အိန္ဒိယက ဟိန္ဒူဘုရားရှိခိုးကျောင်းထဲ အမျိုးသမီးဝင်ရောက် ဘုရားဝတ်ပြုတာကို ဆန့်ကျင်ဆန္ဒပြခဲ့သူ ၂၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီးတွေ ဘုရားဝတ်ပြုခွင့်ပိတ်ထားတဲ့ Sabarimala ဟိန္နူဘုရားရှိခိုးကျောင်း

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာရာလာပြည်နယ်က လူသိများတဲ့ ဆာဘရင်မ်မာလာ ဟိန္ဒူဘုရားရှိခိုးကျောင်းထဲ အမျိုးသမီးတွေဝင်ရောက် ဘုရားဝတ်ပြုတာကို ကန့်ကွက်ဆန္ဒပြကြတဲ့ လူအုပ်ကြီးနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအကြား အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူ ၂၂၀၀ ကျော်ကို လုံခြုံရေးရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဖမ်းခံရသူတွေကို ပြည်နယ်တချို့မှာ နေရာခွဲပြီး ထိန်းသိမ်းထားရပြီး ဒီထဲက တချို့ကို အာမခံ နဲ့ လွှတ်ပေးခဲ့သလို တချို့ကိုတော့ ချုပ်ရမန် ယူထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဒီဘုရားကျောင်းထဲ အပျိုဖြစ်ပြီးအရွယ် အမျိုးသမီးတွေ ဝင်ရောက် ဝတ်ပြုတာကို ရှေးယခင်ကတည်းက ပိတ်ပင်ခဲ့တာပါ။

ဟိန္ဒူဘာသာရေး ယုံကြည်ချက်အရ အမျိုးသမီးတွေရဲ့ ရာသီသွေးဟာ မသန့်ရှင်းတာလို့ သတ်မှတ်ပြီး ဘာသာရေးထုံးတမ်းစဉ်လာ အခမ်းအနားတွေမှာ အမျိုးသမီးတွေ ဝတ်ပြုတာကို တားမြစ်ထားပါတယ်။

အိန္ဒိယက ဟိန္ဒူဘုရားရှိခိုးကျောင်းအများစုမှာတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာပဲ ဘုရားကျောင်းထဲဝင်ခွင့် ပိတ်ခံရတာဖြစ်ပြီး အခု ဆာဘရင်မ်မာလာ ဟိန္ဒူဘုရားရှိခိုးကျောင်းမှာတော့ ဘုရားကျောင်းတာဝန်ရှိသူတွေက အမျိုးသမီးတွေကို အသက်အရွယ် အကန့်အသတ်မရှိ တားမြစ်ထားပါတယ်။

ဆာဘရင်မ်မာလာ ဘုရားကျောင်းထဲဝင်ခွင့်ဟာလည်း တစ်နှစ်ပတ်လုံးမှာ ခဏတာပဲ ဝင်ရောက်ဝတ်ပြုခွင့်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘုရားကျောင်းထဲ အမျိုးသမီးတချို့ ဝင်ရောက်ဝတ်ပြုဖို့ ကြိုစားခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြနေတဲ့ လူအုပ်ကြီး

ပြည်နယ်ရဲအရာရှိ အီမရန်ကွာရစ်ရှီ က တော့ ဆန္ဒပြကြသူတွေထဲ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပြီး သူတို့ကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ပြောပါတယ်။

ဒီအမျိုးသမီးတွေအပါအဝင် ထောင်နဲ့ချီတဲ့ ကန့်ကွက်ဆန္ဒပြကြသူတွေကိုတော့ တရားမဝင် စီတန်းလှည့်လည်ခြင်းပုဒ်မ နဲ့ ဖမ်းဆီးထိန်းသိမ်း ခဲ့ရတယ်လို့လည်း ပြည်နယ်ရဲအရာရှိက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ