အလင်္ကာပုလဲပန်း - မြို့မညိန်း၊ သံသာကမ်း၊ သက်ဝေ၊ သုဘဒြ၊ စုလျား၊ ဘော်သာခွာကျူ၊ မင်္ဂလာမောင်မယ်

မြို့မညိန်းရဲ့ ပုံတူကောက်ကြောင်း ဓာတ်ပုံ မူပိုင် CR : PAWOOTHET
Image caption မြို့မညိန်းရဲ့ ပုံတူကောက်ကြောင်း

သံသာကမ်း၊ သက်ဝေ၊ သုဘဒြအခါ၊ စုလျား၊ ဇောတိရသပတ္တမြား၊ နိတုံရွှေ၊ ဘော်သာခွာကျူ ဆိုတဲ့စကားလုံးတွေထဲမှာ မသိတာတလုံးပါရင် ဒီဆောင်းပါးကို ဖတ်ပျော်ပြီလို့ ဆိုချင်ပါတယ်။ ဒီစကားလုံးတွေက ဆရာကြီးမြို့မညိန်းရဲ့ သီချင်းထဲက စကားလုံးတွေပါ။

ဆရာကြီးမြို့မညိန်းက သူ့မိတ်ဆွေတယောက်ရဲ့သား မင်္ဂလာဆောင်အတွက် မင်္ဂလာမောင်မယ်သီချင်းကို ရေးခဲ့ပါတယ်။ ဒီသီချင်းဟာ အခုခေတ်မှာတော့ မင်္ဂလာဆောင်တိုင်းမှာ မပါမဖြစ်လောက် ဖြစ်နေပါပြီ။

မင်္ဂလာဆောင်သီချင်း တော်တော်များများရှိတဲ့အထဲမှာ ဆရာညိန်းရဲ့ သီချင်းက အလွန်အနှစ်သာရပြည့်ဝပါတယ်။ ရွေးချယ်သီကုံးထားတဲ့ ဆရာညိန်းရဲ့ တချို့စကားလုံးတွေကို နားမလည်ပဲ အလိပ်အခဲဖြစ်နေသူတွေရှိနိုင်ပါတယ်။ လိပ်နေ၊ ခဲနေ၊ တည်းလည်းဖြစ်နေတဲ့ အဲဒီစကားလုံးလေးတွေကို ဖြည်ထုတ်ကြည့်ကြရအောင်ပါ။

သီချင်းစာသားက ဒီလိုပါ။

သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ

ဆုထူးကို မောင်မယ်စုံခြွေ

ဟိုရှေးရေစက်ခိုင်မြဲ၊ လွဲမသွေ၊

ဖူးစာဘက် ချစ်သက်ဝေ၊ ချစ်တဲ့သက်ဝေ

မောင့်အသည်းစိုင်မယ်ပဲလေ၊ မယ့်အသည်းစိုင် မောင်ပါပဲလေ

စွဲမြဲတည်နေ ကမ္ဘာတိုင်အောင်လေ

သူနိုင်ငါနိုင် သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မှာတွေ။

မိဘ ဝတ္တရား ချီးမြှင့်အပ်သော အရွယ်ပေ

လျောက်ပတ်တင့်တယ်ရွေးချယ်၊ မျိုးနွယ်တူဆွေ

သုဘဒြအခါ၊ မင်္ဂလာရက်မြတ်ပေ၊ စုလျားရစ်ခွေ၊ ဇောတိရသပတ္တမြားနိတုံရွှေ

မင်္ဂလာစုပေါင်းကျက်သရေ၊ ရှိကြောင်းဆုခြွေ

လိုရာအဖြာဖြာ အောင်ပါစေ၊

မောင်မယ်တွေ

မြို့မတေးငြိမ့်ညှင်းနွဲ့၊ ဝမ်းမြောက်တဲ့ အောင်သံပေ

အေးမြမြ သာပေါ့သာပေါ့ဆွေ။

မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ

မယ်လည်း တည့်တည့်လိုက်ကာ လျှောက်တယ်မောင်ရေ

ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ

ဘော်သာခွာကျူ ပုလဲဖြူ မြင်သားပေါ့သက်ဝေ

ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်ဆွေ

မယ်ကား လယ်မြေ မောင်ကား မိုးကောင်းကင် လောကီအမြုတေ

သီးပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ။

ဓာတ်ပုံ မူပိုင် MYOMA
Image caption သင်္ကြန်အတွက် မြို့မငွေငန်းကို မြို့မအသင်းရှေ့မှာ ပြင်ဆင်နေကြ

သံသာကမ်းတိုင်

သံသာကမ်းတိုင်တူပြိုင်ကူးမယ်တဲ့။ သံသာကမ်းရောက်တဲ့ထိအောင် အတူတူပြိုင်တူကူးမယ်လို့ ပြောနေတာပါ။ သံသာကမ်းက ဘာပါလဲ။

သံသာဆိုတာဟာ သံသရာနဲ့ အတူတူပါပဲ။ ဒါဆိုရင်တော့ မြန်မာလူမျိုးတိုင်းလောက် နားလည်နိုင်ပြီထင်ပါတယ်။ ဗုဒ္ဓဘာသာအယူနဲ့ သက်ဆိုင်ပါတယ်။ တပြောင်းပြန်ပြန်ကျင်လည်နေတယ်လို့ ပြောတာပါ။ ပဋိသန္ဓေနေလိုက်၊ မွေးဖွားလိုက်၊ သေဆုံးလိုက်ဆိုပြီး အဖန်ဖန်အခါခါ လည်ပတ်နေတာကို သံသရာလို့ခေါ်တာပါ။ အဲဒီလည်ပတ်တဲ့သံသရာဟာ နိဗ္ဗာန်ရောက်မှ ခရီးဆုံးတယ်လို့ဆိုပါတယ်။ အဲဒီနောက်ဆုံးနေရာကို ကမ်းလို့တင်စားပြီး သံသာကမ်း သို့မဟုတ် သံသရာကမ်းလို့ တင်စားတာဖြစ်ပါတယ်။

ရှင်မဟာရဋ္ဌသာရဆရာတော်သီကုံးတဲ့ ဘူရိဓာတ်ဇာတ်ပေါင်းပျို့ထဲမှာ "ဘဝမချာ၊ ရှေးသံသာက၊ မိစ္ဆာပုဏ္ဏား၊ ယဇ်သမားလျှင်" လို့ သံသာကို ထည့်သွင်းစပ်ဆိုပါတယ်။

အနန္တသူရိယအမတ်ကြီးစပ်ဆိုတယ်ဆိုတဲ့ မျက်ဖြေလင်္ကာထဲမှာလည်း "ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို" လို့ရေးထားပါတယ်။ သံသရာမှာ နောက်တခါကြုံကြိုက်ခဲ့ရင်တောင်မှာ မတုံ့ပြန်ချင်ပါဘူးလို့ ပြောတာပါ။

သက်ဝေ

သက်ဝေကတော့ အသက်ချင်းမျှဝေထားတယ်လို့ ပြောတာပါ။ သိပ်ချစ်လွန်းလို့ သူ့အသက်နဲ့ ကိုယ့်အသက်ကို မျှဝေထားတယ်လို့ ဆိုတာပါ။ သူရှင်ရင် ကိုယ်ရှင်မယ်၊ သူသေရင် ကိုယ်သေမယ်လို့ ပြောတာပါပဲ။

သုဘဒြအခါ

သုဘဒြဆိုတာဟာ ကောင်းမြတ်တဲ့အချိန်အခါလို့ ပြောတာပါ။ ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။

"ဒါက သက္ကတ ဘာသာနဲ့ ပြောတာဗျ။ ပါဠိလိုဆိုရင် သုဘဒ္ဒပေါ့။ အဓိပ္ပာယ်က အတူတူပါပဲ။ သုဘဒ္ဒ၊ သုဘဒြာဆိုတာ ကောင်းမြတ်တာကို ပြောတာ။ သုဘဒြအခါ ဆိုတာ ကောင်းမြတ်တဲ့ အချိန်အခါလို့ ပြောတာ။"

သုဘဒြအခါ မင်္ဂလာရက်မြတ်ပေဆိုတာ ကောင်းမြတ်တဲ့ အချိန်အခါဖြစ်တဲ့ မင်္ဂလာရက်မြတ်လို့ ပြောတာဖြစ်ပါတယ်။

Image caption မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်

စုလျားရစ်ခွေ၊ စုလျားရစ်ပတ်

စုလျားရစ်ခွေတယ်၊ စုလျားရစ်ပတ်တယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

စုလျားရစ်ပတ်တယ်ဆိုရင် လက်ထပ်တာပဲလို့တော့ မြန်မာအများနားလည်ပြီးသားပါ။

ဒါပေမယ့် အဲဒီစုလျားက ဘာလဲ၊ ဘာနဲ့ ရစ်ပတ်လိုက်တာလဲ ဆိုတာ မေးစရာဖြစ်လာပါတယ်။ တကယ်တော့ စုလျားရဲ့ ဇာစ်မြစ်က စလျားပါ။ အသံထွက်ရင်လည်း စုလျားလို့ အသံမထွက်ရပါဘူး။ စလျားလို့သာ ထွက်ရပါတယ်။ ကုလားတို့ ဘုရားတို့မှာ အသံထွက်တဲ့ပုံစံမျိုး ရှေ့ကစကို အသံတဝက်နဲ့သာရွတ်ဆိုပါတယ်။ ကပြားရဲ့ "က" လို ညအခါရဲ့ "ည" လို အသံအပြည့်မရွတ်ရပါဘူး။ မယား ရဲ့ "မ" လို ရထားရဲ့ "ရ" လိုအသံတဝက်နဲ့ ရွတ်ရပါတယ်။ စကားက "စ" နဲ့ အသံထွက်အတူတူပါပဲ။

ရှည်လျားတဲ့ အစဖြစ်ပါတယ်။ ရှည်လျားတဲ့ အဝတ်စကို ဆိုလိုတာပါ။

သတို့သားနဲ့ သတို့သမီးရဲ့လက်ကို ရှည်လျားတဲ့ အဝတ်စနဲ့ စည်းနှောင်ပြီး သေတပန်သက်တဆုံး မခွဲမခွာ အတူတကွ နေထိုင်ကြပါတော့လို့ပြောလိုက်တာပါ။ အရင်ခေတ်တုန်းက ပုဆိုးစကို သုံးလေ့ရှိပြီး အခုခေတ်မှာ ပုဝါစကို သုံးလေ့ရှိပါတယ်။ လက်နှစ်ဖက်ကို အဝတ်စရှည်နဲ့ စည်းနှောင်ခြင်းဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါဆိုရင် စလျားကို ဘာလို့ စုလျားလို့ ရေးထားသလဲလို့ မေးစရာရှိပါတယ်။

ဒီအကြောင်းကိုတော့ အရင်ကလည်း ပြောခဲ့ဖူးပါပြီ။ စလျားကို စ-လျားလို့ စသံအပြည့်မထွက်စေချင်လို့ တနည်းအားဖြင့်ပြောရရင် စမှာအတူတွဲပါနေတဲ့ အသရကို သတ်ချင်လို့ တချောင်းငင်နဲ့ အမှတ်အသားပြုပြီး သတ်ထားတာဖြစ်ပါတယ်။

ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။

"ဘာလို့ တချောင်းငင်ပိုလာသလဲဆိုတော့ ရှေးကမြန်မာကြီးတွေရဲ့ တီထွင်မှုလို့ပဲ ပြောရမယ်ထင်တယ်ဗျ။ ဒီတချောင်းငင်က အုသရကို ကိုယ်စားမပြုဘူးဗျ။ ဒါ့ကြောင့် အုသံ မထွက်ရဘူး။ စုလျားမှာဆိုရင် စုလို့အသံမထွက်ရဘူး။ စလုံးဆိုတဲ့ အက္ခရာမှာ ဗျည်းနဲ့ သရနဲ့တွဲနေတယ်။ ဗျည်းက "စ"၊ သရက "အ" ပေါ့။ အဲဒီနှစ်ခုပေါင်းလို့သာ မူလအစ မှာပါတဲ့ "စ" လို အသံမျိုးထွက်လို့ရတာကိုး။ တကယ်လို့ "အ" သရသာ မပါခဲ့ရင် စကားမှာပါတဲ့ "စ" လိုမျိုး အသံတဝက်ပဲထွက်ရမယ်။ အဲသလိုမျိုး စကားမှာပါတဲ့ "" လိုမျိုး အသံတဝက်ပဲ ထွက်စေချင်လို့ ""ထဲမှာပါနေတဲ့ သရကို ချေပေးပါ၊ သတ်ပေးပါလို့ သင်္ကေတပြတာ။ အဲဒီသင်္ကေတက တချောင်းငင်နဲ့ တူနေတာ။ သက္ကတမှာလည်း အဲသလို တချောင်းငင်လိုလို သင်္ကေတလေးနဲ့ သရကိုချေတာရှိတယ်ဗျ။"

ဒါမျိုးတခြားဥပမာတွေက မြန်မာစကားစစ်စစ်ပဲဖြစ်တဲ့ ပုလင်း၊ ပါဠိကလာတဲ့ ကုလား၊ မွန်ကလာတဲ့ ပုလဲ၊ မွန်ကပဲလာတဲ့ စုလစ် ဆိုတဲ့စကားတွေလို့လည်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။ ဒီအကြောင်းကို သီးခြားအကျယ်တဝင့် ပြောဆိုရှင်းလင်းပြီးသားမို့ ဒီနေရာမှာ ဒီလောက်နဲ့ရပ်ပါရစေ။

ခရီးဆောင်မြန်မာအဘိဓာန်မှာတော့ အသံထွက်ကို စုလယားလို့ ပေးထားပါတယ်။ ဒါကိုတော့ ဆရာကြီးဦးထွန်းတင့်က "လူအများအဲသလို အသံထွက်တာကို လိုက်လျောပြီးခွင့်ပြုထားသလားမသိဘူး။ ဘယ်လိုဖြစ်သလဲမဆိုတတ်ဘူး။ အမှန်ကတော့ စလယားပဲ ထွက်ရမှာပါ။ ရှေးကလူကြီးများကလည်း စလယားပဲ ထွက်ကြပါတယ်" လို့ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MYOMA
Image caption ဆရာညိန်းရုပ်တုတပ်ဆင်ထားတဲ့ ဒီနေ့ခေတ်မြို့မအသင်းတိုက်

ဇောတိရသပတ္တမြား

ဇောတိရသ ပတ္တမြားဆိုတာ ဇောတိရသ် ပတ္တမြားလို့လည်း ခေါ်ပါတယ်။ အလွန်အဖိုးထိုက်တန်တဲ့ ပတ္တမြားဆိုတဲ့ အဓိပ္ပာယ်ပါ။ တချို့ကလည်း လိုတရ ပတ္တမြားလို့ ဆိုပါတယ်။ ထွန်းတောက်ပြီး အရည်လဲ့နေတဲ့ ပတ္တမြားလို့လည်း တချို့က အဓိပ္ပာယ်ဖွင့်ပါတယ်။ ကိုးခန်းပျို့ထဲမှာ "ရထားလှည်းစက်၊ ပုံတောင်းချက်နှင့် နှိုးဘက်ထပ်ရှိ၊ ပြောင်ထွန်းညှိသား၊ ဇောတိရသ၊ မနောမျ" ဟု လို့ ရေးထားပါတယ်။ မနောမျ သို့မဟုတ် မနောမယဆိုတာဟာ စိတ်ကြံတိုင်းဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

နိတုံရွှေ

ရွှေတော့ရွှေပါပဲ။ နိတုံရွှေဆိုတာဘာပါလိမ့်။ ရိုးရိုးရွှေနဲ့ ဘာကွာပါသလဲ။ နိတုံရွှေဆိုတာကတော့ အကြိမ်ကြိမ်အဖန်ဖန် မီးတင်ပြီး သန့်စင်ဖိုထိုးထားလို့ အလွန်စင်ကြယ်နေတဲ့ ရွှေလို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ စုလျားရစ်ခွေ ဇောတိရသပတ္တမြား နိတုံရွှေ ဆိုတာ အလွန်အဖိုးတန်တဲ့ ပတ္တမြားကို အလွန်သန့်ရှင်းစင်ကြယ်တဲ့ ရွှေနဲ့ကွပ်ထားတယ်လို့ ပြောချင်တာဖြစ်ပါတယ်။ တနည်းအားဖြင့် ပတ္တမြားနဲ့ ရွှေနဲ့ စုလျားရစ်ပတ်လက်ထပ်ကြတယ်လို့ ဆိုလိုပါတယ်။ သတိုးသားနဲ့ သတိုးသမီးကို ဇောတိရသပတ္တမြားနဲ့ အလွန်သန့်စင်တဲ့ရွှေလို့ တင်စားတာပါ။ နေနဲ့လ၊ ရွှေနဲ့မြဆိုတဲ့ တင်စားချက်မျိုးနဲ့ ခပ်ဆင်ဆင်။

ဘော်သာခွာကျူ၊ ပုလဲဖြူမြင်သားပေါ့သက်ဝေ

လာပါပြီဗျာ။ ဒုက္ခနဲ့လှလှနဲ့မောင်သိမ်းမြတ်နဲ့တွေ့ခဲ့ရတဲ့ စကားလုံးလေးက ဘော်သာခွာကျူပါ။ တော်တော်ခေါင်းစားတဲ့ စကားလုံးပါ။ ဘော်ရယ်၊ သာခွာရယ်၊ ကျူရယ် အဲဒီစကားလုံးသုံးလုံးစလုံးဟာ ပေါရာဏတွေပါ။ ဆရာဦးထွန်းတင့်က အခုလို ပြောပါတယ်။

"ဘော်ဆိုတာကလည်း ငွေကောင်းကိုဟောတာဗျ။ သာခွာကလည်းပဲ ငွေကောင်းကိုပဲ ဟောတဲ့စကားပါ။ သူ့ရင်းမြစ်ကတော့ ရှေးစကားလို့ပဲ ကျွန်တော်တို့ သတ်မှတ်ပြီးပြောကြတာပါပဲ။ ဘော်ရယ်၊ သာခွာရယ်။ ငွေကောင်းကိုပဲ ပြောတာပေါ့။ ကျူကလည်း ငွေကောင်းပါပဲ။ တလုံးစီပြောရင်လည်း သူတို့အားလုံးက ငွေကောင်းတွေပါပဲ။ ဒါပေမယ့် သုံးလုံးတွဲပြီး သုံးလေ့လည်းရှိပါတယ်။ သုံးလုံးတွဲပြီးသုံးတော့လည်း အင်မတန်သန့်စင်တဲ့ငွေ၊ ငွေကောင်းကိုပြောတာပါပဲ။ ဘော်ဆိုတဲ့ စကားလုံးကတော့ အခုခေတ်လည်း သုံးပါသေးတယ်။ ဘော်ချက်တယ်ဆိုတဲ့ဘော်ဟာ ဒီငွေပဲပေါ့။ နမ္မတူဘော်တွင်းက ဘော်ကလည်း ဒီငွေကိုပဲ ပြောချင်တာပါ။ သာခွာတို့ ကျူတို့ကတော့ အခုခေတ်မှာ တော်တော်အသုံးနည်းသွားပါပြီ။"

ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ၊ ဘော်သာခွာကျူ ပုလဲဖြူ မြင်သားပေါ့သက်ဝေ ဆိုတော့ ဘော်သာခွကျူဆိုတဲ့ ငွေကောင်းငွေသန့်တွေကလည်း အဖြူ၊ ပုလဲကလည်း အဖြူဆိုတော့ သူဖြူရင်ကိုယ်ဖြူတယ်၊ သူမည်းရင်ကိုယ်မည်းတယ်လို့ ပြောချင်တဲ့သဘောပါ။

မောင်ကမိုးကောင်းကင်၊ မယ်ကလယ်မြေ

နောက်ဆုံးအပိုဒ်ကလေးကိုတော့ ရသအမြင်နဲ့ ပြောချင်ပါတယ်။ အတွေးအခေါ်လည်းပါ၊ အဖွဲ့အနွဲ့လည်းကောင်း၊ ရသလည်း မြောက်တဲ့စာသားလေးလို့ ထင်လို့ပါ။

သီချင်းစာသားက

"ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်ဆွေ

မယ်ကားလယ်မြေ၊ မောင်ကားမိုးကောင်းကင်၊ လောကီအမြုတေ

သီးပွင့်ဖြိုးဝေ၊ ရာသက်တိုင်လုံးရွှင်ရွှင်ပျော်ပျော်နေတဲ့။"

ဆရာညိန်းက မယ့်ကို လယ်မြေနဲ့ ခိုင်းနှိုင်းထားပါတယ်။ မောင့်ကိုတော့ မိုးကောင်းကင်နဲ့ တင်စားပါတယ်။ လယ်မြေထဲမှာ မျိုးစေ့ကြဲပြီး မိုးကောင်းကင်ကနေ မိုးရေအေးအေးလေးတွေ ပက်ဖျန်းပေးရင် ကောက်ပင်သီးပင်တွေရှင်သန်ကြီးထွားလာမယ်။ အဲဒီအပင်တွေကနေ အသီးအပွင့်တွေ ဖြိုးဝေလာမယ်။ အဲဒီအသီးအပွင့်တွေကနေမျိုးစေ့ဖြစ်ထွန်းလာပြီး နောက်ထပ် လယ်မြေတွေ နောက်ထပ် ကောင်းကင်တွေရဲ့ ပေါင်းစည်းခြင်းအောက်မှာ နောက်ထပ်အသီးတွေ အပွင့်တွေအမြောက်အမြား ဆက်လက် တိုးပွား လာလိမ့်မယ် ဆိုတာကို ဒီအပိုဒ်က သီကုံးစပ်ဆိုထားပါတယ်။

မင်္ဂလာမောင်မယ်နှစ်ယောက်ကနေ ဖြစ်တည်လာတဲ့ အသီးအပွင့်တွေ မျိုးဆက်တွေဟာ နောင်တချိန်ဒီကမ္ဘာမြေပေါ်မှာ သိန်းနဲ့ သန်းနဲ့ချီပြီး တိုးပွားမလာဘူးလို့ ဘယ်သူများပြောနိုင်မလဲ။

မောင်နဲ့မယ် သဘာဝအတိုင်း ပေါင်းစည်းကြပြီး လောကကြီး စည်ပင် ဝပြောလာတဲ့ သဘောကို နက်နဲတဲ့ အဘိဓမ္မာနဲ့ ဖြည့်စွက်ပြီး လှလှပပရေးဖွဲ့ထားတဲ့ သီချင်းပါ။

ဒီသီချင်းဟာဖြင့် နိုင်ငံတော်မင်္ဂလာသီချင်းလို့တောင် ဆိုလောက်ပါပေရဲ့။

ဆက်စပ် အကြောင်းအရာများ