၉ဝ ပြည့် မင်းယုဝေရဲ့ စာဆို ငွေတာရီ

burma ဓာတ်ပုံ မူပိုင် Yar Pyae
Image caption ၁၆ နှစ်သမီးက ငွေတာရီ

ကဗျာ ဆရာမ ငွေတာရီကို ဒီခေတ်မှာ သိသူနည်းမှာ ဖြစ်ပေမယ့် ငွေတာရီ မဂ္ဂဇင်းကိုတော့ သိသူတွေ ရှိကြ ပါတယ်။

စာရေးဆရာကြီး မင်းယုဝေ ကိုတော့ ပထမ မြန်မာများ စာအုပ် ပြုစုသူ အဖြစ် လူသိများပါတယ်။

အသက် ၉ဝ ပြည့်သွားတဲ့ ဒီစာရေးဆရာကြီးဟာ တချိန်က ဇနီးသည် အတွက် ရည်စူးပြီး စာပေမဂ္ဂဇင်းကြီး တစောင်ကို ထုတ်ဝေခဲ့တယ် ဆိုတာကတော့ မြန်မာစာပေမှာ ထင်ရှားတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်။

ငွေတာရီမဂ္ဂဇင်းဟာ အမျိုးသမီးတယောက်ကို ဂုဏ်ပြုထုတ်ဝေတဲ့ ပထမဆုံး စာနယ်ဇင်းလည်း ဖြစ်ပါတယ်။ လုံမလေးနဲ့ ကလျာမြတ်လေး စတဲ့ စာရေးဆရာမတွေ အမည်နဲ့ မဂ္ဂဇင်းတွေက ၁၉၈ဝ ကျော်မှ ထွက်လာတာပါ။

တချိန်က မြန်မာစာပေမှာ ခေတ်စားခဲ့တဲ့ မဂ္ဂဇင်းတွေကြားထဲမှာ အများနဲ့မတူဘဲ စာပေ အထူးပြု ယဉ်ကျေးမှုပိုင်း အလေးပေးတဲ့ မဂ္ဂဇင်း အခန့်အသန့်တစောင် အဖြစ် ငွေတာရီကို အများက ယူဆခဲ့ကြပါတယ်။

Image caption မင်းယုဝေနဲ့ ငွေတာရီ

အလားတူပဲ စာဆို ငွေတာရီဟာလည်း တည်ငြိမ် ချိုအေးတဲ့ ကဗျာတေးတွေ စပ်ဆိုခဲ့သလို ရင့်ကျက်တဲ့ လောကအမြင်နဲ့ ကဗျာတွေကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။

''စုံရိပ်မြိုင်သွယ်၊ ကန္တာလယ်

အိုဘယ်ယောက်ျား၊ ခရီးသွား။

ဖော်လည်းမဆွယ်၊ တကိုယ်ငယ်

အိုဘယ်လူသား၊ ကြောက်ဘူးလား။ ''

အစချီတဲ့ သူရဲကောင်းသုံးယောက်နှင့်ခရီးသည် ကဗျာကို ကျောင်းသုံးပြဋ္ဌာန်းခဲ့လို့ လူသိများပါတယ်။

ဓာတ်ပုံ မူပိုင် Yar Pyae
Image caption ငွေတာရီ မဂ္ဂဇင်းမျက်နှာဖုံး

နောက် ''တနေ့မှာ ဆုံးရာရောက်ပါလိမ့်

အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့

စိတ်နွမ်းအသာဖြေဦး

မာလာငွေ ကန်ရေအေးရယ်နှင့်

ငှက်တေးကို အာရုံဆင်လို့

မူတသွင် အားအင်သစ်လိုက်ပါ့

ချစ်ဖွယ့်လူသား။'' ဆိုတဲ့ ထိပ်ဆုံးသို့ ကဗျာကလည်း လောကဓံကြားက လူတွေအတွက် ဇော်ဂျီရဲ့ ဗေဒါပန်း ကဗျာ လိုပဲ အားဆေးတခွက် ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မင်းယုဝေရဲ့ ငွေတာရီ

ကဗျာစာဆို ငွေတာရီဟာ ငယ်စဉ်က ကျန်းမာရေး မကောင်းလို့ ကိုးတန်းမှာ ကျောင်းထွက်ပြီး အိမ်မှာပဲ စာသင်ခဲ့ရသူပါ။ ငယ်နာမည်က မခင်ရီ ဖြစ်ပါတယ်။

မိဘက ဟံသာဝတီ စာအုပ်တိုက် ပိုင်ရှင်တွေ ဖြစ်လို့ စာရေးဆရာ မောင်သုတလို ပညာရှင်တွေနဲ့ မြန်မာစာပေ ဂန္ထဝင်တွေ သင်ယူခဲ့ရသလို အင်္ဂလိပ်စာပေကိုလည်း သင်ခဲ့ရပါတယ်။

ဖခင်က ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်တာမို့ ဗြိတိသျှဘားမားဦးညွန့်လို့ ထင်ရှားပါတယ်။ ဟံသာဝတီ သတင်းစာပိုင်ရှင်လည်း ဖြစ်ပါတယ်။

အစ်ကိုတယောက်ကတော့ စစ်မဖြစ်ခင်က ထင်ရှားတဲ့ သူဇာ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးချန်ထွန်းပါ။ မောင်တယောက် ကတော့ စစ်ပြီးခေတ်မှာ အမေရိကန်ထိသွားပြီး ရုပ်ရှင်ပညာသင်ခဲ့တဲ့ ဗြိတိသျှဘားမား (ညွန့်မြန်မာ)ဦးနေဝင်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် May Nandar
Image caption ငွေတာရီရဲ့ ဖခင် ဗြိတိသျှဘားမားဦးညွန့်

စာရေးဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့သမီး ငွေဝတ်ရည်နဲ့ ခင်မင်ရင်းနှီးလို့ ငွေတာရီ နဲ့ စာဆိုဘက်တွေ ဖြစ်ကြပါတယ်။ ငွေဝတ်ရည် ကွယ်လွန်ပြီးနောက် သူတယောက်တည်း ကဗျာတွေ ဆက်ရေးရင်း ကဗျာဆရာ မင်းယုဝေနဲ့ လက်ထပ် ခဲ့ပါတယ်။

သူ့ထက် ကဗျာသက်ကော လူသက်ပါ ငယ်တဲ့ မင်းယုဝေနဲ့ လက်ထပ်ခဲ့တာပါ။ ငွေတာရီလိုပဲ သူ့အစ်မ ဒေါ်သက်မေဟာလည်း စာရေးဆရာ ဟံသာဝတီဦးဘခင်နဲ့ လက်ထပ်ပါတယ်။

မင်းယုဝေနဲ့အတူ သူပညာသင်ရာ လန်ဒန်ကို လိုက်လာပြီး ရေးစပ်တဲ့ ကဗျာတွေကတော့ အလှရှိရာ နဲ့ သာသည့်မြေသို့ စတာတွေပါ။ ဒီကဗျာတွေဟာ အနောက်နိုင်ငံတွေရဲ့ ခေတ်မီမှုကို တွေ့ရတဲ့ မြန်မာပြည်က လူတွေအတွက် သူ့မြေမှာ ဖြူပြာတင့်ရင်ဖြင့် ငါ့မြေမှာ နီဝါတင့်ရမပေါ့ ဆိုပြီး စိတ်ထဲက အားခဲစပ်ဆိုတဲ့ ကဗျာတွေ ဖြစ်ပါတယ်။

Image caption ပါရမီရှင်စာဆို ငွေတာရီ

''တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်

ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်

အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်

မိခင်မြေမြ၊ သာလေစွ...''လို့ ငွေတာရီ ရေးခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး နိမိတ်အရိပ်တွေ ပါတယ် လို့လည်း ယူဆနိုင်ပါတယ်။

ငွေတာရီကို လန်ဒန်မှာ ဆုံခဲ့တဲ့ စာရေးဆရာ တိုက်စိုးကတော့ ငွေတာရီဟာ အရက်မသောက်ပေမယ့် အမျိုးသား မိတ်ဆွေတွေနဲ့ အတူ အရက်ဆိုင်ကို လိုက်လာပြီး ဆိုက်ဒါခေါ် သစ်တော်သီးရည်ကို သောက်တယ်၊ အလိုက်အလျော နေတတ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

အဲဒီနောက် စာဆိုမောင်နှံဟာ မိတ်ဆွေဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ ဥရောပကို လည်ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟံသာဝတီဦးဝင်းတင်နဲ့ ဥရောပလည်

၁၉၅၈ မှာပဲ ငွေတာရီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမီးဖွားရင်း ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်တာလည်း အနှစ် ၆ဝ ပြည့်ခဲ့ပါပြီ။

သူနဲ့တခေတ်ထဲ ပေါ်ခဲ့ကြတဲ့ အမျိုးသမီး စာဆိုတွေကတော့ ခင်နှင်းယု၊ ကြည်အေး၊ စိန်စိန် နဲ့ ယုဝတီ ကလောင်ရှင်တွေ ဖြစ်ကြပါတယ်။ ဒီထဲမှာ ငွေတာရီက အစောဆုံး ကွယ်လွန်သူလည်း ဖြစ်သလို အစောဆုံး စာပေဆုရတဲ့ အမျိုးသမီး တယောက် လည်း ဖြစ်ပါတယ်။

၁၉၅၄ မှာ မင်းယုဝေနဲ့ ပူးတွဲပြန်ဆိုတဲ့ အီစွတ်ပုံပြင်များနဲ့ ဘာသာပြန်ဆုကို အတူတူ ရခဲ့ကြတာပါ။ သူ့နောက်နှစ်မှ ဂျာနယ်ကျော်မမလေးက မုန်း၍မဟူ နဲ့ ဝတ္ထုရှည်ဆု ရပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/ BBC Burmese
Image caption လန်ဒန်တက္ကသိုလ်စာကြည့်တိုက်က အီစွတ်ပုံပြင်ဘာသာပြန်

ဆုယူချိန်မှာ မင်းယုဝေ အင်္ဂလန် ရောက်နေလို့ ငွေတာရီ လက်ခံယူခဲ့ပါတယ်။

တခါ ၁၉၆ဝ မှာ ငွေတာရီ ကဗျာ ၁ဝဝ နဲ့ ကဗျာဆု ရတဲ့ အခါမှာတော့ သူကွယ်လွန်ပြီးဖြစ်လို့ ခင်ပွန်းသည်ကပဲ လက်ခံယူ ခဲ့ရ ပါတယ်။

ငွေတာရီဟာ ဇော်ဂျီနဲ့ မင်းသုဝဏ်ကို စံထားပြီး ကဗျာစပ်တယ်၊ ရှေးဟောင်းနိုင်သူ ဖြစ်လို့ သူ့ကဗျာတွေမှာ ရှေးစာတွေကို ပိုင်နိုင်စွာ ထည့်သွင်းစပ်တာတွေ့ရတယ်လို့ မင်းယုဝေက ရှင်းပြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်ရေး အကြို သပြေညို

ကဗျာစပ်ရာမှာ ပါရမီပါသူဖြစ်လို့ ငယ်ငယ်နဲ့ ဆုံးခဲ့တာကို ပညာရှင်တွေ စာချစ်သူတွေက နှမြောကြပါတယ်။

ကိုယ်တိုင် နေလဆေးပညာရှင် ဖြစ်တဲ့ ဂျာနယ်ကျော်မမလေးကတော့ ငွေတာရီကို သူ့ပညာနဲ့ မကုသပေးလိုက်ရတဲ့ အကြောင်းကို လွမ်းတသသ ဆိုပြီး စာရေးခဲ့ပါတယ်။

''သူ့အလျှံမှ

တဖန်ကူးဘိ

သူငါညှိလည်း

မသိလျော့ရာ

ထိန်မြဲသာတည့်။''လို့ ဤမီးတိုင် ကဗျာမှာ ပါသလိုပဲ ငွေတာရီရဲ့ ကဗျာနဲ့ ဒဿနအမြင်တွေကို သူကွယ်လွန်ပေမယ့် တိမ်မြုပ် မသွားဘဲ ဝေငှဖတ်ရှုနေကြတာကို တွေ့ရပါတယ်။

သူသာရှိသေးရင် ကမ္ဘာကျော် ဖြစ်လိမ့်မယ်လို့လည်း သူ့ခင်ပွန်းက အမှတ်တရ ပြောပါတယ်။ ခင်ပွန်းကိုယ်တိုင်က သူ့ထက် သာတယ်လို့ ချီးကျူးခံရတဲ့ အမျိုးသမီး စာဆိုလည်း ဖြစ်ပါတယ်။

ငွေတာရီ ကိုယ်တိုင်က ရှေးဟောင်းစာမှာ ပျော်မွေ့လို့ ကာရန်မညီဘဲ စပ်တတ်တဲ့ ကြည်အေးနဲ့ ဒဂုန်တာရာတို့ရဲ့ ကဗျာတွေ ကို တန်ရုံပဲ သဘောထားတယ်လို့လည်း သိရပါတယ်။

ကဗျာအယူအဆမှာ မတူကြပေမယ့် ဒီစာဆိုတွေရဲ့ ကဗျာတွေကတော့ ခုထိ လူကြိုက်နေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Yar Zar Aung

ငွေတာရီ မဂ္ဂဇင်းကိုတော့ ငွေတာရီ အတွက် ရတဲ့ အမွေသုံးသိန်းထဲက တသိန်းအကုန်ခံ ထုတ်ဝေခဲ့တာ ဖြစ်ကြောင်း မင်းယုဝေက ပြောပါတယ်။

ဒါပေမယ့် စက္ကူစျေးတက်တာ မခံနိုင်လို့ မဂ္ဂဇင်းကို ထုတ်ပြီး တနှစ်မှာပဲ စစ်တပ်ပိုင် မြဝတီကို လွှဲပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သံရုံးတွေရဲ့ ဝါဒဖြန့် မဂ္ဂဇင်း မဖြစ်ချင်လို့ တပ်ကို လွှဲခဲ့တဲ့ ငွေတာရီဟာ ဗိုလ်ချုပ်ကြီး နေဝင်း တက်လာပြီးနောက် မူလလမ်းကြောင်းဖြစ်တဲ့ စာပေ မဂ္ဂဇင်းပုံစံ မပျက်ပေမယ့် ရိုးရာအသားပေးတဲ့ ယဉ်ကျေးမှု ဝါဒဖြန့် မဂ္ဂဇင်းတစောင် ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Book Collection Burma