ကမ္ဘာမှာ တစ်ပ်ကို ဘယ်လိုပေးကြသလဲ

ယူကေနိုင်ငံမှာ တစ်ပ်ပေးသင့် မသင့်ဆိုတာ နိုင်ငံရေး အရ အငြင်းပွားစရာ ကိစ္စတခု ဖြစ်လာနေပါတယ်။ ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကေနိုင်ငံမှာ တစ်ပ်ပေးသင့် မသင့်ဆိုတာ နိုင်ငံရေး အရ အငြင်းပွားစရာ ကိစ္စတခု ဖြစ်လာနေပါတယ်။

အခုအချိန်မှာ ယူကေက နိုင်ငံရေးသမားတွေဟာ Brexit လို့ ခေါ်တဲ့ ဥရောပသမဂ္ဂကနေ ယူကေ ထွက်မယ့်အရေးကိုပဲ ဆွေးနွေးအချိန်ကုန်နေကြမယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။

ဒါပေမယ့် ဒီသီတင်းပတ်မှာ အဓိက ပါတီ ၂ ခုက တစ်ပ်ပေးတာနဲ့ပတ်သက်တဲ့ ဥပဒေကို အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒါကတော့ ဘားတွေ စားသောက်ဆိုင်မှာ ဆိုင်ဝန်ထမ်းတွေရတဲ့ တစ်ပ်တွေကို ပိုင်ရှင်တွေ ယူတာကို တားမြစ်တဲ့ ဥပဒေဖြစ်ပါတယ်။

ကမ္ဘာ နိုင်ငံတိုင်း ဗြိတိန်နိုင်ငံလို တစ်ပ်ပေးတဲ့ ကိစ္စကို ဒီလောက် အလေးအနက်ထားကြတာ မဟုတ်ပါဘူး။

တကယ်တော့ တစ်ပ်ပေးတဲ့ အလေ့အထကိုစခဲ့တာ ဗြိတိန်နိုင်ငံလို့ ယူဆရပါတယ်။

၁၇ ရာစုလောက်က မင်းမျိုး စိုးမျိုးနဲ့ အထက်တန်းလွှာတွေက အဆင့်နိမ့် လူတန်းစားကို လက်ဆောင်လေးတွေ ပေးကြတဲ့ အလေ့အကျင့်ကနေ စခဲ့တာလို့ ဆိုပါတယ်။

အခုတော့ တစ်ပ်ပေးတဲ့ အလေ့အထဟာ ကမ္ဘာတဝန်း ကျယ်ပြန့်လာခဲ့ပြီး နိုင်ငံတွေရဲ့ သက်ဆိုင်ရာယဉ်ကျေးမှု၊ စရိုက်လက္ခဏာတွေနဲ့ ယှက်နွယ်လာခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတချို့မှာ လူတွေက တစ်ပ်ပေးတာကို သူတို့ကို စော်ကားတယ်လို့ ယူဆကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေမှာတော့ တစ်ပ်ဟာ ဝန်ထမ်းတွေရဲ့ လုပ်ခ တချို့တဝက်ဖြစ်ပါတယ်

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာ တစ်ပ်ဘယ်လောက်ပေးမလဲ စဉ်းစားရတာဟာ အခွန်ဆောင်ဖို့ စာရင်းဇယားဖြည့်ရသလိုဘဲ စိတ်ရှုပ်ထွေးရတယ်လို့ အမေဂိကန်ပြည်သူတွေကြား ဟာသတခုလို ပြောလေ့ရှိ ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တစ်ပ် ပေးတဲ့ အလေ့အကျင့်ကို ၁၉ ရာစု အတွင်း ဥရောပကို ခရီးသွားလာခဲ့တဲ့ ချမ်းသာကြွယ်ဝသူတွေက တင်သွင်းလာခဲ့ကြတာဖြစ်ပါတယ်။

အစပိုင်းမှာ ဒီလိုတစ်ပ်ပေးတာကို မကျေမနပ်ဝေဖန်ခဲ့ကြပြီး ဒါဟာ ဒီမိုကရေစီကို ဆန့်ကျင်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပြီး ဒါဟာ အလုပ်သမားတွေကို တောင်းစားရသူတွေမျိုး အဆင့်အတန်းဖြစ်အောင် ဖန်တီးတာလို့ တစ်ပ်ပေးသူတွေကို စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

၂၁ ရာစုကို ရောက်လာတဲ့ အထိ အမေရိကန်ပြည်သူတွေကြား ဒီကိစ္စဟာ အကောင်းအဆိုး အခြေအတင် ပြောစရာဖြစ်နေဆဲပါ။ ဒါပေမယ့် တစ်ပ်ပေးတဲ့ အကျင့်မှာ အမေရ်ကန်ပြည်သူကြား အခိုင်အမာ အမြစ်တွယ်နေပါပြီ။ စီးပွားရေးပညာရှင် Ofer Azar ရဲ့ ၂၀၀၇ ခု ခန့်မှန်းချက်အရ စားသောက်ဆိုင်လုပ်ငန်းတခုတည်းမှာတင် အလုပ်သမားတွေကို တစ်ပ်ပေးခဲ့တာ ဒေါ်လာ ၄၂ ဘီလီယံရှိပါတယ်။ အေမရိကန်ပြည်ထောင်စုမှာ တစ်ပ်ဟာ အလုပ်သမားတွေရဲ့ ဝင်ငွေမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နိုင်ငံမှာ တစ်ပ်ပေးတဲ့ အလေ့အကျင့်ကို သဘောမတွေ့ကြပါဘူး။

တရုတ်နိုင်ငံ

တခြားအာရှနိုင်ငံတွေလိုပဲ တရုတ်နိုင်ငံမှာ တစ်ပ်ပေးတဲ့ ယဉ်ကျေးမှု မရှိခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာကတည်းကပါ။ တကယ်တန်းမှာ တစ်ပ်ပေးတာကို လာဘ်ပေးတာတမျိုးလို့ ယူဆ တားမြစ်ထားပါတယ်။ အခုခေတ်မှာလည်း ဒီလို ယူဆနေဆဲဖြစ်ပါတယ်။

ဒေသခံတွေ မကြာခဏ လာလေ့ရှိတဲ့ စားသောက်ဆိုင်တွေမှာလည်း စားသောက်သူတွေက တစ်ပ်တို့ သဒ္ဒါကြေးတို့ ပေးလေ့မရှိပါဘူး။

ဒါပေမယ့် နိုင်ငံခြားသား ဧည့်သည်တွေပဲ အဓိကလာစားတဲ့ စားသောက်ဆိုင်တွေ ဟော်တယ်တွေမှာတော့ တခြားနိုင်ငံတကာလို တစ်ပ်ပေးတာကို လက်ခံပါတယ်။

တခြား ခြွင်းချက် တခုကတော့ ဧည့်လမ်းညွှန်တွေ ၊ ခရီးသွားဧည့်သည်တွေကို ခရီးစဉ်လိုက်ပို့တဲ့ ယာဉ်မောင်းတွေကို သဒ္ဒါကြေးပေးလို့ ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန်မှာတော့ စားပွဲထိုးကို တစ်ပ်ပေးတာဟာ စော်ကားရာရောက်ပါတယ်။

ဂျပန်

ဂျပန်မှာတော့ သူတို့ရဲ့ ယဉ်ကျေးမှုကျင့်ဝတ်အရ သဒ္ဒါကြေးပေးဖို့ ခက်ပါတယ်။ ဒါပေမယ့် လူမှုရေးအရ မင်္ဂလာဆောင်တို့၊ စျာပနတို့ လိုမျိုးနဲ့ ထူးထူးခြားခြား အခြေအနေမျိုးတွေမှာ သဒ္ဒါကြေးကို လက်ခံကြပါတယ်။ သာမန် အချိန်မျိုးမှာ ပေးရင် လက်ခံသူကို သိမ်ငယ်အောင် လုပ်သလို ဖြစ်နိုင်ပါတယ်။

သူတို့ရဲ့ ခံယူချက်ကတော့ ဝန်ဆောင်မှု ကောင်းကောင်းရမယ်လို့ အစကတည်းက မျှော်လင့်ထားပြီးသားဖြစ်သင့်တယ် ဆိုတာပါပဲ။ တစ်ပ်ပေးနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးမှာတောင် ဘယ်လိုပေးရမယ်ဆိုတယ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ ကျေးဇူတင်တယ် လေးစားပါတယ်ဆိုတာ ပြတဲ့ အနေနဲ့ ပိုက်ဆံကို အထူးလုပ်ထားတဲ့ အိပ်လေးတွေထဲ ထည့်ပြီးပေးရတာမျိုး ဖြစ်ပါတယ်။

ဟော်တယ်ဝန်ထမ်းတွေကိုလည်း တစ်ပ်ကို ဘယ်လိုယဉ်ယဉ်ကျေးကျေး ငြင်းရမယ်ဆိုတာ လေ့ကျင့် သင်တန်းပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြင်သစ်နိုင်ငံကတော့ စားသောက်ဆိုင်တွေမှာ တစ်ပ်ပေးတဲ့ အလေ့အကျင့်ကို ပထမဆုံး လက်ခံကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

ပြင်သစ်

ပြင်သစ်နိုင်ငံမှာ ၁၉၅၅ ခုနှစ်က စားသောက်ဆိုင်တွေမှာ ငွေရှင်းရင် စားသောက်စရိတ်ထဲမှာ ဝန်ဆောင်ခပါ ထည့်သွင်းဖို့ ဥပဒေပြဌာန်းအတည်ပြုခဲ့ပါတယ်။ နောင်မှာ ဥရောပတဝန်း နဲ့ တခြားကမ္ဘာ့ နိုင်ငံတွေမှာ ဒီအလေ့အကျင့်ကို ကျင့်သုံးလာခဲ့ကြပါတယ်။ ဒါဟာ တနည်းအားဖြင့် စားပွဲထိုးတွေရဲ့ လုပ်ခငွေ တိုးတက်လာစေဖို့နဲ့ စားပွဲထိုးတွေကို တစ်ပ်အပေါ်မှာပဲ အားထားမနေအောင် ရည်ရွယ်တာဖြစ်ပါတယ်။

ဒါပေမယ့် တစ်ပ်ပေးတာက ထုံးစံလို ဖြစ်နေဆဲဆိုပေမယ့် ပြင်သစ်မှာ လူငယ်တွေအများစုက တစ်ပ်မပေးကြတော့သလို စားသောက်သူ ၁၅ ရာခိုင်နှုန်းကလည်း ဘယ်တော့ မှ တစ်ပ်ပေးမှာ မဟုတ်ဘူးလို့ ၂၀၁၄ ကလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ ၂၀၁၃ ကထက် နှစ်ဆပိုများလာတာဖြစ်ပါတယ်။

တောင်အာဖရိက

တောင်အာဖရိကမှာတော့ တခြားနိုင်ငံတွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ ထူးထူးခြားခြား ဝန်ဆောင်ခ တမျိုးပေးရပါတယ်။ အဲဒါကတော့ ကားစောင့်ခပါ။

တောင်အာဖရိကမှာ အလုပ်လက်မဲ့ ၂၅ ရာခိုင်နှုန်းတိုးလာချိန်မှာပဲ ကားစောင့်တဲ့ လုပ်ငန်းလုပ်သူတွေလည်း တိုးလာခဲ့ပါတယ်။ သူတို့က ကားရပ်စရာနေရာရှာပေးတယ်၊ ရပ်ထားတဲ့ ကားကို စောင့်ကြည့်ပေးကြပါတယ်။ တရားဝင် စာရင်ဇယားအရ တောင်အာဖရိကမှာ ၂၀၁၇က တနေ့ကို ကားစီရေး ၁၄၀ လောက် အခိုးခံခဲ့ရပါတယ်။

ကားစောင့်ခအဖြစ် တဒေါ်လာလေက်တောင် မပေးရပါဘူး၊ ဒါပေမယ့် ပြသနာက ဒီလုပ်ငန်းဟာ ကြီးကြပ်မယ့်သူမရှိ ၊ အာမခံ မရှိတာမို့ တောင်အာဖရိကမှာ အခြေအတင် ငြင်းခုံစရာဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်အာဖရိကက ကားစောင့်လုပ်ငန်း

ဆွဇ်ဇာလန်

ဆွဇ်ဇာလန်ပြည်သူတွေကတော့ ဟော်တယ်ဝန်ထမ်းတွေနဲ့ ဆံပင်အလှပြင်ဆိုင်က ဝန်ထမ်းတွေကို တစ်ပ်တို့ သဒ္ဒါကြေးတို့ ပေးလေ့ရှိတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ဆွဇ်ဇာလန်ဟာ ကမ္ဘာမှာ အနိမ့်ဆုံး လုပ်ခ အများဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဥပမာ စားပွဲထိုးတယောက်ဟာ တလကို ဒေါ်လာ ၄၀၀၀ ကျော်ရပါတယ်။ ဒါကြောင့် သူတို့ဟာ အမေရိကန်စားပွဲထိုးတွေလို တစ်ပ်ကို အားထားစရာမလိုပါဘူး။

အိန္ဒိယ

အိန္ဒိယက စားသောက်ဆိုင်အများအပြားမှာ စားသောက်ခစာရင်းထဲမှာ ဝန်ဆောင်ခပါထည့်ထားပြီးဖြစ်လို့ တစ်ပ်မပေးလည်းရပါတယ်။ ဝန်ဆောင်ခမပါဘူးဆိုရင်တော့ ယဉ်ကျေးမှုအရ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းပေးရမှာဖြစ်ပါတယ်။

တစ်ပ်ပေးစရာမလိုလို့ ရေးထားတဲ့ စားသောက်ဆိုင်တွေလည်း တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် လေ့လာမှုအရ အာရှမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံပြီးရင် အိန္ဒိယဟာ တစ်ပ်ပေးသူ အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စင်္ကာပူနိုင်ငံမှာ အာဏာပိုင်တွေက တစ်ပ်ပေးတာကို သဘောမကျကြပါဘူး။

စင်္ကာပူ

စင်္ကာပူမှာတော့ စားသောက်ဆိုင်တွေ ဟော်တယ်တွေနဲ့ တက္ကစီတွေမှာ ငွေနည်းနည်းပါးပါး အပိုပေးတာဟာ စော်ကားရာ မရောက်ပေမယ့် ပြသနာဖြစ်နိုင်တဲ့ ကိစ္စတခုဖြစ်ပါတယ်။ အစိုးရရဲ့ ဝက်ဆိုက်မှာတော့ တစ်ပ်ပေးတာဟာ မလုပ်သင့်တဲ့ အလေ့အကျင့်လို့ ဖေါ်ပြထားပါတယ်။

အီဂျစ်

အီဂျစ်မှာ တစ်ပ်ပေးတာ ဒါမှမဟုတ် သဒ္ဒါကြေးပေးတဲ့ အလေ့က အမြစ်တွယ်နေပြီး သူတို့စကားနဲ့ ဘာရှီးလို့ လူသိများပါတယ်။ ကြွယ်ဝတဲ့ အီဂျစ်လူမျိုးတွေက စားပွဲထိုးကနေ ဓါတ်ဆီဆိုင်ဝန်ထမ်း အထိ အမျိုးမျိုးသော ဝန်ထမ်းတွေကို တစ်ပ် ပုံမှန်ပေးကြပါတယ်။ အလုပ်လက်မဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး စီးပွားရေးသိပ်မကောင်းတဲ့ နိုင်ငံမှာ တစ်ပ်ပေးတာကို ကြိုဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီဂျစ်မှာ တစ်ပ်ပေးတာ ဒါမှမဟုတ် သဒ္ဒါကြေးပေးတဲ့ အလေ့က အမြစ်တွယ်နေပြီး

အီရန်

အီရန်ကို လာလည်တဲ့ ဧည့်သည်တွေဟာ တာရုဖ်လို့ ခေါ်တဲ့ အီရန်ထုံးစံဓလေ့တခုကို ကြုံကောင်းကြုံနိုင်ပါတယ်။ အဲဒါကတော့ တခုခုကို ငွေပေးချေတဲ့အခါ ယဉ်ကျေးမှုအရ အစမှာ ငြင်းလေ့ရှိပြီး ထပ်ပေးမှ လက်ခံတဲ့ ဓလေ့ဖြစ်ပါတယ်။ တက္ကစီမောင်းသမားက ကားခကို ပေးခါစမှာ ငြင်းတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပ်ကိုတော့ လက်ခံကြပါတယ်။ တစ်ပ်တို့ သဒ္ဒါကြေးတို့ဟာ သူတို့အတွက် နေ့စဉ်ဝင်ငွေရဲ့ တချို့တဝက်ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီရန်မှာတော့ ယဉ်ကျေးမှုအရ အခကြေးငွေးပေးတာကို အစမှာ ငြင်းတဲ့ ဓလေ့ရှိပေမယ့် တစ်ပ်ကိုတော့ လပ်ခံ

ရုရှား

ဆိုဗီယက်ပြည်ထောင်စုကာလတုန်းက ရုရှားမှာ တစ်ပ်ပေးတဲ့ အကျင့်ကို လက်မခံခဲ့ပါဘူး၊ အလုပ်သမားလူတန်းစားကို သိမ်ငယ်စေတယ်လို့ ယူဆခဲ့တာပါ။

တစ်ပ်ကို ရုရှားဘာသာနဲ့ chayeviye လို့ခေါ်ပြီး လက်ဖက်ရည်ဖိုးလို့ အဓိပ္ပါယ်ရပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေမှာ တစ်ပ်ပေးတဲ့ အလေ့ ပြန်ခေတ်စားလာခဲ့ပေမယ့် အသက်အရွယ်ကြီးသူတွေကတော့ စော်ကားရာရောက်တယ်လို့ ထင်နေကြဆဲဖြစ်ပါတယ်။

အာဂျင်တီးနား

စားပွဲထိုးတွေကို တစ်ပ်ပေးတာဟာ အာဂျင်တီးနားမှာတော့ ပြသနာ မဟုတ်ပေမယ့်တကယ်တန်း ၂၀၀၄ခု ဟော်တယ်နဲ့ စားသောက်ဆိုင်လုပ်ငန်း အလုပ်သမားဥပဒေအရ ဥပဒေနဲ့ မညီပါဘူး၊ ဒါပေမယ့် စားပွဲထိုးတွေရဲ့ ဝင်ငွေ ၄၀ ရာခိုင်နှုန်းဟာ တစ်ပ်က ရတဲ့ ငွေ ဖြစ်ပါတယ်။