မိုင်းကိုင်၊ ခွန်ဆမ်လောနဲ့ နန်းဦးပျဉ်တို့ရဲ့ အိပ်မောကျနေတဲ့ မြို့ကလေး

shan ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption နန်းဦးပျဉ်အိမ်နေရာလို့ ယုံကြည်ကြ

ခွန်ဆမ်လောနဲ့ နန်းဦးပျဉ်ဆိုတဲ့ အချစ်ပုံပြင်ကို မြန်မာ အထက်တန်းကျောင်း သင်ရိုးမှာ ပြဋ္ဌာန်း ခဲ့ဖူးလို့ လူသိခဲ့ကြပါတယ်။

ရှမ်းပြည် အလယ်ပိုင်း မိုင်းကိုင်မြို့က လူငယ် နှစ်ဦးရဲ့ ကြေကွဲဖွယ် အချစ်ပုံပြင်ပါ။ တနည်း ပြောရရင် ရှမ်းပြည်ရဲ့ ရိုမီယိုနဲ့ ဂျူးလီးယက် ဖြစ်ပါတယ်။

ဒီပုံပြင်ကို လူထုဦးလှရဲ့ ရှမ်းပုံပြင်များ စာအုပ်မှာ ထည့်သွင်းပြီး အင်္ဂလိပ်လို ပြန်ဆိုထားတာကို သင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu

ဒီပုံပြင် မြစ်ဖျားခံတဲ့ မိုင်းကိုင်မြို့ကလေးက ရှမ်းပြည် အလယ်ပိုင်းမှာ ရှိပြီး ပြည်တွင်းစစ်နဲ့ မငြိမ်းချမ်းမှုတွေကြားမှာ တိုးတက်မှုတွေ နောက်ကျကျန်နေတဲ့ မြို့ကလေးတမြို့ ဖြစ်ပါတယ်။

ဗြိတိသျှ သိမ်းပြီးစ မှတ်တမ်းတခုမှာ ဒီမြို့ပတ်လည်က နယ်မြေတွေဟာ မြေသြဇာ အဆီအနှစ် ကောင်းမွန်ပေမယ့် မြန်မာနဲ့ ဒေသခံရှမ်းတွေကြား နိုင်ငံရေး ရှုပ်ထွေးမှုတွေကြောင့် မငြိမ်မသက် ရှိတယ် ဆိုပြီး မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။

အခု နှစ်ပေါင်း ၁၃ဝ ကျော်တဲ့အခါမှာလည်း အခြေအနေတွေက မထူးခြားဘဲ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပြောင်းသွားတာပဲ ထူးပါတယ်။

ဓာတ်ပုံ မူပိုင် ရှမ်းပြည်မြင်ကွင်းစုံ
Image caption မိုင်းကိုင်စော်ဘွား

ဒီမြို့ကလေးမှာ နန်းဦးပျဉ်ရဲ့ အသုံးအဆောင်တွေ ထည့်သွင်း ဌာပနာထားတယ်လို့ ဆိုကြတဲ့ ရှေးဟောင်းစေတီတဆူ ရှိသလို သူတို့ချစ်သူနှစ်ဦး အမှတ်တရ ပြတိုက်နဲ့ လမ်းကလေး ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption နန်းဦးပျဉ်ဘုရား
ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ချစ်သူနှစ်ဦး အမှတ်တရ သင်္ချိုင်း
ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ခွန်ဆမ်လောနဲ့ နန်းဦးပျဉ် ပြတိုက်

နောက် မိုင်းကိုင်ထွက် စဉ့်နဲ့လုပ်တဲ့ ရှမ်းရေတကောင်း၊ အင်တုံခွက်ယောက်တွေကလည်း မြင်သူတိုင်းကြိုက်တဲ့ လက်မှုပစ္စည်းတွေ ဖြစ်ပါတယ်။

မိုင်းကိုင် စက္ကူလို့ ထင်ရှားခဲ့တဲ့ ရိုးရာ စက္ကူလုပ်ငန်းကတော့ ကုန်ကြမ်းပစ္စည်း ရှားပါးလို့ တိမ်ကောလုမတတ် ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ မိုင်းကိုင်စက္ကူနဲ့ ထုတ်တဲ့ စာအုပ်တွေ ရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption မိုင်းကိုင်လက်ရာ စဉ့်ထည်တွေ
ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption မိုင်းကိုင်ထွက် ရေတကောင်းများ

မိုင်းကိုင် ရေတကောင်းလိုပဲ လည်ပင်းရှည်ရှည်က ရှမ်းပုံစံ စေတီလေးတွေကိုလည်း မြို့ဘေးပတ်လည်မှာ တွေ့ရပါတယ်။

ဒီထဲမှာ မိုင်းကိုင် မွေတော်လို့ နာမည်ကြီးတဲ့ ရွှေမြင်တင်ဘုရားက ထင်ရှားပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption လည်တံရှည် ရှမ်းဘုရားတွေ
ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ရှမ်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်ကြီး

အီတလီမှာ ရိုမီယိုနဲ့ ဂျူးလီးယက်တို့ ချစ်ပုံပြင် သန္ဓေတည်ခဲ့တယ် ဆိုတဲ့ ဗီရိုနာမြို့ကလေးက ဂျူးလီးယက်နေအိမ်ကို ကမ္ဘာလှည့်တွေ သောင်းချီပြီး နှစ်စဉ်လာကြည့်ကြပါတယ်။

Image caption ဂျူးလီးယက် ရိုမီယိုကို မျှော်တဲ့ ဗီရိုနာက လသာဆောင်

ရှမ်းပြည်က မိုင်းကိုင်နဲ့ ကျိုင်းတောင်းဆိုတဲ့ ခွန်ဆမ်လောနဲ့ နန်းဦးပျဉ်တို့ရဲ့ မြို့ကလေးတွေကို ခရီးသွားတွေ အလည်အပတ် သွားတာတော့ အများအစားမတွေ့ရဘဲ ရှမ်းပြည်အလယ်ပိုင်းမှာ တိတ်တဆိတ်နဲ့ ငြိမ်သက်နေတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption နန်းဦးပျဉ် စကားတီးတိုးဆိုခဲ့တဲ့ နမ့်တိန်ချောင်းကလေး
ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ကုန်းဘောင်ခေတ် စာဆို စဝ်နော်ခမ်းဂူအဝင်
ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption မိုင်းကိုင်မြို့အဝင်