ကိုလိုနီခေတ် ဆင်ယင်ထုံးဖွဲ့မှု ဘာကြောင့် တကျော့ပြန်လာသလဲ

burma ဓာတ်ပုံ မူပိုင် Win Zawlatt
Image caption စစ်မဖြစ်ခင်က ဆံထုံးကြီးခေတ်စား

မြန်မာ အမျိုးသမီး ရိုးရာ ဝတ်စုံအဖြစ် ထဘီနဲ့ အင်္ကျီရှည်ကို သိကြပါတယ်။ တကယ်က ခု ထဘီ၊ အင်္ကျီ ခေါ်နေတဲ့ အဝတ်အစားတွေဟာ လွန်ခဲ့တဲ့ အနှစ်တရာကျော်ကမှ စပြီး မြန်မာပြည်မှာ ခေတ်စား လာတာပါ။

နဂိုမူလ ဝတ်ဆင်တဲ့ ပြန့်ထဘီခေါ် အစရှည်ကို ပတ်ရစ်ဝတ်ဆင်ရတဲ့ ထဘီတွေနဲ့ ထိုင်မသိမ်းခေါ် ရင်ကွဲ အင်္ကျီတွေဟာ သီပေါမင်း ပါတော်မူပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

ခေတ်ပြောင်းလာတာနဲ့အမျှ ပြည်ပက လာတဲ့ ချည်ချောထည် အစတွေကို လုံကွင်းချုပ်ဝတ်တဲ့ အလေ့အထ အိန္ဒိယက ဝင်လာသလို ဘင်္ဂါလီ အင်္ကျီ၊ တရုတ် ဖဲအင်္ကျီပုံစံတွေ ချုပ်ပြီး ဝတ်ဆင်တာလည်း အမျိုးသမီးတွေကြား ခေတ်စားလာပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption မန္တလေးပျက်အပြီး ရှေးပုံအတိုင်း ဝတ်ဆင်သူများ

ဒါပေမဲ့လည်း အစဉ်အလာ ဝတ်စုံတွေကို အလှူမင်္ဂလာဆောင်လို ပွဲလမ်းတွေမှာ ဆက်ပြီး ဝတ်စားဆဲ ရှိသလို ခေတ်ဟောင်းပုံစံ ဝတ်စားသူတွေလည်း ၂ဝ ရာစုထဲထိ ရှိခဲ့ပါတယ်။

မြန်မာတွေဟာ အနောက်တိုင်း ဝတ်စုံမဝတ်ဘဲ ရိုးရာဝတ်စုံကို ခေတ်သစ်ထဲထိ စွဲစွဲမြဲမြဲ ဝတ်တယ်လို့ ဂုဏ်ယူခဲ့ကြပေမယ့် သူတို့ ဝတ်ဆင်နေတဲ့ ထဘီ အင်္ကျီတွေဟာ အိန္ဒိယနဲ့ တရုတ်၊ ဥရောပ အငွေ့အသက် မကင်းပါဘူး။

ရှင်မီး အင်္ကျီလို့ ခေါ်တဲ့ အတွင်းခံ အင်္ကျီဟာ ပြင်သစ်လို Chemise ခေါ်တဲ့ အတွင်းခံ ဝတ်စုံကနေ လာပြီး အင်္ဂလိပ်ခေတ်မှာ ပေါ်တဲ့ ရှပ်အင်္ကျီကို ကမြစ်လို့ ခေါ်တာဟာ ဒီဝေါဟာရက လာတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Bildagentur-online
Image caption မြန်မာနဲ့ ယိုးဒယားဝတ်စားဆင်ယင်မှုများပြပုံ

ဒါကြောင့် တချိန်က မြန်မာဆန်တယ် ဆိုတဲ့ ဝတ်စုံ ရည်ညွှန်းချက်ဟာ ထိုင်မသိမ်းနဲ့ တောင်ရှည်၊ ချိတ်ထဘီရှည်တွေကို ပြောတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တိုက်ပုံနဲ့ ရင်ဖုံးဝတ်သူတွေကို ရည်ညွှန်း လာတယ်လို့ စာရေးဆရာကြီး ဦးတင့်ဆွေက ၁၉၅ဝ ခန့်မှာ ရေးသားခဲ့ပါတယ်။

ခေတ်ပြောင်းလာတာနဲ့အတူ ၂ဝ ရာစုဆန်း မြန်မာ အမျိုးသားတွေကြား သျှောင်ထုံးဆံရှည်ကို ပယ်ပြီး ဘိုကေခေါ် အင်္ဂလိပ်ဆံဖြတ်သူတွေ ပေါလာသလို အမျိုးသမီးတွေကြားလည်း အင်္ကျီပါး ဝတ်ဆင်မှု ခေတ်စားလာပါတယ်။

အင်္ဂလန်က လာတဲ့ ချည်ချော ချည်ပါးတွေကို စျေးကြီးပေး ဝယ်ဝတ်ရပြီး အကြမ်းမခံဘဲ စုတ်ပြဲလွယ်လို့ ရိုးရာ ပင်နီထည်နဲ့ ယောထဘီကိုသာ ဝတ်ကြဖို့ ဝံသာနု လှုပ်ရှားမှုလည်း ပေါ်ထွန်းလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption ၁၉ဝ၈ ခုက ဝတ်စုံသစ်နဲ့ မြန်မာမိသားစု

ဆံထုံးကြီးခေတ်

အစောပိုင်း မြန်မာအမျိုးသမီး ရင်ဖုံးအင်္ကျီဟာ လက်ပွလက်ကား ဖြစ်ပေမယ့် တဖြည်းဖြည်း တိုကျပ်ပါးကပ်တဲ့ ပုံစံ ခေတ်စားလာပါတယ်။ ဆံထုံးကလည်း ကြီးလာပြီး ဆံထုံးကြီးခေတ်ကို ရောက်လာခဲ့ပါတယ်။

ရှေ့က ထိုင်နေတဲ့ တက္ကသိုလ် ကျောင်းသူဆံထုံးထဲကို ကျောင်းသားတွေက စက္ကူလေယာဉ်ပစ်ထည့်ပြီး စနောက်ကြတယ်လို့လည်း ဆိုပါတယ်။

ထဘီနားတွေမှာ အနောက်တိုင်းဝတ်စုံတွေလို အစအတွန့်တွေ ထည့်ချုပ်တာလည်း ခေတ်စားလာပြီး ရုပ်ရှင်မင်းသမီး ခင်မေကြီးရဲ့ ဘီအေမ ဇာတ်ကားအပြီး ဘီအေနား ခေတ်စားခဲ့ပါတယ်။

ဆံထုံးမှာ ဖဲပွင့်တပ်တဲ့ ဘီအေထုံးလည်း ၁၉၃ဝ ကျော်မှာ လူကြိုက်များခဲ့ပါတယ်။

ဆံထုံးထဲ ထည့်ပြီး ပေါင်ရတဲ့ ဆံစုတွေကိုလည်း မေသက်ဘရားသား ညီအစ်မများက ပြုလုပ် ရောင်းချခဲ့ပါတယ်။

လုံချည်ကို ဆေးရေးဝတ်တာ၊ ပုတီးစေ့တွေ ထည့်တာတွေလည်း ခေတ်စားခဲ့တယ်လို့ ကိုယ်တိုင် ဆေးရေး ရောင်းချခဲ့တဲ့ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးက ရေးသားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒိုင်ယာနာရဲ့ ဖက်ရှင် ပုံပြင်
ဓာတ်ပုံ မူပိုင် Ludu
Image caption ဆံထုံးကြီးခေတ်က တယ်လီဖုန်းနဲ့ဖက်ရှင်

အင်္ကျီပါး အရေးတော်ပုံ

အင်္ကျီပါးကို တိုက်ခိုက်သူတွေလည်း ပေါ်လာပြီး အမျိုးသားတွေနဲ့ ဘုန်းတော်ကြီးတွေက အများစု ဖြစ်ကြပါတယ်။

၁၃ဝဝ ပြည့် အရေးတော်ပုံ ဖြစ်နေတဲ့ ကာလအတွင်း အင်္ကျီပါးဝတ်သူတွေ အင်္ကျီတွေ စုတ်ဖြဲခံရတာတွေ ရှိခဲ့ပြီး အမျိုးသားတွေရဲ့ ဘိုကေတွေလည်း ညှပ်ခံရ၊ ကတုံးရိတ်ခံရတာတွေ ရှိခဲ့ပါတယ်။

မန္တလေး မဟာမုနိဘုရားကြီးမှာလည်း အင်္ကျီပါးတွေ မီးပုံရှို့ခဲ့ပါတယ်။

အင်္ကျီပါးကို တိုက်ခိုက်တာဟာ အမျိုးသားတွေရဲ့ လူ့ဘောင်မှာ လျော့ကျလာတဲ့ အရေးပါမှုကို ထုတ်ပြလိုစိတ်ကြောင့် ဖြစ်တယ်လို့လည်း ကိုလိုနီခေတ် မြန်မာ အမျိုးသမီးတွေရဲ့ ခေတ်မီမှုကို စာအုပ် ရေးသားခဲ့တဲ့ ပါမောက္ခ ချီအဲအိကိယ က ရေးပါတယ်။

အဲဒီအချိန်က မြန်မာအမျိုးသမီးတွေရဲ့ ရောင်းဝယ်ဖောက်ကားရေး အရည်အချင်းနဲ့ အမျိုးသားတွေနဲ့ တန်းတူ ရှာဖွေ စားသောက်နိုင်တာဟာ မိသားစုမှာ အမျိုးသား သြဇာကျလာပြီး ဝတ်စား ဆင်ယင်မှု မှာလည်း အမျိုးသမီးတွေ ပိုလွတ်လပ်လာတဲ့အတွက် ခေတ်ဆန်တဲ့ ဖက်ရှင်တွေ ပေါ်ထွန်းလာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Ludu
Image caption လေယာဉ်မောင်းတဲ့အခန်းက သရုပ်ဆောင်တဲ့ မြန်မာရုပ်ရှင်မင်းသမီး

မြန်မာအမျိုးသမီးတွေ ခေတ်ပညာ သင်ကြားမှု ပိုများလာသလို စီးကရက်သောက်တာ၊ ရှူးဖိနပ်စီးတာ ၊ လက်ပွေ့အိတ် ကိုင်တာနဲ့ နှုတ်ခမ်းနီဆိုး၊ မိတ်ကပ်လိမ်း၊ ရေမွှေးဆွတ်တာ စတဲ့ ခေတ်မီ ဝတ်စားဆင်ယင်မှု ကလည်း အလေ့အထလို ဖြစ်လာပါတယ်။

ဒါတွေကို လုပ်သင့်မလုပ်သင့် သတင်းစာတွေမှာ အငြင်းပွားခဲ့ကြပါတယ်။

စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးဟာ သူ့မြို့မှာ ကြက်တောင်ရိုက် ကစားတာကို မလိုလားသူတွေက ပစ်စာပို့တာကို မကျေနပ်လို့ ဆောင်းပါးရေးရာကနေ စာပေလောကထဲ ရောက်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption ကိုကိုမကြည့်ဝံ့ ဖက်ရှင်နဲ့ အင်္ကျီပါးဝတ်သူ

အဲဒီခေတ်က အနောက်နိုင်ငံပုံစံ နေထိုင်တဲ့ အမျိုးသမီးတွေကို လေဒီကညာလို့ ခေါ်ကြတယ်လို့ သိရပါတယ်။

မြန်မာနာမည်မှာ အင်္ဂလိပ်နာမည် ထည့်သွင်းတဲ့ ဓလေ့ကိုလည်း မျိုးချစ် စာရေးဆရာတွေက လှောင်ပြောင်ခဲ့ပါတယ်။

ဒီထဲမှာ အထင်ရှားဆုံးက အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ ရိုစီခင်တင့်ထူး ဝတ္ထုနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ ကက်သလိန်းဂွက်ထော် ဝတ္ထုတွေပါ။

အဲဒီဝတ္ထုတွေမှာ ခေတ်ဆန်တဲ့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုတွေးခေါ်ပုံတွေကို သရော်တော်တော် ရေးတာတွေ ပါပါတယ်။

ဒါကို ပြန်ရေးတဲ့ အမျိုးသမီးတွေအကြောင်းကိုတော့ ရွှေဘိုမဂျမ်းခင် ဝတ္ထုမှာ ဦးဖိုးကျားက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption လေဒီကညာခေတ်က ကုတ်အင်္ကျီနဲ့ မြန်မာအမျိုးသမီး

မိန်းကလေးတွေ လေဒီရှူးစီးတာကို ကဲ့ရဲ့ရင် ယောက်ျားတွေကော ဘာလို့ ဘွတ်ဖိနပ်တွေ စီးသလဲလို့ မဂျမ်းခင်က တုံ့ပြန်ခဲ့ပါတယ်။

ဘောင်းဘီဝတ် မိန်းမပျို

အင်္ကျီပါးနဲ့ ဆံထုံးကြီးခေတ်ဟာ ရှားပါးတဲ့ စစ်အတွင်းမှာ တိမ်မြုပ်သလို ဖြစ်သွားပြီး ဘောင်းဘီဝတ်တဲ့ အမျိုးသမီးတွေ ပေါ်လာသလို စစ်ထဲဝင်တဲ့ အမျိုးသမီးတွေ ရှိလာခဲ့ပါတယ်။

စစ်အတွင်းမှာ အိမ်အတွက် အပြင်ထွက် အလုပ်လုပ်ရတဲ့ အမျိုးသမီးထုကြောင့် သူတို့ဘဝ လွတ်လပ်မှု ပိုရလာပါတယ်။

ဒါကြောင့် စစ်ပြီးခေတ်မှာ ရေကူးဝတ်စုံနဲ့ ဘောင်းဘီဝတ်ပြီး မယ်ရွေးတဲ့ ပွဲတွေ ပေါ်လာတာပါ။

Image caption စစ်ပြီးခေတ် ပထမဆုံး မယ်ဗမာ ဒေါ်လီချို

နောက်စစ်အပြီးမှာ လေထီးပိတ်စ နိုင်လွန်တွေကို အင်္ကျီချုပ်ဝတ်ရာက နိုင်လွန် ခေတ်စားလာပါတယ်။

မှန်နိုင်လွန် ပေါ်လာတဲ့အခါမှာ စစ်မဖြစ်ခင်က ခေတ်စားတဲ့ အင်္ကျီပါးထက် အများကြီး ပိုပါးလာပါတယ်။

ဘရာစီယာခေါ် နောက်ဆုံးပေါ် ရင်စည်းကလည်း ဇာဘော်လီနေရာမှာ ပိုခေတ်စားလာပါတယ်။

စစ်ပြီးခေတ် နိုင်ငံသစ်မှာ ကမ္ဘာအရပ်ရပ်နဲ့ ဆက်ဆံမှု ပိုများလာလို့ အမျိုးသမီးတွေ ပြည်ပထွက် ပညာသင်တာ များလာပြီး နိုင်ငံတကာ ယဉ်ကျေးမှုတွေလည်း စာပေ ရုပ်ရှင် ဂီတ စတဲ့ မျက်နှာစုံက ဝင်လာပါတယ်။

ဒါကို စစ်အေးခေတ်မှာ ယဉ်ကျေးမှုနဲ့ လွှမ်းမိုးဖို့ ကြံတယ်ဆိုပြီး ဆန့်ကျင်သူတွေလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption တပ်မတော်ထုတ် မဂ္ဂဇင်းမျက်နှာဖုံးက ခေတ်မီသူ

၁၉၅ဝ ကျော်မှာ လက်တို လက်ပြတ် ဝတ်သူ၊ ဆံပင် အမောက်ထောင်သူ စတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ပုံစံ ဝတ်ဆင်သူတွေ ပိုများလာသလို ပွတ်သဘင် ခေါ်တဲ့ ရင်ချင်းအပ်အကကိုလည်း ပါတီတွေမှာ ကတဲ့ အမျိုးသမီးတွေ ရှိလာပါတယ်။

အင်္ဂလိပ်ခေတ်က ခေတ်ဆန်သူ မြန်မာ အမျိုးသမီးတွေကြားမှာ ဘိုကျောင်းနေသူကလွဲပြီး အနောက်တိုင်း ဝတ်စုံ ဂါဝန်ဝတ်သူရှားပေမယ့် စစ်ပြီးခေတ်မှာတော့ အပြင်မှာ ဝတ်စပြုလာပါပြီ။

ဒီအနေအထားတွေကို ပြန်ပြောင်းလိုက်တာက ၁၉၆၂ အာဏာသိမ်းမှု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption စစ်ပြီးခေတ်မှာ အမောက်ခေတ်စားလာ

ကျောင်းသူစည်းကမ်းထုတ်

၁၉၆၂ ဇူလိုင်မှာ ဆဲဗင်းဇူလိုင် အရေးအခင်း ဖြစ်ပြီးနောက် ကျောင်းစည်းကမ်းတွေ ပိုတင်းကျပ်ခဲ့ပါတယ်။

ဒီထဲမှာ ကျောင်းသူတွေရဲ့ ဝတ်စားဆင်ယင်မှု စည်းကမ်းတွေ ပါပါတယ်။ လက်တိုလက်ပြတ် မဝတ်ဖို့ အမိန့်ထုတ်တာတွေ ရှိခဲ့သလို ကျောင်းသူတွေ အားကျဖို့ တက္ကသိုလ် ကျောင်းသူတဦး သီချင်း ကိုလည်း အဆိုတော် ကိုမင်းနောင်ဆိုဖို့ ဗိုလ်ကလေးတင့်အောင်ကို စပ်ဆိုစေပါတယ်။

၁၉၆၂ ဩဂုတ်လမှာ တော်လှန်ရေးအစိုးရတာဝန်ပေးချက်အရ မြန်မာ့အသံ စတူဒီယို အေမှာ ဗိုလ်ကလေးတင့်အောင် တထိုင်တည်းရေးပြီး အသံသွင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဆန်ဆန် အနောက်ဟန်မနှောတဲ့ ကျောင်းသူတွေ အလှကို အမွှမ်းတင်ရင်း ရုပ်ရှင်နဲ့ စာအုပ်စာစောင် မျက်နှာဖုံးတွေမှာလည်း ခေတ်ပေါ် ယဉ်ကျေးမှုကို ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။

ပါတီတွေ ကလပ်တွေနဲ့ မြင်းလောင်းတာ ဖဲရိုက်တာတွေကိုလည်း တားမြစ်ခဲ့ပါတယ်။

ပြည်ပက အလှကုန်နဲ့ အဝတ်အထည်တွေလည်း တင်သွင်းခွင့် ကန့်သတ်လို့ ရှားပါးလာပြီး မှောင်ခိုစျေးမှာ စျေးကြီးပေး ဝယ်ရပါတယ်။

ဓာတ်ပုံ မူပိုင် ludu
Image caption မြန်မာဆန်ဆန် ဝတ်ဖို့ တော်လှန်ရေးကောင်စီလိုလား

ဘယ်လိုပဲ ကန့်သတ်ပေမယ့် ခေတ်ရေစီးကို အစိုးရ အာဏာပိုင်တွေ လွန်ဆန်လို့ မရခဲ့ပါဘူး။

လူငယ်တွေရဲ့ ဖက်ရှင်အကြိုက်ကတော့ ကမ္ဘာနဲ့ တတ်နိုင်သမျှ အမီလိုက်ခဲ့ပါတယ်။

အနှစ် ၅ဝ ကျော် စစ်တပ် ထောက်ခံတဲ့ အစိုးရတွေ အုပ်ချုပ်ပြီးနောက် ဖြေလျှော့မှုတွေ လုပ်တဲ့အခါမှာတော့ နိုင်ငံတကာပုံစံ ဝတ်ဆင်မှုတွေ ပြန်အားကောင်းလာပါတယ်။

တချိန်တည်းမှာပဲ ကိုလိုနီခေတ်က ယဉ်ကျေးမှုစုံ ပေါင်းစပ် ဖြစ်ပေါ်လာတဲ့ မြန်မာ ဝတ်စုံတွေလည်း ယနေ့လူငယ်တွေကြားမှာ ပြန်ခေတ်စားလာပြန်ပါတယ်။

ဒီတခါမှာတော့ အင်္ကျီပါးတယ်၊ ထဘီတိုတယ် ဝေဖန်သူတွေ ပေါ်လာနိုင်မလား မသိပါ။

ဓာတ်ပုံ မူပိုင် တစ်ခါကစာနယ်ဇင်းများ
Image caption ၁၉၆ဝ ကျော်က မင်းသမီး မြင့်မြင့်ခင်ရဲ့ ဖက်ရှင်