အနှစ် ၇ဝ လက်သည်မပေါ်တဲ့ ဗိုလ်မှူးချုပ် တင်ထွဋ် လုပ်ကြံမှု

burma ဓာတ်ပုံ မူပိုင် Keystone
Image caption သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗစိန်တို့နဲ့အတူ လန်ဒန်မှာ တွေ့ရတဲ့ ဦးတင်ထွဋ်

အိုင်စီအက် ဦးတင်ထွဋ်လို့ လူသိများတဲ့ ဝန်ကြီးဟောင်းနဲ့ သတင်းစာဆရာကြီး ဦးတင်ထွဋ် လုပ်ကြံခံရတာ အနှစ် ၇ဝ ပြည့်ခဲ့ပါပြီ။

ရန်ကုန်မြို့လယ်ကောင် ဝန်ကြီးများရုံးနဲ့ ပါလီမန်နားမှာ ကားဗုံးထောင် သတ်ဖြတ်ခံရတဲ့ ဒီလူသတ်မှုရဲ့ လက်သည်ကိုတော့ ခုထိ တရားဝင် တိတိကျကျ စုံစမ်း ဖော်ထုတ်နိုင်သေးတာကို မတွေ့ရပါဘူး။

၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် လပိုင်းအတွင်း ပြည်တွင်းစစ် ဖြစ်လာပြီး မကြာခင်မှာပဲ ဦးတင်ထွဋ် ကိုယ်တိုင် စစ်ထဲဝင်ပြီး သောင်းကျန်းမှု နှိမ်နင်းရေးကို ဆောင်ရွက်နေစဉ် လုပ်ကြံခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption လွတ်လပ်ရေးနေ့မှာ ဦးတင်ထွဋ်နဲ့ အစိုးရဝန်ကြီးများ ကျမ်းကျိန်နေစဉ်

မိသားစု နောက်ခံ

ဦးတင်ထွဋ်ဟာ မြန်မာ လူမျိုးထဲက အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း ခေါ်တဲ့ အိုင်စီအက် ရာထူးကို အစောဆုံး ရခဲ့သူ တယောက် ဖြစ်သလို ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေး အကြီးအကဲ အဓိပတိ ရာထူးကို စစ်မဖြစ်ခင်ကတည်းက ရွေးချယ် ခန့်အပ်ခံရသူ ဖြစ်ပါတယ်။

သူ့ရဲ့ မိဘမျိုးရိုးကလည်း တောင်စဉ် ခုနစ်ခရိုင် ခေါ်တဲ့ ရခိုင် ရိုးမတကြောကို နှစ်ရာနဲ့ချီ အုပ်ချုပ်လာသူတွေလို့ သိရပါတယ်။ ဦးတင်ထွဋ်ရဲ့ ဖခင် ဦးဖိန်းဟာလည်း မြန်မာ လူမျိုးထဲက အစောဆုံး အရေးပိုင် ခေါ် ခရိုင် အုပ်ချုပ်ရေးမှူး ရာထူးကို ရခဲ့သူ တယောက် ဖြစ်ပါတယ်။

Image caption ဦးတင်ထွဋ်ရဲ့ မိဘနှစ်ပါး၊ အရေးပိုင် ဦးဖိန်းနဲ့ ဒေါ်မိမိ

ဦးတင်ထွဋ်တို့ ညီအစ်ကို လေးယောက်စလုံး ဥပဒေပညာမှာ ထူးချွန်သလို ရာထူးကြီးတွေ ရခဲ့လို့ ထင်ရှားခဲ့ပါတယ်။ အကြီးဆုံး ဦးတင်ထွဋ်က နိုင်ငံခြားရေးရုံးကို ထူထောင်ခဲ့တဲ့ ဝန်ကြီးတယောက် ဖြစ်သလို နောက်ညီနှစ်ယောက်ကလည်း တရားရေးဘက်မှာ အကြီးဆုံး ရာထူးကြီးတွေ ရခဲ့ပါတယ်။

ဦးကျော်မြင့်က ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုမှာ စစ်ဆေးရတဲ့ ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ဦးမြင့်သိန်းကတော့ တရားဝန်ကြီးချုပ် ဘဝနဲ့ အာဏာသိမ်းချိန်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာဇာနည် လုပ်ကြံမှု ခုံရုံးတရားသူကြီးတယောက် အကြောင်း

ညီအငယ်ဆုံး ဖြစ်တဲ့ ဒေါက်တာ ထင်အောင်ကတော့ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ထင်ရှားသလို မြန်မာ့ရိုးရာပုံပြင်တွေကို အင်္ဂလိပ်လို ရေးသားပြုစုခဲ့ပါတယ်။

Image caption မနုဿဗေဒပညာရှင် အဖြစ် ထင်ရှားတဲ့ ဒေါက်တာထင်အောင်

ဦးတင်ထွဋ်ရဲ့ နှမ သုံးယောက်ကလည်း ထင်ရှားတဲ့ စာပေ ပညာရှင်တွေ ဖြစ်ကြပြီး နှမဖြစ်သူ ခေတ်စမ်းစာဆို ဒေါ်ခင်စောမူနဲ့ မင်းသုဝဏ်တို့ရဲ့ ချစ်မေတ္တာ ဇာတ်လမ်းက ကနေ့အထိ လူစိတ်ဝင်စားခံရတဲ့ ဇာတ်ကြောင်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို နောက်ခံပြုပြီး မင်းသုဝဏ် ရေးဖွဲ့တဲ့ ဘကြီးအောင် ညာတယ် ဝတ္ထုမှာ ပါတဲ့ ပန်းပုဆရာကြီး ဘကြီးအောင်ဟာ ဦးတင်ထွဋ်ကို ရည်စူးတယ်လို့ ဆိုပါတယ်။

ဒေါ်ခင်စောမူနဲ့ လက်ထပ်ဖို့ အတွက် မင်းသုဝဏ်ကို ဗြိတိန်မှာ ပညာသင်ခွင့်ရဖို့ ဦးတင်ထွဋ်က ကြိုးစားခိုင်းတယ်လို့လည်း ရေးကြပါတယ်။

Image caption နာမည်ကျော် မူ ညီအစ်မများ

နှမကြီး ဖြစ်သူ ဒေါ်မြမူဟာ ကျောက်စာဖတ် အဖြစ် ရန်ကုန်တက္ကသိုလ်မှာ အမှုထမ်းခဲ့ပြီး ဒေါ်တင်စောမူကတော့ အင်္ဂလိပ်စာ ဌာနမှူး အဖြစ် ရန်ကုန်တက္ကသိုလ်မှာ ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံရေးသမား အိုင်စီအက်

ဦးတင်ထွဋ်ဟာ ဗြိတိသျှ အစိုးရဝန်ထမ်း ဖြစ်ပေမယ့် မျိုးချစ်စိတ်ရှိသူလို့ ထင်ရှားပါတယ်။ အလုပ်ထဲမှာ ဝါးပတ် ဦးထုပ်ဆောင်းပြီး မျိုးချစ်စိတ်ကို ပြတယ်လို့ ဆိုပါတယ်။

၁၉၄၁ မှာ အတွင်းဝန်ဘဝနဲ့ ဝန်ကြီးချုပ် ဂဠုန် ဦးစောနဲ့အတူ ဗြိတိန်နဲ့ အမေရိကန်ကို လွတ်လပ်ရေး အရေးဆိုရာမှာ လိုက်ပါသွားခဲ့ပါတယ်။

ဂဠုန်ဦးစော ကွယ်လွန်ခြင်း အနှစ် ၇ဝ

ခရီးကအပြန်မှာ ဦးစော ထိန်းသိမ်းခံရပြီး ဦးတင်ထွဋ်ကိုတော့ ဗြိတိသျှ အစိုးရက အိန္ဒိယ ပို့လိုက်ပါတယ်။

စစ်တွင်းကာလ တလျှောက်လုံး ဆင်းမလားမှာ ရုံးစိုက်တဲ့ စစ်ပြေး မြန်မာ အစိုးရကို ကူညီပြီး ပြန်လည် ထူထောင်ရေး စီမံကိန်းတွေ ရေးဆွဲခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် New Vision Rarebooks and Art Centre
Image caption စစ်ကြီးအတွင်း ဗြိတိန်ရောက် ဦးတင်ထွဋ် နဲ့ ဦးစော

စစ်အပြီးမှာ ဦးတင်ထွဋ် ရာထူးကထွက်ပြီး သတင်းစာဆရာဘဝ ကူးပြောင်းခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း အစိုးရ ဖွဲ့ချိန်မှာလည်း ပူးပေါင်းပြီး ၁၉၄၇ မှာ လွတ်လပ်ရေးအတွက် ဗြိတိသျှ အစိုးရနဲ့ စေ့စပ်ရာမှာ ကူညီ ဆောင်ရွက် ပေးခဲ့ပါတယ်။

ပင်လုံညီလာခံမှာ မြန်မာကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေး ယူပြီး ၁ဝ နှစ်အကြာမှာ တောင်တန်းဒေသတွေ ပြည်ထောင်စုက ခွဲထွက်ခွင့် ရှိရေး ကိစ္စဟာ ဦးတင်ထွဋ်ရဲ့ လက်ချက်လို့ တပ်မတော် အရာရှိတချို့က စွပ်စွဲပါတယ်။

အမေရိကန်ရောက် မဲလကွမ်စိန်ရဲ့ တော်လှန်ရေး ကောင်စီ ဗိုလ်ချုပ်ကြီးများ စာအုပ်မှာ ဦးတင်ထွဋ်ကို အင်္ဂလိပ်အစိုးရရဲ့လူလို့ ရေးပါတယ်။

Image caption ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေနဲ့ ဦးတင်ထွဋ်

ပြည်တွင်းစစ်နဲ့ တပ်မတော် ဗိုလ်ချုပ်

၁၉၄၈ လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်နဲ့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်လက်ျာတို့ကို ကရင်လက်နက်ကိုင်တွေကို လိုလားသူအဖြစ် တပ်မတော်အတွင်းက လက်ဝဲအုပ်စုတွေက သမုတ်ခဲ့ပါတယ်။

ပြည်တွင်းစစ် အစမှာ ကွန်မြူနစ်တွေ တောခိုချိန်မှာတော့ ဦးတင်ထွဋ်ကိုယ်တိုင် ဗိုလ်မှူးချုပ် ရာထူးနဲ့ အရန်တပ်တွေကို ကွပ်ကဲ တိုက်ခိုက်ခဲ့ပါတယ်။

အိန္ဒိယတပ်မှာ အရာရှိအဖြစ် ပထမ ကမ္ဘာစစ်အတွင်းက ဦးတင်ထွဋ် ထမ်းဆောင်ခဲ့ဖူးပါတယ်။

လွတ်လပ်ရေး လွန် နှစ် ၇ဝ

တဘက်မှာလည်း ဗိုလ်ချုပ်နေဝင်းနဲ့ တခြား ဂျပန်ပြန် စစ်ဗိုလ်တွေက လက်ဝဲညီညွတ်ရေးအတွက် ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်တာကို အားမပေးတဲ့ သဘောထား ရှိပါတယ်။

ဒီလို အနေအထားမှာ ဦးတင်ထွဋ် လုပ်ကြံခံရပြီး လက်သည် မပေါ် ဖြစ်ခဲ့ပါတယ်။

ဗိုလ်လက်ျာကို ချောင်းမြောင်း လုပ်ကြံဖို့ ကြံစည်တာလည်း အဲဒီအချိန်ကာလမှာပဲ ဖြစ်ပွားခဲ့ပါတယ်။

ဗမာ့ခေတ် သတင်းစာပိုင်ရှင် ဦးအုန်းခင်ကို ဗိုလ်ချုပ်ကြီး နေဝင်းကနေပြီး ဦးတင်ထွဋ် ဘယ်လို အသတ်ခံရတယ် ဆိုတာ သိတယ် မဟုတ်လားလို့ ကြိမ်းမောင်း ဖူးတယ်လို့ သတင်းစာဆရာ ဦးသောင်း ခေါ် အောင်ဗလက ရေးသား ခဲ့ပါတယ်။

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

ဓာတ်ပုံ မူပိုင် Bettmann
Image caption ဗိုလ်ချုပ်ကြီး နေဝင်း

၁၉၄၈ စက်တင်ဘာလ ၁၇ ရက်မှာ ဗိုလ်အောင်ကျော်လမ်းက သူ့သတင်းစာတိုက်ရှေ့မှာ ဦးတင်ထွဋ် ကားဗုံးထောင်ခံရပြီး နောက်တရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

အာဇာနည်ကုန်းမှာ ခေါင်းဆောင်ကြီးများနဲ့ ယှဉ်ပြီး သူ့အုတ်ဂူကို အမှတ်တရ ထားခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုနောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။

ဦးတင်ထွဋ် လုပ်ကြံမှုကို ရဲဘက်က စစ်ဆေးခဲ့ပေမယ့် သတိထား စစ်ဆေးဖို့ လက်အောက် အရာရှိတွေကို သတိပေးခံရတယ်လို့လည်း ဆိုပါတယ်။

ဦးတင်ထွဋ်နဲ့အတူ တပ်မှာ ဗိုလ်မှူးချုပ် အဖြစ် အမှုထမ်းနေတဲ့ ရဲချုပ် ဦးထွန်းလှအောင်ကိုလည်း ဗြိတိန်ကို စစ်သံမှူး အဖြစ် ပို့ခဲ့ပြီး သက်တမ်းအပြီးမှာလည်း မြန်မာပြည် ပြန်ခွင့်မပေးဘဲ ထားခဲ့ဖူးပါတယ်။