ကျားဖြူ ကျားခေါင်း ရှမ်းနိုင်ငံရေးပါတီတွေ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ပေါင်းစည်းဖို့မလွယ်ကူသေး

ဓာတ်ပုံ မူပိုင် SNLD
Image caption ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦး

၂၀၀၈ အခြေခံဥပဒေနဲ့ ပြန်လည် အသက်သွင်းခဲ့တဲ့ ရွေးကောက်ပွဲတွေ စတင်လာပြီးနောက်မှာ တိုင်းရင်းသားပါတီတွေဟာ တပါတီတည်း အဖြစ် စုပေါင်းနိုင်ဖို့ ကြိုးစားလာကြတယ်။ အဲသလိုကြိုးစားလာကြတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပါတီတွေ မဲမကွဲဖို့။ ဗမာလူမျိုးပါတီတွေကို အနိုင်ယူနိုင်ဖို့ပါပဲ။

ဗမာအများစုလွှမ်းမိုးရာ ပါတီကြီးတွေဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီတို့ကို ရင်ဆိုင်နိုင်ဖို့ရာ တိုင်းရင်းသားပါတီ အားလုံး တပေါင်းတစည်းတည်းဖြစ်ရေးကို တိုင်းရင်းသားပြည်သူလူထုတွေက ဖိအားပေးတိုက်တွန်းလေ့ရှိကြတယ်။

အဲသလိုဖိအားပေးတိုက်တွန်းမှုတွေကြောင့် မကြာခင်က ချင်းပါတီတွေနဲ့ မွန်ပါတီတွေဟာ တပါတီတည်း အဖြစ်ပေါင်းစည်းနိုင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာတော့ ပါတီ ၄ ခုပေါင်းနိုင်ခဲ့တယ်။ ၂ ပါတီကမပေါင်းဘဲကျန်ခဲ့တယ်။ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ ပေါင်းစည်းရေးလှုပ်ရှားမှုကို သိပ်တက်တက်ကြွကြွ မမြင်ရဘူး။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့ ပေါင်းစည်းရေးကို ပြည်သူလူထုက လိုလားတောင်းဆိုကြ ပေမယ့် မပေါင်းစည်းနိုင်ကြတဲ့ အခြေအနေပါ။

ရှမ်းပြည်နယ် အခြေအနေနဲ့ ရခိုင်ပြည်နယ်အခြေအနေမှာ ဆင်တူတဲ့ အချက်တချို့ရှိကြတယ်။

ရခိုင်ပါတီတွေ ဘာ့ကြောင့် မပေါင်းနိုင်ကြသလဲဆိုတာကို ကျွန်တော်တို့ သုံးသပ်ခဲ့ကြပါပြီ။ ရှမ်းပါတီတွေ ဘာ့ကြောင့်မပေါင်းနိုင်ကြသလဲဆိုတာကို ဆက်ကြည့်ရင် ဘာတွေဆင်တူသလဲဆိုတာ မြင်ရပါမယ်။

ကျားခေါင်းပါတီရဲ့အစ

ကျားဖြူနဲ့ကျားခေါင်း ပေါင်းရေးလွယ်၏ မလွယ်၏ကို သုံးသပ်ဖို့ဆိုရင် သူတို့ဘယ်လိုစပေါ်လာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်မကြည့်ဘဲ သိနိုင်မှာမဟုတ်ဘူး။

ကျားခေါင်းပါတီလို့ ရှမ်းပြည်သူအများခေါ်လေ့ရှိကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်အောက်တိုဘာလမှာ စတင်ထူထောင်ခဲ့တယ်။ SNLD ပါတီလို့လည်း အင်္ဂလိပ်နာမည် အတိုကောက်ခေါ်လေ့ရှိတယ်။

ပါတီထူထောင်ကာစက ဥက္ကဋ္ဌက ခွန်ထွန်းဦးပါ။ အတွင်းရေးမှူးကတော့ စိုင်းအိုက်ပေါင်းဖြစ်ပါတယ်။ နောင်တချိန်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ SNDP ဆိုပြီး လူသိများလာမယ့် ကျားဖြူပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ့်သူပါ။

ဓာတ်ပုံ မူပိုင် CSSU
Image caption ကျားဖြူပါတီဥက္ကဋ္ဌ၊ ယခင် ကျားခေါင်းပါတီ အတွင်းရေးမှူဟောင်း စိုင်းအိုက်ပေါင်း

စိုင်းအိုက်ပေါင်းနုတ်ထွက်

၁၉၉၀ ရွေးကောက်ပွဲမှာ ကျားခေါင်းပါတီဟာ မဲဆန္ဒနယ် ၂၃ နေရာမှာ အနိုင်ရခဲ့တယ်။ ၉၀ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးအနိုင်ရတဲ့ ပါတီပါပဲ။ ဒါပေမယ့် အဲဒီတုန်းကခေတ်ဟာ အနိုင်ရသူတွေ ကံကောင်းတဲ့ခေတ်မဟုတ်ဘူး။ "ရွေးကောက်ပွဲပြီးနောက်ပိုင်းတွေမှာ စစ်ထောက်လှမ်းရေးက အမတ်တွေ နှိမ်နင်းရေးဆိုတာကို စီမံချက်ချလုပ်ခဲ့တယ်" လို့ ရှမ်းပြည်နိုင်ငံရေးကို လေ့လာသုံးသပ်သူ မင်းလွင် ရှမ်းပြည်က ပြန်ပြောင်းပြောဆိုပါတယ်။ ရွေးကောက်ပွဲ အနိုင်ရခဲ့ကြပေမယ့် စစ်အစိုးရက အာဏာလွှဲမပေးခဲ့ဘူး။ ရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေဟာ လွှတ်တော်ထဲရောက်ရမယ့်အစား တချို့ထောင်ထဲရောက်ကုန်ကြတယ်။ တချို့လည်း နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။

ကျားခေါင်းပါတီရဲ့ အတွင်းရေးမှူး စိုင်းအိုက်ပေါင်းကတော့ ရွေးကောက်ပွဲပြီး မကြာမီမှာ ပါတီကနေ နုတ်ထွက်သွားခဲ့တယ်။

ကျားခေါင်းပါတီရဲ့ အခက်အခဲကာလ

စစ်အစိုးရက ရွေးကောက်ပွဲဟာ လွှတ်တော်ခေါ်ဖို့မဟုတ်ဘဲ အခြေခံဥပဒေရေးဆွဲဖို့ပါလို့ ပြောင်းလဲ ပြောဆိုခဲ့ကြတယ်။ ခွန်ထွန်းဦးဟာ အမျိုးသားညီလာခံ တက်ခဲ့ပါသေးတယ်။ အမျိုးသားညီလာခံအတွင်းမှာ အကျယ်လောင်ဆုံး ဝေဖန်သူတယောက်ဖြစ်ခဲ့ပါတယ်။

"၂၀၀၄ ခုနှစ်မတိုင်ခင်အထိ တက်ခဲ့ပြီး နောက်ဆုံးဘာမှဆက်လုပ်လို့ မရတော့ဘဲ ပြောသမျှ မှတ်တမ်းတင်ရုံပဲ တင်တဲ့အချိန်မှာ ခွန်ထွန်းဦးဟာ အမျိုးသားညီလာခံဆက်မတက်တော့ဘူးလို့ ငြင်းပယ်ခဲ့တယ်"

လို့ မင်းလွင် ရှမ်းပြည်ကဆိုပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ့စည်းမှုကြောင့် ကျားခေါင်းပါတီခေါင်းဆောင်တွေ ထောင်ဒဏ်နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ ခွန်ထွန်းဦးက ထောင်ဒဏ် ၉၃ နှစ်၊ စိုင်းညွန့်လွင်က ထောင်ဒဏ် ၈၅ နှစ်၊ စိုင်းလှအောင်က ထောင်ဒဏ် ၇၉ နှစ်အသီးသီးဖြစ်ပါတယ်။ အဲသလို ပါတီထိပ်တန်းခေါင်းဆောင်တွေ အဖမ်းခံရသလို ပါတီရဲ့ လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ချုပ်ချယ်လိုက်လို့ ပါတီလည်း တော်တော်အားလျော့သွားပါတယ်။

၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အချိန်မှာ ခွန်ထွန်းဦးနဲ့ ကျားခေါင်းပါတီခေါင်းဆောင်တွေဟာ အကျဉ်းကျနေဆဲပါ။

ဓာတ်ပုံ မူပိုင် SNDP
Image caption ကျားဖြူပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတခု

ကျားဖြူပါတီပေါ်လာပြီ

အဲဒီအချိန်မှာ စိုင်းအိုက်ပေါင်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ SNDP လို့ခေါ်တဲ့ ကျားဖြူပါတီကို ထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျားခေါင်းပါတီက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ကျားခေါင်းပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေထောင်ကျနေသလို၊ ပါတီရဲ့ လှုပ်ရှားမှုတွေလည်း ကန့်သတ်ချုပ်ချယ်ခံနေရတဲ့ အတွက် ကျားခေါင်းပါတီရဲ့ ပါတီဝင်တော်တော်များများဟာ ကျားဖြူပါတီထဲကို ကူးပြောင်းသွားခဲ့ကြပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်လူထုဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲမပေးဘဲ ကျားဖြူပါတီကို မဲအလုံးအရင်းနဲ့ပေးခဲ့ပါတယ်။ ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀ ကျော်အနိုင်ရခဲ့တယ်။ ကျားဖြူပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ရှမ်းပြည်နယ် သတ္တုတွင်းနဲ့ သစ်တောဝန်ကြီးဖြစ်ခဲ့ပါတယ်။ ကျားဖြူပါတီပိုင် စီးပွားရေးလုပ်ငန်းအများအပြားလည်း ထူထောင်ခဲ့ပါတယ်။

"ကျားဖြူပါတီရဲ့ ဥက္ကဋ္ဌကြီးက ကျားခေါင်းပါတီအတွင်းရေးမှူးနေရာက နုတ်ထွက်ပြီးကတည်းက စက်မှု ၁ ဝန်ကြီးဌာနနဲ့ နီးစပ်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်း ကျားဖြူပါတီအနိုင်ရပြီးနောက်ပိုင်းမှာ ပါတီပိုင်စီးပွားရေးလုပ်ငန်းတွေလည်း ထူထောင်ခဲ့ပါတယ်"

လို့ မင်းလွင် ရှမ်းပြည်က ဘီဘီစီကို ပြောပါတယ်။

ကျားခေါင်းကျားဖြူညီညွတ်ရေး

၂၀၁၁ ခုနှစ် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ စိုင်းလှအောင်တို့လွတ်မြောက်လာပြီးနောက်မှာ ရှမ်းပြည်လူထုက ကျားခေါင်း၊ ကျားဖြူပေါင်းစည်းရေးဖိအားပေးခဲ့ပါတယ်။ ကျားခေါင်းပါတီရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း စိုင်းစိုးအောင်ဟာ ပါတီပေါင်းစည်းရေးကို အဓိကလှုံ့ဆော်ဦးဆောင်ခဲ့သူတယောက်ပါ။ ဒါပေမယ့် စိုင်းစိုးအောင်လည်း မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့သလို ပါတီပေါင်းစည်းရေးလည်း ဖြစ်မလာခဲ့ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျားခေါင်းပါတီလည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နေရာတော်တော်များများကို ကျားခေါင်းပါတီက အနိုင်ရသွားပါတယ်။

Image caption ကျားခေါင်းပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက မဟာမိတ်ဖြစ်ခဲ့

ညီညွတ်ရေးထက် ပေါင်းရေးခက်

ပါတီနှစ်ခုရဲ့ နောက်ကြောင်းကိုကြည့်ရုံနဲ့ ပေါင်းရေးဘာ့ကြောင့်မလွယ်သလဲဆိုတာ တော်တော်လေး ရုပ်လုံးပေါ်နေပါပြီ။

ဘာ့ကြောင့် မပေါင်းနိုင်သလဲဆိုတာကို မြန်မာလူထုမဟာမိတ် ရှမ်းပြည်ရဲ့ တာဝန်ခံ ဦးအောင်ကျော်မိုးက အခုလိုသုံးသပ်ပါတယ်။

"ကျားဖြူနဲ့ ကျားခေါင်း အဓိက ကွာဟာချက်ကတော့ ရှမ်းပြည်အပေါ်မှာ ရှုမြင်တဲ့ နိုင်ငံရေးခံယူချက် မတူကွဲပြားတာက အဓိကအကြောင်းတရားလို့ ကျွန်တော်မြင်ပါတယ်။ အဓိကကတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်တဲ့အခါ ကျားခေါင်းပါတီက ၁၉၄၇ ခုပင်လုံစာချုပ်ကို အခြေခံမူထားပြီး ၈ ပြည်နယ်မူနဲ့ အနာဂတ်ပြည်ထောင်စုထူထောင်ရေးကို ရည်မှန်းချက်ကြီးကြီး နဂိုကတည်းက ထားပြီးသားပါ။ အဲဒီအပေါ်မှာ ကျားဖြူပါတီအနေနဲ့ကတော့ ကျားဖြူဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ၁၄ ပြည်နယ်မူကို လက်ခံထားတယ်ဆိုတော့ အဲဒီမှာ အဓိကကွဲလွဲတာပါပဲ။"

မင်းလွင်ရှမ်းပြည်ကလည်း အဓိက ကွာဟာချက်က ၈ ပြည်နယ်မူနဲ့ ၁၄ ပြည်နယ်မူဆိုတာကို သဘောတူပါတယ်။ ဒါ့အပြင်

"ကျားဖြူပါတီက ကြံ့ခိုင်ရေးပါတီနဲ့ ပိုနီးစပ်တယ်။ ကျားခေါင်းပါတီကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပိုနီးစပ်ပါတယ်။ နီးစပ်ဆို ၁၉၉၀ ရွေးကောက်ပွဲပြီးကတည်းက ဒီချုပ်နဲ့ မဟာမိတ်ဖြစ်ခဲ့တာပဲလေ။ CRPP မှာလည်း အတူတူပေါင်းစည်းခဲ့ကြတာပဲ။ အမျိုးသားညီလာခံကိုလည်း အတူတူသပိတ်မှောက်ထွက်ခွာခဲ့ကြတာပဲ။"

အဲသလိုမဟာမိတ်မတူတာ၊ ဘက်မတူတာကလည်း ပေါင်းစည်းရေးခက်ခဲတဲ့ အဓိက အကြောင်းအချက် တချက်လို့ မင်းလွင် ရှမ်းပြည်က မြင်ပါတယ်။

အနာဂတ်မှာပေါင်းနိုင်မလား

ဘီဘီစီမေး

နောင်မှာရော ဒီနှစ်ပါတီပေါင်းစည်းနိုင်မယ်လို့ စိုင်းမင်းလွင် ထင်ပါသလား။

မင်းလွင် ရှမ်းပြည် ဖြေ

သူတို့က ပုဂ္ဂိုလ်ရေးအခြေခံကနေ ကွဲသွားလိုက်တဲ့ဟာက လက်ရှိအခြေအနေမှာ မူအရလည်း ကွဲပြားခြားနားမှုဖြစ်တော့ ပေါင်းစည်းနိုင်ဖို့ကတော့ မလွယ်ပါဘူး။ မဖြစ်နိုင်တော့ဘူးဗျ။ သေချာတာကတော့ ၁၀ နှစ်ကာလအတွင်းမှာတော့ ပေါင်းဖို့ မဖြစ်နိုင်ပါဘူးဗျာ။