အသက်အငယ်ဆုံး အမျိုးသမီးကွန်ဂရက်အမတ် အခန်းငှားခ မတတ်နိုင်

အမျိုးသမီးကွန်ဂရက်အမတ် အလက်ဇန္ဒရီးယား အိုကာစီယို ကောတက်စ် ဓာတ်ပုံ မူပိုင် Magnum Photos
Image caption အမျိုးသမီးကွန်ဂရက်အမတ် အလက်ဇန္ဒရီးယား အိုကာစီယို ကောတက်စ်

အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲမှာ အသက်အငယ်ဆုံး အမျိုးသမီးကွန်ဂရက်အမတ် အဖြစ်ရွေးကောက်ခံခဲ့ရတဲ့ အမျိုးသမီးလေးမှာ ပြသနာတခုကြုံနေရပါတယ်။

အဲဒါကတော့ အိမ်ငှားခ မတတ်နိုင်တာဖြစ်ပါတယ်။

ကွန်ဂရက်မှာ စအလုပ်လုပ်မယ့် ဇန်နဝါရီလမတိုင်ခင်အထိတော့ ဝါရှင်တန် ဒီစီမှာ သူအခန်းမငှားနိုင်သေးပါဘူး။

ဇန်ဝါရီလမှာ ပထမဆုံးလစာရတော့မှ ဝါရှင်တန် ဒီစီမှာ အခန်းငှားနိုင်မယ်လို့ အမျိုးသမီးကွန်ဂရက်အမတ် Alexandria Ocasio-Cortez အလက်ဇန္ဒရီးယား အိုကာစီယို ကောတက်စ်က နယူးယောက်တိုင်း သတင်းစာကို ပြောခဲ့ပါတယ်။

သူကို Millennial congresswoman ၂၁ ရာစုအစောပိုင်းမျိုးဆက် အမျိုးသမီး ကွန်ဂရက်အမတ်လို့ တင်စားခေါ်ဝေါ်နေကြပါတယ်။

မဂ္ဂဇင်းတစောင်မှာ ဖေါ်ပြခဲ့တဲ့ ဓာတ်ပုံမှာ အသက် ၂၉ နှစ်အရွယ် အလက်ဇန္ဒရီးယား အိုကာစီယို ကောတက်စ်ကို ဒေါ်လာထောင်ချီတန်တဲ့ ဝတ်စုံနဲ့ တွေ့ခဲ့ရပါတယ်။ ဒီတော့ သူဟာ အမှန်အတိုင်းပြောခဲ့တာ မဟုတ်ဘူးလို့ Fox News သတင်းဌာနက သတင်းဆက်သူ အက်ဒ် ဟင်နရီက ပြောပါတယ်။

ဒါပေမယ့် အဲဒီအဝတ်တွေဟာ ဓါတ်ပုံရိုက်ဖို့ ငှားဝတ်ခဲ့ရတာဆိုပြီး မစ္စ အိုကာစီယို ကောတက်စ်က တွစ်တာကနေ တုံပြန်ခဲ့ပါတယ်။

နောက်ပြီး ဇန်နဝါရီမှာ အခန်းငှားနိုင်ဖို့ မျှော်လင့်ချက်နဲ့ တကယ်ပိုက်ဆံစုနေရတာပါလို့ လည်း သူက မှတ်ချက်ရေးသားခဲ့ပါတယ်။

ဒါကြောင့် သူ့အပေါ် စာနာမှုနဲ့ တွစ်တာ လူမှုကွန်ရက်မှာ တုံ့ပြန်ရေးသူတွေ အများကြီး ရှိနေခဲ့ပါတယ်။

ဝါရှင်တန် ဒီစီမှာ မစ္စ အိုကာစီယို ကောတက်စ် အခန်းမငှားနိုင်တာကို တကယ်ယုံကြည်တယ်လို့ တဦးက ရေးပါတယ်။

သူဟာ ရီပါဘလစ်ကန်အမတ် အလိစ် စတက်ဖန်နစ် (၃၄ နှစ်)၊ အခုလောလောဆယ် ရွေးကောက်ခံခဲ့ရတဲ့ ဒီမိုကရက်အမတ် ယိုဟန်(၃၆ နှစ်)အပါအ၀င် တခြားအမတ်တွေနဲ့အတူ ကွန်ဂရက်က millennial caucus အဖွဲ့၀င်ဖြစ်လာခဲ့ပါတယ်။

သူဟာ နယူးယောက်၊ ကွန်ဂရက် မဲဆန္ဒနယ်က ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။ သူမဲဆွယ် စည်းရုံးရေးဆင်းစဉ်မှာ ဆင်းရဲနွမ်းပါးမှု ၊ ဆင်းရဲ ချမ်းသာ မညီမျှမှုနဲ့ လူ၀င်မှု စတဲ့ကိစ္စရပ်တွေကို အလေးထား ပြောဆိုခဲ့ပါတယ်။

သူမိဘတွေက ပေါ်တိုရီကိုဇာတိတွေ ဖြစ်ပြီး သူ့ကို နယူးယောက် ဘရွန်ဇ် Bronx အရပ်မှာ မွေးဖွားခဲ့ပါတယ်။

သူ့ကိုယ်သူ အလုပ်သမားလူတန်းစားလို့ ဖေါ်ပြ ပြောဆိုပါတယ်။ နိုင်ငံရေး လှုပ်ရှားသူတဦး အဖြစ်ရပ်တည်နိုင်အောင် စားသောက်ဆိုင်တွေမှာ ၂၀၁၈ အစောပိုင်းအထိ ဘားကောင်တာ အရက်ရောင်းသူ၊ စားပွဲထိုး စသဖြင့် အလုပ်အမျိုးမျိုး လုပ်ကိုင် ခဲ့ပါတယ်။

မနှစ်က သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၂၆၅၀၀ လောက်ရှိတယ်လို့ Bon Appetit မဂ္ဂဇင်းကို သူက ဖွင့်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က သူ အခန်းခ မတတ်နိုင်တဲ့ အကြောင်း တွစ်တာမှာ ရေးသားခဲ့ပြီး အမေရိကန်ရွေးကောက်ပွဲစနစ်ဟာ အလုပ်သမားလူတန်းစားတွေ နိုင်ငံကိုဦးဆောင်တဲ့ ကဏ္ဍမှာ ပါဝင်နိုင်အောင် ရည်ရွယ်ဖန်တီးထားခြင်း မရှိဘူးဆိုတာကို ဒီဖြစ်ရပ်က ပြသနေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

တွစ်တာမှာ တခြားသူတွေကလည်း သူပြောတာကို သဘောတူ ရေးသားခဲ့ကြပါတယ်။ ဒါဟာ လူအတော်များများရဲ့ တကယ့်ဖြစ်ရပ်မှန်တွေဖြစ်ပါတယ်။ ဒီလို အခက်အခဲကို ကွန်ဂရက်က လူတဦး သဘောပေါက်နားလည်သွားရင် ကောင်းပါတယ်လို့ တဦးက မှတ်ချက်ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲညက အမျိုးသမီးကွန်ဂရက်အမတ် အလက်ဇန္ဒရီးယား အိုကာစီယို ကောတက်စ်

ဒါပေမယ့် မစ္စအိုကာစီယို ကော့တက်စ်ဟာ ဝါရှင်တန်ဒီစီက အခန်းငှားခ စျေးကြီးတာနဲ့ပတ်သက်လို့ ဝေဖန်ဖေါ်ပြခဲ့တဲ့ ပထမဆုံး ကွန်ဂရက်အမတ်မဟုတ်ပါဘူး၊

ဝါရှင်တန်ဒီစီဟာ ကမ္ဘာမှာ တိုက်ခန်းငှားခ စျေးအကြီးဆုံး မြို့ကြီး ၁၀ မြို့မှာ အမြဲဖေါ်ပြခံရတဲ့ မြို့ဖြစ်ပါတယ်။

Business Insider မဂ္ဂဇင်းအဆိုအရ အိပ်ခန်းတခန်းပါ တိုက်ခန်းငှားခက တလကို ဒေါ်လာ ၂၁၆၀ ရှိပါတယ်။

အိမ်တွေ အခန်းတွေ ဝယ်ဖို့ ငှားဖို့ မတတ်နိုင်ကြတာက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်။

မိသားစု ၃၈ သန်းကျော်ဟာ အိမ်ဝယ်နိုင်ဖို့ အတော့ကို ရုန်းကန်နေကြရတယ်လို့ ဟားဗတ် အစီရင်ခံစာ တစောင်မှာ ဖေါ်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝါရှင်တန်မှာ နေရာကောင်းရင် အိပ်ခန်းတခန်းပါ တိုက်ခန်းငှားခက တလကို ဒေါ်လာ ၂၁၆၀ ရှိပါတယ်။

ကွန်ဂရက် အမတ်တွေကို တနှစ် ဒေါ်လာ ၁၇၄၀၀၀ ပေးပေမယ့် ကွန်ဂရက် အမတ်အများအပြားဟာ ဝါရှင်တန်နေနေရတာအပြင် သူတို့ရဲ့ မဲဆန္ဒနယ်မှာ အိမ်တအိမ်ရှိဖို့ လိုပါတယ်။ ဒါဟာ သူတို့ ငွေကြေး အခက်အခဲတွေ့ရတဲ့ အကြောင်းရင်းတခုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က အမျိုးသမီး ကွန်ဂရက်အမတ် ခရစ္စတီ နိုအမ်က ကွန်ဂရက်အစည်းအဝေးရှိရင် ကွန်ဂရက်က သူ့ရုံးခန်းမှာ ကုတင်ထိုးအိပ်ရတယ်လို့ ပြောပြခဲ့ဘူးပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါ ရိုင်ရန်ကလည်း ဒီလိုပဲ သူ့ရုံးခန်းမှာ နှစ်နဲ့ချီအိပ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလို ဝါရှင်တန်မှာ အခန်းခ မတတ်နိုင်ဘူးဆိုတဲ့ ဝေဖန်သံတွေဟာ နှစ်ပေါင်းများစွာ သတင်းတွေထည်း ပါနေခဲ့တာဖြစ်ပါတယ်။

ဒီလို ကိုယ့်ရုံးခန်းမှာ အိပ်ခဲ့ကြရတဲ့ အမတ် ခန့်မှန်းခြေ ၄၀နဲ့ ၅၀ ကြားလောက်ရှိပါတယ်။

မေလမှာတော့ ဒီလို ရုံခန်းမှာ အိပ်ကြရတာကို တားမြစ်ဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်တခုကို အောက်လွှတ်တော်မှာ တင်ခဲ့ပါတယ်။

အဲဒါကတော့ အမတ်တွေ ဝါရှင်တန်မှာ နေတဲ့အချိန် ထောက်ပံတဲ့ ကုန်ကျစရိတ်အပေါ် အခွန်လျော့ကောက်ဖို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် JUSTIN LANE(EPA)
Image caption မဲဆန္ဒရှင်တွေကိုနှုတ်ဆက်နေတဲ့ အလက်ဇန္ဒရီးယား အိုကာစီယို ကောတက်စ်

တချို့ကတော့ အခန်းပြသနာကို မိတ်ဆွေတွေနဲ့ အတူနေပြီး မျှခံတဲ့ နည်းနဲ့ ဖြေရှင်းကြပါတယ်။

ဒါကြောင့် နှစ်ပေါင်းများစွာ အိမ်ကြီးတအိမ်မှာ အတူငှားနေကြတဲ့ ဒီမိုကရက်အများအပြား ဝင်ကြထွက်ကြရှိနေကြတာကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒီလို အိမ်စုငှားနေကြတဲ့ အထဲ ဆီးနိတ်အမတ် ရစ်ချတ် ဒါဘင် နဲ့ ချားစ် ရှူးမားတို့ လည်းပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က Alpha House ဆိုတဲ့ နာမည်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲအဖြစ် ရီပတ်ဘလစ်ကန်နိုင်ငံရေးသမား ၄ဦးအကြောင်းဇာတ်လမ်းဆင် ထုတ်လွှင့်တဲ့အထိ လူသိများခဲ့ပါတယ်။

မစ္စ အိုကာစီယို ကောတက်စ် ကတော့ တွစ်တာက သူ့မိတ်ဆွေတွေကို သူ့အတွက် စိတ်မပူဖို့ ၊ သူတို့ တနည်းနည်းနဲ့ အိမ်ခန်းကိစ္စပြေလည်အောင် ကြိုးစားပါ့မယ်လို့ ရေးသားခဲ့ပါတယ်။

အိမ်အတူစုငှားတဲ့ နည်းနဲ့ ဖြေရှင်းရင်တော့ အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်တဲ့ မစ္စ အိုကာစီယို ကောတက်စ်ကို ခေတ်သစ် ၂၁ ရာစုအစောပိုင်းမျိုးဆက် နိုင်ငံရေးသမားစစ်စစ်လို့ ခေါ်ရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ