ကျားဖောင်၊ မြန်မာ့ပင်လယ်ထက်က လောင်မြိုက်ဆဲ ငရဲခန်းများ

ပင်လယ်ပြင်ထဲက ကျားဖောင်လုပ်ငန်းခွင် ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပင်လယ်ပြင်ထဲက ကျားဖောင်လုပ်ငန်းခွင်

ကိုအေးမျိုးကို စတွေ့ချိန်က ဝါးခြမ်းပြား ကျိုးတို့ကျဲတဲ ခင်းထားတဲ့ ခနော်နိခနော်နဲ့ ဓနိမိုး ထရံကာ တဲအိမ်လေးထဲမှာပါ။

ဖောင်လုပ်သားဆိုလို့ သန်သန်မာမာ လူလို့ ထင်ထားခဲ့တာ…

တကယ်တမ်းကျ အသက် ၂၅နှစ် အရွယ်နဲ့ ဒုက္ခိတဖြစ်နေတဲ့ လူတယောက်ကို တွေ့လိုက်ရတာပါ။

ဖူးယောင်နေတဲ့ မျက်လုံး နဲ့ နှုတ်ခမ်းတဝိုက် အညိုအမဲကွက်တွေ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေ နဲ့ တဆစ်ဆစ်ကိုက်နေတဲ့ ခါးဆစ်ကြောင့် သူ အဆက်မပြတ် ညည်းညူနေပါတယ်။

ဘယ်ဘက် လက်မကလည်း အဆစ်တဆစ်ပြတ်နေပြီး ဒါက အလုပ်လုပ်ရင်း ထိခိုက်ခဲ့တဲ့ ဒဏ်ရာ လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကိုအေးမျိုးကို သူ့မိခင် နဲ့ အတူ တွေ့ရစဉ်

တဲပေါ်တက်လာတဲ့ လူစိမ်း ကျမကို တွေ့တော့ အံ့သြတကြီး မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး အိပ်ရာကထဖို့ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။

ဘေးမှာရှိတဲ့ မိခင်က သူထိုင်နိုင်ဖို့ ဝိုင်းကူထူပေးတာတောင်မှ အတော်လေး အားယူထပြီး ခဏလောက် အမောဖြေ နေပါတယ်။

ကိုအေးမျိုးဟာ မြန်မာနိုင်ငံက လူတွေ မရှိမဖြစ်စားသုံးကြတဲ့ မျှင်ငါးပိ ပုစွန်ခြောက် ငါးခြောက် ထုတ်လုပ်ရေး လုပ်ငန်းခွင်က လုပ်သားတဦး ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက မျှင်ငါးပိ ငါးခြောက် ပုစွန်ခြောက် ထုတ်လုပ်မှု ၆၅ ရာခိုင်နှုန်းကျော် က ဒီလုပ်ငန်းခွင်တွေကနေ ထွက်ရှိနေပြီး ပြည်တွင်းစားသုံးမှု အပြင် ပြည်ပ ကို လည်း တင်ပို့နေရပါတယ်။

မြန်မာနိုင်ငံရဲ့ ငါး၊ ပုစွန် ပြည်ပ တင်ပို့မှုဟာ သတ္တုတူးဖော်ရေး နဲ့ ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ပြီးရင် စတုတ္တနေရာမှာ ရှိနေပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ရေချို နဲ့ ပင်လယ်ထွက် ငါး၊ ပုစွန် ငါးခြောက် ပုစွန်ခြောက် မျှင်ငါးပိ စတဲ့ ရေထွက် ပစ္စည်း ပြည်ပတင်ပို့မှုဟာ နှစ်ပေါင်း ၂၀ အတွင်း စံချိန်တင် အများဆုံး ဖြစ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၁၁ သန်း ကျော် ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပြည်ပ တင်ပို့မှု စာရင်း

အများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံတွေထဲမှာ ထိုင်း၊ တရုတ် နိုင်ငံတွေ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၈ သန်း နဲ့ ၁၉၇ သန်း ကျော် ခဲ့ပါတယ်။

စင်္ကာပူ၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ယူအေအီး၊ ယူကေ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ လည်း အများဆုံး တင်ပို့နိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ ပါဝင်ပါတယ်။

ဒါတွေ ထွက်ရှိနေတဲ့ အထဲပါတဲ့ ဧရာဝတီတိုင်းထဲက ကျားဖောင်လုပ်ငန်းခွင်ကတော့ လူ ၃၀၀ နီးပါး အသက်ပေးပြီး အလုပ်လုပ်နေကြရတဲ့ မြန်မာနိုင်ငံက ငရဲခန်းတစ်ခုလို့တောင် ပြောနိုင်ပါတယ်။

ဖျာပုံခရိုင်၊ ဖျာပုံမြို့ နဲ့ အမာမြို့နယ် တွေထဲက နောက်မီး၊ ကဖျက်၊ ဗံဒါပင်၊ ဒေါ်ညိမ်း၊ ကုလားထိပ်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ဖျာပုံမြစ်တန်း ရွာတွေဟာ ကျားဖောင်တွေနဲ့ ပင်လယ်ပြင် ငါးဖမ်းထွက်တာကို မိရိုးဖလာ ဓလေ့ အနေနဲ့ အကြီးအကျယ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဒေါ်ညိမ်းကျေးရွာ ရွာအဝင်လမ်း

ကွန်ကရစ်ခင်းထားတဲ့ ဒေါ်ညိမ်းကျေးရွာ က ရွာအဝင်လမ်းနဲ့အတူ ခြံဝင်းကျယ်ကျယ် တိုက်တာနေအိမ်ကြီးတွေ စားသောက်ဆိုင်တွေ စတိုးဆိုင်တွေဟာ မြို့တမြို့နဲ့ မခြား ဖွံဖြိုးတိုးတက်နေပါတယ်။

ရွာထဲမှာတော့ တရုတ် နိုင်ငံသားတွေ ကိုယ်တိုင်လာရောက် နေထိုင်ပြီး ဖွင့်ထားတဲ့ ရေထွက်ပစ္စည်း အဝယ်ဒိုင်တွေ မျှင်ငါးပိ စက်ရုံတွေလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဒေါ်ညိမ်းကမ်းခြေ

ကျားဖောင်လုပ်ငန်းရှင် အများစုကတော့ ရွာထဲမှာ ငွေကြေးအရရော အုပ်ချုပ်ရေးပိုင်းမှာပါ ကြီးစိုးထားကြသူတွေ ဖြစ်ပါတယ်။

ငွေကြေးချို့တဲ့ကြတဲ့ ဒေသခံ ရွာသားတွေ နဲ့ အနယ်နယ်အရပ်ရပ်က ရောက်လာကြသူတွေကတော့ ငါးဖမ်းလုပ်ငန်းခွင်မှာ ဖောင်လုပ်သားတွေအဖြစ် လုပ်ကိုင်ကြတာပါ။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျားဖောင်လုပ်သားတွေ အလုပ်သိမ်းပြီး ကမ်းပေါ်ပြန်လာစဉ်

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဖျာပုံမြို့က ၂ နာရီလောက်မောင်းရတဲ့ နောက်မီးရွာမှာ ကိုအေးမျိုး နဲ့ တွေ့ဖို့ အဆက်အသွယ် ရခဲ့ပါတယ်။

ကျောက်ခင်းလမ်းကြမ်းကြမ်းတွေကို ကားနဲ့ မောင်းခဲ့အပြီးမှာတော့ ငါးညှီနံတွေ လှိုင်နေတဲ့ ရွာအစွန်မှာ ရှိတဲ့ ဆောက်လက်စ တဲလေးမှာ သူနဲ့ တွေ့ခဲ့ပါတယ်။

ကိုအေးမျိုးက ''ကျွန်တော် မနက်စောစောကတည်းက စောင့်နေတာ၊ ခါးက ကြာကြာမထိုင်နိုင်ဘူး၊ တုံးလုံး လှဲနေမှ အဆင်ပြေလို့ လှဲနေရတာ'' လို့ တွေ့တွေ့ချင်း နှုတ်ဆက်စကား စပြောပါတယ်။

ကိုအေးမျိုး အနား ထိုင်လိုက်ချိန်မှာပဲ ဘေးက ကိုအေးမျိုးမိခင်က စကားဝိုင်းကို ခုလို အစချီလာပါတယ်။

''ကျွန်မ သားလေး ခုလို ဖြစ်နေတာ ၃ ပတ် ရှိပြီ၊ ဆေးကုဖို့ ပိုက်ဆံကလည်း မရှိ၊ ကျမ မကြံတတ်အောင် ဖြစ်နေပါပြီ'' လို့ ပြောပါတယ်။

ကိုအေးမျိုးကမျက်လွှာချရင်း ''ကျွန်တော် အဲ့ဒီမှာ ဘဝပျက်ခဲ့တာ၊ ဒဏ်ရာတွေက အဲ့ဒီမှာ ရခဲ့တာ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူးတဲ့အထိပဲ ''လို့ ငိုသံပါကြီး နဲ့ ပြောပါတယ်။

နိုင်ငံရဲ့ အသေအပျောက်အများဆုံးနဲ့ ဘေးအန္တရာယ်အရှိဆုံး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေဟာ ရန်ကုန်ကနေဆို မိုင် ၅၀ ကျော် ဝေးတဲ့ ဖျာပုံမြို့ရဲ့ မလှမ်းမကမ်းက တံငါရွာတွေမှာ ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ခုနှစ် စက်တင်ဘာ က နေ ဧပြီ လ အထိ ၈ လတာ ပင်လယ်ပြင်ထွက် ငါးဖမ်းရာသီအတွင်း ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ရင်း ပျောက်ဆုံးတာ၊ အသတ်ခံရတာ နဲ့ နာမကျန်းဖြစ်ပြီး သေဆုံးတာက ၂၇၆ ဦး ရှိတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့ က ပြောပါတယ်။

လုပ်ငန်းခွင်ထဲ ရိုက်နှက် ညှဉ်းပန်း ခိုင်းစေတာအပြင် အလုပ်လုပ်ရင်း သေဆုံးတာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ ထိခိုက်ဒဏ်ရာရတာတွေ နဲ့ လူမသိ သူမသိ အသတ်ခံရတာတွေဟာ ပင်လယ်ပြင်ထဲမှာ ဒုနဲ့ဒေး ဖြစ်လို့နေပါတယ်။

ရဲစခန်းမှာ တိုင်ချက်ဖွင့်လို့ အရေးယူခဲ့တာ ရှိသလို ရဲစခန်းအထိ ရောက်မလာတဲ့ အမှုတွေလည်း အမြောက်အမြား ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပင်လယ်ပြင်ထဲက ကျားဖောင်

ဒီကိန်းဂဏန်းတွေ အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ ပင်လယ်ပြင်ထဲမှာဖြစ်တဲ့ ရာဇဝတ်မှုနှုန်းက တခြားအမှုအခင်းတွေထက် ကြောက်ခမန်းလိလိ ပိုများနေတယ်လို့ ရဲစခန်း အချက်အလက်တွေမှာ ဖော်ပြပါတယ်။

''ပြောရမယ်ဆိုရင် ပင်လယ်ပြင်မှာ ဖြစ်တဲ့ ကိစ္စတွေက ရဲတပ်ဖွဲ့ကလည်း ဒီနေရာကို မရောက်နိုင်ဘူး။ ဒါပေမယ့် စခန်းကို လာတိုင်တဲ့ အမှုတွေကို ဥပဒေကြောင်း အရ ကိုင်တွယ်ဖြေရှင်းပေးနေပါတယ် '' လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေ က ပြောပါတယ်။

အတန်းပညာမရှိ စာ လုံး၀ မရေးတတ် မဖတ်တတ်တဲ့ ကိုအေးမျိုးဟာ ဒီကျားဖောင်တွေပေါ်မှာ အသက် ၁၄ နှစ် အရွယ်လောက် ကတည်းက အလုပ်လုပ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျားဖောင် လုပ်ငန်းခွင် တစ်ခု

ကျန်းမာရေး မကောင်းလှတဲ့ မိခင် မုဆိုးမ ကို ဆေးကုဖို့ ငွေအရေးတကြီး လိုလာတဲ့အတွက် နောက်မီးရွာက တရွာတည်း အတူနေ လုပ်ငန်းရှင်ဆီမှာ အလုပ်သွားတောင်းခဲ့ပါတယ်။

ဘာစာမှ ရေးမထားတဲ့ စာရွက်လွတ်ပေါ် လက်ဗွေ နှိပ်ခဲ့ပြီး တလ ရှစ်သောင်း နဲ့ ကြိုတင်ငွေ ရှစ်သိန်း ယူပြီး ပင်လယ်ပြင်ထဲ ဆင်းခဲ့ပါတယ်။

'' အလုပ်ရှင်က ကိုယ်နဲ့ တရွာတည်းသား အကြောင်းသိတွေဆိုတော့ စိတ်ချလက်ချပဲ သားကို ထည့်ခဲ့တာ….. ပြန်လာတော့ ကျွန်မ သား ဒီလို ဖြစ်နေတာ၊ အလုပ်ရှင်က လျော်ကြေးမပေးတဲ့အပြင် ကျွန်မကို သူတို့အိမ်ထဲက နှင်ထုတ်ခဲ့တယ် '' ဆိုပြီး မျက်ရည်တွေ သုတ်ရင်း ကိုအေးမျိုး မိခင်က စကားစ ဖြတ်လိုက်ပါတယ်။

ကျားဖောင်ပေါ် ၇ လ ကြာ အလုပ်လုပ်ခဲ့တဲ့ ကိုအေးမျိုးဟာ ကုန်းပေါ် ပြန်ရောက်လာချိန်မှာတော့ ခန္ဓာကိုယ်ပေါ် ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ ပါ။

ကမ်းကနေ အမာမြို့ဆေးရုံကို တန်းတင်လိုက်ရပြီး သတိရတချက် မရတချက်နဲ့ နှစ်ပတ်ကြာလောက် ဆေးကုသမှု ခံယူအပြီးမှာတော့ ဒီ အဖြစ်အပျက်ဆိုးတွေကို ပြန်ပြောပြ နိုင်ခဲ့ပါတယ်။

'' ငါးတွေအရမ်းကျပြီး ဆက်တိုက် အလုပ်လုပ်ရချိန်ပေါ့။ နေ့မအိပ် ညမအိပ် တပတ် ဆယ်ရက် ကြာအောင် လဲကျသွားတဲ့အထိ ဆက်တိုက်ခိုင်းတယ်၊ အစားအသောက်လည်းပျက်၊ ပေးလည်း မနား၊ နောက်ဆုံး မခံနိုင်တော့ ကျားပိုက်ဖော်ပြီး ပါလာတဲ့ ငါးပုစွန်တွေကို ပင်လယ်ထဲ ပြန်လွှတ်ပစ်မိတယ်။ ဒါကို ဖောင်ဦးစီးက တွေ့ပြီး ခြေထောက် နဲ့ ကန် လက်သီး နဲ့ ထိုး လုပ်တော့တာပဲ.. ''

''ဖောင်ပေါ်က လူတွေ ပြန်ပြောတာကတော့ ကျွန်တော်သတိလစ်နေချိန်မှာ သေတော့မယ် အထင်နဲ့ ကမ်းပေါ်ပြန်ခေါ်လာကြတာ'' လို့ ကိုအေးမျိုးက ပြောပါတယ်။

ကျားဖောင်တွေပေါ်မှာတော့ ဒဏ်ရာ ရလိုပဲ ဖြစ်ဖြစ် ခုလို ရိုက်နှက်လို့ လက်လွန်သွားရင်ပဲ ဖြစ်ဖြစ် အမှုမပတ်ရအောင် အလောင်းကို ဖောင်ပေါ်ကနေ အမြန်ဆုံးကုန်းပေါ် သယ်ယူလေ့ ရှိတယ်လို့ ကျားဖောင်လုပ်သားတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပင်လယ်ပြင်ထဲက ကျားဖောင်လုပ်ငန်းခွင် တစ်ခု

ကိုအေးမျိုးလိုပဲ အသက် ၁၄ နှစ်အရွယ်နဲ့ ပင်လယ်ပြင်ထဲ ဆင်းပြီး ကျားဖောင်ပေါ် အလုပ်လုပ်ခဲ့တဲ့ ကိုဇော် ကလည်း ဖောင်နားတဝိုက် လူသေအလောင်းတွေ ပင်လယ်ထဲ မျောနေတာ တွေ့ခဲ့ရတယ် လို့ ပြောပါတယ်။

သူကိုယ်တိုင်လည်း ဖောင်ဦးစီး ရိုက်နှက်တာ ခံရင်း တလ လေးသောင်းနဲ့ ကျားဖောင်ပေါ် အလုပ်လုပ်ခဲ့ရသူပါ။

ကျားဖောင်ပေါ် အလုပ်လုပ်ရင်း အဖြစ်အပျက်ဆိုးတွေ ကြုံခဲ့ရသူ ၁၀ ဦး ထက်မနည်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်း နိုင်ခဲ့ပါတယ်။ အများစုက ဖောင်ဦးစီး ဖောင်ဦးစီးချုပ်တွေရဲ့ ရိုက်နှက်ခိုင်းစေတာ ကိုယ်တွေ့ ကြုံခဲ့ရ တယ်လို့ ပြောကြပါတယ်။

နှစ်တိုင်းလိုလို ငါးဖမ်းရာသီရောက်တိုင်း ကျားဖောင်ပေါ် အလုပ်လုပ်ခဲ့တဲ့ ကိုခင်ဇော် က '' ပင်လယ်ထဲမှာဆို ဖောင်သမားတွေကို ခေါ်ယူရိုက်နှက်တဲ့ ကျားဖောင်ဆိုတာ သက်သက်ရှိတယ်ဗျ၊ ဖောင်ဦးစီး အမြင်ကတ် ခံရသူတွေပေါ့၊ သူတို့ကို ပြန်ပြောလို့ မနာခံလို့ ဆိုပြီး ရိုက်တာ၊ အဲ့ဒီပေါ် ခေါ်သွားပြီးတော့ လူ ၃ ယောက် ၄ ယောက် လောက် က ဝိုင်းရိုက်တယ်'' လို့ ဒေါ်ညိမ်းကမ်းစပ်ကနေ ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း ပြောပါတယ်။

ဒါတွေ သိရဖို့ ပင်လယ်ပြင်ထဲက ကျားဖောင်တွေဆီကို အရောက်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရေမိုင် ၁၃ မိုင် အကွာအဝေးကို ၃ နာရီကျော်ကြာ စက်လှေမောင်းခဲ့ရ

ကျားဖောင်တွေ အများစုဟာ ကမ်းခြေကနေ ရေမိုင် ၅၀ ကျော်အကွာမှာ ငါးဖမ်းထွက်နေကြတာ ဖြစ်ပါတယ်။ အဲ့ဒီကို ရောက်ဖို့ဆို စက်လှေနဲ့ ၁၀ နာရီ ကျော် ကြာ မောင်းပြီး သွားရမှာပါ။

ကမ်းခြေနဲ့ အနီးဆုံး ရေမိုင် ၁၃ မိုင် အကွာမှာ ငါးဖမ်းထွက်နေတဲ့ ကျားဖောင် တချို့ဆီကို ရောက်ခဲ့ပါတယ်။

Image caption ပင်လယ်ပြင်ထဲ ကျားဖောင်တွေ တည်ရှိရာပြ မြေပုံ

တံငါရွာတွေမှာ ကျားဖောင်တွေ ကို အင်္ဂလန် ကျားဖောင် ဆိုပြီးတော့ လည်း မိရိုးဖလာ ခေါ်နေကြတာပါ။ ကျားပိုက်တွေကို အစွဲပြုလို့ အမည်တွင်ခဲ့တာ ဖြစ်နိုင်ပြီး အင်္ဂလန်ကျားဖောင် လို့ ဘာကြောင့် ခေါ်ကြသလဲ ဆိုတာကတော့ မသိကြဘူးလို့ တံငါရွာခံတွေက ပြောပါတယ်။

ပင်လယ်ပြင်ထဲ မြင်ခဲ့တဲ့ ကျားဖောင်ဆိုတာကတော့ အနံ ၁၅ ပေ အကျယ် ၃၃ ပေ ရှိပါတယ်။ ဝါးပိုးဝါးတွေနဲ့ ဆောက်ထားပြီး ရေပေါ် ပေါ်နေစေဖို့ ဖောင်အောက်ခြေ တဘက်တချက်စီမှာ ဖော့သီး ခြောက်လုံး စီ တွဲထားရပါတယ်။

ဖောင်လုပ်သားတွေဟာ ဒီကျားဖောင်တွေပေါ်မှာ နေ့ည အလုပ်လုပ်ကြရသူတွေ ဖြစ်ပါတယ်။

ရေတက်ရေကျ ပေါ်မူတည်ပြီး တနေ့ လေးကြိမ် ခြောက်နာရီခြားတခါ ငါးဖမ်း ပိုက်ချ ပိုက်ဆွဲလုပ်ရပြီး ငါး၊ ပုစွန် အရများတဲ့ ကာလတွေမှာဆို နှစ်ရက် သုံးရက် မအိပ်ရပါဘူး။

ဖောင်တစ်ခုမှာ လုပ်သား ၃ ယောက် ဒါမှမဟုတ် ၄ ယောက် အတူနေထိုင် အလုပ်လုပ်ရပြီး ဖောင်ပေါ်က ၁၀ ပေ မပြည့် တပြည့် အကျယ်လောက်ပဲ ရှိတဲ့ တဲငယ်လေးဟာ သူတို့ နေထိုင် စားသောက် အိပ်စက် ကြတဲ့ နေရာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျားဖောင်ပေါ်က ဖောင်လုပ်သားတွေ အနားယူရာ နေရာ

ငါးဖမ်းရာသီစပြီဆိုတာနဲ့ ကျားဖောင်တွေကို ပင်လယ်ပြင် အတွင်းပိုင်း ရေမိုင် ၅၀ ကျော်အထိ စက်လှေတွေနဲ့ ကမ်းစပ်ကနေ ဆွဲချသွားတာပါ။

ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဝါဝါသိန်း က တော့ ပင်လယ်ပြင်ထဲ ငါးဖမ်းထွက်နေတဲ့ ကျားဖောင် လေးထောင်ကျော် ရှိပြီး အများစုကတော့ တရားဝင် ငါးဖမ်းလိုင်စင် မရှိကြဘူးလို့ ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားတာကတော့ ၁၃၂၈ ဖောင် ပဲ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပင်လယ်ပြင်ထဲက ကျားဖောင်များ

'' ပင်လယ်ပြင်ထဲက ကျားဖောင်တွေ ငါးဖမ်းခွင့်နဲ့ ပတ်သက်လို့ တိကျတဲ့ ဥပဒေပြဋ္ဌာန်း ထားတာ မရှိသလို ငါးလုပ်ငန်းဦးစီးဌာနကလည်း ဖောင်အများစုကို ငါးဖမ်းခွင့်လိုင်စင် ချမထားပေးဘူး '' လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါဝါသိန်း က ပြောပါတယ်။

ဒါ့အပြင် ဖောင်လုပ်သမားတွေထဲက ၃ ပုံ ၁ ပုံ လောက်ကပဲ တရားဝင် ရေလုပ်သားကတ်တွေ ရှိကြတာပါ၊ အများစုကတော့ ရေမကူးတတ်ကြပါဘူး။

'' ကျနော်ဆို ရေမကူးတတ်ဘူးဗျ၊ အဲ့တော့ အလုပ်လုပ်ရင်း ဖောင်ဦးစီးက ပင်လယ်ထဲ တွန်းချတယ်။ ဘေးဖောင်တွေက လုပ်သားတွေ ဝိုင်းကယ်လို့သာ အသက်ရှင်တာ၊ ဖောင်ဦးစီးကို ဒူးထောက်ပြီး တောင်းပန်ခဲ့ရတယ်။ ခိုင်းသမျှ အကုန်လုပ်ပါ့မယ်၊ မသတ်ပါနဲ့ ဆိုပြီးတော့ ….

ကျနော့် မှာ မိသားစု ရှိတယ်။ သမီးလေး ရှိတယ်။ ကျွန်တော် အဲ့ဒီလိုကြီး သေသွားရမှာ ကြောက်တယ်ဗျာ '' ဆိုပြီး ကိုခင်ဇော် က ငိုကြီးချက်မ နဲ့ သူကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ပြောပြပါတယ်။

ဒီ ကျားဖောင်တွေပေါ်က ရင်နင့်ဖွယ်ရာ ဖြစ်ရပ်တွေက ယောက်ျားရင့်မာကြီးတွေကို မျက်ရည်ပေါက်ကြီးတွေ ကျတဲ့အထိပါ။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျားဖောင် လုပ်ငန်းခွင် တစ်ခု

ကိုအေးမျိုးကတော့ '' ဖောင်ပေါ်မှာ အရိုက်ခံခဲ့ရတုန်းကဆို ကျွန်တော့ အသက် က သူတို့လက်ထဲမှာပဲ၊ ပင်လယ်ထဲ တွန်းချပြီး လက်စဖျောက်ပစ်မှာကို အတော်စိုးရိမ်ခဲ့တယ်၊ ကံကောင်းလွန်းလို့ အသက်ရှင်ခဲ့တာပါ '' လို့ ပြောပါတယ်။

ဖောင်ပေါ်က အကြောင်းတွေကို နားထောင်နေတဲ့ ကိုအေးမျိုး မိခင်ကတော့ တရှုံ့ရှုံ့ ငိုနေရင်းကနေ အသံထွက်ပြီး ငိုချလိုက်ပါတယ်။

'' သားက ညညဆို အသံနက်ကြီးတွေနဲ့ ကျွန်တော့ကို မရိုက်ကြပါတော့နဲ့ ဆိုပြီး ထထ ယောင် အော်တယ်။ တကယ် စိတ်မကောင်းဘူး။ ကျွန်မကြောင့် ငွေရှာရင်း ဖြစ်တာ၊ သူ့အတွက် သေရာပါ စိတ်ဒဏ်ရာတွေ၊ ကျွန်မ အပြစ်ပါ… '' လို့ ပြောပါတယ်။

ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်း ကို ဒီအကြောင်း မေးတဲ့အခါမှာ '' ကျားဖောင်တွေပေါ်မှာ နှိပ်စက်ညှဉ်းပန်းမှုတွေရှိတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ဒါဟာ ဖောင်ဦးစီးနဲ့ ဖောင်လုပ်သားတွေ ကြား ပြဿနာဖြစ်ပြီး လုပ်ငန်းရှင် နဲ့ မဆိုင်တာမို့ တကယ်လို့ တိုင်တမ်းလာရင်တော့ သူတို့အချင်းချင်း ရဲစခန်းမှာ ဥပဒေအရ ဖြေရှင်းဖို့ လမ်းညွှန်ပေးလိုက်တယ် '' လို့ ပြောပါတယ်။

ဖောင်လုပ်သားတွေဟာ ကျားဖောင်ပေါ်ရောက်တာနဲ့ ကျွန်တယောက်လို ဖြစ်သွားပြီး ဖောင်ဦးစီး ခိုင်းတာကို လုပ်ရတဲ့ ရွေးချယ်စရာ မရှိတဲ့ ဘေးကျပ် နံကျပ် ဘဝကို ရောက်သွားကြတာပါ။

ရိုက်နှက်ခံရတာအပြင် သတ်ဖြတ်ခြင်းပါ ခံရနိုင်တဲ့ ဒီအလုပ်ဟာ တလကို လုပ်ခလစာ ငါးသောင်းကနေ တသိန်းအထိ ပါးစပ်ဈေးနှုန်းနဲ့ ဖြတ်တဲ့ လုပ်အားခ ရကြပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လုပ်ခလစာ

ဒီလစာနဲ့ ကာမိတဲ့ ပမာဏဖြစ်တဲ့ ကြိုတင်ငွေ လေးသိန်းကနေ ရှစ်သိန်း ကိုးသိန်းအထိ အလုပ်ရှင်တွေက လုပ်သားတွေကို ကြိုပေး လေ့ ရှိပါတယ်။

အလုပ်ရှင်ဘက်ကတော့ ကျားဖောင်ပေါ်မှာ အရိုက်ခံရတဲ့ ဒဏ်ရာတွေအတွက် ကိုအေးမျိုးကို ဆေးကုသစရိတ် တပြားတချပ်မှ မပေးပါဘူး။ ရဖို့ရှိနေတဲ့ လုပ်ခလစာကြေးကိုပဲ တွက်ချက်ပြီး ပေးပါတယ်။

ငါးဖမ်းရာသီ မကုန်ခင် လုပ်ငန်းခွင်ထဲ ထိခိုက်ဒဏ်ရာရတာ အသက်ဆုံးရှုံးရတာလို ဖြစ်ရင် ကရုဏာကြေး လို့ အလုပ်ရှင်တွေဘက်က ခေါ်တဲ့ နစ်နာကြေး အဖြစ် အလုပ်ရှင်တွေက နှစ်သိန်းဝန်းကျင် လောက် တွက်ချက်ပေးပါတယ်။

အလုပ်သမားတွေကတော့ ကြိုတင်ငွေ ရထားပြီးသားမို့ ဒီနစ်နာကြေး ထပ်မရကြတော့တာ များပါတယ်။

အလုပ်မသိမ်းခင် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ ဖြစ်တဲ့အခါ ယူထားတဲ့ကြိုတင်ငွေက ရမယ့် နစ်နာကြေးထက် ပိုများနေတာကြောင့် တစ်ခါတရံမှာ အလုပ်သမားတွေဘက်က ငွေပြန်အမ်းရမယ့်အခြေအနေမျိုးတောင် ကြုံရတယ်လို့ နောက်မီးကျေးရွာ ကျားဖောင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းကြွယ် က ပြောပါတယ်။

သူတို့ အဖို့တော့ အလုပ်ရှင်တွေက ပေးထားတဲ့ ဒီကြိုတင်ငွေ သိန်းဂဏန်းဝန်းကျင်နဲ့ သူတို့တွေရဲ့ ဘ၀ နဲ့ အသက် ကို အပြီးပိုင် အဝယ်ခံရတဲ့ အခြေအနေမျိုး ဆိုက်နေသလိုပါ။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ညှိနှိုင်းရေးမှူး ပီရာမာပီချိုင်ဝန် ကတော့ ကြိုတင်ငွေပြီး ကျားဖောင်တွေပေါ် အလုပ်စေခိုင်းတဲ့အပေါ် ကန့်ကွက်ပါတယ်။

'' အလုပ်ရှင်ဘက်က လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့ကို ပြောဖို့လိုတယ်။ လုပ်အားခ ကြိုပေးတယ်ဆိုတာ ငွေချေးတာပဲ။ အလုပ်သမားကလည်း လုပ်အားနဲ့ ပြန်ဆပ်တယ်။ ဒီအတွက် ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လို့ ထင်ပြီး ဖောင်ပေါ်မှာ တစ်ရာသီလုံး ရိုက်နှက်ခိုင်းစေတယ်။ ဒါက အဓမ္မခိုင်းစေမှုပါ။ ရာဇဝတ်မှု မြောက်ပါတယ် '' လို့ ပြောပါတယ်။

'' ကျားဖောင်ပေါ် ရိုက်နှက်ရင်း သေသွားတယ်ဆို တစ်ခါတည်း အလောင်းကို ပင်လယ်ထဲ ပစ်ချပြီး ဖျောက်ပစ် လိုက်ကြတယ်။ ကုန်းပေါ်က မိသားစုတွေကို ပေးတဲ့ အကြောင်းပြချက်ကတော့ သေသွားတဲ့သူဟာ ကျားဖောင်ပေါ်က ပင်လယ်ထဲ ခုန်ချ ထွက်ပြေးရင်း သေရတာပါလို့ အကြောင်းကြားတယ်လေ၊ ပင်လယ်ပြင်ထဲ ဘယ်လိုလုပ် ခုန်ချပြီး ထွက်ပြေးနိုင်မလဲ၊ အသက်ကယ်ပစ္စည်း ဘာမှ မပါဘဲ ပင်လယ်ထဲ တစ်ခါတည်း သေသွားမှာကို ဘယ်သူက လုပ်မလဲဗျာ '' လို့ ကျားဖောင်သမား ကိုခင်ဇော်က ပြောပါတယ်။

ကိုအေးမျိုးကတော့ အမာမြို့ ဆေးရုံမှာ ဒဏ်ရာတွေ ကုသခဲ့ပေမယ့် ထွန်ခြစ်နဲ့ အရိုက်ခံရတဲ့ ခါးဆစ်က ဒဏ်ရာကတော့ ခုထိ မပျောက်သေးပါဘူး။

ဆေးရုံဆရာဝန်ကြီးကတော့ ရန်ကုန်အထိ သွားကုရမယ်လို့ ပြောပေမယ့် ဆေးဖိုးစရိတ်တွေ မတတ်နိုင်လို့ ဆေးရုံက ဆင်းလာပြီး ရွာက ဆေးဆရာနဲ့ ပြန်ကုနေပါတယ်။

နာရီဝက်လောက်ပဲ စကားပြောပြီး '' ကျွန်တော့ ခါး က တဆစ်ဆစ်ကိုက်တယ်ဗျ ခဏပဲ ထိုင်လို့ရတယ်။ အားတော့နာပါတယ်။ ပြန်လှဲဦးမယ် '' လို့ ညည်းညူရင်း ခါးကို လက်နဲ့ ကိုင်စမ်းပြီး ဝါးခြမ်းပြား ကျဲကျဲခင်းထားတဲ့ ကြမ်းခင်းပေါ် ခွေခွေလေး ပြန်အိပ်နေပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကိုအေးမျိုး

နောက်ကျောခါးဆစ်က ခါးဒဏ်ရာက သူ့ကို ဒုက္ခပေးနေဆဲပါ။

ခါးဒဏ်ရာကို သေသေချာချာ မကုရင် ခါး က တသက်လုံး ဒဏ် လို ဖြစ်သွားနိုင်ပြီး ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်နိုင်တော့ဘူးလို့ ဆေးရုံက ဆေးစာမှာ ရေးထားပါတယ်။

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရတာ၊ လုပ်ခလစာ ပြဿနာတွေနဲ့ သေဆုံးမှုတွေ အသတ်ခံရမှုတွေအတွက် ဖောင်လုပ်သားမိသားစုတွေက ရဲစခန်းမှာ တိုင်တန်းပေမယ့် အလုပ်ရှင် တစ်ဦးတစ်ယောက်ကိုမှ ခုထိ အရေးယူတာ မရှိသေးပါဘူး။

တကယ်တော့ ဖျာပုံက လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသားလွှတ်တော် အစိုးရ အာမခံချက်များ၊ ကတိများ နဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ လို ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှု နဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ က ဦးဝင်းထွဋ် လို ပြည်ထောင်စု အဆင့် လွှတ်တော်ရေးရာ ကော်မတီတွေမှာ တာဝန်ယူထားသူတွေ ရှိပေမယ့် ပြည်ထောင်စု အဆင့် လွှတ်တော်တွေမှာ ဒီအကြောင်း မေးမြန်း ဆွေးနွေးတာ ခုထိ မရှိသေးပါဘူး။

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ် က တော့ ''ဒီပြဿနာတွေကို ကျွန်တော်တို့ တာဝန်မယူခင် ကတည်းက ရှိနှင့် နေပြီးသား ဖြစ်တယ်။ ဒေသတွင်းမှာ ဖြေရှင်းတဲ့ အမှုတွေ မကြားမိသလောက်ပါပဲ၊ ကိုင်တွယ်ဖြေရှင်းနိုင်အောင် ငါးလုပ်ငန်းဦးစီးဌာန၊ ကျားဖောင် လုပ်ငန်းရှင်များ အသင်း၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ တွေ့ပြီး တတ်နိုင်သလောက် ကြိုးစားနေတယ် '' လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူတာ ၂ နှစ် ကျော် ကြာနေပြီ ဖြစ်ပေမယ့်လည်း ဒီပြဿနာတွေကို တိတိပပ ပြောင်းလဲနိုင်တာတော့ တစ်ခုမှ မတွေ့ရသေးပါဘူး၊ ဒေသန္တရအာဏာပိုင် တွေကလည်း ဒီအဖြစ်အပျက်တွေကို မသိကျိုးကျွန် ပြုနေဆဲပါ။

အိပ်ရာပေါ်လှဲနေတဲ့ ကိုအေးမျိုးကတော့ မတရားမှုတွေ ခေါင်းပုံဖြတ်ခံရမှုတွေ၊ နောက်ပြီး ကိုယ်အင်္ဂါချို့တဲ့ မသန်စွမ်းအောင် နှိပ်စက်ခံရမှုတွေကို လွယ်လွယ်နဲ့ မေ့ပစ်ချင်ပုံ ရပါတယ်။ သူ ကျွန်မကို ပြောတာကတော့ ဆေးကုသစရိတ်ပဲ လိုချင်တယ် ဆိုတဲ့ သဘောမျိုးပါ။

နောက်မီးရွာက ကိုအေးမျိုးတဲက မပြန်ခင် ကြားခဲ့ရတာကတော့ ကျွန်မ သတင်းထောက် ဘဝမှာ အတုန်လှုပ်ရဆုံး စကားပါပဲ။

'' ခါးနာ ပြန်ကောင်းလာရင်လည်း ဒီအလုပ်ပဲ ဆက်လုပ်ရမှာ ကျွန်တော် ဒါပဲ လုပ်တတ်တယ် ..........''

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့ ပင်လယ်ထက်က ငရဲခန်း ရေလုပ်သားများ - ဘီဘီစီမြန်မာပိုင်းရဲ့ အထူး ရုပ်သံ အစီအစဉ်