ကျွန်မတို့ကို ယုံကြည်ပါ၊ တန်းတူအခွင့်ရေးပေးပါ

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရန်ကုန်က အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးငယ်တွေ

ပန်းရောင်ဝတ်စုံတွေနဲ့ လူတစု၊ အများစုက အမျိုးသမီးတွေ၊ သူတို့တွေက လမ်းသွားလမ်းလာနေတဲ့သူတွေကို အပြုံးနဲ့နှုတ်ဆက်ရင်း စာရွက်လေး တရွက်ကို ဝေပေးနေပါတယ်။

စာရွက်ရယူလိုက်တဲ့သူကို လူသွားလူလာလွတ်တဲ့ လမ်းဘေးနေရာကိုခေါ်ပြီး စာရွက်ထဲမှာပါရှိတဲ့ အကြောင်းတွေကို ရှင်းပြမေးမြန်းတဲ့ လှုပ်ရှားမှုတခုကို မြေနီကုန်းမီးပွိုင့်၊ ဒဂုံစင်တာ - ၁ အရှေ့ဘက် ကားလမ်း တဘက်ခြမ်းမှာ သူတို့တွေ လုပ်ကိုင်နေကြတာပါ။

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးငယ် မနန်းမိုဇန်ဦးက စစ်တမ်းလေးတခု မေးမြန်းနေတာ ဖြစ်ကြောင်းနဲ့ သူရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

" အခုစစ်တမ်းကို လမ်းသွားလမ်းလာ အမျိုးသမီးတွေချည်း မဟုတ်ဘဲ အမျိုးသားတွေကိုလည်း မေးတဲ့အခါ သူတို့နဲ့ ဘာဆိုင်လဲ၊ ဒီဟာက အမျိုးသမီးကိစ္စပဲလို့ ပြောတဲ့ အမျိုးသားတွေကို တွေ့ရတယ်၊ အဲလိုပြောတော့ သေချာရှင်းပြ ခဲ့ရတယ်။ တချို့အမျိုးသားတွေကတော့ သူတို့နဲ့လည်း သက်ဆိုင်တယ်ဆိုပြီး ဖြေသွားကြတယ်" လို့ မနန်းမိုဇန်ဦးက ပြောပါတယ်။

စစ်တမ်းမှာ အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ကို သိလား၊ ရန်ကုန်လိုနေရာမှာ မိန်းကလေးငယ်တွေရော အမျိုးသမီးတွေအတွက် လုံခြုံတယ်လို့ ခံစားရလား၊ မလုံခြုံဘူးဆို အထူးသဖြင့် ဘယ်လိုနေရာတွေလဲ၊ မိန်းကလေးတွေကို နှောက်ယှက်တာ၊ အကြမ်းဖက်ခံနေရတာကို သိသလား၊ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေက လုပ်တာကိုတွေ့ရတတ်လဲစတဲ့ မေးခွန်းတွေကို မနန်းမိုဇန်ဦး အပါအဝင် လူငယ်လေးတွေပါဝင်တဲ့ အဖွဲ့က မေးမြန်းကောက်ယူခဲ့တာပါ။

ဒါက အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ လှုပ်ရှားမှု အဖြစ် အစိုးရ မဟုတ်တဲ့ နိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်း Plan International Myanmar ရဲ့ အစီအစဉ်နဲ့ ရန်ကုန်က လူစည်ကားရာ ရထားဘူတာနဲ့ ကားမှတ်တိုင်တွေမှာ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၁ ရက်ကို အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ အဖြစ် ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ အထွေထွေညီလာခံကနေ ၂၀၁၂ ခုနှစ်က စတင် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာက အမျိုးသမီးငယ်တွေ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက မိန်းကလေးငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးကြောင်း အသိပေးလှုံ့ဆော်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီနေ့မှာ အဓိက ခေါင်းစဉ် တခုပေးပြီး ကမ္ဘာတဝန်း ကျင်းပလာရာမှာ ၂၀၁၈ ခုနှစ်ရဲ့ လှုပ်ရှားမှုခေါင်းစဉ်က "မိန်းကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ မြို့ပြ/ကျေးလက်ဒေသ" ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမျိုးသမီးငယ်တွေရဲ့ လုံခြုံရေး ဘယ်လောက်ရှိနေလဲ

ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှာလည်း ပထမဆုံးအကြိမ် အဖြစ် အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ Plan International တို့ ပူးပေါင်း လုပ်ဆောင်ပြီး အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

Plan International Myanmar က ပြုလုပ်တဲ့ ရန်ကုန်က အခြေခံ လူထုကို အဓိက ထားမေးတဲ့ လူ ၇၃၉ ဦးပါ စစ်တမ်းငယ် အရ ဆိုရင် ရန်ကုန်မြို့ပြမှာ နေထိုင်ရသူ ၈၅ ရာခိုင်နှုန်းက လုံခြုံမှုမရှိဘူးလို့ ဖြေကြပြီး ၁၅ ရာခိုင်နှုန်းသာ လုံခြုံတယ်လို့ ဖြေကြပါတယ်။

လုံခြုံမှုမရှိတဲ့ နေရာတွေဟာ မြို့ပြင်လို နေရာတွေရယ်၊ အဝေးပြေးကားဂိတ်တွေ၊ အများသုံး ပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ ဘတ်စ်ကား၊ ရထားတွေပေါ်နဲ့ ပန်းခြံလိုနေရာတွေ အပြင် တက္ကသိုလ် ကျောင်းဝင်းတွေ အထိ ပါဝင်နေတာ တွေ့ရတယ် လို့ ဆိုပါတယ်။ အမျိုးသမီးတွေကို နှောက်ယှက်မှုပြုတာတွေမှာ နှုတ်စကားနဲ့ နောက်ပြောင်တာ၊ ကိုယ်အမူအရာနဲ့ ကျုးလွန်တာတွေကို တွေ့ကြုံရတယ်လို့ အများစုက ဖြေဆိုကြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကို သေစေရတဲ့ ဒုတိယအကြောင်းရင်းက အကြမ်းဖက်မှု ဖြစ်တယ်လို့လည်း Plan International က နိုင်ငံတကာမှာ ပြုစုခဲ့တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ မိန်းကလေး သန်း ၇၀ နီးပါးဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပုံစံ တစ်မျိုးမျိုးနဲ့ အသက် ၁၅ နှစ် အရွယ်ကတည်းက စတင် ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လိင်အမြတ်ထုတ်စော်ကားမှု ဆိုတာဘာလဲ

မြန်မာနိုင်ငံမှာတော့ အသက် ၁၅ နှစ်ကနေ ၁၇ နှစ် အတွင်းရှိတဲ့ မိန်းကလေး ၁၃.၁ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရပြီး ဝ.၄ ရာခိုင်နှုန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေရတယ်လို့ အစိုးရဌာန ဆိုင်ရာ ထုတ်ပြန်ချက်တွေကို အခြေခံပြီး Plan International Myanmar က ပြောပါတယ်။

ပလန်အင်တာနေရှင်နယ် မြန်မာရဲ့ ပရိုဂရမ်ဒါရိုက်တာ ဒေါ်လင်းလင်းအောင်က မြန်မာ့လူ့အသိုင်းအဝန်းမှာ မိန်းကလေးတွေကို နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံလာခဲ့တော့ အခုလိုအချိန်မှာတောင် မိန်းကလေးတွေဟာ သူတို့ခွဲခြားဆက်ဆံ ခံနေရပါလားလို့ မသိတော့လောက်အောင် နေသားကျနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီနှစ် အတွက် မြန်မာပြည်က အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ လှုံဆော်ရေး အစီအစဉ်မှာ ဆယ်ကျော်သက် မိန်းကလေးငယ်တွေ ခေါင်းဆောင်မှု နေရာကို ဦးစီးဦးဆောင် လွှဲပြောင်းရယူခြင်းဆိုတဲ့ (Girls: Takeover) အစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။

ဒီအစီအစဉ်မှာ ပလန်မြန်မာအင်တာနေရှင်နယ်ရဲ့ ဌာနေ အမှုဆောင် အရာရှိ တာဝန်ကို တနေ့တာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မမေရီမွန်းခေါန်က သူ့အနေနဲ့ ခေါင်းဆောင်တယောက်ရဲ့ လုပ်ငန်းတာဝန်၊ ဝန်ထမ်းတွေနဲ့ ပြုမူဆက်ဆံပုံတွေ၊ စီမံခန့်ခွဲမှုတွေ၊ အစည်းအဝေးလုပ် ဆုံးဖြတ်ပေးရတာကို သိရှိလုပ်ခွင့်ရလို့ ယုံကြည်မှု ပိုရှိလာတယ်၊ လုပ်ကိုင်နိုင်စိတ်ရှိလာတယ်လို့ ပြောပါတယ်။

" ဌာနေ အမှုဆောင် အရာရှိ တာဝန်ယူခဲ့ရတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ ပိုတိုးလာတယ်။ ကိုယ်သာတနေ့ဒီလို တာဝန်ယူ လုပ်ခွင့်ရမယ်ဆို လုပ်နိုင်တယ်။ ကျွန်မတို့ကို ယုံကြည်ပေးပါ၊ လုပ်ခွင့်ပေးပါ။ အမျိုးသမီးတွေဆိုပြီး မခွဲခြားပါနဲ့၊ မနှိမ်ပါနဲ့၊ လက်တွဲခေါ်ပေးပါ " လို့ မမေရီမွန်းခေါန်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမျိုးသမီး ခေါင်းဆောင်ခွင့်ရရင် ကမ္ဘာကြီးပိုလှလာမယ်

ဒါ့အပြင် ကမ္ဘာမှာရှိတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးကြား ခွဲခြားဆက်ဆံမှုအဖြစ် မူလတန်းပညာရေး တက်ရောက်ရမယ့် အရွယ်ရှိတဲ့ မိန်းကလေး ၃၂ သန်းဟာ ကျောင်းတက်ခွင့် မရကြဘူးလို့လည်း Plan International က ဆိုပါတယ်။ အသက် ၁၃ နှစ်ကနေ ၁၅ နှစ် အတွင်းရှိတဲ့ မိန်းကလေး ၃ ဦးမှာလည်း ၁ ဦးက အနိုင်ကျင့်မှုတွေကို နေ့စဉ် ကြုံတွေ့နေရတယ်လို့ Plan International ရဲ့ ကမ္ဘာလုံး ဆိုင်ရာ တွေ့ရှိချက်က ထောက်ပြထားပါတယ်။

ဒီအခြေအနေကြောင့် မိန်းကလေးတွေ လုံခြုံမှုရှိရေး၊ တန်းတူ ပညာသင်ကြားခွင့်နဲ့ ခေါင်းဆောင်ခွင့် ရရေးတို့ အတွက် သက်ဆိုင်ရာ အစိုးရသာမက လူမှုအဖွဲ့အစည်း တခုလုံးက အလေးဂရုပြုဖို့ လိုအပ်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

မနန်းမိုဇန်ဦးကတော့ မိန်းကလေးတွေကို အမှတ်စာရင်း ခွဲခြားတာမျိုး၊ ဦးဆောင်ခွင့် မပေးတာမျိုးသာမကပါဘူး မိသားစု အိမ်တွင်းမှာတောင် သမီးမိန်းကလေးထက် သားယောက်ျားလေးကို ဦးစားပိုပေးတာ၊ ဒုတိယနေရာမှာပဲ ထားတာမျိုးတွေ မီးဖိုချောင်ကိစ္စဆိုလည်း သမီးမိန်းကလေးနဲ့သာ သက်ဆိုင်တာတွေက မိန်းကလေးတွေ အမြဲကြုံနေရတဲ့ ပြဿနာတွေပါလို့ ပြောပါတယ်။

" ကျွန်မတို့တွေ မွေးဖွားလာချိန်မှာ ယောက်ျားလေး အဖြစ်မွေးပါစေ၊ မိန်းကလေးအဖြစ် မွေးပါစေဆိုပြီး ရွေးချယ်မွေးဖွားလာခွင့် ရကြတာ မဟုတ်ပါဘူး။ ဒီလိုရွေးချယ်ခွင့် မရလို့ မိန်းကလေးအဖြစ် မွေးလာတာဟာ ကျွန်မတို့ရဲ့အပြစ် မဟုတ်ပါဘူး၊ ခွဲခြားဆက်ဆံဖို့လည်း မလိုဘူးထင်ပါတယ်။ ကျွန်မတို့ကို တန်းတူအခွင့်အရေးတွေပေးပါလို့ပဲ ပြောချင်ပါတယ်" လို့ မနန်းမိုဇန်ဦးက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်

ဒီသတင်းနဲ့ပတ်သက်သမျှ