ယောက်ျားမဟုတ် မိန်းမမဟုတ်ဘ၀က လွတ်မြောက်သူတဦး
- ရေးသူ-ဘီဘီစီသတင်းထောက် ဆာရာ ဒါမော့
- ဘီဘီစီ

ယောင်္ကျားမှန်းမသိ မိန်းမမှန်းမသိတဲ့ ဘ၀က လွတ်မြောက်လာတော့မယ့် အာနစ်
အာနစ်ဟာ မွေးကတည်းက အင်တာဆက်လို့ ခေါ်တဲ့ လိင်အားဖြင့် ယောက်ျား၊ မိန်းမ တိတိကျကျ ခွဲခြားလို့ မရနိုင်တဲ့ အခြေအနေမျိုးနဲ့ မွေးဖွားလာသူဖြစ်ပါတယ်။
ဒီနှစ် အစောပိုင်းမှာ အသက် ၂၃ နှစ် ရှိပြီဖြစ်တဲ့ အာနစ်ဟာ သူလုပ်ခဲ့ရတဲ့ ခွဲစိတ်မှုအမျိုးမျိုးအနက် နောက်ဆုံးဖြစ်တဲ့ ခွဲစိတ်မှုတခုကို ခံဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။
အဲဒါကတော့ ယောက်ျားလိင်အင်္ဂါ တခုရရှိစေမယ့် ခွဲစိတ်မှုဖြစ်ပါတယ်။
နှစ်ပေါင်းများစွာအတွင်း ကျွန်တော့ကို ကိုယ်လုံးတီးနဲ့ စစ်ဆေးကြည့်ရှုခဲ့ကြတဲ့ ဆရာဝန် တွေ သူနာပြုတွေ မရေတွက်နိုင်အောင် ရှိခဲ့တယ်လို့ အာနစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာပဲ ၁၀၀ ကျော်တယ်လို့ ဆိုပါတယ်။
အာနစ်ရဲ့ မွေးရာပါ လိင်အင်္ဂါဟာ ယောက်ျားလိင် အင်္ဂါစစ်စစ်မဟုတ်သလို မိန်းမလိင်အင်္ဂါနဲ့လည်း မတူပါဘူး။
ဆရာ၀န်တွေက ဒီကလေးဟာ ယောက်ျားလေးနဲ့ ပိုတူတယ်၊ဒါပေမယ့် သိပ်မသေချာဘူးလို့ သူမိဘတွေကို ပြောခဲ့ကြောင်း သူက ပြန်ပြောပြပါတယ်။
သူမှာ ဝှေးစေ့တွေပါပေမယ့် ရှိရမယ့် နေရာမှန်မှာ ရှိနေတာမဟုတ်ပါဘူး၊ ဒီတော့ ဝှေးစေ့တွေကို နေရာမှန်ရောက်အောင် သူ လေးလသားအရွယ်မှာ ပထမဆုံးခွဲစိတ်မှုခံယူခဲ့ရပါတယ်။
သူ့ရဲ့ ကလေးဘဝတလျှောက်လုံး သူဟာ တခြားကလေးတွေနဲ့မတူဘူးလို့ လူတွေပြောတာကို ကြားခဲ့ရပါတယ်။
အာနစ် ငယ်စဉ်က
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ကျွန်တော်မှာ တခုခုထူးခြားနေတယ်လို့ သိခဲ့ပေမယ့် နားမလည်ခဲ့ဘူးလို့ အာနစ်က ပြောပါတယ်။
ကျွန်တော့ မိဘတွေ ကျွန်တော့ကို ချစ်တယ်ဆိုတာ ကျွန်တော် သိပေမယ့် တချိန်တည်းမှာပဲ သူတို့က ၆ လတခါ ကျွန်တော့ကို ဆေးရုံခေါ်သွားတယ်၊ ဆေးရုံမှာ ဆရာဝန်တွေက ကျွန်တော်နဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ ပုံမှန်မဟုတ်ဘူး၊ ထူးခြားတယ် စတဲ့ စကားလုံးတွေသုံးပြီး ပြောကြတာကို ကြားရတယ်လို့ သူက ပြန်ပြောပြပါတယ်။
ကျောင်းမှာလည်း သူငယ်ချင်းမိတ်ဆွေ ဖွဲ့ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ် အသက်ရှုကျပ်ပြီးသေအောင် အသက်အောင့်ထားဖူးတယ်လို့ ပြောပြခဲ့ပါတယ်။
တခါမှာတော့ အစွန်းချွတ်ဆေးသောက်ဖို့ ကြိုးစားပေမယ့် ကလေးတွေ ဖွင့်မရအောင် လုပ်ထားတဲ့ အဖုံးကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
အသက် ၁၄ နှစ်မှာ အဲဒါတွေထက် ပိုဆိုးတဲ့ သေကြောင်းကြံမှုတခု လုပ်ခဲ့ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးကုသမှုခံခဲ့ရပါတယ်။ ဒါပေမယ့် သူဘာကြောင့် သေကြောင်းကြံခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို ဖွင့်ဟပြောဆိုနိုင်ခဲ့ခြင်း မရှိပါဘူး။
သိပ်ပြီးကို အထီးကျန်လွန်းလှပါတယ်၊ ကျွန်တော့ အကြောင်း သိစရာမလိုတဲ့ တခြားသူတွေကို အသိမပေးချင်ပါဘူးလို့ အာနစ်က ပြောပါတယ်။
ဆယ်ကျော်သက်အရွယ် အာနစ်
သူရဲ့ ထူးခြားချက်ကို ဘယ်သူမှ မသိဘူး၊၊ ဒီလို အံ့သြစရာ ထူးထူးဆန်းဆန်းဖြစ်နေတာ ကမ္ဘာမှာ သူတယောက်ပဲ ရှိတယ်လို့ ထင်ခဲ့ကြောင်း သူကပြောခဲ့ပါတယ်။
သူအသက် ၁၈ နှစ်အရွယ် လွန်ခဲ့တဲ့ ၅ နှစ်ကမှ သူဖြစ်နေတဲ့ အခြေအနေကို ခေါ်တဲ့ နာမည်ရှိတာကို သူသိလာခဲ့ရပါတယ်။ သူ့ကို ခွဲစိတ်ကုသမှုတွေနဲ့ ဟော်မုန်းကျွေးကုသမှုတွေ လုပ်ရတဲ့ အကြောင်းရင်းက intersex လို့ ခေါ်တဲ့ မွေးရာပါ လိင်မကွဲပြားမှု ကြောင့်လို့ သိလာတာ ဖြစ်ပါတယ်။
ဒီလိုသိရလာပြီးတဲ့နောက် သူ့လို ဖြစ်နေတဲ့ တခြားလူတွေ ရှိနေတယ်ဆိုတာကိုလည်း သူသဘောပေါက်လာခဲ့ပါတယ်။
ဒါက သူ့အတွက် သိပ်ကိုထူးခြားပါတယ်၊ ဒီလိုသိလာရတော့ ဒီလိုအခြေအနေမျိုးနဲ့ မွေးလာတာအတွက် သူ့အနေနဲ့ ရှက်စရာမလိုဘူးလို့ လည်း နားလည်လာခဲ့ပါတယ်။
ဆရာဝန်တွေကလည်း သူအသက် ၁၈ နှစ် ပြည့်ချိန်မှာ ကိုယ်တိုင်သဘောတူညီချက် ပေးနိုင်ပြီဖြစ်လို့ ယောက်ျားလိင်အဂါသစ်တခု ဖန်တီးမယ့် ခွဲစိတ်ကုသမှုတွေ စလုပ်နိုင်ပြီလို့ အာနစ်ကို ပြောခဲ့ကြပါတယ်။
ဒါပေမယ့် ဆုံးဖြတ်ချက်မမြန်ဖို့၊ သူအဆင်ပြေမှ ရှေ့ဆက်ဖို့ ဆရာဝန်တွေက အကြံပေးခဲ့ကြပါတယ်။
သုံးနှစ်အကြာ ၂၀၁၆ ခုနှစ် မှာ အာနစ်ဟာ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော် ရှင်းရှင်းလင်းလင်း သဘောပေါက်လာခဲ့ပြီဖြစ်လို့ လူတွေကို အမှန်အတိုင်း ပြောဖို့ လိုလာပြီ၊ ခွဲစိတ်ကုသမှုကြီးတွေ အများကြီးလုပ်ခဲ့ပြီးပြီမို့ နောက်ထပ်ခွဲစိတ်မှုတွေလုပ်ဖို့ အပန်းမကြီးတော့ပါဘူးလို့ အာနစ်က ပြောပါတယ်။
သူက ဝမ်းကွဲညီအကိုတွေ ဦးလေးတွေ အဒေါ်တွေကို စပြောခဲ့တဲ့အခါ သူတို့က အံ့သြသွားကြပေမယ့် ဆန့်ကျင်ကြတာမျိုးမရှိခဲ့ပါဘူး။
ကျွန်တော် အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့တာကို ဖွင့်ပြောလိုက်တာအခါ ဒီလို လိုလိုလားလား လက်ခံကြမယ်လို့ မထင်ထားဘူးလို့ ဆိုပါတယ်။
အာနစ်အနေနဲ့ သူရဲ့ ပထမဆုံး အချစ်ရေးအချစ်ရာကိစ္စတွေကို ယုံကြည်မှုအပြည့်နဲ့ စစဉ်းစားနိုင်အောင် ခွဲစိတ်မှုကို သိပ်အချိန်မဆွဲဘဲ၂၀၁၈ ဇွန်လမှာ လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့ အာနစ်
၂၀၁၈ ဖေဖေါ်ဝါရီလမှာ အာနစ်ဟာ ကိုပင်ဟေဂင်မှာလုပ်တဲ့ အင်တာဆက် နိုင်ငံတကာ ညီလာခံကို သွားတက်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် သိပ် စိတ်လှုပ်ရှားစရာဖြစ်တယ်လို့ ပြောပါတယ်။
ပထမဆုံး အကြိမ် ကျွန်တော့ ဘ၀မှာ ငါတယောက်ထည်း အထီးကျန်မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ဘဝတူလူတွေအကြောင်း သိခွင့်ရခဲ့တာ ကြည်နူးအံသြစရာကောင်းတယ်လို့ သူက ပြန်ပြောပြခဲ့ပါတယ်။
အာနစ်လိုပဲ ကမ္ဘာတ၀န်းက လာရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက သူတို့ရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အရေးတွေကို ဆွေးနွေး၊ အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြပါတယ်။
ကြားရတဲ့ သူတွေအနေနဲ့ ထူးဆန်းကောင်းထူးဆန်းမှာပဲ၊ ဆွေးနွေးပွဲအစ နာရီပိုင်းအတွင်းမှာ ပြောဆို ဆွေးနွေးခဲ့ကြသမျှက ကျွန်တော်တို့ရဲ့ လိင်အင်္ဂါတွေအကြောင်းတွေ ချည်းပါပဲလို့ အာနစ်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Alamy
ဆေးရုံအပြင်ဘက်က အာနစ်
Intersex အင်တာဆက် ဆိုတာဘာလဲ
လိင်အားဖြင့် ယောက်ျားမိန်းမ ရယ်လို့ တိတိကျကျ ခွဲခြားနိုင်လောက်တဲ့ လိင်ပိုင်းဆိုင်ရာ အင်္ဂါ နဲ့ လက္ခဏာတွေမကွဲပြားတဲ့ အခြေအနေနဲ့ မွေးဖွားလာသူအားလုံးကို ခြုံငုံခေါ်ဝေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။
လိင်အင်္ဂါတွေ၊ ဝှေးစေ့တွေ၊ မ မျိုးဥအိမ်တွေ၊ မျိုးဗီဇ ခရိုမိုဇုမ်းတွေ နဲ့ ဟော်မုန်း စတာတွေအားလုံး အမျိုးမျိုး ကွဲပြား ပါဝင်နေနိုင်ပါတယ်။
ကုလသမဂ္ဂရဲ့ အပြောအရ အင်တာဆက် မွေးရာပါ လိင်မကွဲပြားသူ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
သူ့အကြောင်းကို ထွေထွေထူးထူး ရှင်းပြနေစရာမလိုတဲ့ လူတွေကြားမှာ နေရတာကို သူနှစ်ချိုက်ပါတယ်။ သူ ပုံမှန်ဘ၀ရောက်ရင် ဒီလိုပဲ ခံစားရလိမ့်မယ်လို့ သူယူဆပါတယ်။
ဒါပေမယ့် လူအများအပြားရဲ့ အတွေ့အကြုံတွေဟာ သူအတွေ့အကြုံနဲ့ တူကြတာမဟုတ်တော့ ဒီ့အတွက် သူနည်းနည်း အထီးကျန်ဖြစ်သလို ခံစားရပါတယ်။
ဒီလူတွေက ကျွန်တော် ဘယ်လိုခံစားရသလဲဆိုတာ နားလည်ကောင်းနားလည်နိုင်ပေမယ့် တချိန်တည်းမှာ သူတို့ အတွေ့အကြုံဟာ ကျွန်တော့အတွေ့အကြုံနဲ့ မတူကြပါဘူးလို့ သူကပြောပါတယ်။
ဒီလို အတွေ့အကြုံတွေက သူကို ဝေဝါးစေခဲ့ပါတယ်။
ဒါက ကျွန်တော့ ဘ၀ဇာတ်လမ်းပဲလေ၊ ကျွန်တော်ဟာ ယောက်ျားအနေနဲလည်း အံမဝင်၊ အင်တာဆက် လိင်မကွဲပြားသူတွေအနေနဲ့ကျပြန်တော့လည်း ဂွင်မကျ၊ ဒီတော့ ကျွန်တော်ဘယ်သူလဲ၊ မကောင်းပါဘူးဗျာလို့ အာနစ်က ပြောပါတယ်။
အာနစ်
ဒီ့နောက်ပိုင်း အာနစ်ဟာ ချီကာဂိုက ပစ်ဂျင် ပက်ဂိုးနစ် ဆိုတဲ့ လိင်မကွဲပြားသူတွေအရေး လှုပ်ရှားသူတဦးနဲ့ Skypes က စကားပြောခဲ့ပါတယ်။ ပစ်ဂျင်းဟာ ယောက်ျားလိင်အင်္ဂါရော မိန်းမလိင်အင်္ဂါပါ မဖွံ့ဖြို့းဘဲ မွေးလာသူဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ သူ့ကို မိန်းမ လိင်အင်္ဂါဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ပစ်ဂျင်ကို ကျတော့ သူ့မိဘတွေက ငယ်ငယ်ကတည်းက မိန်းကလေးလို ပြုစုပျိုးထောင်ခဲ့ပါတယ်။
သူတို့တွေဟာ တက္ကသိုလ်ရောက်မှ သူတို့ငယ်ငယ်တုံးက ခွဲစိတ်ခံခဲ့ရတာတွေ နဲ့ပတ်သက်လို့ အမှန်တရားကို သိလာခဲ့ရသလို သူတို့ဟာ အင်တာဆက် လိင်မကွဲပြားသူတွေ ဖြစ်တယ်ဆိုတာကိုလည်း သိလာခဲ့ရတာဖြစ်ပါတယ်။
ပစ်ဂျင်ကတော့ ခွဲစိတ်မှုတွေဟာ မလိုအပ်ဘဲလုပ်တဲ့ ကိုယ်ခန္ဓာပြုပြင်တဲ့ ခွဲစိတ်မှုတွေလို့ မှတ်ယူပြီး ကျန်းမာသန်စွမ်းတဲ့ အင်တာဆက် ကလေးတဦးကို ခွဲစိတ်ပြီး ပြုပြင်ပြောင်းလဲတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတခုလို့ သူက ငြင်းချက် ထုတ်ပါတယ်။
ကလေးတွေကို အင်တာဆက် ကလေးတွေအဖြစ် ကြီးပြင်းခွင့်ပေးသင့်ပြီး အရွယ်ရောက်လာတော့မှ သူ့တို့ ခန္ဓာကိုယ်နဲ့ပတ်သက်လို့ သူတို့ ကိုယ်တိုင် ဆုံးဖြတ်ကြလိမ့်မယ်လို့ ပစ်ဂျင်က ပြောပါတယ်။
ကလေးတွေမှာ လုပ်နေတဲ့ ခွဲစိတ်မှုတွေ ရပ်ပြီး အရွယ်ရောက်သူတွေမှာ သူတို့ ဆန္ဒအရပဲ ခွဲစိတ်ဖို့ ဆရာဝန်တွေကို ဖိအားပေးသင့်တယ်လို့ သူက ပြောပါတယ်။
အာနစ်ကလည်း သူငယ်စဉ်က သူ့မိဘတွေကိုယ်တိုင် ခွဲစိတ်မှုဟာ နည်းလမ်းတခုသာဖြစ်တယ်ဆိုတာကို မသိခဲ့ကြဘူးလို့ ပြောပါတယ်။
ဆရာဝန်က ခင်ဗျားတို့ ကလေး ခွဲဖို့လိုတယ်ဆိုရင် မိဘတွေက လိုက်လုပ်ကြတာပဲလို့အာနစ်က ပြောပါတယ်။
နိုင်ငံတကာညီလာခံကို တက်ခဲ့တာနဲ့ ပစ်ဂျင်နဲ့ ပြောဆိုခဲ့ပြီးတဲ့နောက် အာနစ်ဟာ သူကလေးဘ၀က လုပ်ခဲ့တဲ့ ခွဲစိတ်မှုအများအပြားဟာ ခန္ဓာကိုယ်အစိတ်အပိုင်း ပြုပြင်တဲ့ ခွဲစိတ်မှုတွေလို့ ယူဆလာပါတယ်။
ဒါကြောင့် စီစဉ်ထားတဲ့ ခွဲစိတ်မှုကို ဆက်လုပ်သင့်မသင့် အကြီးအကျယ်စဉ်းစားပြီး နောက်ဆုံးမှာ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ ဘယ်လက်ဖျံက အရေပြားနဲ့ ယောက်ျားလိင်အင်္ဂါကို ဖန်တီးယူခဲ့ပါတယ်။
၂၀၁၈ ဇွန်လမှာ အာနစ်ဟယ ဆေးရုံတက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ တနှစ်က ဆရာဝန်တွေဟာ သူရဲ့ ဘယ်ဘက် လက်ဖျံက အရေပြားကို ယူပြီး ယောက်ျားလိင်အင်္ဂါတခုဖန်တီးယူခဲ့ ပါတယ်။
သူ အဲဒီလိင်အင်္ဂါကို အသုံးပြုပြီး ဆီးသွားနိုင်အောင် တနှစ်လောက် အချိန်ယူခဲ့ရပါတယ်။
သူက အရေပြားယူခဲ့တဲ့ သူ့ဘယ်လက်ဖျံက အမာရွတ်ကြီးကို ပြခဲ့ပါတယ်။
အခုလုပ်မယ့် ခွဲစိတ်မှုကတော့ အာနစ်ရဲ့ ယောက်ျားအင်္ဂါကို လိင်ဆက်ဆံမှုလုပ်နိုင်အောင် ပစ္စည်းတခုထည့်သွင်းတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။
သူ့အနေနဲ့ လိင်ဆက်ဆံလိုတဲ့ဆန္ဒရှိလာရင် လိင်အင်္ဂါထဲမှာ ထည့်သွင်းထားတဲ့ပစ္စည်းထဲကို လေထိုးထည့်ရမှာ ဖြစ်ပါတယ်။
စက်ရုပ်လူသားတယောက်လို ခံစားရပေမယ့် စွမ်းဆောင်နိုင်ပါ့မလား ဆိုတဲ့ စိတ်လှုပ်ရှားမှုကတော့ရှိနေတယ်လို့ သူက ပြောပါတယ်။
သူမှာ သမီးရည်းစားရှိလာခဲ့ရင် အဲဒီ တယောက်ကို သူရဲ့ လိင်အင်္ဂါအခြေအနေ နဲ့ပတ်သက်လို့ ဘယ်လိုရှင်းပြရမလဲလို့ သူတွေးတောစိတ်ပူနေပါတယ်။
သူက ရည်းစား တခါမှ ထားဘူးခဲ့တာမဟုတ်ပေမယ့် အခုခွဲစိတ်မှုပြီးရင် ရည်းစားရှာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
သူ့ဘဝမှာ အရာရာ ပြောင်းလဲသွားတော့မှာဖြစ်ပြီး သူ့အသက်အရွယ် တခြားအမျိုးသားတွေ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို သူလည်းရနိုင်တော့မှာလို့ သူက ပြောခဲ့ပါတယ်။
သူ့ကိုယ်ခန္ဓာကို ရွံရှာမုန်းတီးစိတ်နဲ့ သမီးရည်းစားရှာဖို့ စိတ်မကူးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအခြေအနေကနေ လွန်မြောက်အောင် သူကြိုးစားမယ်လို့ ဆိုပါတယ်။
ခွဲစိတ်မှုက အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။ အခု သူရဲ့ လိင်အင်္ဂါဟာ အရင်နဲ့ မတူတော့ ပါဘူး။ ဒါပေမယ့် အသားကျအောင် အချိန်ဘယ်လောက်ယူရမလဲဆိုက မသေချာပါဘူး။
အကိုက်အခဲပျောက်ဆေးတွေလည်း ဖြတ်လိုက်ပြီမို့ အိမ်ပြန်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူ့မိဘတွေက သူ့ကို ပြုစုစောင့်ရှောက်ကြမှာဖြစ်ပါတယ်။
သူ့ရဲ့ ယောက်ျားအင်္ဂါသစ် ကို နေသားကျအောင် ထောင်မတ်နေတဲ့ အနေအထားနဲ့ သီတင်းတပတ်ထားရမှာဆိုတော့ အတော်ကို ကသိကအောင့်ဖြစ်စရာ ပါ။
လူတွေ လာသတင်းမေးကြတဲ့အခါ နေထိုင်မကောင်း ဖြစ်နေသေးတဲ့ အချိန်မှာတောင် သူတို့နဲ့ တွေ့ရတာ ပျော်တယ်လို့ သူက ပြောပါတယ်။
အာနစ်ဆေးရုံက ဆင်းလာတာ တလကြာသွားခဲ့ပါပြီ၊ ဆေးရုံဆင်းစမှာ မခံမရပ်နိုင်အောင် နာကျင်ခဲ့ပေမယ့် အခုတော့ မနာတော့ပါဘူး။
ခွဲစိတ်ပြီး နောက်ဆက်တွဲ ဝေဒနာတချို့ ရှိလာတာကြောင့် ပြီးခဲ့တဲ့လက အရေးပေါ်ဌာနကို မကြာခဏသွားပြခဲ့ရပါတယ်။
ဒါပေမယ့် ဒါတွေအားလုံးကို သူက မေ့ထားလိုက်ပြီး အင်တာဆက်တွေ ပထမဆုံးအကြိမ်ပါဝင်တဲ့ Pride in London လို့ ခေါ်တဲ့ လန်ဒန်က ချီတက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
Pride in London လို့ ခေါ်တဲ့ လန်ဒန်က ချီတက်ပွဲမှာ ပါဝင်ခဲ့
အင်တာဆက်တွေဟာ အမျိုးသမီးချင်း၊ အမျိုးသားချင်း လိင်ဆက်ဆံကြတဲ့ လိင်တူချစ်သူတွေ မဟုတ်ကြပေမယ့် တချို့ က Pride ချီတက်ပွဲဟာ သူတို့လို အင်တာဆက် အသိုင်းအဝိုင်းအကြောင်း လူတွေသိအောင် တင်ပြနိုင်မယ့် နေရာတခုလို့ ယူဆကြပါတယ်။
ဒါကြောင့် နွေရာသီအပူချိန်အောက် အာနစ်တယောက် တခြား အင်တာဆက် ၃၀ လောက်နဲ့ အတူ ပါဝင်ချီတက်ခဲ့ပါတယ်။
မနှစ်က ဒီအချိန်မှာ Pride ချီတက်ပွဲကို သူတယောက်တည်းသွားခဲ့ပေမယ့် အင်တာဆက် တယောက်နဲ့ မှ မတွေ့ခဲ့ရတဲ့ အာနစ်ဟာ ဒီနှစ်မှာတော့ အင်တာဆက် တဖွဲ့လုံးနဲ့တွေ့ရခဲ့တယ်ဆိုပြီး ပျော်ရွှင်နေခဲ့ပါတယ်။ သူတို့တွေဟာ အသက်အရွယ်အမျိုးမျိုး၊ နောက်ခံအမျိုးမျိုးနဲ့ နိုင်ငံပေါင်းစုံက လာသူတွေဖြစ်လို့ သမိုင်းဝင်နေ့တနေ့လို့ သူက ပြောပါတယ်။
ဆေးရုံပေါ်က အာနစ်
၂၀၁၈ သြဂုတ်လကို ရောက်လာခဲ့ပါပြီ။ Pride ချီတက်ပွဲ အပြီး ဒီလထည်းမှာ အာနစ် နောက်ထပ်ခွဲစိတ်မှုတခုခံခဲ့ရပါတယ်။ ဒီတကြိမ်မှာတော့ အဆင်မပြေတာတွေကို ပြန်ပြင်ပေးတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ သူ့ရဲ့ လိင်တံမှာ ထည့်သွင်း ထားတဲ့ ပစ္စည်းဟာ ဝှေးစေ့တလုံးကို ညှစ်ထားသလို ဖြစ်နေတဲ့အတွက် မခံမရပ်နိုင်အောင် နာကျင်စေခဲ့ပါတယ်။
ခွဲပြီးတာတောင် နာကျင်နေဆဲဖြစ်ပြီး ပိုးဝင်မှာကိုလည်းသတိနဲ့ စောင့် ကြည့်နေခဲ့ရပါတယ်။
ဒါပေမယ့် နောက် ၅ နှစ်ကနေ ၇ နှစ်အတွင်း သူ့လိင်အင်္ဂါမှာထည့်ထားတဲ့ပစ္စည်းကို မွမ်းမံတာ၊ မော်ဒယ်သစ်နဲ့ အစားထိုးတာမျိုးကလွဲပြီး နောက်ထပ်ခွဲစိတ်မှု မလုပ်ရဖို့ သူက မျှော်လင့်နေပါတယ်။
အရင်လို ဆေးရုံကို တက်လိုက်ဆင်းလိုက် မလုပ်ရတော့တာကြောင့် အာနစ်ဟာ ပထမဆုံးအကြိမ် အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့ပါပြီ။ အခုတော့ သူဘွဲ့ရခဲ့တဲ့ တက္ကသိုလ်မှာ သူအလုပ်လုပ်နေပါတယ်။ ခွဲစိတ်မှုပြီးပြီးချင်း သူ့ရဲ့ ခန္ဓာကိုယ် လုံးဝပြောင်းလဲသွားတာကို သူတွေ့ခဲ့ရတယ်လို့ အာနစ်ကပြောပါတယ်။
ဒီပြောင်းလဲမှုအသစ်နဲ့ ပိုပြီးနေသားကျလာတကြောင့် တခြားလူတွေနဲ့ ပိုပြီးရင်းရင်းနှီးနှီး ဆက်ဆံလာနိုင်ပြီလို့ ဆိုပါတယ်။
ဆေးရုံတက်လိုက်ဆင်းလိုက် လုပ်နေခဲ့ရတဲ့ အာနစ်
သူ့ မိဘတွေနဲ့လည်း သူပိုနီးနီးကပ်ကပ် ဆက်ဆံလာခဲ့ပါတယ်။ မိဘတွေက သူဘာဖြစ်နေမှန်းမသိကြဘူး၊ သူ့အတွက် ဘာမှ ကောင်းကောင်းလုပ်မပေးခဲ့ကြဘူးဆိုတဲ့ ခံစားချက်နဲ့ သူကြီးပြင်းလာခဲ့တာလို့ သူက ပြောပါတယ်။
ဒါပေမယ့် သူ့မိဘတွေဟာ ဘယ်လောက်စိတ်ထိခိုက်ခဲ့တယ်၊ သူ့အခြေအနေနဲ့ပတ်သက်လို့ အသေအချာ သိနားလည်နိုင်ခဲ့ခြင်း မရှိနိုင်ခဲ့ဘူးဆိုတာတွေကို သူ သဘောမပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။
သူမိဘတွေကို ပံ့ပိုးကူညီတာတွေမရှိခဲ့တဲ့အတွက် သူတို့အနေနဲ့ မှန်တယ်ထင်တာကို လုပ်ခဲ့ကြရတာဖြစ်တယ်လို့ ပြောပါတယ်။
အခုခွဲစိတ်မှုကြောင့် သူပိုပျော်ရွှင် စိတ်ချမ်းသာတယ်လို့ ပြောပါတယ်။ အတွဲရှာပေးတဲ့ အွန်လိုင်း အက်ပ်တခုနဲ့ ချိတ်ဆက်ပြီး အတွဲရှာတာ တွေ လုပ်နေပြီလို့ ဆိုပါတယ်။
ပထမဆုံး အမျိုးသမီးလေးတယောက်နဲ့ ချိန်းတွေ့ခဲ့ပေမယ့် သိပ်အလုပ်မဖြစ်ဘူး၊ သူက ကျွန်တော် တကယ့် ယောက်ျားမဟုတ်ဘူးလို့ပြောတယ်၊ ဒါနဲ့ ကျွန်တော် အမျိုးသားတယောက်နဲ့ ချိန်းတွေ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ခံစားချက်မရှိဘူး၊ ဒီတော့ ကျွန်တော်မှာ အတွဲရှာတဲ့ လူတွေမှာ ဖြစ်လေ့ရှိတဲ့ ပုံမှန်ပြဿနာတွေပဲ ရှိနေပါတယ်လို့ ပြန်ပြောပြပါတယ်။
သူ့ဘဝမှာ အကြီးဆုံးလျှို့ဝှက်ဖြစ်ခဲ့တဲ့ သူ့အကြောင်းကို ပြောပြခြင်းအားဖြင့် သူ့လို အလားတူ အခြေအနေရှိသူတွေကို အထောက်အကူဖြစ်စေလိမ့်မယ့် သူမျှော်လင့်ပါတယ်။
ကျွန်တော်ဟာ သာမန်လူတယောက်ပါ၊ ကျွန်တော်ရဲ့ မွေးရာပါလိင်မကွဲပြားတဲ့ အင်တာဆက်ဘ၀ဇာတ်လမ်းက တခြားအင်တာဆက်တွေ စိတ်ဓာတ်သန်မာအောင် လှုံဆော်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အာနစ်က ပြောခဲ့ပါတယ်။