ICC ကိုရောက်ခဲ့ရင် ဥပဒေအရ ခုခံဖို့ ဘယ်လောက် ပြင်ထားလဲ
မြန်မာ နိုင်ငံအပေါ် လောလောဆယ် နိုင်ငံတကာရဲ့ ဖိအားတွေ ပိုတိုးလာပြီး ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် ခေါင်းဆောင် တချို့ကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ ဖိအားတွေ တိုးလာနေပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း တပ်မတော်က ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကြပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေ အတွက် ကနဦး စစ်ဆေးမှုတွေ စတင်တော့မယ်လို့ ICC က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ နိုင်ငံတကာ တရားရုံးတွေမှာ ရင်ဆိုင်ရတဲ့ အခြေအနေကြုံလာခဲ့မယ် ဆိုရင် နိုင်ငံတကာ အဆင့်မီပြီး နိုင်ငံတကာ ဥပဒေရေးရာတွေကို နားလည် ကျွမ်းကျင်တဲ့၊ နိုင်ငံတကာကို ပေါက်ရောက်တဲ့ ဘာသာစကားနဲ့ ရှင်းလင်း ပြောပြနိုင်စွမ်း ရှိတဲ့ ဥပဒေ အကြံပေး ပုဂ္ဂိုလ်တွေ လိုအပ်တယ် ဆိုတာ သာမန်အားဖြင့် နားလည် နိုင်ကြပါတယ်။
မြန်မာ အစိုးရ အနေနဲ့က ပြည်ပ ဖိအားတွေ ဥပဒေကြောင်းအရ စိန်ခေါ်မှု တွေ ကြုံလာရတဲ့ အခါ ခုခံဖြေရှင်းဖို့ အဲဒီလို အရည်အချင်းတွေ နဲ့ ပြည့်စုံတဲ့ နိုင်ငံတော် ဆိုင်ရာ ဥပဒေအကြံပေး အဖွဲ့ အဆင်သင့် ဖွဲ့စည်းထားပြီးတဲ့ပုံ မတွေ့ရပါဘူး။
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ အစီရင်ခံစာထဲ တိုက်တွန်း
- ရေပိုင်နက် ဆုံးဖြတ်ချက် ဘင်္ဂလား ကြိုဆို
အရင်တုန်းက အစဉ်အလာ
နိုင်ငံတကာ အဆင့်မီ အရည်အချင်း ပြည့်စုံတဲ့ ဥပဒေ အကြံပေး အဖွဲ့ မရှိတဲ့ အတွက် နိုင်ငံတကာနဲ့ အငြင်းပွားမှု တွေမှာ ရှုံးနိမ့်ခဲ့ရတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
အဲဒါကတော့ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့စဉ်မှာ မြန်မာဘက်က အရေးနိမ့်ခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။
မြန်မာ အစိုးရက ဒေါ်လာငွေနဲ့ ငှားရမ်း ရတဲ့ နိုင်ငံတကာ ဥပဒေပညာရှင် အနေနဲ့ တစ်ယောက် ကိုသာ ငှားပြီး နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင် ခဲ့ချိန်မှာ ဘင်္ဂလားဒေ့ရှ် ကတော့ ပြည်ပ ဥပဒေ ပညာရှင် သုံးယောက်ကို ငှားရမ်း အသုံးပြုခဲ့ တယ်လို့ ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဋ္ဌ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
သူတို့အစိုးရ အဖွဲ့ဘက်ကလည်း နိုင်ငံခြားရေး ဝန်ကြီး၊ သဘာဝ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဝန်ကြီးတွေ နဲ့ကျွမ်းကျင် ပညာရှင်တွေ ပါဝင်ပြီး ခုခံ ချေပ ခဲ့ကြပါတယ်။
မြန်မာ နိုင်ငံဘက်မှာ အဲဒီအချိန်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီး ဆိုတာ ရှိတောင် မရှိသေးပါဘူး။
ဒီလိုနဲ့ နိုင်ငံတကာ ခုံရုံးရောက်တော့ မြန်မာ ဘက်က ရှုံးနိမ့်ခဲ့ရ ပြီး မြန်မာ့ ရေပိုင်နက်တွေနဲ့ ကျွန်းတွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပေးလိုက်ရတာလို့ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
အဲဒီ အမှုကို သမ္မတ ဦးသိန်းစိန် အစိုးရက မြန်မာ ဘက်က တွက်ချက် တိုင်းတာခဲ့တဲ့ ရေပိုင်နက် နယ်မြေ အတိုင်း အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ တရားရုံးက ဆုံးဖြတ် ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာ ပညာရှင် ဘာကြောင့် လိုအပ်သလဲ
ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက မြန်မာ့တပ်မတော် ထိပ်တန်း ခေါင်းဆောင် တွေကို အရေးယူနိုင်ဖို့ ပဏာမ စစ်ဆေးမှုတွေ စတင် ပြုလုပ်လာချိန်မှာ အရင်ကလို ထိရောက်မှု မရှိ၊ ကျွမ်းကျင်မှု မရှိတဲ့ ပုံစံ မျိုးနဲ့ ခုခံမယ် ဆိုရင် ဒုက္ခရောက်နိုင်တယ်လို့ ဥပဒေ ပညာရှင်တွေနဲ့ နိုင်ငံရေး သုံးသပ်သူတွေက ပြောနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက် အငြင်းပွားတုန်းက အဖြစ်မျိုးလို မဖြစ်အောင် အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ၊ တော်တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ ဥပဒေပညာရှင်တွေကို ထပ်မံဖြည့်ဆည်း ပြီး အကြံပေး အဖွဲ့ဖွဲ့စည်းဖို့လိုအပ် တယ်လို့ ရှေ့နေကြီး ဦးကြီးမြင့်က သတိပေး ပြောဆိုပါတယ်။
အခု လက်ရှိ မြန်မာ အစိုးရက ပြည်ပ စိန်ခေါ်မှု တွေကို ဥပဒေအရ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင် လုပ်ဆောင်နေပုံဟာ လုပ်သင့်လုပ်ထိုက်တာတွေကို ထောက်ပြပြီး အကြံကောင်း ပေးနိုင်သူတွေ ရဲ့ အကူအညီကို ရယူတာ မဟုတ်ဘဲ အရင် အစိုးရ ခေတ်က စစ်အာဏာရှင်တွေက ကုလသမဂ္ဂမှာ ခန့်ထားခဲ့ဖူးတဲ့လူတွေ၊ အကြီးအကဲက ပြောသမျှ ခေါင်းငြိမ့်ပြီး ခိုင်းသမျှလုပ်တဲ့သူတွေရဲ့ အကြံပေးမှုတွေအရသာ တုံ့ပြန် နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့အတွက် ICC ရဲ့ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစား လုပ်ဆောင်စရာ မလိုဘူးလို့ မြန်မာ အစိုးရဘက်က တုံ့ပြန် ထားခဲ့ပြီး ဖြစ်ပါတယ်။
ICC အဖွဲ့ဝင် မဟုတ်လို့ ရင်မဆိုင်ဘဲ နေရင် ရမလား
ICC အဖွဲ့ဝင် မဟုတ်တာနဲ့ပဲ မြန်မာကို အရေးယူလို့ မရနိုင်ဘူး လို့ ပုံသေ ပြောလို့ မရနိုင်ပါဘူး။
ဥပဒေဆိုတာ မျိုးက အလုံးစုံ ပြည့်စုံအောင် ပြဌာန်းနိုင်တာမျိုး မရှိနိုင်တဲ့ အတွက် ပြဌာန်း ပြီးသား ဥပဒေနဲ့ လုံလောက်မှု မရှိရင် စီရင်ထုံးနဲ့ ထပ်ဖြည့်လို့ ရတယ်လို့ ဥပဒေပညာရှင် တွေက ပြောကြပါတယ်။
ဥပဒေတွေ၊ စီရင်ထုံး ဆိုတာမျိုးတွေဟာ ပုံသေကားချပ် ထားပြီး သတ်မှတ်ထားလို့ မရဘဲ ပြောင်းလဲ တွေးခေါ်လို့ ရတတ် တယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
နောက်ထပ်စီရင်ထုံးတွေ ပေါ်လာနိုင်တဲ့ အကြောင်းတွေ ရှိလာမယ် ဆိုရင် ကုလသမဂ္ဂက သူတို့မှာ စီရင်ထုံးကို ပြင်ဆင်နိုင်ခွင့် ရှိတယ်လို့ ဆုံးဖြတ်မယ်၊ လုံခြုံရေးကောင်စီကပါ ပါလာမယ် ဆိုရင် ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မြန်မာ အနေနဲ့ ရင်ဆိုင်စရာမလိုဘူးလို့ ပြောဆိုနေမယ့်အစား ကိုယ့်ဘက်က ခိုင်ခိုင်လုံလုံ တင်ပြနိုင်အောင် ပြင်ဆင်ထားသင့်တယ်လို့ ဦးကြီးမြင့်က အကြံပေး ပါတယ်။
ဘာတွေ လုပ်သင့်သလဲ
နိုင်ငံတကာက ဥပဒေ ပညာရှင်တွေကို ခေါ်ယူတိုင်ပင်ပြီး မြန်မာ နိုင်ငံရဲ့ သမ္မတရဲ့ ဥပဒေ အကြံပေး အဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းသင့်ပါတယ်။
လောလောဆယ် ရခိုင်အရေးမှာ ပြည်ပက ပညာရှင်တွေကို ခေါ်ယူ ဖြေရှင်းနေတာက နိုင်ငံရေး အရ ဖြေရှင်းတာဖြစ်ပြီး ဥပဒေအရ ဖြေရှင်းတဲ့ ပညာရှင်တွေနဲ့ ဝန်းရံဖို့ လိုတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
တခြားနိုင်ငံတွေ အနေနဲ့က ဥပဒေရေးဆိုင်ရာ ရင်ဆိုင်စရာတွေ ပေါ်ပေါက်လာပြီဆိုရင် ဥပဒေချုပ်က တိုက်ရိုက် အကြံပေးတာ၊ ဒါမှ မဟုတ် ဥပဒေ ချုပ်ကို ဝန်းရံ အကြံပေး ကြတာတွေ လုပ်လေ့ရှိပါတယ်။
မြန်မာ နိုင်ငံအနေအထားမှာက နိုင်ငံရဲ့ ဥပဒေချုပ်က တပ်မတော်က လာတဲ့ သူဖြစ်လို့ နိုင်ငံတကာ ဥပဒေတွေကို ကျွမ်းကျင် နားလည်မှု ရှိနိုင်ချေ မရှိတဲ့ အတွက် အခက်အခဲတွေ အများကြီး ရှိနိုင်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာက မျိုးဆက်တွေ ပြတ်နေတဲ့ အတွက် ပညာရှင်ဆိုတာ မရှိသလောက် ရှားသွား ပြီဖြစ်လို့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ဝန်းရံ ဖို့သာ အကောင်းဆုံးလို့ သူက ဆိုပါတယ်။