သတင်းတု၊ သတင်းမှား ဘယ်လို ရှောင်ရှားမလဲ၊ ဒါတွေကို ရှောင်ရှား နိုင်ဖို့ တက္ကသိုလ်ဆရာတွေ ပြောပြတဲ့ အချက် ၁၀ ချက်

ဓာတ်ပုံ မူပိုင် PA
Image caption သတင်းတု၊ သတင်းမှားတွေကို မဖယ်ရှားနိုင်လို့ လွှတ်တော်မှာ အစစ်ခံရတဲ့ ဖေ့စ်ဘုတ် တည်ထောင်သူ မက်ဇူကာဘတ်

အမေရိကန် သမ္မတ ထရမ့် ဟာ သတင်းတု၊ သတင်းမှား ဆိုတာကို ပါးစပ် က မချစတမ်းပြော ဆိုခဲ့သူ တယောက်ပါ။

ပြီးခဲ့တဲ့ နှစ်တုန်း က ဆိုရင် fake news ဆိုတဲ့ စကားရပ် ဟာ အတွင်ကျယ်ဆုံး အသုံးပြု ခဲ့တဲ့ စကားရပ် ဆိုပြီးတော့ အဘိဓာန်တွေ ထုတ်ဝေသူ ကောလင်း ကုမ္ပဏီ က ပြောဆို ခဲ့ပါတယ်။

သတင်းတု သတင်းမှား ဆိုတာက အမြဲတမ်း တွေ့ မြင် သိရှိ နိုင်တာမျိုး မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

လူမှုကွန်ရက်တွေမှာ သတင်းတွေ အားလုံးဟာ တသား ထဲ ဖြစ်နေပြီး ခွဲခြား ဖို့ အဆင်မပြေ ဖြစ်နေတယ် လို့ Open University က ဘာသာစကား ပါမောက္ခ ဒေါက်တာ ဖိလစ် ဆီးယားဂရန့် က ဆိုပါတယ်။

ရယ်မောစရာ ဟာသတွေ လူတွေက မျှဝေပြီး နောက်တမိနစ်မှာ အလေးအနက် ထားစရာ ကိစ္စတွေကို မျှဝေတယ်၊ ပြီးတော့ ဒါတွေကို လူမှုကွန်ရက် သူငယ်ချင်း တွေ ဆီက ရတာ ဆိုတော့ စိတ်ခံစားမှုတွေ ပါနိုင်သလို တဖက်သတ်ကျတဲ့ ရေးသား မှုတွေလည်း ပါနိုင်ပါတယ်။

တက္ကသိုလ် ကောလိပ် တွေမှာ ဆိုရင် ကျောင်းသား တွေ အနေနဲ့ စာတမ်း ထဲမှာ ထည့်သွင်းမယ့် အချက်အလက်တွေကို ဘယ်လို ရှာဖွေ ရသလဲ ဆိုတာ ကျောင်း တွေက သင်ကြား ပို့ချ ပေးလေ့ ရှိပါတယ်။

အချက်အလက်တွေ ကို ရှာဖွေတဲ့ အခါမှာ တိကျ ခိုင်မာမှု၊ ထုတ်ပြန်တဲ့ အဖွဲ့ အစည်း ရင်းမြစ် ကို စာတမ်းတွေ ထဲမှာ အတိအကျ ဖော်ပြ ရသလိုပဲ သတင်း အတု အစစ် ခွဲတဲ့ နေရာမှာလည်း ဒီနည်းလမ်း တွေကို အသုံးပြု ခွဲခြား ရမယ်လို့ ဒေါက်တာ ဖိလစ် ဆီးယားဂရန့် က ထောက်ပြ ပါတယ်။

ကမ္ဘာ တဝန်း မှာ လူအတော်များများဟာ တမင်ဖန်တီးထားတဲ့ သတင်းမှားတွေ ဖြစ်မှန်း သိရှိပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနိုင်တယ် ဆိုတာ သိရက်နဲ့အဲဒီ သတင်းတွေကို ဖြန့်နေကြတယ်လို့ ဘီဘီစီရဲ့ လေ့လာချက် တစ်ခုအရ သိရပါတယ်။

ကင်ညာနဲ့ နိုင်ဂျီးရီးယား နိုင်ငံမှာ စစ်တမ်းကောက်ခဲ့သူတွေက သူတို့ ဖြန့်တဲ့ သတင်းတွေ မှန်မမှန်ကို စစ်ဆေးဖို့ထက် လူမှု ကွန်ရက်ပေါ်မှာ ပထမဆုံး သတင်းဖြန့်ဖို့ကိုသာ ပို စိတ်ဝင်စားကြတယ်လို့ ပြောပါတယ်။

အိန္ဒိယမှာတော့ မျိုးချစ်စိတ်တွေ ပိုမို ထက်သန်လာကြပြီး မျိုးချစ်စိတ်နဲ့ အမျိုးသား ရေး လက္ခဏာကို ပိုမို ထောက်ခံအားပေးဖို့ စိတ်အား ထက်သန်လာကြတဲ့ အတွက် တချို့နိုင်ငံသားတွေ အတွက် သတင်း အချက်အလက်မှန်ကန်မှုက အရေးမကြီးတော့တဲ့ အခြေအနေ ဖြစ်သွား စေခဲ့ပါတယ်။

ဆိုတော့ သတင်းတု၊ သတင်းမှား ဆိုတာ သိနိုင်ဖို့ ဘယ်လို ခွဲခြမ်း စိတ်ဖြာမလဲ။

အောက်ဖော်ပြပါ အချက် ၁၀ ချက်နဲ့ နှိုင်းယှဉ် သုံးသပ် ပါလို့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သူနဲ့ ပတ်သက်တဲ့ စွပ်စွဲ မှုတွေကို သတင်းအတု တွေလို့ ပြောလေ့ ရှိသူ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်

(၁) သတင်း ရင်းမြစ် ကို ဆန်းစစ်ပါ။

သတင်း တပုဒ်ကို စတင် ဖတ်မိပြီ ဆိုတာနဲ့ ဒီသတင်း ကို ထုတ်ပြန်တဲ့ ရင်းမြစ် သတင်း ဌာန ကို ပထမဦးဆုံး ဆန်းစစ် ရမှာ ဖြစ်တယ်လို့ ဒေါက်တာ ဆီးယား ဂရန့် က ဆိုပါတယ်။

ပြီးတော့ အဲဒီ သတင်းဌာန ရဲ့ နာမည်ကောင်း ရှိမှု ကိုလည်း ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

အဲဒါတွေ အပြင် ဝက်ဆိုက် ရဲ့ URL ကို ဆန်းစစ်ဖို့လည်း လိုပါတယ်။

တခါမှ နာမည်မကြားဘူးတဲ့ သတင်းဌာန က ဆိုရင်တော့ အဲဒီ သတင်းဟာ မမှန် သတင်း ဖြစ်ဖို့ များပါတယ်။

http://www.sutaung.com က လာတဲ့ သတင်းတွေ ဆိုရင်ရာ ဘီဘီစီ ပရိသတ် တွေ အနေနဲ့ ဆန်းစစ်ကြည့်သင့်တယ်လို့ ယူဆမိပါသလား။

ဓာတ်ပုံ မူပိုင် Reuters
Image caption သူနဲ့ ပတ်သက်တဲ့ စွပ်စွဲ မှုတွေကို သတင်းအတု တွေလို့ ပြောလေ့ ရှိသူ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်

(၂) သတင်းတပုဒ် က ဆိုက်ဒ် တခုထဲမှာပဲ တင်ထားတာလား။

သတင်း တပုဒ်ဟာ ဝက်ဆိုက်ဒ် တခုထဲမှာပဲ ရှိနေတယ် ဆိုရင်တော့ ဒီသတင်း ကို ဆန်းစစ် သင့်တယ်လို့ ဂူဂဲတာဝန် ရှိသူတွေ က ပြောပါတယ်။

အဲဒီ သတင်း ကို ဆန်းစစ်တဲ့ နေရာမှာလည်း http://www.snopes.com မှာ ဆန်းစစ် နိုင်သလို၊ http://www.factcheck.org မှာလည်း ဒီ သတင်း ဟာ မှန် မမှန် ဆိုတာ ဆန်းစစ် နိုင်ပါတယ်။

သတင်းထဲမှာ ပါတဲ့ အချက်အလက်တွေ ဟာ တနေရာထဲ က လာတာ ဆိုရင်တော့ အရမ်း ကို သတိထားသင့် ပါတယ်လို့လည်း ဆိုပါတယ်။

သတင်း တပုဒ် ထဲ ကို သတင်းဌာန ၂ ခုမှာ ဖော်ပြ ထားတယ် ဆိုရင်တော့ သတင်း အစစ် အမှန် ဖြစ်ဖို့ အလားအလာ ရှိတယ်လို့လည်း google ကုမ္ပဏီ က နည်းပညာ ရှင်တွေက ပြောပါတယ်။

Image caption အလွယ်တကူ မျှဝေခြင်းကို ရှောင်ပါ။

(၃) သတင်းရဲ့ ရည်ရွယ်ချက် ကို ဆန်းစစ်ပါ။

သတင်းဌာန တွေ အားလုံး ဟာ သူတို့ရဲ့ ရှုထောင့် တွေကို တင်ပြလေ့ ရှိပါတယ် လို့ ပါမောက္ခ ဆီးယားဂရန့် က ဆိုပါတယ်။ အဲဒီနောက်မှာ ဘက်လိုက် မှုတွေ ရှိပြီး သတင်းတု တွေဟာ ဆိုရင် သီးသန့် ရည်ရွယ်ချက် တခု ရှိနေ တတ်ပါတယ်။

အဲဒီ သတင်းရေးသားသူ ရည်ရွယ်ချက် က ဘာလဲ၊ လူမှုကွန်ရက် မှာ ဘယ်သူ တွေက မျှဝေတာလဲ ဆိုတာ ကိုပါ ဆန်းစစ် လေ့လာ သင့်တယ်လို့ လည်း သူက သတိပေး ပါတယ်။

(၄) သတင်းခေါင်းစဉ်တခုတည်း မဖတ်ပါနဲ့။

တချို့ သတင်းတွေဟာ ဆိုရင် ရယ်စရာ ကောင်းတဲ့ ခေါင်းစဉ်တွေ၊ စိုးရိမ် စရာ ကောင်းတဲ့ သတင်းခေါင်းစဉ် တွေနဲ့ လူတွေကို ဖမ်းစားလေ့ ရှိပါတယ်။

သတင်းခေါင်းစဉ် တခုတည်း ကို ဖတ်ပြီး ကိုယ့်ရဲ့ လူမှုကွန်ရက် မှာ ပြန်လည် မျှဝေ တာမျိုး မလုပ်ဖို့ကိုလည်း ကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။

သတင်းခေါင်းစဉ် အပြင် သတင်း တခုလုံး ကို ဖတ်ပါ။ အဲဒီ သတင်းဟာ လှည့်စား တဲ့ သတင်း၊ ဒါမှမဟုတ် နောက်ပြောင်တဲ့ သတင်း တပုဒ် မဖြစ်စေဖို့ သေချာ ဆန်းစစ် လေ့လာ သင့်တယ်လို့ ဆိုပါတယ်။

ဥပမာ အနေနဲ့ သူငယ်ချင်း တယောက် က ဧပြီ အရူးနေ့မှာ နောက်ပြောင်ဖို့ မျှဝေ ထားတဲ့ သတင်း တပုဒ်မှန်း သိစေဖို့ ဆိုရင်တော့ သတင်း တပုဒ် လုံး ကို ဖတ်တာ အသင့်တော် ဆုံးပါပဲ။

(၅) ပင်မသတင်း ဌာနတွေမှာ မပါရှိတဲ့ သတင်း။

ပင်မ သတင်းဌာနတွေဟာ သတင်း တခု ကို ဖော်ပြရမှာ ဘက်လိုက် မှုတွေ ရှိနေတယ်လို့ လူတချို့က ထင်နေ ကြတယ်လို့ ဒေါက်တာ ဆီးယားဂရန့် က ထောက်ပြပါတယ်။

သတင်းထဲမှာ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ခံစား ရပြီ ဆိုရင်လည်း ဒီသတင်း ဖြစ်တည်ရာ အစိုးရ အာဏာပိုင်တွေက ထုတ်ပြန်တဲ့ သတင်းနဲ့ တိုက်ဆိုင် စစ်ဆေး ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါမှ သတင်းထဲမှာ ဘက်လိုက်မှုတွေ ရှိနေသလား ဆိုတာ ကို ဆန်းစစ် နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပင်မ သတင်းဌာန တွေမှာ မပါတဲ့ သတင်းမျိုး ဆိုရင်တော့ သတင်းတု ဖြစ်တတ် ကြောင်းကိုလည်း သူက ထောက်ပြ ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လူမှုကွန်ရက် က သတင်းတု ဖြန့်ဝေဖို့ အသင့်တော်ဆုံး နေရာလို့ ကျွမ်းကျင်သူတွေက သုံးသပ်

(၆) ကိန်းဂဏန်း ရင်းမြစ် မှန် မမှန် စစ်ပါ။

စီးပွားရေး ဆိုင်ရာ သတင်းတွေ ဖတ်တဲ့ အခါ၊ နိုင်ငံ့ တိုးတက်မှု ပုံရိပ် သတင်း တွေကို ဖတ်တဲ့ အခါမှာ ကိန်း ဂဏန်း တွေ မှန် မမှန် ကို သတိထား ဆန်းစစ်ရပါမယ်။

အဲဒီ ကိန်း ဂဏန်း အချက် အလက် တွေဟာ အစိုးရ အဖွဲ့အစည်း က ထုတ်ပြန်တာ၊ ဒါမှမဟုတ် နိုင်ငံတကာ က ယုံကြည် စိတ်ချ ရတဲ့ အဖွဲ့အစည်း က ထုတ်ပြန် တာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။

ဒါမှမဟုတ် လူသိများတဲ့ စီးပွားရေး ကုမ္ပဏီ တခု က လေ့လာ ဆန်းစစ်ချက်တွေ၊ စာရင်း ကောက်ယူ ချက်တွေ၊ မေးမြန်း တွေ့ ရှိချက်တွေပဲ ဖြစ်သင့် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တခါမှ ကြားဖူး သိရှိဖူးခြင်း မရှိတဲ့ ကုမ္ပဏီ က ထုတ်ပြန်တဲ့ အချက်အလက် ဆိုရင်တော့ ဒါဟာ သတင်းမှား ဖြစ်ဖို့ ပိုနီးစပ်တယ်လို့ လည်း လေ့လာသူ တွေက ပြောပါတယ်။

(၇) မရိုးသားတဲ့ အချက်အလက် ကောက်ယူမှု

ဆန်းစစ် လေ့လာ ချက်တွေ ကို ထုတ်ပြန်တယ်ဆိုတဲ့ နေရာမှာလည်း လူ အရေအတွက် ဘယ်လောက် လောက်ကို မေးမြန်း ထားတာလည်း ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

အနည်းဆုံး လူ တထောင် လောက်ကို မေးမြန်း ထုတ်ပြန်တဲ့ အချက်အလက် ကောက်ယူမှု မျိုးကသာ ယုံကြည်ရတဲ့ အဆင့်အတန်း မျိုး ဖြစ်ပါတယ်။

ဒါတောင်မှ ၃ ရာခိုင်နှုန်း လောက်ဟာ အမှားအယွင်း ရှိ နိုင်တယ်လို့ ကျွမ်းကျင် သူတွေ က ပြောပါတယ်။

လူနည်းနည်း လေး ကို မေးမြန်း ထားတဲ့ လေ့လာ ဆန်းစစ် ချက်တွေဟာ ကြုံရာ ကောက်ချက်ချ လိုက်တာမျိုး ဖြစ်ဖို့ ပိုများတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။

Image caption တူရကီ ဒုတိယ ဝန်ကြီးချုပ်ဟာ ရခိုင် အရေးနဲ့ ပတ်သက်လို့ သတင်းမှား ဖြန့်ဝေလို့ ဝေဖန်ခံခဲ့ရ

(၈) အချက်အလက်များတိုင်း မှန်တဲ့ သတင်းလား။

ဆန်းစစ် လေ့လာချက်တွေကို ကြည့်တယ် ဆိုပေမယ့် နောက်ဆုံး ရလဒ် ထုတ်ပြန်ချက် ကလည်း အလုံးစုံ မှန်ကန် တတ်တာမျိုး မဟုတ်ဘူးလို့ ပါမောက္ခ ဒေါက်တာ ဆီးယားဂရန့် က ဆိုပါတယ်။

ဒေသ တခု ရဲ့ လူဦးရေ အချိုးအစား ကို ကိုယ်စား မပြု တဲ့ ဆန်းစစ် လေ့လာ ချက်တွေ ဟာ အမြဲတမ်း မှန်ကန် တာမျိုး မဟုတ်ပါဘူး။

ဥပမာ အနေနဲ့ ၁၉၃၆ ခုနှစ်တုန်း က မဂ္ဂဇင်း တစောင် ဟာ ၂.၄ သန်း ရှိတဲ့ လူဦးရေ ကို မေးမြန်း ပြီး ထုတ်ပြန်တဲ့ အမေရိကန် ရဲ့ ရွေးကောက်ပွဲရလဒ်ဟာ လုံးဝ ကို မှားယွင်း ခဲ့ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မဂ္ဂဇင်း က အချက်အလက် စစ်တမ်း ကောက်ယူ ဖို့ ပေးခဲ့တဲ့ လူတွေဟာ အဲဒီ မဂ္ဂဇင်း ကို လစဉ် ရယူ တဲ့ အမေရိကန် က လူချမ်းသာ တစုဆီကိုပဲ ရောက်သွားလို့ပါပဲ။

(၉) ဆောင်းပါးထဲမှာပါတဲ့ အချက်အလက် ကို ဆန်းစစ်ပါ။

သတင်းဆောင်းပါး တွေမှာ အချက်အလက်တွေ ထည့်သွင်း ရေးလေ့ ရှိပြီး ဒီ အချက် တွေဟာ မှန်ကန်မှု ရှိ မရှိ ဆိုတာကို အမြဲတမ်း လေ့လာ ဆန်းစစ် သင့် တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဥပမာ အနေနဲ့ ၂၀၁၅ ခုနှစ်တုန်း က ဗြိတိန် The Sun သတင်းစာ ခေါင်းကြီး ပိုင်းမှာ ဗြိတိသျှ မွတ်ဆလင် နွယ်ဖွား ၅ ဦးမှာ ၁ ဦးဟာ ဂျီဟာဒစ် လို့ ခေါ်တဲ့ အကြမ်းဖက် သမားတွေကို စာနာ တယ်လို့ ဖော်ပြ ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တုန်း ကတော့ လွတ်လပ်တဲ့ သတင်း အဖွဲ့အစည်း တခု က ဒီသတင်း ခေါင်းစဉ် ဟာ ပရိသတ်တွေကို လုံးဝ အထင် အမြင်မှား စေတယ်လို့ ထုတ်ပြန်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အချက်အလက် တွေရဖို့ သတင်းစာ က စစ်တမ်း ကောက်ယူမှု လုပ်ခဲ့ရာမှာ ဂျီဟာဒစ်လို့ ခေါ်တဲ့ အကြမ်းဖက် သမား ဆိုတဲ့ စာသား ကို လုံးဝ အသုံးပြုခဲ့ခြင်း မရှိလို့ပါဘဲ။

Image caption ခေါင်းစဉ် တခုတည်းကိုပဲ မဖတ်ပါနဲ့

(၁၀) အကြောင်းအရာ ဆက်စပ်မှု ကို သုံးသပ်ပါ။

ကိန်းဂဏန်း အချက်အလက်တွေ ဖော်ပြ ထားတိုင်းလည်း မှန်ကန် တဲ့ သတင်း မျိုး မဟုတ်ဘူးလို့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်က တနေရာမှာ ခေါင်းစဉ် တခု က အင်္ဂလန် ဗဟိုဘဏ် ဟာ ၁ဝ နှစ် အတွင်း ပထမဆုံး အကြိမ် အတိုးနှုန်း တိုးမြှင့် ခဲ့တယ်လို့ ရေးသား ခဲ့ပါတယ်။

အမှန် ကတော့ အတိုးနှုန်း တိုးမြှင့် တာက ပြီးခဲ့တဲ့ နှစ် ဩဂုတ်လ ကမှ တိုးမြှင့် ခဲ့တာ ဖြစ်ပြီး ကာလတို တလတည်း အတွက်တိုးမြှင့် ခဲ့တာကြောင့် တကယ့် ဖြစ်ရပ်မှန်နဲ့ လုံးဝ ကွဲလွဲခဲ့ပါတယ်။

ပြီးတော့ တိုးမြှင့်တဲ့ နှုန်းထားကလည်း ၀.၅ ရာခိုင်နှုန်း တည်း ဖြစ်ပြီးတော့ ဒါဟာ ၁၇ ရာစု က စတင်ရေတွက်မယ်ဆိုရင် အနိမ့်ဆုံး အတိုးနှုန်းထား လို့ တောင် ပြော နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြခဲ့ပါတယ်။