ဦးအောင်ဆန်းဦးက အမှတ် ၅၄ ခြံကို လေလံပစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲဝေဖို့ တောင်းဆိုနေတာက ဘာတွေကို မကျေနပ်လို့လဲ

ဓာတ်ပုံ မူပိုင် STR
Image caption တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄

ဘီဘီစီ။ ။ဒီအမွေမှု စတဲ့အချိန်မှာ တရားရုံးကနေပြီးတော့ တရားဥပဒေအရ စတင်ဆောင်ရွက်ခြင်း မရှိခင်မှာ မိသားစုချင်းရော ဦးအောင်ဆန်းဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုချင်း ဆွေးနွေးညှိနှိုင်း စေ့စပ်တာမျိုး ရှိခဲ့ဖူးပါသလား။

ဦးအောင်ဆန်းဦး။ ။မရှိခဲ့ပါဘူး။ ကျွန်တော် နားလည်တာ တစ်ခုပြောမယ်။ ဒီအိမ်က ကျွန်တော်တို့ မိသားစုလက်ထဲ မရောက်ခင် အရင်ရှိတဲ့ မိသားစုထဲက ပုဂ္ဂိုလ် တစ်ယောက်ယောက်က ဘဏ်တိုက်မှာ ငွေချေးပြီး ပြန်မဆပ်နိုင်လို့ ဘဏ်တိုက်က ပစ္စည်းအရ သိမ်းပြီးတော့ လေလံတင် ရောင်းချလိုက်တဲ့အခါမှာ ကျွန်တော်သိသလောက်ပေါ့လေ… ဘယ်လောက်ဟုတ်လဲတော့ မသိဘူး။ ဖဆပလ အစိုးရကနေပြီးတော့ ကျွန်တော့်အမေကို ဗဟန်းမှာရှိတဲ့ ပြတိုက်အိမ် (ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဖြစ်သွားတဲ့အိမ်) အစား ပေးထားတာ။ အဲဒီ ပေးထားတဲ့အခါမှာ ကျွန်တော့်အမေ တစ်ယောက်ထဲပိုင်တာ မဟုတ်ဘူး။ အမေက one-third (သုံးပုံတစ်ပုံ)၊ ကျွန်တော်က one-third၊ စုကြည်က one-third။ ဒါပေမယ့် အမေက အဲဒီအစီအစဉ် မကြိုက်တော့ သူတစ်ယောက်တည်းပိုင်တယ်… ဆိုပြီးတော့ လုပ်တဲ့အနေနဲ့ နေခဲ့တာပေါ့လေ။ နောက်ပြီးတော့ စည်ပင်မှာလည်း ပိုင်ဆိုင်မှု ပြောင်းတဲ့အခါမှာ နာမည်တွေ မပြောင်းထားဘူး။ နာမည်တွေက ၁၉၈၅ အထိ ကျွန်တော် သိသလောက်က အရင်ပိုင်တဲ့ မိသားစုနာမည်နဲ့ပဲ ရှိခဲ့တာ။ ဆိုတော့ အဲဒါတွေက အမေနဲ့ သားသမီးနဲ့ ဆွေးနွေးတာ မဟုတ်ဘူး။ ဆိုတော့ ကျွန်တော်နဲ့ စုကြည်နဲ့ကလည်း ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အမေကလည်း သူ့ဟာသူ လုပ်ချင်တာ လုပ်နိုင်ဖို့ပဲ သူက စိတ်ရှိတယ်။ အဲဒါကြောင့်လည်း သူကနေ ခင်မောင်အေးကို ခြံထဲမှာ ဆောက်ခွင့်ပေးတာတို့ ဘာတို့ လျှောက်လုပ်ပစ်တာ။ နို့မို့ရင် ကျွန်တော်တို့နဲ့ တိုင်ပင်ရမှာပေါ့။ ဟုတ်တယ်မလား။ မတိုင်ပင်ပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရားဥပဒေကို မှန်မှန်ကန်ကန် ဆုံးဖြတ်သွားနိုင်ဖို့က အရေးကြီးတယ် - ဦးအောင်ဆန်းဦး
ဓာတ်ပုံ မူပိုင် Mathieu Polak
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း နဲ့ သား၂ ဉီး

ဘီဘီစီ။ ။ဒေါ်ခင်ကြည်က ၁၉၈၈ ဒီဇင်ဘာမှာ ဆုံးသွားတယ် ပေါ့နော်။ အဲ့လို ကွယ်လွန်သွားတဲ့ နောက်ပိုင်း အချိန်… တကယ်ကျန်ရစ်တဲ့ မိသားစုမှာ မောင်နှမ နှစ်ယောက်ရှိတာမှာ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါ့။ အဲဒီ ဆုံးသွားတဲ့ အချိန်မှာကော ဒီအိမ်နဲ့ ဒီမြေနဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီမောင်နှမ နှစ်ယောက်အကြားမှာ တွေ့ဆုံ ညှိနှိုင်းတာမျိုး ရှိခဲ့ဖူးပါသလား။

ဦးအောင်ဆန်းဦး။ ။ကျွန်တော်က အမေဆုံးမှ မြန်မာပြည်ကို ပြန်လာခွင့်ရှိတာ။ အဲတော့ End of 1988, December (၁၉၈၈ နှစ်ကုန် ဒီဇင်ဘာလ) လောက်မှာ ရောက်လာတယ်။ အဲတော့ စုကြည်က ကျွန်တော့်ကို စကားမပြောဘူး။ သူ့ယောက်ျားပဲ ရှိတာ… အင်္ဂလိပ်။ သူတို့စိတ်ဓာတ်တွေက ကျွန်တော့်တောင် စကားမပြောဘူး။ မဟုတ်တာတွေပဲ လျှောက်ပြောနေတယ်။ ကျွန်တော့်ကိုလည်း ဘေးဖယ်ထုတ်ဖို့ ကြိုးစားနေတယ် ဆိုတော့… အမေ့ဈာပနပြီးမှပဲ သူတို့က နောက်တရက်မှာ ထိုင်ပြီးတော့ မိသားစု… ဒါဟာနဲ့ စပြီးတော့ ဆွေးနွေးတယ်။ အဲဒီအချိန်မှာ ဘာပြောလဲဆိုတော့ အမေကတဲ့… ဒီအိမ်နဲ့ ဒီခြံကို သူ့ရဲ့ နာမည်နဲ့ အထိမ်းအမှတ်ပြတိုက် လုပ်စေချင်တယ်လို့ ပြောခဲ့တယ်ပေါ့။ အဲဒါကြောင့် ကျွန်တော်က ကျွန်တော်ရရမယ့်ခြံကို… အပိုင်းတွေကို… အကုန်လုံး စုကြည်ကို အပ်ဖို့ သဘောနဲ့… အဲဒီဆွေးနွေးပွဲကို ကမကထလုပ်တာက… အေးဝင်းဆိုတာ ဦးဘဝင်းရဲ့သား။ အဲဒီတော့ ကျွန်တော်က ပြောတယ်… ဒါဆိုရင်လည်း စုကြည်က တကယ်လုပ်မယ်ဆိုရင်… နောက်တစက္ကန့်အတွင်းမှာ ကျွန်တော်လည်း လိုက်ပြီးတော့ သဘောတူနိုင်တယ်။ နို့မိုရင်တော့ လုံးဝ သဘောမတူဘူးဆိုပြီးတော့… စကားက ဘာမှ ဆက်စရာ မရှိဘူး။ သူတို့ လုပ်မှာလည်း မဟုတ်ပဲနဲ့… အလကားလျှောက်ပြောနေတာ… လုပ်လည်း မလုပ်ဘူး… နော်။ နောက်ပိုင်းလည်း အမေ့အိမ်ထဲက furniture (ပရိဘောဂ) တွေလည်း သူတို့ ရောင်းပစ်လိုက်တယ်။ (ဆေး)ပြောင်းသုတ်တာတို့… ဘာတို့ လျှောက်လုပ်တယ်။ နောက်ပိုင်းလည်း စုကြည်က… ဟုတ်လား… ဒါကို အထိမ်းအမှတ်ပြတိုက် ဖြစ်စေချင်တယ်ဆိုရင် အိမ်ကြီးကို ပုံမပျက်အောင် ထားရမှာပေါ့… မဟုတ်ဘူး… သူ့ဟာသူ ပြင်ချင်တဲ့ အပိုင်းတွေ လျှောက်ပြင်ပစ်လိုက်တယ်။

ဘီဘီစီ။ ။ဦးအောင်ဆန်းဦး အနေနဲ့ မိခင် ဒေါ်ခင်ကြည်ဈာပန အပြီးမှာ ခုနလို မိသားစု ဆွေးနွေးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က နေပြီးတော့၊ ဦးအေးဝင်းက နေပြီးတော့ ဒီလိုမျိုး ညှိနှိုင်းတယ်။ အဲဒီအချိန်မှာ ဦးအောင်ဆန်းဦးက ကိုယ့်ရဲ့ လက်ရှိနေထိုင်နေတဲ့ နေရာကို မပြန်ခင်မှာများ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခုခုပေါ့.. နေထိုင်ခွင့်လို သဘောမျိုး၊ တစ်ခုခုများ ဦးအောင်ဆန်းဦးအနေနဲ့ ပေးခဲ့တာမျိုး၊ ခွင့်ပြုခဲ့တာမျိုး အထောက်အထားအနေနဲ့ ဘာရှိခဲ့သလဲ။

ဦးအောင်ဆန်းဦး။ ။ကျွန်တော်တော့ Power of Attorney (ကိုယ်စားလှယ် လွှဲအပ်မှု) လို စာချုပ်တစ်ခုကို sign (လက်မှတ်)ထိုးတာ မှတ်မိတယ်။ ဒါပေမယ့် ရေးထားတဲ့ စာရွက်စာတမ်းကို ကျွန်တော် မကျေနပ်ဘူး။ အဲဒီတော့ ကျွန်တော်ကလည်း မြန်မာပြည်ကို ၂၆ နှစ် ပြီးမှ ပြန်ရောက်လာတော့ ကျွန်တော်သိတဲ့ ရှေ့နေမရှိဘူး။ ဒါက တခြားရှေ့နေ… ခင်မောင်အေး ရှာပေးတဲ့ ရှေ့နေတစ်ယောက်က ရေးပေးထားတာပါ။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption အာဇာနည်နေ့ အခမ်းအနားမှာတွေ့ရတဲ့ ဦးအောင်ဆန်းဦး

အဲတော့ ကျွန်တော်ပြောတယ်… ဒီလိုရေးထားတာ မကျေနပ်ဘူးဆိုတော့ မရဘူးတဲ့၊ ဒါပဲ ရမယ်တဲ့… ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတော့… ကျွန်တော်ကလည်း ဗမာဥပဒေလည်း မသိတော့ sign တော့ ထိုးခဲ့တယ်။ ဒါပေမယ့် တစ်ခုကတော့ ရှင်းတယ်။ ဘာမှ သူပိုင်ဆိုင်မှု ပေးကမ်းခြင်း စာချုပ်မဟုတ်ဘူး။ power of attorney ပဲ။ ကျွန်တော်နားလည်တာတော့ တစ်ခုခု… အမိုးပျက်သွားရင် ပြန်ပြင်စရာ ရှိရင် ပြင်ဖို့ပေါ့။ တကယ်လို့ တစ်ခုခု ပိုပြီးတော့ seriously (အကြီးစားပြင်ဆင်မှု) လုပ်မယ်ဆိုရင် ကျွန်တော့်ကိုလည်း အကြောင်းကြားပြီးတော့ သဘောတူချက်တို့ ဘာတို့ ညှိရမှာပေါ့လေ။ ဒါပေမယ့် အဲဒီကတည်းက သူတို့ စိတ်ဓာတ်တွေက ဘာမှ ညှိလို့မရဘူးဆိုတာ ရှင်းနေတာပဲ။

ဘီဘီစီ။ ။အဲဒါက ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် မိသားစုအမွေနဲ့ ပတ်သက်ပြီး စကားပြောခဲ့တာမျိုး ဖြစ်မလား။

ဦးအောင်ဆန်းဦး။ ။မဟုတ်ဘူး။ သူ အိမ်ချုပ်ပြီးတော့ ထွက်လာတော့ ပြန်တွေ့သေးတယ်။ အဲဒီကြားထဲမှာလည်း တွေ့တဲ့အခါတွေ ရှိတယ်။ ဒါပေမယ့် ဒီအိမ်ကိစ္စနဲ့တော့ ဘာမှ မပြောဘူး။ သူ့ကို နေခွင့်ပေးထားတာပဲ။ အဲဒါက ခုန Twelve years statute of limitation ဆိုတဲ့ အနှစ် ၁၂ နှစ် မပြည့်ခင်က အဲ့လို အခြေအနေမှာ ရှိတယ်။ ခုန Twelve years statute of limitation ဆိုတာက ၁၂ နှစ်ကျော်သွားရင်၊ joint owner (ပူးတွဲပိုင်ဆိုင်မှု) မခွဲရသေးဘူးဆိုရင်၊ ကိုယ်က joint owner ဆက်ပြီးတော့ ဥပဒေအရ အသိအမှတ်ပြုဖို့ဆိုရင် အစိုးရ တရားရုံး အသိအမှတ်ကို တောင်းရတယ်။ အဲဒီအခါမှာ တောင်းတော့မှ… စုကြည်က မပေးဘူး… သူအကုန် အပိုင်ယူမယ်… အမေ့အတွက်တို့ ဘာတို့နဲ့ ဘာမှ ပြောနေတာ မဟုတ်ဘူး… သူ့ဘာသူ… ကျွန်တော်က နိုင်ငံခြားသားခံယူထားတဲ့အတွက် သူအကုန် အပိုင်ယူမယ်။ အပိုင်စီးဖို့ပဲ ပြောနေတာ… နော်။ အဲတော့ ကျွန်တော်ပြောချင်တာက အဲဒီ ၁၂ နှစ် ကျော်သွားတော့ သူတို့ဘက်ကလည်း ကျွန်တော်နဲ့ အဆက်အသွယ် လုံးဝ မရှိသလောက် ဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ အမှုက စပြီကိုး။

ဘီဘီစီ။ ။စပြီးတော့ notice (နို့တစ်စာ) ပို့ရတဲ့အချိန်မှာ ပို့ရတဲ့ အကြောင်းရင်းကတော့ ဒီဟာက မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း ဥပဒေအရ ဒီလိုမျိုး ၁၂ နှစ်ကြာသွားပြီးမှ ပိုင်ဆိုင်ခွင့်ကို အသိအမှတ် မပြုခဲ့ရင် ပိုင်ဆိုင်ခွင့် မရတော့မယ့် အနေအထားကြောင့် နို့တစ်စာ ပို့ခဲ့တာပေါ့။ အဲဒီရည်ရွယ်ချက်နဲ့ ပို့ခဲ့တာလား။

ဦးအောင်ဆန်းဦး။ ။ဒါပေမယ့် သူ့ကို နို့တစ်စာ ပို့တာ၊ ဖယ်ခိုင်းတာ မဟုတ်ဘူး။ ဒါပေမယ့် သူက ဘာခေါ်မလဲ… ကြောင်တောင်တောင် လျှောက်လုပ်လာတော့ ကျွန်တော်ကလည်း အဲဒါဆိုလည်း ငါတို့ ပိုင်ဆိုင်မှု ငါတို့ ခွဲထုတ် ယူတော့မယ် ဆိုပြီးတော့ ပြောလိုက်တာပေါ့။

ဓာတ်ပုံ မူပိုင် MC TRESSIN
Image caption အင်းလျားကန် နားက အိမ်မှာ စာရေးသားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဘီဘီစီ။ ။ကျွန်တော် အခုနားလည်လိုက်တာက စပြီးတော့တရားစွဲတဲ့ အဆင့်ရောက်တဲ့ နို့တစ်စာပို့တဲ့ ၂၀ဝ၀ ပြည့်နှစ်လောက်ကနေ စပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုချင်း ညှိနှိုင်းခဲ့တာမျိုးတော့ မရှိတော့ဘူး… အဆက်အဆံလည်း နည်းသွားတယ်ပေါ့။

ဦးအောင်ဆန်းဦး။ ။ဘယ်လိုလုပ် ညှိနှိုင်းမလဲ။ ဒါက ညှိနှိုင်းနေစရာတောင် မလိုဘူး။ ဒါက တစ်ယောက်တဝက် ဆိုတာက မျှမျှတတ စိတ်ဓာတ်ရှိတဲ့လူပေါ့… value ခေါ်တယ်။ သူတို့မှာ principle (ကိုယ်ကျင့်သိက္ခာ) လည်း မရှိဘူး။ မျှတတဲ့ principle လည်း မရှိဘူး။ သူတို့ value ထဲမှာ ဘာမှ မရှိဘူး။ အဲတော့ အခုလည်း အိမ်ကြီးကို သူတို့ value ထဲမှာ ဒါ… လူတွေကို ညာပြီးတော့… ငါတို့က အကုန်လုံး အပိုင်စီးနိုင်ဖို့… ဒါငါတို့ ကြိုးစားမယ်…။ မဟုတ်ဘူး… value ဆိုတာက။ ဒါ တရားဥပဒေကို မှန်မှန်ကန်ကန် ဆုံးဖြတ်သွားနိုင်ဖို့က အရေးကြီးတယ်။ This should not be a monument for misjustice. (ဒီကိစ္စက မတရားမှုရဲ့ ထင်ရှားတဲ့သာဓကကြီးတစ်ခု ဖြစ်မသွားသင့်ဘူး။) ဟုတ်တယ်မလား… ဒီဟာက မိသားစု(ကိစ္စ) မဟုတ်ဘူး… သာမန်မိသားစု မဟုတ်ဘူး၊ ဒါဗိုလ်ချုပ်အောင်ဆန်း family(မိသားစု) နော်…။ ဒါတင်မကဘူး… သူက… စုကြည်က နိုင်ငံ့ခေါင်းဆောင် အဆင့်မှာရောက်နေတယ်၊ ဒါ မိသားစု ကိစ္စ မဟုတ်ဘူး။

ဘီဘီစီ။ ။အခုလောလောဆယ် အနေအထားအရ ဆိုရင် ဦးအောင်ဆန်းဦးက ပြည့်စုံနေတဲ့ လူတစ်ယောက် ဆိုပြီးတော့ အများက ယူဆကြတယ်…။

ဦးအောင်ဆန်းဦး။ ။ကျွန်တော် ပြည့်စုံတာနဲ့ ကျွန်တော် မတရားလုပ်တာ ခံရမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူး။ There is no logical connection. (ဒါက ကျိုးကြောင်းဆီလျော်တဲ့ ဆက်စပ်ချက် မဟုတ်ဘူး။) ကျွန်တော့်ကို အခု မတရားလုပ်တာ ခံနေရတယ်။ ခံနေရတာ ရိုးရိုးလူက ခံနေရတာ မဟုတ်ဘူး။ ဒီနိုင်ငံကို ဦးဆောင်တဲ့… ဟုတ်လား… ဒီမိုကရေစီနဲ့ human right (လူ့အခွင့်အရေး) အတွက် လုပ်ပေးတယ် ဆိုပြီးတော့ မဲရအောင် လုပ်ပေးပြီးတော့… အခု သူ့အစ်ကိုနဲ့ကတော့ အဆင်ပြေအောင် မလုပ်နိုင်ဘူး။

ဘီဘီစီ။ ။တစ်ဘက်ကပေါ့နော်။ တချို့လူတွေရဲ့ အမြင်မှာကျတော့ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒကို ပြောကြတာတွေ ရှိတာပေါ့နော်…။

ဦးအောင်ဆန်းဦး။ ။ဒါကတော့ ပြောပိုင်ခွင့် ရှိတယ် ဒီမိုကရေစီမှာ။

ဘီဘီစီ။ ။ဟုတ်ကဲ့ သူတို့ ပြောကြတာတွေထဲက ဆိုရင် ဒီနေရာက ၁၉၈၈ နောက်ပိုင်းပေါ့၊ ၁၉၈၉၊ ၁၉၉၀ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခဲ့တယ်။ အဲဒီမှာ တလျှောက်လုံးနေခဲ့ရတယ်။ ပြီးတော့ အဲဒီ အထဲကိုလည်း ကမ္ဘာ့ရဲ့ အထင်ကရ ပုဂ္ဂိုလ်တချို့ ရောက်ခဲ့တယ်ပေါ့။ ရောက်ခဲ့တဲ့ အထိမ်းအမှတ်တွေ ရှိတယ်။ ပြီးတော့ အဲဒီမှာပဲ ၂၀၁၂ နောက်ပိုင်း ၂၀၁၅ နောက်ပိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်ထွန်းခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ရှိခဲ့တဲ့ နေရာတစ်ခုကို ထုခွဲပြီးတော့ ရောင်းချရမယ်… တစ်ခုခုဖြစ်ရမယ် ဆိုရင်…

ဦးအောင်ဆန်းဦး။ ။နေပါဦး… ကမ္ဘာပေါ်မှာ အဲဒီလို အိမ်မျိုးတွေ အများကြီးရှိတယ်… နော်။ အိုဘားမားတို့၊ ဟီလာရီတို့က ဒီအိမ်တစ်အိမ်ထဲကို လာဖူးတာ မဟုတ်ဘူး။ တခြားတခြား အိမ်တွေ အများကြီးရှိတယ်။ တခြား ခေါင်းဆောင်တွေ… ပူတင်တို့… တရုတ်ခေါင်းဆောင်တွေ အများကြီးရှိတယ်။ အဲဒါ ပြောလိုက်တိုင်း ရှိတဲ့… လက်ရှိ fundamental laws (ဥပဒေ) တွေက change (ပြောင်း)လုပ်သွားရမှာလား။ အဓိပ္ပာယ်မရှိတာတွေ။ ဘာမှ connection (ဆက်နွယ်မှု) မရှိတာတွေ လျှောက်ပြောနေတယ်။ အဲဒါတွေက လူပြိန်းတွေ၊ ငတုံးတွေ၊ လျှောက်စဉ်းစားတဲ့ပုံ… နော်... ဘာမှမဆိုင်ဘူး။ အခုဟာက ဥပဒေအရ သိသိသာသာကြီး… ဗြောင်ကြီး မတရားလုပ်ထားတာကို ခုနလို ပေါက်ကရ ဘာမှ ဥပဒေနဲ့ မဆိုင်တဲ့ သိကြားမင်းကြီး ဆင်းလာရင် constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) အရ ဒီအိမ်ကြီးကို တခါတည်း နတ်နန်းကြီး လုပ်ပစ်ရမယ်… ပိုင်ဆိုင်ခွင့်မရှိတော့ဘူး… ဟုတ်လား… အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ။

ဓာတ်ပုံ မူပိုင် MC TRESSIN
Image caption ခြံအမှတ် ၅၆ ဘက်မှာ ရှိတဲ့အိမ်မကြီးကို အင်လျား ကန်ဘက်ခြမ်းက တွေ့မြင်ရစဉ်

ဘီဘီစီ။ ။ အဲတော့ (ပထမတရားရုံးက ဆုံးဖြတ်ပြီးတဲ့နောက်) ကော်မရှင်နာက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ပုံ၊ ခွဲဝေပုံကိုရော ဦးအောင်ဆန်းဦး ပြန်ပြောပြပေးပါလားဗျ။

ဦးအောင်ဆန်းဦး။ ။ ကျွန်တော်နားလည်တဲ့ဟာနဲ့ ကော်မရှင်နာ ဆိုတာနဲ့ ကျွန်တော်တို့ ခံလိုက်ရတဲ့ ကော်မရှင်နာ လုပ်ပုံနဲ့က တခြားစီ။ ကျွန်တော် နားလည်တာက ကော်မရှင်နာက ကျွန်တော် တို့က ဘယ်လို့လုပ် ညှိမလဲ၊ မြေကြီးကို စုကြည်က ကျွန်တော်တို့ဆီကနေ သူက အကုန်လုံး လိုချင်ရင် ကျွန်တော်တို့ ပိုင်တဲ့ဟာ ဝယ်ပြီးတော့ ကျွန်တော်တို့ကို အမ်းမလား၊ နို့မို့ရင် ကျွန်တော်တို့ မြေကြီးကိုတော့ သူအမ်းဖို့ ပိုက်ဆံ မရှိတဲ့အတွက် အိမ်မကြီး ရှိတယ် အိမ်မကြီးအတွက် အမ်းမလား၊ နို့မို့ရင် ညှိလို့မရဘူး ဆိုရင်တော့ အိမ်ရော ခြံရောကို လေလံ ပစ်ပြီးတော့ တန်ဖိုး တစ်ယောက် တစ်ဝက် ခွဲမလား၊ အကြမ်းအားဖြင့်က ဒါပဲ ဖြစ်ရမယ်၊ ဒီဘောင် ဒီဟာထက် ဘယ်လိုလုပ် ကျော်မှာလဲ၊ ဟုတ်လား... တခြားနည်း မှ မရှိဘဲ။ အဲဒါမလုပ်ဘဲနဲ့ တစ်ခါတည်း ဘယ်ကနေပြီးတော့ တရားမမှုကြီးမှာလည်း တစ်ခါမှ မပါခဲ့တဲ့ ခင်မောင်အေးကို ဆွဲထည့်၊ မြေကြီးခွဲပေးရမယ် ဘာညာ ဆိုပြီးတော့၊ နောက် အယူခံ သုံးခါစလုံးမှာလည်း ဘယ်တုန်းကမှ မပါခဲ့တဲ့ ခင်မောင်အေးကို အဲလို ရပိုင်ခွင့်တွေ ရှိတယ်ဆိုပြီး ယောင်ယောင်နဲ့ လုပ်တာ process and procedure က တခြား ကေ့စ်ကဟာနဲ့ ဒီကေ့စ်က ဘာမှ မဆိုင်တာ၊ မဆိုင်တာကို ဆိုင်တယ် ဆိုပြီးတော့ လျှောက် ရောပြီးတော့ နှောက်၊ မွှေနိုင်သမျှမွှေ၊ ကျွန်တော်တို့ကလည်း အဲဒါ မကျေနပ်ဘူး၊ ကော်မရှင်နာမက တရားသူကြီးကို ဘာတွေ တင်ပြလဲ ဆိုတော့ .. အဲဒါ စာရွက်စာတမ်းတွေ ကျွန်တော်တို့ သိချင်ပါတယ်လို့ တောင်းလည်း အဲဒါ မပေးနိုင်ဘူးတဲ့၊ ဒါက နောက်ဆုံးဖိုင်နယ်၊ ကော်မရှင်နာမက တရားသူကြီးကို တင်ပြတဲ့ဟာပဲ ပေးနိုင်မယ်... ပါးစပ်နဲ့ ကျွန်တော်တို့ ကြားရတယ်၊ ဒီ ရုံးမှာ ကော်မရှင်နာမကနေ သူကျွန်တော်တို့နဲ့ ညှိတဲ့ဟာ သုံးလေးခါလောက် တွေ့တဲ့အခါမှာ ဘာတွေကို ကြားခဲ့လဲ အဲဒါတွေကို တင်ပြရမှာ၊ အဲဒါတွေကို တစ်ခုမှလဲ ဘယ်လို တင်ပြထားမှန်း မသိဘူး၊ အဲတော့ နောက်ဆုံး ဒီကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ကော်မရှင်နာမက သူ့ရဲ့ position က ဘာလဲဆို... ဆုံးဖြတ်ချက်နေ့မှာကျတော့ ဒါ ခင်မောင်အေးကို အဲ မြေကြီကို ခွဲပေးရမယ်၊ ကျန်တဲ့ မြေကြီးမှာမှ ကျွန်တော်နဲ့ စုကြည် တစ်ယောက်တစ်ဝက် ၊ အိမ်ကြီးကလည်း စုကြည် အကုန်ယူတယ်။ သူတို့ တောင်ပြောမြောက်ပြော အကြောင်းတွေတော့ ပြတာပေါ့၊ ဒါပေမဲ့ ပြန်စဉ်းစား ကြည့်လိုက်ရင် ရုံးချုပ်ကနေ ဆုံးဖြတ်ထားတဲ့ ဘောင်က ကျော်သွားပြီ၊ ကျွန်တော်က တစ်ဝက်ထက် သိသိသာသာကြီး နည်းတဲ့ မြေကြီး ရမယ်၊ ကျွန်တော်က အိမ်မကြီး လုံးဝ မရဘူး၊ ပြိုနေတဲ့ အိမ်တစ်အိမ် ရမယ်၊ အိမ်မကြီး အစား။ ဒါက ဟာသကြီးပဲ၊ ဟုတ်လား နည်းနည်း ခေါင်းရှိတဲ့လူက စဉ်းစားလို့ ရမယ်၊ ဒါတစ်ယောက် တစ်ဝက်ဆိုတာ ဘယ်လိုမှ မဟုတ်နိုင်ဘူး။ အဲဒါကို မကျေနပ်ဘူး ကျွန်တော်တို့က။

ဘီဘီစီ။ ။ ဒီဟာကို တကယ်လို့ မထုခွဲ မရောင်းချဘူး ဆိုရင်ကော၊ ဦးအောင်ဆန်းဦး ခံယူထားတဲ့ ထိုက်သင့်တဲ့ စျေးနှုန်းဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့ကို ဖွင့်ပြပေးပါလားဗျ။

ဦးအောင်ဆန်းဦး။ ။ဒါကတော့ သူတို့ လာညှိပစေပေါ့။ မညှိနိုင်ဘူးဆိုရင်လည်း လေလံ ပစ်လိုက်ရင် ထိုက်သင့်တဲ့ စျေးနှုန်းနဲ့ အဖြေပေါ်လာမှာပဲ။ အဲဒီမှာ သူတို့လည်း ဝင်ဆွဲနိုင်ခွင့် ရှိတာပဲ။ သူတို့မှာ ဆွဲနိုင်ခွင့် မရှိတာမှ မဟုတ်ဘဲ။ လေလံပစ်လိုက်တယ် ဆိုလည်း သူတို့မှာ နောက်ဆုံး ပိတ်ထားတဲ့ တံခါးမှ မဟုတ်တာ၊ သူတို့ ဝင် ရွေးလို့ ရတာပဲ၊ အဲဒါ အဖြေ၊ သူ့ဟာသူ အဖြေ ပေါ်လာမှပဲ၊ ကျွန်တော့်ကို ဟိုဟာ lowball လုပ်လို့ ရတယ်၊ ဟုတ်လား ပိုက်ဆံ နည်းနည်းလေးနဲ့ အင်း ကျေနပ်အောင်လုပ်လို့ ရတယ်ဆို အဲလိုတော့ မရဘူး၊ မှန်ကန်တဲ့ စျေးနှုန်းနဲ့ပဲ လုပ်လို့ ရမယ်၊ အဲဒါကို မကျေနပ်ဘူးဆိုရင် ဟို လေလံပစ် သူတို့ ကိုယ်တိုင် ဝင်ဆွဲလို့ ရတယ်၊ ဆိုတော့ ဘာမတရားတာ ရှိလဲ အဲဒီမှာ။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရစဉ်

ဘီဘီစီ။ ။ အဲဒီတော့ အခုချိန်ထိလည်း ဦးအောင်ဆန်းဦးကို လာညှိရင် ညှိလို့ရတယ်ဆိုပြီးတော့ တံခါးကို ဖွင့်ထားတယ်လို့ ပြောနိုင်မလား။

ဦးအောင်ဆန်းဦး။ ။ဖွင့်ထားတယ်။ ဒါပေနဲ့ သူတို့ကို စောင့်နေမှာ မဟုတ်ဘူး။ လုပ်စရာရှိတာ လုပ်။ တရားရုံး ရောက်ရောက်ချင်း ကျွန်တော်ကတော့ ဒီဟာကို တစ်ယောက်တစ်ဝက်ခွဲနိုင်အောင် လေလံပစ်ဖို့ပဲ တောင်းဆိုမှာပဲ။ တကယ် ညှိချင်ရင် The door is always open … even very small တံခါးကို အမြဲဖွင့်ထားတယ်။ အမြဲတမ်း open လုပ်ထားတယ်… to the last second ဒါပေနဲ့ အဲဒါကို စောင့်နေမလား။ No. လုပ်စရာရှိတာ အပြည့်အဝ လုပ်ပြီးတော့ ဒီဟာကြီးကို အပြီးသတ်လိုက်ချင်တယ်။

ဘီဘီစီ။ ။ ဟိုဘက်က အဲဒီလို Division လုပ်ပြီးတဲ့၊ ခွဲဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်မှာ ငွေကြေးပမာဏ တစ်ခုခုမျိုး ကြမ်းခင်းစျေး သဘောမျိုး ပြောထားတာမျိုး ရှိဖူးလား။ နှစ်ဘက်ပေါ့။ ရှေ့နေချင်းပဲ ဖြစ်ဖြစ်။ ဆွေးနွေးဖူးတာ ရှိလား။

ဦးအောင်ဆန်းဦး။ ။ကျွန်တော့်ဘက်က ဘာလိုချင်လဲဆိုတာတော့ ballpark (စျေးနှုန်း အတိုင်းအတာ) နံပါတ်တော့ ပေးထားတယ်။ ဘာသံမှ ပြန်မလာဘူး။ အဲဒါက ခုန ပြောသလို စည်ပင်သာယာစျေးတော့ မဟုတ်ဘူး။ Cost pricing market စျေးမဟုတ်ဘူး။ Value pricing market စျေး။ ဒါကိုလည်း သူတို့က အကုန်လုံး ခြံရော အိမ်ရော အကုန်လိုချင်တယ် ပြောထားတာ။ အဲတော့ အဲဒါကို မတတ်နိုင်ရင်လည်း စကားထဲ ထည့်မပြောတော့နဲ့။ ကျွန်တော့်ရရမယ့် မြေကြီးကို ကျွန်တော့်ကို ပေးလိုက်၊ ကျွန်တော် ကြိုက်သလို လုပ်မယ်။ အိမ်ပဲ ကျန်တော့မယ်။ အိမ်ပိုင်းကို သူတို့ လိုချင်တယ် (ဆိုရင်) ယူ၊ ဒါပေနဲ့ အိမ်တန်ဖိုးကိုတော့ ကျွန်တော်တို့ကို ညှိရမယ်။ အဲဒါလည်း မညှိဘူးဆိုရင်တော့ အကုန်လုံး လေလံ ပစ်လိုက်မယ်။ သူတို့လည်း ဝင်ပြီး လေလံဆွဲလို့ရတယ်။

ဓာတ်ပုံ မူပိုင် Yvan Cohen
Image caption စစ် အစိုးရ ပိတ်ပင် ခဲ့တဲ့ ခြံရှေ့တရားပွဲ

ဘီဘီစီ။ ။ အဲဒီစျေးနှုန်းကိုရော အခုချိန်မှာ အများပြည်သူကို ပြောလို့ရလား။

ဦးအောင်ဆန်းဦး။ ။မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစျေးနှုန်းက တကယ် ဖြစ်ပျက်မှ ပြောလို့ရမှာကိုး။ အခုဟာက hypothetical (တကယ် မဟုတ်တဲ့ဟာ) တွေက ပြောလို့မရဘူး။

ဘီဘီစီ။ ။ဟုတ် သူတို့ကို ကမ်းလှမ်းခဲ့တဲ့ စျေးနှုန်းကို ဆိုလိုတာပါ။

ဦးအောင်ဆန်းဦး။ ။ အဲဒါလည်း မပြောနိုင်ဘူး။ အဲဒီစျေးကလည်း ညှိလို့ရသေးတဲ့ စျေးပဲ။

ဘီဘီစီ။ ။အဲဒါညှိနှိုင်းတုန်းက ရှေ့နေနဲ့ ညှိနှိုင်းတာလား။ စျေးကို ပေးသိလိုက်တယ်ဆိုတာ ဘယ်လိုနည်းနဲ့ ဖြစ်လိုက်တာလဲ။

ဦးအောင်ဆန်းဦး။ ။ ကျွန်တော့်ရှေ့နေကို သူတို့ ညှိချင်ပါတယ် မေးတယ်။ မေးတော့ ဒီလောက်နဲ့ စညှိတယ်။ ဘာသံမှ မကြားဘူး။

ဘီဘီစီ။ ။အဲဒါက အချိန်ကာလနဲ့ဆိုရင် ဘယ်အပိုင်းလောက် ဖြစ်မလဲ။

ဦးအောင်ဆန်းဦး။ ။ဒီ ၆ လပိုင်းက။ (၂၀၁၈ ဇွန်လ)

ဘီဘီစီ။ ။အနာဂတ်မှာဆိုရင်ကော ဦးအောင်ဆန်းဦး အဖြစ်ချင်ဆုံး ဆန္ဒ၊ အမြင်ချင်ဆုံးဆန္ဒဆိုရင် ဘာပြောမလဲဗျ။

ဦးအောင်ဆန်းဦး။ ။ကျွန်တော်ကတော့ အမွေအမှုကို ရရမယ့်အတိုင်း ရအောင် လုပ်ရမှာပေါ့လေ။ ပြီးရင်တော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ဘယ်လိုအကောင်းဆုံး ဘာလုပ်ပေးနိုင်မလဲ။ ဒါပါပဲ။ ကျန်တာ ဘာမှမရှိပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးအေးလွင်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ