲကိုပဲ ဆက်လက်ပြီးတော့ implement လုပ်တာ အကောင်းဆုံးပဲလို့ ဒီလိုပဲ ပြောချင်တယ်။