ANP, ALD, ရခိုင်ဦးဆောင်ပါတီ စတဲ့ ရခိုင်ပါတီတွေ ဘာ့ကြောင့် မပေါင်းနိုင်ကြသလဲ

ANP ဓာတ်ပုံ မူပိုင် ANP
Image caption ရခိုင်ပါတီကြီးနှစ်ခုပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီကို ထူထောင်ခဲ့

၂၀၀၈ အခြေခံဥပဒေနဲ့ ပြန်လည် အသက်သွင်းခဲ့တဲ့ ရွေးကောက်ပွဲတွေ စတင်လာပြီးနောက်မှာ တိုင်းရင်းသားပါတီတွေဟာ တပါတီတည်း အဖြစ် စုပေါင်းနိုင်ဖို့ ကြိုးစားလာကြတယ်။ အဲသလိုကြိုးစားလာကြတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပါတီတွေ မဲမကွဲဖို့။ ဗမာလူမျိုးပါတီတွေကို အနိုင်ယူနိုင်ဖို့ပါပဲ။ နိုင်တဲ့သူအကုန်ယူတဲ့ မဲပေးစနစ် First Past the Post စနစ်ကြောင့်လည်း အဲသလို တိုင်းရင်းသားတွေ တပါတီတည်းပေါင်းဖို့ ကြိုးစားကြတဲ့ အစဉ်အလာတွေဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ပြည်နယ်တခုမှာ တိုင်းရင်းသားပါတီ ၃ ပါတီရှိတယ်ဆိုပါစို့။ တိုင်းရင်းသားအများစုက သူတို့ပါတီ ၃ ပါတီကို ပေးတဲ့မဲအရေအတွက် စုစုပေါင်းဟာ ဒီချုပ်ပါတီတို့ ကြံ့ခိုင်ရေး ပါတီတို့ တပါတီချင်းကိုပေးတဲ့ မဲအရေအတွက်ထက်ပိုပေမယ့် တိုင်းရင်းသားပါတီ တွေမဲရှုံးခဲ့တာမျိုးကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံတွေ့ခဲ့ကြရတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ တပါတီချင်းရတဲ့မဲဟာ ဒီချုပ် သို့မဟုတ် ကြံ့ခိုင်ရေးက တပါတီချင်းရတဲ့ မဲအရေအတွက်ကို မမီလို့ပါပဲ။ မဲအများဆုံးရတဲ့ ပါတီက အကုန်ယူစနစ်ကြောင့် တိုင်းရင်းသားပါတီတွေ သုံးပါတီပေါင်းမဲကများပေမယ့် ရှုံးနိမ့်ခဲ့ကြရတယ်။

ဒါ့ကြောင့် တိုင်းရင်းသားပါတီတချို့နဲ့ ပါတီငယ်တချို့က ပီအာလို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုတဲ့ မဲပေးစနစ်ကို ပြောင်းလဲချင်ကြပေမယ့် တပ်မတော်က ၂၅ ရာနှုန်းကို ဘယ်သူမှမဲမပေးဘဲ ရယူထားတဲ့ အခြေခံဥပဒေအောက်မှာ ပီအာစနစ်ကို သုံးမယ်ဆိုရင် တပ်မတော်နဲ့ သူတို့ရဲ့နီးစပ်ရာအင်အားစုတွေဘက်က တဖက်သတ် အသာစီးရလွန်းတဲ့ အတွက် ကန့်ကွက်သူများခဲ့ပါတယ်။ ဒါ့ကြောင့် ပီအာစနစ် မပြောင်းနိုင်ခဲ့ပါဘူး။

ဒီလိုအခြေအနေအောက်မှာ တိုင်းရင်းသားပါတီတွေ အနေနဲ့ ဗမာပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ကို ရင်ဆိုင်နိုင်ဖို့ရာ တိုင်းရင်းသား ပါတီအားလုံး တပေါင်းတည်းဖြစ်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား ပြည်သူလူထုတွေဟာ တိုင်းရင်းသားပါတီတွေ တပါတီတည်းပေါင်းစည်းကြဖို့ ဖိအားပေးတိုက်တွန်းလေ့ရှိကြပါတယ်။

အဲသလိုဖိအားပေးတိုက်တွန်းမှုတွေကြောင့် မကြာခင်က ချင်းပါတီတွေနဲ့ မွန်ပါတီတွေဟာ တပါတီတည်း အဖြစ်ပေါင်းစည်းနိုင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာတော့ ပါတီ ၄ ခုပေါင်းနိုင်ခဲ့တယ်။ ၂ ပါတီကမပေါင်းဘဲကျန်ခဲ့တယ်။ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ ပေါင်းစည်းရေးလှုပ်ရှားမှုကို သိပ်တက်တက်ကြွကြွ မမြင်ရဘူး။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့ ပေါင်းစည်းရေးကို ပြည်သူလူထုက လိုလားတောင်းဆိုကြ ပေမယ့် မပေါင်းစည်းနိုင်ကြတဲ့ အခြေအနေပါ။

အဲသလို မပေါင်းနိုင်ကြတဲ့အထဲက ရခိုင်ပါတီတွေ ဘာ့ကြောင့် မပေါင်းနိုင်ကြသလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်။

ဓာတ်ပုံ မူပိုင် ANP

အရင်ဆုံးပေါင်းစည်းခဲ့ကြ

တကယ်တော့ ရခိုင်ပါတီတွေဟာ သူများထက်စောပြီး အရင်ပေါင်းနိုင်ခဲ့ကြပါတယ်။ ရခိုင်အမျိုးသားပါတီတွေ မဲကွဲရင် ပြည်မပါတီတွေ အနိုင်ရသွားတတ်တဲ့ သင်ခန်းစာကို စောစောကတည်းက ရခိုင်လူမျိုးတွေ သင်ယူနားလည်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ရခိုင်ပါတီတွေ ပေါင်းစည်းရေးကို ဖိအားပေးခဲ့ကြပါတယ်။

ရခိုင်ပြည်သူတွေရဲ့ ဖိအားကြောင့် ရခိုင်ပါတီကြီးနှစ်ပါတီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့ဟာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပေါင်းခဲ့ကြပါတယ်။ ပါတီနှစ်ခုကို ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ ANP နံမည်နဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပါတီသစ်ထူထောင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မတ်လ ၆ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ဆီ မှတ်ပုံတင်ခဲ့ပါတယ်။

ဒါပေမယ့်ပေါင်းစည်းစဉ်ကတည်းက သူတို့ရဲ့ ပေါင်းစည်းမှုဟာ စိတ်မသက်မသာ ပေါင်းစည်းခဲ့ရတဲ့ ပုံစံမျိုးဖြစ်ခဲ့ပါတယ်။

ABSDF ရခိုင်ကျောင်းသားများအဖွဲ့ရဲ့ ဥက္ကဋ္ဌ ခိုင်စန်းအောင်က အခုလိုပြောပြပါတယ်။

"ALD နဲ့ RNDP ဟာမလွှဲမရှောင်သာပဲ ပေါင်းခဲ့ရတဲ့ သဘောရှိပါတယ်။ ရဟန်းသံဃာတွေရော၊ ပြည်သူတွေရော တောင်းဆိုချက်အရပေါ့နော်"

ဝံလတ်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာခိုင်ကောင်းစံကတော့ အခုလို သုံးသပ်ပါတယ်။

"ပေါင်းတဲ့အချိန်တုံးက RNDP က လက်ဦးမှုရခဲ့တာပေါ့။ မြို့နယ်ကိုယ်စားလှယ်တွေ ဖိတ်တဲ့အချိန်မှာ ကိုယ်နှိုက်က အချိုးအစားမညီခဲ့ဘူး။ နောက်ပြီး ALD က ၂၀၁၀ မှာတုန်းက ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့တော့ ရွေးကောက်ပွဲဝင်တဲ့ RNDP က အင်အားပိုများခဲ့တယ်။ တကယ်တော့လည်း RNDP ထဲရောက်တဲ့ လူတော်တော်များများကလည်း အရင်က ALD ကလူတွေတော်တော်ပါပါတယ်"

ဘာပဲဖြစ်ဖြစ် ရခိုင်နှစ်ပါတီပေါင်းစည်းနိုင်ခဲ့တာဟာ သူတို့အတွက် အကျိုးရှိခဲ့ပါတယ်။ ရခိုင်နှစ်ပါတီ ပေါင်းစည်းထူထောင်ထားတဲ့ ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ ပြည်နယ်လွှတ်တော်အမတ်နေရာ အများစုကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရာထူးကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူ့ပါတီဝင်ကိုပဲခန့်ထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AlD

နောက်ခံသမိုင်းချင်းမတူ

ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၉ ခု စက်တင်ဘာလကတည်းက ထူထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ALD ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ပါတီဖြစ်ပါတယ်။ ပါတီခေါင်းဆောင် ဦးအေးသာအောင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဋ္ဌနေရာယူထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။

RNDP ခေါင်းဆောင် ဒေါက်တာအေးမောင်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး ရေးပါတီ ခေါင်းဆောင်တွေနဲ့ နီးစပ်မှုရှိခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့အတွက် ကြံ့ခိုင်ရေးပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပြင်ဆင်ခဲ့ပါတယ်။ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်နဲ့ သပိတ်မှောက်တော့ ကြံ့ခိုင်ရေးပါတီက တိုင်းရင်းသားပါတီတွေ ပေါ်ထွက်လာရေးကြိုးစားခဲ့ပါတယ်။ ခိုင်ကောင်းစံက အခုလို ပြန်ပြောပြပါတယ်။

"ကျွန်တော့်အမြင်အရပြောရရင် RNDP ကကြံ့ခိုင်ရေးနဲ့ နီးစပ်တယ်ဆိုတာကတော့ ပေါ်ပေါက်လာတဲ့ အကြောင်းအရာနဲ့ ဆိုင်ပါတယ်။ ကြံ့ခိုင်ရေးက အဲဒီအချိန်မှာ တိုင်းရင်းသားပါတီတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတဲ့ အရာတွေရှိတယ်။ သူတို့က အလုပ်ရုံ ဆွေးနွေးပွဲတွေခေါ်တယ်။ ခေါ်ပြီးတော့မှ ပါတီပေါ်လာတယ်။ ဒါပေမယ့် တကယ်တန်းပါတီရဲ့ မူအရကြံ့ခိုင်ရေးနဲ့ နီးစပ်တာတော့ မဟုတ်ပါဘူး။ ပါတီခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီရဲ့ခေါင်းဆောင်တွေနဲ့ အရမ်းနှီးနွယ်နေတာ တွေ့ရတာပေါ့နော်"

ပါတီနှစ်ခုဟာ နောက်ခံသမိုင်းချင်းမတူသလို တိမ်းညွှတ်ပုံချင်းလည်း ကွာခြားတဲ့ အတွက် ANP ပါတီအဖြစ်ပူးပေါင်းပြီးတဲ့အခါမှာလည်း လုပ်နည်းလုပ်ဟန် ဆက်လက် ကွဲပြားခဲ့ပါတယ်။ ANP ထဲက ALD ဟောင်းတွေက UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ မဟာမိတ်ပြုချင်တဲ့ အချိန်မှာ ANP ထဲက RNDP အုပ်စုကတော့ NBF ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းနဲ့ မဟာမိတ်ပြုချင်ကြပါတယ်။

ဒါပေမယ့် ရခိုင်နှစ်ပါတီအကြားမှာ မတူတာတွေရှိခဲ့သလို တူတာတွေလည်း ရှိခဲ့လို့ ပူးပေါင်းဖြစ်ခဲ့ကြတာပါ။ ရခိုင်ပြည်နယ်အတွက် အရေးပါတဲ့ ရိုဟင်ဂျာပြဿနာ အပေါ်မှာ နှစ်ပါတီအမြင်တူပါတယ်။ ရခိုင်အမျိုးသားရေးကို ဦးစားပေးကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လက်မခံကြပါဘူး။

ဓာတ်ပုံ မူပိုင် AlD
Image caption ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံး

တစ်နဲ့တစ်နဲ့ပေါင်းသုံး

ပါတီနှစ်ပါတီညီညွတ်ပြီး တပါတီတည်းအဖြစ်တသားတည်း ပေါင်းစည်းလိုက်နိုင်တာမျိုးကို ၁+၁=၁ လို့တင်စားပြောဆိုကြပါတယ်။ ရခိုင်ပါတီတွေရဲ့ အဖြစ်ကတော့ ၁+၁=၃ ဖြစ်ခဲ့ပါတယ်။

ရခိုင်နှစ်ပါတီပေါင်းခဲ့ပေမယ့် ၂၀၁၇ ခုဇန်နဝါရီလဆန်းမှာ ALP ဟာ ANP ထဲက ပြန်ခွဲထွက်ခဲ့ပါတယ်။

ဒေါက်တာအေးမောင်ကလည်း ANP ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်စာတင်ထားခဲ့ပါတယ်။ ပါတီကတော့ အခုထိ နုတ်ထွက်ကြောင်း အတည်မပြုသေးပါဘူး။ ဒါပေမယ့် ဒေါက်တာအေးမောင်ဦးဆောင်မယ့် ပါတီသစ်ဟာ ရခိုင်ဦးဆောင်ပါတီနံမည်နဲ့ အခု ၂၀၁၈ ခု အောက်တိုဘာလထဲမှာပဲ မှတ်ပုံခွင့်ရခဲ့ပါတယ်။ ရခိုင်ဦးဆောင်ပါတီမှတ်ပုံတင်ခွင့်ကျခဲ့ပေမယ့် ဒေါက်တာအေးမောင်ကတော့ မြောက်ဦးမြို့နယ်က ဟောပြောပွဲ တခုမှာ နိုင်ငံတော် အကြည်ညိုပျက်အောင် ဟောပြောတယ်ဆိုပြီး တရားစွဲခံထားရပါတယ်။

ဒီတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ အုပ်စုကြီး ၃ အုပ်စုဖြစ်သွားပါတယ်။

ခိုင်ကောင်းစံက

"အခုက ၃ အုပ်စုလို့ ပြောလို့ရတယ်လေ။ ALD အုပ်စုရယ်၊ အခုကျန်ခဲ့တဲ့ ANP ရယ်၊ နောက်တခုကတော့ ဒေါက်တာအေးမောင်အုပ်စုရယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒေါက်တာအေးမောင်ကိုယ်တိုင်ကလည်း ANP ဥက္ကဋ္ဌကနေ နုတ်ထွက်ထားတာ ရှိတယ်။ သို့သော် ပါတီကတော့ တရားဝင်နုတ်ထွက်ခွင့် မပြုသေးဘူး။ သို့သော် သူ့မှာပါတီထောင်ထားပြီလေ။ သူ့ပါတီလည်း မှတ်ပုံတင်က ကျလာပြီဆိုတော့ အုပ်စုက ၃ အုပ်စုဖြစ်နေတယ်။ နောက်တဘက်မှာဆိုရင် NLD ကလည်း အားကောင်းတယ်။ နောက် ကြံ့ဖွံ့ကလည်း ရှိနေသေးတယ်။ ရခိုင်အမျိုးသားရေးမှာဆိုရင်တော့ အဓိက အင်အားစု ၃ စုလို့ပြောလို့ရတယ်"

Image caption ဒေါက်တာအေးမောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးပြီး တရားစွဲဆို

ဘာ့ကြောင့်ကွဲခဲ့ကြသလဲ

ရခိုင်ပါတီတွေပေါင်းစည်းခဲ့ကြပြီးမှာ ဘာ့ကြောင့်ပြန်ကွဲခဲ့ကြသလဲ။ စောစောက ကျွန်တော်တို့ပြောခဲ့သလို ALD နဲ့ ANP အကြားမှာ မူဝါဒနဲ့တိမ်းညွှတ်မှုတွေမှာ မတူညီတာတွေရှိကြတယ်။ ဒါပေမယ့် အမျိုးသားရေးအလံအောက်မှာ နှစ်ပါတီ တူညီကြတယ်။ ဒီတော့ အခုနှစ်ပါတီပြန်ကွဲတာ၊ ဒေါက်တာအေးမောင်ပါတီသစ် ထူထောင်တာတွေဟာ မူဝါဒရေးရာကြောင့်လား။

ခိုင်စန်းအောင်ရဲ့သုံးသပ်ချက်က စိတ်ဝင်စားစရာကောင်းပါတယ်။

"မူပိုင်းဘက်ကကြည့်ရင် ပါကောင်းပါလိမ့်မယ်၊ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် အခုက အစာမကြေမှုတွေပေါ့နော်။ ပါတီနှစ်ပါတီပေါင်းစည်းရေးမှာ အစာမကြေမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါ့အပြင် အုပ်စုတိုက်ပွဲတွေလို့လည်း ကျွန်တော်တို့ သုံးသပ်လို့ ရတယ်"

ပေါင်းစည်းနိုင်ရေးအလားအလာ

တပါတီချင်းရဲ့ နောက်ခံသမိုင်းနဲ့ ပေါင်းခဲ့ကွဲခဲ့ကြတဲ့ အတိတ်ကို ပြန်ဆန်းစစ်ကြည့်ရင် ၂၀၂၀ မတိုင်ခင် ရခိုင်ပါတီတွေ တပါတီတည်း ပေါင်းစည်းနိုင်ရေးအလားအလာကို ခန့်မှန်းနိုင်ကြမှာပါ။

ခိုင်စန်းအောင်ကတော့ အခုလိုပြောပါတယ်။

"တခြားပြည်နယ်တွေလို ဥပမာမွန်မှာလို ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်လို့က လောလောဆယ်မှာတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ပဲ ကျွန်တော်က သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်းပြီးတော့မှ ပြန်ကွဲသွားတယ်ဆိုတော့ အချိန်တခုခုတော့ ယူဖို့လိုလိမ့်မယ်။ ဗြုန်းစားကြီးပြန်ပေါင်းဖို့ကတော့ လွယ်မယ်မထင်ဘူး"

ဆက်စပ် အကြောင်းအရာများ