ပဲနဲ့ဘဲ

မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဒေါက်တာဦးထွန်းတင့်
"ပဲ" နဲ့ "ဘဲ"
ဗမာစကားပြောရာမှာပဲဖြစ်ဖြစ် ရေးရာမှာပဲဖြစ်ဖြစ် တော်တော်လေးမှားတတ်ကြတဲ့ အသုံးက နောက်ဆက်ပစ္စည်း "ပဲ" နဲ့ "ဘဲ" အသုံးပါ။ ဘယ်နေရာမှာ "ပဲ" ကို သုံးပြီး ဘယ်နေရာမှာ "ဘဲ" ကို သုံးမလဲ ဆိုတာကို မခွဲတတ်တဲ့သူတွေ တော်တော်များများရှိပါတယ်။
ပုံသေနည်းသုံးပြီးခွဲလို့ အခွဲမှားတာလည်း ရှိပါတယ်။ ရှေ့က "မ" ပါရင် "ဘဲ"၊ ရှေ့က "မ" မပါရင် "ပဲ"လို့ ပုံသေနည်းသုံးပြီးမှတ်ကြတဲ့နည်းဟာ အမြဲတမ်း မမှန်ပါဘူး။
အဲဒီပုံသေနည်းကိုပဲ တချို့က သံပေါက်ကလေးလုပ်ပြီးတောင် မှတ်တတ်ကြပါသေးတယ်။
"မ" ရဲ့နောက်မှာ
ကြိယာ
လိုက်ပါနောက်က "ဘဲ" တဲ့။
သံပေါက်ကလေးက ကောင်းပါရဲ့။ ဒါပေမဲ့ ခြွင်းချက်ရှိနေတာခက်တယ်။ ဒီတော့ ပုံသေနည်းသုံးပြီး အသေမမှတ်ပါနဲ့။ အဓိပ္ပာယ်ကို သိအောင်လုပ်ပြီး အဓိပ္ပာယ်နဲ့ ခွဲခြားမှတ်သားပါ။ ပုံသေမှတ်တာ အန္တရာယ်များပါတယ်။
"ပဲ"နဲ့ "ဘဲ" အရောရောအထွေးထွေးဖြစ်ခဲ့ဖူး
ဒီနေ့ခေတ်မှာ "ပဲ"နဲ့ "ဘဲ" ခွဲသုံးနေတဲ့စကားလုံးတွေအားလုံးကို တချိန်တုန်းက အားလုံး "ပဲ" ချည်းပဲ နေရာမရွေး အဓိပ္ပာယ်မရွေး သုံးခဲ့ကြဖူးပါတယ်။ နောက်တချိန်မှာတော့ အဲဒီနှစ်မျိုးစလုံးကို "ဘဲ" ချည်းပဲ နေရာမရွေး အဓိပ္ပာယ်မရွေးသုံးတဲ့အချိန်လည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့နှစ်လုံးဟာ အနက်အဓိပ္ပာယ်ချင်းက လုံးဝမတူတဲ့ နောက်ဆက်စကားလုံးနှစ်လုံးပါ။ အဲဒါကြောင့် အနက်ရော၊ အဓိပ္ပာယ်ရော မတူတဲ့ အဲဒီနှစ်လုံးကို ခွဲသုံးဖို့ မြန်မာစာအဖွဲ့က ၁၉၈၆ ခုနှစ် ပြဋ္ဌာန်းတဲ့ သတ်ပုံကျမ်းမှာစပြီး ခွဲခြားပြဋ္ဌာန်းခဲ့တယ်လို့ မြန်မာစာအဖွဲ့က ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်ကပြောပါတယ်။
နောက်ဆက်ပစ္စည်း "ပဲ" ရဲ့ အဓိပ္ပာယ်
"ပဲ" ရဲ့ အဓိပ္ပာယ်က "ပက်" တို့ "ပင်" တို့နဲ့ အတူတူပါပဲလို့ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။ "ပက်" အသုံးက တိမ်ကောသွားပါပြီ။ ရှေးခတ်က ပျို့၊ ကဗျာတွေမှာပဲ တွေ့ရပါတယ်။ "ပင်" ကတော့ အခုထိသုံးနေတုန်းပါ။ "ပင်" ကို အရေးစကားပြေမှာသုံးပြီး "ပဲ" ကို အပြောစကားပြေမှာ သုံးကြပါတယ်။ "ပဲ"နဲ့ "ပင်" က အဓိပ္ပာယ်ချင်းတူတဲ့အတွက် "ပင်" သုံးတဲ့နေရာမှာ "ပဲ" ကိုအစားထိုးကြည့်ရင် အဆင်ပြေညီညွတ်ပါတယ်။
ဥပမာတချို့ပြပါမယ်။
သူကတော့ အဲသလိုပြောတာပဲ။
သူကထိုသို့ပြောသည်ပင်။
အဲဒါကတော့ လူတယောက်ပါပဲ။
ထိုသူသည် လူတယောက်ပင်။
ဟိုဟာကတော့ နတ်တပါးပါပဲ။
ထိုသူကား နတ်တပါးပင်။
မင်းဘယ်လိုတားတား သူကတော့ လုပ်မှာပဲ။
သင်မည်သို့တားစေကာမူ သူကတော့ လာမည်ပင်။
အတူတူပဲလို့ထင်တာပဲ။
အတူတူပင်ဟုသာ ထင်မိသည်ပင်။
စိတ်မှာစွဲသူပဲထင်မိတယ်။
စိတ်တွင်စွဲနေသောကြောင့် သူဟုသာပင်ထင်မိသည်။
ကျွန်တော်လည်း ဒါကိုပဲပြောနေတာ။
ကျွန်တော်လည်း ထိုအရာကိုပင်ပြောနေခြင်းဖြစ်သည်။
ပြောပဲပြောနိုင်လွန်းတယ်။ အိပ်ပဲအိပ်နိုင်လွန်းတယ်။
ပြောပင်ပြောနိုင်လွန်းသည်။ အိပ်ပင်အိပ်နိုင်လွန်းသည်။
အဲဒီတော့ "ပင်" နဲ့ အစားထိုးကြည့်လို့ အဆင်ပြေရင် "ပဲ" ကိုသုံးနိုင်တယ်လို့ မှတ်ချင်မှတ်နိုင်ပါတယ်။
"ပဲ"၊ "ပင်"၊ "ပက်"တို့ရဲ့ အဓိပ္ပာယ်ကတော့ စင်စစ် အမှန်စင်စစ် ဆိုတာနဲ့ အတူတူပဲလို့ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။ လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ ဆိုရင် လူစင်စစ်ဖြစ်တယ်၊ နတ်စင်စစ်ဖြစ်တယ်၊ ဗြဟ္မာစင်စစ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ဆိုပါတယ်။ စကားပြောလို့အသံထွက်တဲ့အခါ အသံပြောင်းထုံးစနစ်အရ နေရာကိုလိုက်ပြီး တခါတလေပဲလို့အသံထွက်ပြီး တခါတလေဘဲလို့ အသံထွက်ပါတယ်။ ဘယ်လိုပဲအသံထွက်ထွက် ရင်းမြစ်ကိုအဓိကထားပြီး "ပဲ" လို့သာ စာလုံးပေါင်းဖို့ မြန်မာစာအဖွဲ့ကဆုံးဖြတ်ခဲ့တယ်လို့ ဆရာကြီးဦးထွန်းတင့်က ပြောပါတယ်။
အလင်္ကာပုလဲပန်း
နောက်ဆက်ပစ္စည်း "ဘဲ" ရဲ့အဓိပ္ပာယ်
အလင်္ကာပုလဲပန်းမှာ ကျွန်တော်တို့ မကြာခဏဆွေးနွေးခဲ့ဖူးသလိုပါပဲ။ မြန်မာစကားစစ်စစ်ဆိုရင် တတိယအက္ခရာ၊ စတုတ္ထအက္ခရာတို့မှာ ဘယ်တော့မှ အနက်အဓိပ္ပာယ် မရှိပါဘူး။ ပထမအက္ခရာ၊ ဒုတိယအက္ခရာတွေမှာသာ အဓိပ္ပာယ် ရှိပါတယ်။ ဆိုလိုတာက ပထမအက္ခရာတွေဖြစ်ကြတဲ့ က၊ခ၊ စ၊ဆ၊ တ၊ထ၊ ပ၊ ဖတို့မှာပဲ မြန်မာစကားတွေရဲ့ အနက်ရင်းရှိပါတယ်။ ဂ၊ဃ၊ဇ၊စျ၊ဒ၊ဓ၊ဗ၊ဘ တို့မှာ မြန်မာစကားစစ်စစ်ရဲ့ အနက်မရှိပါဘူး။ အဲဒီစကားလုံးတွေဟာ ပါဠိ၊ သက္ကတ အတွက်သာ အသုံးပြုတာဖြစ်ပါတယ်။
ဒါ့ကြောင့် "ဘဲ" ဆိုတဲ့စကားလုံးမှာလည်း အနက်မရှိပါဘူး။ သူ့ရဲ့အနက်ရင်းက "ဖဲ" ဖြစ်တယ်လို့ ဆရာကြီးဒေါက်တာဦးထွန်းတင့်ကဆိုပါတယ်။ အသံထွက်ကလည်း နေရာကိုလိုက်ပြီး တခါတလေ "ဖဲ" လို့အသံထွက်ပြီး တခါတလေ "ဘဲ" လို့အသံထွက်ပါတယ်။ မကြိုက်ဖဲနဲ့စားနေတယ်ဆိုရင် "ဖဲ"လို့ အသံထွက်ပါတယ်။ မသိဘဲနဲ့ ပြောနေတယ်ဆိုတဲ့ နေရာမှာတော့ "ဘဲ" လို့အသံထွက်ပါတယ်။ နေရာကို လိုက်ပြီး အသံထွက်ပြောင်းတာပါ။ အနက်ရင်းက "ဖဲ" ပါ။
"အဲဒီဖဲက ဘာအဓိပ္ပာယ်ရှိသလဲဆိုတော့ မြန်မာစကားဟာ တက်ကျသံ ဘာသာစကားဖြစ်တာနဲ့ အညီ ဖဲ၊ ဖယ်၊ ဖဲ့ သုံးလုံးစလုံး အနက်တူပါတယ်။ ဒီဂရီ အပျော့အပြင်းသာကွာပါတယ်။ ဖဲ့တယ်ဆိုတာ ဖဲ့ထုတ်ပစ်လိုက်တာ၊ အပြင်ရောက်အောင်လုပ်ပစ်လိုက်တာ၊ ဘေးရောက်အောင်လုပ်ပစ်လိုက်တာပါပဲ။ ဖယ်တယ်ဆိုတာလည်း အပြင်ရောက်အောင်လုပ်ပစ်လိုက်တာ၊ ရွှေ့ပစ်လိုက်တာပါပဲ။ ဖဲတယ်ဆိုတာလည်း အလားတူအဓိပ္ပာယ်ထွက်တယ်" လို့ ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။ ရှောင်ဖယ်တယ်၊ ဖဲကြဉ်တယ်ဆိုတာတွေဟာ အဓိပ္ပာယ် အတူတူပါပဲ လို့လည်း ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
ဥပမာအားဖြင့် ဒံပေါက်မစားဘဲ (ဖဲ) သွေးတိုးနေတယ် လို့ပြောတယ်ဆိုပါစို့။ အဲဒီမစားဘဲ (ဖဲ) ရဲ့ အဓိပ္ပာယ်ဟာ ဘာနဲ့တူသလဲဆိုတော့ ဒံပေါက်စားခြင်းမှရှောင်ဖယ်လျက်၊ ဒံပေါက်စားခြင်းမှဖဲကြဉ်လျက်၊ ဒံပေါက်ကို မစားမူ၍ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။
အဲဒီတော့ "ဖဲ" အဓိပ္ပာယ်၊ "ဖယ်"အဓိပ္ပာယ်ထွက်မှ "ဘဲ" ဆိုတဲ့စကားလုံးကို သုံးတာဖြစ် ပါတယ်။
စကားလုံးအစားထိုးကြည့်မယ်ဆိုရင် ဒံပေါက်မစားဘဲ သွေးတိုးတယ် ဆိုတာဟာ ဒံပေါက်စားခြင်းမှာ ရှောင်ဖယ်လျက် သွေးတိုးတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒံပေါက်စားခြင်းကို ဖဲကြဉ်လျက် သွေးတိုးတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒံပေါက်ကို မစားမူ၍ သွေးတိုးတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အဲသလို စကားလုံးတွေကို ချရေးပြီး နည်းနည်းစဉ်းစားကြည့်ပါမယ်။
မသိဘဲ ပြောနေတယ်။
မကြိုက်ဘဲ စားလိုက်တယ်။
မချစ်ဘဲ လက်ထပ်လိုက်ရတယ်။
နားမလည်ဘဲ လျှောက်ရေးနေတယ်။
အသံမကောင်းဘဲ သီချင်းဆိုတယ်။
မပြုံးဘဲ ဝါးလုံးကွဲရယ်တယ်။
အဲဒီစကားလုံးတွေအားလုံးဟာ ဖဲကြဉ်တဲ့ အဓိပ္ပာယ် ထွက်ပါတယ်။ ဒါ့ကြောင့် ဘဲ လို့စာလုံးပေါင်းပါတယ်။ ဒီနမူနာတွေကို ကြည့်ရင် "မ" ပါရင် "ဘဲ" သုံးရမယ်ဆိုတဲ့ ပုံသေနည်းဟာ မှန်နေပါတယ်။ ဒါပေမယ့် နေရာတိုင်း မမှန်ပါဘူး။
အလင်္ကာပုလဲပန်း
"မ" ပါတိုင်း "ဘဲ" သုံးလို့မမှန်နိုင်
"မ" ပါတိုင်း "ဘဲ" သုံးလို့ မမှန်နိုင်တဲ့ နမူနာဝါကျတချို့ကိုပြပါတယ်။
အဲဒီနေ့က မိုးရွာမှ မရွာပဲ။
အဲသလိုလုပ်မယ်ဆိုတာကို မင်းကပြောမှ ပြောမထားပဲ။
အဲဒီနေ့ကမီးမှမလာပဲ။
မင်းပြောသလိုဟုတ်မှမဟုတ်ပဲ။
ငါခိုင်းသလိုမှ မလုပ်ပဲ။
ကျွန်တော်က အဲသလိုမှထင်မထားပဲ။
အဲဒီဝါကျတွေအားလုံးမှာ "မ" ပါပါတယ်။ ဒါပေမယ့် "ပဲ" သုံးမှမှန်ပါမယ်။ "ဘဲ" သုံးရင်မှားပါတယ်။
ဘာ့ကြောင့်ပါလဲ။
ဆရာကြီးဦးထွန်းတင့်က ဒီလိုပြောပါတယ်။
အလင်္ကာပုလဲပန်း
"ဒီနေရာမှာ အဲဒီနေ့က မီးမှမလာပဲ ဆိုရာမှာ မီးမလာသည်မှာ စင်စစ်ဖြစ်တယ်လို့ ပြောချင်တာ။ နောက်ကပဲဟာ စင်စစ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပြောတာဗျ။ လေးနက်အောင်ပြောတာ။ ဒီနေရာမှာ ဖဲကြဉ်ခြင်းအဓိပ္ပာယ်မဟုတ်လို့ ဘဲ မသုံးတာပါ။ ပင်နဲ့ အစားထိုးကြည့်ရတာ ပိုအဆင်ပြေသလား ဖဲကြဉ်လျက် အစားထိုးရတာပိုအဆင်ပြေသလား အစားထိုးကြည့်ပါ။"
ဆရာကြီးဦးထွန်းတင့်ပြောသလို အစားထိုးကြည့်ပါမယ်။ ပထမ ပင် နဲ့ အစားထိုးကြည့်ပါမယ်။
အဲဒီနေ့က မိုးရွာမှ မရွာပဲ။
ထိုနေ့ကမိုးရွာမှ မရွာသည်ပင်။
အဲသလိုလုပ်မယ်ဆိုတာကို မင်းကပြောမှ ပြောမထားပဲ။
ထိုသို့လုပ်မည်ဆိုသည်ကို မင်းကပြောမှပြောမထားသည်ပင်။
အဲဒီနေ့ကမီးမှမလာပဲ။
ထိုနေ့မီးမှ မလာသည်ပင်။
မင်းပြောသလိုဟုတ်မှမဟုတ်ပဲ။
မင်းပြောသလိုဟုတ်မှမဟုတ်သည်ပင်။
ငါခိုင်းသလိုမှ မလုပ်ပဲ။
ငါခိုင်းသလိုမှ မလုပ်သည်ပင်။
ကျွန်တော်က အဲသလိုမှထင်မထားပဲ။
ကျွန်တော်က ထိုသို့ ထင်မှထင်မထားသည်ပင်။
အားလုံးကို ပင်နဲ့ အစားထိုးလို့ရပါတယ်။ ဖဲကြဉ်လျက်နဲ့ အစားထိုးကြည့်ရအောင်ပါ။
အဲဒီနေ့က မိုးရွာမှ မရွာပဲ။
ထိုနေ့က မိုးရွာသည်ကိုဖဲကြဉ်လျက်
အဲသလိုလုပ်မယ်ဆိုတာကို မင်းကပြောမှ ပြောမထားပဲ။
ထိုသို့လုပ်မည်ဆိုသည်ကို မင်းပြောသည်ကိုဖဲကြဉ်လျက်
အဲဒီနေ့ကမီးမှမလာပဲ။
ထိုနေ့ကမီးလာသည်ကိုဖဲကြည်လျက်
ဖဲသို့မဟုတ် ဘဲကို သုံးမယ်ဆိုရင် နောက်ဆက်တွဲတခုခုလိုပါတယ်။ အဲသလိုဖဲကြဉ်လိုက်တဲ့ အတွက် တခြားတခုခုဖြစ်သွားတယ်ဆိုတဲ့ အခြေအနေပြ စာပိုဒ်တခုခုဖြည့်စွက်ဖို့လိုနေပါတယ်။
တကယ်လို့ပုံသေနည်းသဘောမှတ်ထားမယ်ဆိုရင် "မ" ပါပေမယ့် ဝါကျအဆုံးမှာဖြစ်နေရင် "ဘဲ" မသုံးဘဲ "ပဲ"ကိုသာသုံးရမယ်လို့ မှတ်ထားရင် ရတန်ကောင်းပါတယ်။ ဒါပေမယ့် ပုံသေနည်းသုံးတာ အန္တရာယ်များပါတယ်။ ကျွန်တော်တို့သတိမထားမိတဲ့ ခြွင်းချက်တခုခု ကျန်နေရင် ပုံသေနည်းက မှားနေပါဦးမယ်။
အဓိပ္ပာယ်ကို အဓိကကြည့်ပါ
ဒီတော့ ပုံသေနည်းသုံးတာထက် အဓိပ္ပာယ်ကို ကြည့်ပြီးသုံးတာက မလွဲနိုင်တဲ့နည်းပါ။ အကယ်စင်စစ် အဓိပ္ပာယ်ထွက်ရင် "ပင်" နဲ့ အဓိပ္ပာယ်တူရင် "ပဲ" ကိုသုံးပါ။ ဖယ်တဲ့သဘောဖဲ့တဲ့သဘောဖဲတဲ့ သဘော အဓိပ္ပာယ်ထွက်ရင် "ဘဲ" ကိုသုံးပါ။ "မ - ဘဲ" အတွဲဖြစ်ပေမယ့် ဖဲကြဉ်တဲ့ အဓိပ္ပာယ်ထွက်မှ "ဘဲ" ကိုသုံးပါ။
လူတချို့အမှတ်အသားပြုတဲ့လင်္ကာလေးကိုတော့ နောက်ထပ်လင်္ကာတပိုဒ်နဲ့ ကျွန်တော်အခုလိုဖြည့်စွက်ချင်ပါတယ်။
"မ" ရဲ့နောက်မှာ
ကြိယာ
လိုက်ပါနောက်က "ဘဲ" ။
ခြွင်းချက်ရှိတာ
မမေ့ရာ
မင်းမှမလာပဲ။