အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ရဲ့ အနှစ် ၃ဝ

burma ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption လက်နက်ကိုင် တော်လှန်ရေးနဲ့ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ကြ

အေဘီအက်စ်ဒီအက်ဖ်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှာ ထိုင်းမြန်မာနယ်စပ် ကရင်အမျိုးသား အစည်းအရုံးရဲ့ ဝမ်ခ တပ်စခန်းမှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော်ဟာ ကမ္ဘာမှာ ပထမဆုံး ကျောင်းသားတွေ ထူထောင်တဲ့ တပ် ဖြစ်တယ်လို့ အဲဒီအချိန်က ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒီကျောင်းသားတပ်ကို ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုမှုတွေ အရေးနိမ့်ပြီး နောက်ပိုင်း ကျောင်းသား ခေါင်းဆောင်တွေကြား ညှိနှိုင်း နားလည်မှုနဲ့ ထူထောင်ခဲ့ကြတာ လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ၁၉၈၈ ဆန္ဒပြပွဲတွေ ဖြိုခွင်းခံခဲ့ရ

အရေးအခင်း ကာလတည်းမှာကတည်းက ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တချို့က တောင်းဆိုမှုတွေ မရရင် နောက်တဆင့် အဖြစ် ပြင်ပ အကူအညီနဲ့ လက်နက်ကိုင် လှုပ်ရှားမှု လုပ်ဖို့ ကြံစည်ခဲ့ကြပါတယ်။

ဒီထဲမှာ အစ္စရေး၊ အမေရိကန် စတဲ့ နိုင်ငံတွေက အကူအညီ ရမယ်လို့ မျှော်လင့်ကြိုးစားခဲ့ကြသူတွေ ပါသလို တရုတ်နယ်စပ်က ကွန်မြူနစ်တပ်တွေနဲ့ ဆက်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption တပ်သားတွေနဲ့ ဆန္ဒပြသူတွေ ရင်ဆိုင်တိုးမိခဲ့ကြ

၁၉၈၈ သြဂုတ်လကုန်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရနဲ့ အတိုက်အခံတွေကြား ညှိနှိုင်းမှုတွေ မအောင်မမြင် ဖြစ်လာပြီးနောက် တချို့ ကျောင်းသားလှုပ်ရှားသူတွေ ထိုင်းနယ်စပ်ကို သွားပြီး စုံစမ်းတာတွေ ရှိလာပါတယ်။

၁၉၈၈ စက်တင်ဘာလ အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးပစ်ခတ်မှုတွေ ပိုဆိုးလာလို့ ကျောင်းသားနဲ့ အရပ်သား တက်ကြွသူ အများအပြား နယ်စပ်တွေ ထွက်ပြေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကော့သောင်းကိုသွားတဲ့ စက်လှေပေါ်က တက်ကြွလှုပ်ရှားသူတွေ

ဒီနောက် ထိုင်းနယ်စပ် ကရင်နဲ့ ကယား၊ ပအိုဝ်း စတဲ့ လူမျိုးစု လက်နက်ကိုင်တွေ အခြေစိုက်တဲ့ စခန်းတွေမှာ ခိုလှုံပြီး ကျောင်းသားတွေ စုစည်းတပ်ဖွဲ့ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာလည်း ကျောင်းသားတပ်စခန်းတွေ ပေါ်လာခဲ့ပါတယ်။

မြန်မာပြည်ထဲမှာ ကျောင်းသား နိုင်ငံရေးကို မြေအောက်လှုပ်ရှားမှုနဲ့ ပါတီ လှုပ်ရှားမှု၊ နယ်စပ်မှာ လက်နက်ကိုင် လှုပ်ရှားမှု ဆိုပြီး သုံးပိုင်းခွဲ ဆောင်ရွက်ကြတာပါ။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption ရဟန်းတော်တွေပါ ကျောင်းသားတပ်မှာ ပူးပေါင်းခဲ့ကြ

ဒါကြောင့် ထွန်းအောင်ကျော်၊ မိုးသီးဇွန်၊ ဒေါက်တာနိုင်အောင် စတဲ့ ထင်ရှားတဲ့ ကျောင်းသား လှုပ်ရှားသူတွေဟာ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်တွေ အဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကျောင်းသားတပ်ဟာ မိုးသီးဇွန်အုပ်စုနဲ့ ဒေါက်တာနိုင်အောင်အုပ်စုလို့ ကွဲသွားခဲ့ပါတယ်။

လက်ရှိ ကျောင်းသားတပ်မတော် ဥက္ကဋ္ဌကတော့ ရဲဘော်သံခဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Yvan Cohen
Image caption ၈၈ အရေးအခင်းမှာ ကျော်ကြားခဲ့တဲ့ မိုးသီးဇွန်

ကျောင်းသား တပ်ဖွဲ့ပြီး နယ်စပ်မှာ လှုပ်ရှားနေတာကို အာဏာသိမ်း စစ်အစိုးရက ရှုတ်ချ နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။

ဒီထဲမှာ ပါပီမ ဇာတ်ကား ရိုက်ကူးပြသပြီး ကျောင်းသား ခေါင်းဆောင်တွေ အကျင့်ပျက်ခြစားနေတယ်၊ ကျောင်းသူတွေ ဘဝပျက်ကုန်တယ် ဆိုတဲ့ ပုံရိပ်တွေ မြင်လာအောင် ပြည်တွင်းမှာ ဝါဒဖြန့်သလို နယ်စပ်က ပြန်လာတဲ့ ကျောင်းသား တချို့က မြက်ခင်းသစ် အမည်နဲ့ မဂ္ဂဇင်းထုတ်ရေးသားတာတွေကို အစိုးရက နောက်က ထောက်ပံ့တယ်လို့ စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Roger Hutchings
Image caption ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်နဲ့ ကျောင်းသားလှုပ်ရှားသူ

ကျောင်းသားတက်ကြွသူတွေ အပါအဝင် အစိုးရကို အတိုက်အခံအဖြစ် လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတွေက ကျောင်းသားတပ်တွေကို ထောက်ခံတာ ရှိခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင် ဆက်သွယ်လှုပ်ရှားတာတွေ မလုပ်နိုင်ခဲ့ကြပါဘူး။

နယ်စပ်က ကျောင်းသားလှုပ်ရှားသူတွေက ပြည်တွင်း နိုင်ငံရေး ခေါင်းဆောင်တွေကို လေးစားထောက်ခံတာတွေ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက်လည်း နိုင်ငံတကာမှာ လှုံ့ဆော်အားပေးခဲ့ကြပါတယ်။

ပြည်တွင်းနဲ့ နယ်စပ် လှုပ်ရှားမှုတွေမှာ ဆက်သွယ်ကူညီတာတွေ ရှိတယ်ဆိုပြီး စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွေမှာ စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ကျောင်းသား လက်နက်ကိုင် လှုပ်ရှားမှုတွေထဲက အေဘီအက်စ်ဒီအက်ဖ်နဲ့ မဆိုင်တဲ့ စွမ်းအားမြှင့် စစ်သည်တော်များအဖွဲ့၊ မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့ စတဲ့ အဖွဲ့တချို့ရဲ့ သံရုံး စီးနင်းတာ၊ ထိုင်းဆေးရုံကို ဝင်စီးတာ စတဲ့ အစွန်းရောက် လှုပ်ရှားမှုတွေကိုလည်း ပြည်တွင်းက နိုင်ငံရေး ခေါင်းဆောင်တွေက သဘောမတူညီတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption ရန်ကုန်ကို သိမ်းဖို့ တိုင်ပင်နေတဲ့ ကျောင်းသားတွေ

ကျောင်းသားတွေကလည်း သူတို့တော်လှန်ရေးဟာ မကြာခင် ရက်ပိုင်းလပိုင်းအတွင်းမှာ ပြီးမယ်၊ အောင်မြင်မယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ တော်လှန်ရေးက တနှစ်မကပဲ အနှစ် ၃ဝ ကြာသွားခဲ့ပါတယ်။

ကျောင်းသား အများအပြား သေဆုံးခဲ့သလို တတိယနိုင်ငံတွေကို ရွှေ့ပြောင်းသွားကြတာလည်း ရှိပါတယ်။

မှတ်တမ်းအရ သေဆုံးသူ ၇၅ဝ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Yvan Cohen
Image caption ကျဆုံးကျောင်းသားတွေ မြှုပ်နှံရာ

အစိုးရတပ်က ဖမ်းမိတဲ့ ကျောင်းသားစစ်သည်တွေကို သတ်ဖြတ်တာတွေ အများအပြား ရှိခဲ့ပြီး ကျောင်းသားတပ်တွေဘက်က မီဒီယာအသုံးပြုမှု နည်းတဲ့အတွက် လူထုကြား သိမှု နည်းပါးတယ်လို့ ကျောင်းသားတပ်မတော် ဗဟိုက တွဲဘက်အတွင်းရေးမှူး ၁ ရဲဘော်မြင့်ဦးက ပြောပါတယ်။

တဘက်မှာတော့ ကျောင်းသားတပ်မတော် မြောက်ပိုင်းနယ်မြေမှာ ဖြစ်ခဲ့တဲ့ ကျောင်းသားစစ်သည်ချင်း သတ်ဖြတ်မှုတွေအကြောင်း ကြုံတွေ့ခံစားခဲ့ရသူတွေက ပြန်လည်ဖော်ထုတ်တာတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption စစ်ရေးလေ့ကျင့်နေတဲ့ ကျောင်းသားစစ်သည်တစု

ကျောင်းသားတပ်မှာ လူမျိုးစုံ ပါဝင်ပေမယ့် မြန်မာ ကျောင်းသား အများစု ဖြစ်တဲ့အတွက် လူမျိုးစု တပ်တွေအကြားမှာ မြန်မာအင်အားစု တစု အဖြစ် သဘောထားခဲ့ကြပါတယ်။

လူမျိုစု တွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျောင်းသားတပ်မတော်က အပြည့်အဝ ထောက်ခံခဲ့သလို လူမျိုးစု လက်နက်ကိုင်တွေကလည်း အဲဒီအရေးအတွက် ကျောင်းသားတပ်တွေကို ယုံကြည်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption ကျောင်းသားတပ်က ရဲမေစစ်သည်

ကျောင်းသားတပ်မတော်မှာ စစ်သည်ရဲမေ နှစ်ရာကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တချိန်က ထောင်ချီ အင်အားကြီးခဲ့ပေမယ့် ခုအချိန်မှာတော့ မိသားစုတွေ ပါမှ ၁၅ဝဝ ပဲ ရှိပါတော့တယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၈၈ လက်နက်ကိုင်မှသည် ငြိမ်းချမ်းရေး သံတမန် အမျိုးသမီး

ကျောင်းသားတပ်မှာ လူမျိုးစုံ ဘာသာစုံ ပါခဲ့ပြီး မြန်မာ့နိုင်ငံရေးမှာ အရှိန်ကြီးခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ အစိုးရနဲ့ စေ့စပ်ပြီး အပစ်ရပ်ခဲ့ပါတယ်။

ကိုယ်ပိုင်နယ်မြေ မရှိတာနဲ့ လက်နက်လူသူ အင်အားနည်းတာတွေကလည်း ကျောင်းသားတပ်ရဲ့ နိုင်ငံရေး သြဇာကျစေတဲ့ အကြောင်းတွေထဲမှာ ပါပါတယ်။

ထင်ထားသလို အနောက်နိုင်ငံတွေဘက်က လက်နက်မထောက်ပံ့နိုင်တာ၊ တရုတ်နယ်စပ်က ကွန်မြူနစ်တပ်တွေ ပြိုကွဲပြီး ဝနဲ့ကိုးကန့်တပ်တွေ စစ်အစိုးရနဲ့ စေ့စပ်ခဲ့တာတွေကလည်း ကျောင်းသားတပ်တွေရဲ့ လှုပ်ရှားမှုကို ထိခိုက်အားနည်း စေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption ကျောင်းသားတွေကို လက်နက်တပ်ဆင်

ဒါပေမဲ့ တချိန်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်လို ပြည်ပထွက်ပြီး လူငယ်ကျောင်းသားအရွယ်တွေ စွန့်စားခဲ့သလိုပဲ ကျောင်းသားတပ်မတော်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုကလည်း ပြောစမှတ် တွင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ်ပြောင်းရေးအတွက် ကျောင်းသားတပ်မတော်သားတွေ ဆက်ပြီး ဆင်နွှဲပါဝင်နေဦးမယ်လို့လည်း သူတို့က ဆိုပါတယ်။

ဒီလို ကျောင်းသား လက်နက်ကိုင် လှုပ်ရှားမှုမျိုး အနာဂတ်မှာ ပြန်ပေါ်လာမလား ဆိုတာကတော့ ငြိမ်းချမ်းရေး မရသေးတဲ့ မြန်မာပြည်အတွက် ပြောရစောတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption စစ်ပညာသင်နေတဲ့ ကျောင်းသားတွေ

ဆက်စပ် အကြောင်းအရာများ