ဆီးချို ရောဂါ ဆိုတာ ဘာလဲ။ ဘယ်လို ကာကွယ် နေထိုင်သင့်သလဲ

A girl giving herself a shot of insulin ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆီးချို မှာ အမျိုးအစား ၂ မျိုးရှိ

ဆီးချို ရောဂါ ဆိုတာ တသက်လုံး ဝေဒနာ ခံစားရတဲ့ နာတာရှည် ရောဂါ တမျိုးပါ။ ဆီးချို ရောဂါ ကြောင့် တနှစ်မှာ လူ တသန်းကျော် သေဆုံး နေရ ပါတယ်။

လူတိုင်းဟာ ဆီးချို ရောဂါ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲ က သွေးထဲမှာ သကြားဓာတ် ပါဝင်မှု ကို လျော့ချ နိုင်တဲ့ လုပ်ငန်းစဉ် တခု အားနည်း သွားပြီ ဆိုတာနဲ့ ဆီးချို ရောဂါ စဖြစ်တော့တာပါပဲ။

ဆီးချို ရောဂါ ကြောင့် နှလုံးရောဂါ၊ လေဖြတ်၊ အမြင်အာရုံ ထိခိုက် တာ၊ ကျောက်ကပ် အလုပ်မလုပ်တော့တာ၊ နောက်ဆုံး အဆင့်မှာ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ဖြတ်တောက် ပစ်ရတာ အထိ ခံစား ရနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဆီးချို ရောဂါ ခံစား နေရတဲ့ လူအများအပြား ရှိပါတယ်။ WHO ရဲ့ စာရင်းဇယားတွေ အရင် ဆိုရင် ၄၂၂ သန်း သော လူတွေဟာ ဆီးချို ရောဂါ ခံစား နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် နဲ့ နှိုင်းယှဉ်ရင် အရေအတွက် ၄ ဆ ကျော် မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အန္တရာယ်များတဲ့ ဆီးချိုရောဂါ ကို တချို့တွေ က သမန်ကာလျှံကာ သဘောမျိုး နဲ့ သတိမထားဘဲ နေကြပါတယ်။

ဒါပေမယ့် နေ့စဉ် စားသောက် နေထိုင်မှု ကို အပြောင်းအလဲ အနည်းငယ် လုပ်ရုံ နဲ့ အန္တရာယ်များ တဲ့ လူသတ် ဆီးချို ရောဂါ ဖြစ်ပွားမှု ကို ကာကွယ် နိုင်ပါတယ်။

ဘယ်လိုတွေများပါလဲ။

ဆီးချို ဘာကြောင့်ဖြစ်သလဲ။

နေ့စဉ် စားတဲ့ အစားအစာ တွေကို ခန္ဓာကိုယ်က ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ကို ခွဲခြား ယူပါတယ်။ အဲဒီ ကမှတဆင့် သကြားဓာတ် (ဂလူးကို့စ်) ကို ရယူပါတယ်။ နောက်ပြီး ဟော်မုန်း တမျိုး ဖြစ်တဲ့ အင်ဆူလင် ကို ပန်ကရိယ(မုန့်ချိုအိတ်) က ပြန်ထုတ် ပေးပါတယ်။

အဲဒီ အချိုဓာတ် ကို ခန္ဓာကိုယ် က စွမ်းအင် အဖြစ် အသုံးပြုပါတယ်။

ဆီးချို ရောဂါ ကို ဖြစ်စေ တာ က အင်ဆူလင် ကို မထုတ် ပေး နိုင်တာ ဒါမှ မဟုတ် ပန်ကရိယ က အလုပ်ကောင်းကောင်း မလုပ်တော့ တာကြောင့်ပါ။ ဒီလို အခြေအနေ တွေကြောင့် ကိုယ်ခန္ဓာထဲမှာ သကြားဓာတ် တွေ များလာပြီး ဆီးချို ရောဂါ ဖြစ်ပေါ်စေတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြုပြင်ပြောင်းလဲ ထားတဲ့ အစားအစာ က သွေးထဲမှာ သကြား ပါဝင်မှု ကို ပိုများစေ

ဆီးချို ရောဂါ ဘယ်နှစ်မျိုး ရှိလဲ။

အမျိုးအစား (၂) မျိုး ခွဲခြား နိုင်ပါတယ်။ ပထမ အမျိုးအစား က ပန်ကရိယ က အင်ဆူလင် မထုတ်ပေးတော့တဲ့ အတွက် ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် ပါဝင်မှု နှုန်းထား များပြား နေတဲ့ အဆင့်ပါ။

ဒီလို အခြေအနေ ဘာကြောင့် ဖြစ်တယ်ဆိုတာကို သုတေသီ တွေက အတိအကျ မသိနိုင်ပါဘူး။

ဒါက မျိုးရိုး ဗီဇ ကြောင့်လည်း ဖြစ်နိုင်သလို ရောဂါ ပိုးမွှား ကူးစက်မှု ကြောင့် ပန်ကရိယ ထဲ က ဆဲလ် တွေ ပျက်စီး မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူအားလုံး ရဲ့ ၁၀ ရာခိုင်နှုန်းမှာ ဆီးချို အမျိုးအစား (၁) ကို ရှာဖွေ တွေ့ ရှိနိုင်ပါတယ်။ ဒါကို type (1) Diabete လို့ ခေါ်ပါတယ်။

အမျိုးအစား (၂) ကတော့ ပန်ကရိယ က အင်ဆူလင် ဟော်မုန်း ကို အလုံ အလောက် မထုတ် ပေး နိုင်တာ ဒါမှမဟုတ် အင်ဆူလင် ဟော်မုန်း က ခန္ဓာ ကိုယ်ထဲမှာ အလုပ် ကောင်းကောင်း မလုပ် တော့တာမျိုး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပန်ကရိယ က အင်ဆူလင် ဟိုမုန်း ကို ထုတ်ပေး

ဆီးချို အမျိုးအစား (၂) သက်လတ်ပိုင်း အရွယ်တွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် တခါတရံမှာ လူငယ် တွေမှာလည်း ဖြစ်တတ်ပါတယ်။ အဝလွန် ရောဂါ ရှိနေတဲ့ လူငယ် တွေနဲ့ အထိုင်များတဲ့ အလုပ် လုပ်ရတဲ့ လူတွေ မှာလည်း ဆီးချို အမျိုအစား (၂) ဖြစ်တတ်ပါတယ်။

နောက်ပြီး လေ့လာမှု တွေ အရ ဒေသ တခုထဲ မှာပဲ ဆီးချို ဖြစ်နေတဲ့ လူ တွေ အများအပြား ရှိနေတတ်ပြီး အများအား ဖြင့် တောင်အာရှ ဒေသ က လူတွေမှာ ဒီ ရောဂါ အဖြစ်များ တယ်လို့ စစ်တမ်း တွေက ဆိုပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် များပြား လေ့ ရှိပြီး ဒါက ဆီးချို ရောဂါ ဖြစ်ပွား စေ နိုင်ပါတယ်။

ဒီလို ကိုယ်ဝန်ဆောင် တွေ မှာ သကြားဓာတ် များပြားမှု ကို လျော့ချ နိုင်ဖို့ အတွက် ဆိုရင် ကာယ လေ့ကျင့်ခန်း လုပ်တာ၊ သကြားဓာတ် များတဲ့ အစား အစာ တွေကို လျော့ချ ပြီး စားသုံးသင့်တယ်လို့ ကျန်းမာရေး ပညာရှင် တွေက အကြံပြုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အလွန်အမင်း ပင်ပန်းတာ၊ ပုံမှန်ထက် ရေငတ်တာတွေ က ဆီးချို လက္ခဏာတွေဖြစ်

ဆီးချို ရောဂါ လက္ခဏာက ဘာတွေလဲ

ဆီးချို ရောဂါ ဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်တတ်တာတွေကတော့

- ပင်ပန်းနွမ်းနယ်တာ

-ပုံမှန်ထက် ရေငတ်တာ

-ဆီးသွားများတာ၊ ညဘက် အချိန်မှာ ပိုသွားတာ

-အလေးချိန် လျော့ အောင် မစားပေမယ့် ခန္ဓာကိုယ် အလေးချိန် လျော့ကျလာတာ

-အမြင်အာရုံ လျော့ကျလာတာ

-အနာ တွေ အကျက်နှေးတာ

တဲ့ ကိစ္စ တွေက ဆီးချို ရောဂါ လက္ခဏာ တွေပဲ ဖြစ်ပါတယ်။

အမျိုးအစား (၁) ဆီးချို ဟာ ကလေးသူငယ် အရွယ်မှာတင် လျော့ပါး ပျောက်ကင်း သွားတာ တွေလည်း ရှိပါတယ်။

အစားအသောက် မဆင်ခြင် မှုကြောင့် အမျိုးအစား(၂) ဆီးချို ရော အဖြစ် ပြောင်းလဲ သွားတတ်ကြောင်း ဗြိတိန် အမျိုးသား ကျန်းမာရေး ဌာန က ထုတ်ပြန် ပါတယ်။

ဆီးချို အမျိုးအစား (၂) ဖြစ်နိုင်တဲ့ အရွယ် တွေက တော့ အသက် (၄၀) ကျော် အရွယ်တွေ၊ မိဘ တွေမှာ ဆီးချို ရောဂါ ဖြစ်နေတဲ့ လူတွေ နဲ့ အဝလွန် နေတဲ့ လူတွေမှာ အဖြစ်များတယ်လို့လည်း ဆိုပါတယ်။

တောင် အာရှ က လူတွေ နဲ့ တရုတ်၊ ကာရစ်ဘီယန် နဲ့ အာဖရိက ဒေသက လူတွေ ဆီမှာ ဆီးချို ရောဂါ အဖြစ်များတယ်လို့လည်း လေ့လာ ဆန်းစစ်မှု တွေ အရ သိရပါတယ်။

ဆီးချို ရောဂါကိုကာကွယ် နိုင်သလား။

ဆီးချို ရောဂါ ဟာ မျိုးရိုးဗီဇ ကြောင့် ဖြစ်နိုင်သလို အစားအသောက် အနေအထိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နေ့စဉ် စားသုံးနေတဲ့ အစား အသောက်တွေ ထဲ က သကြား ပါဝင်မှုကို လျော့ချ စားသုံးမယ်။ လေ့ကျင့်ခန်း လုပ်ပြီး လှုပ်လှုပ်ရှားရှား နေထိုင် မယ်ဆိုရင်တော့ ဆီးချို ရောဂါ ကို ကာကွယ် နိုင်ပါတယ်။

နေ့စဉ် စားသုံးနေတဲ့ အစားအသောက် တွေ ထဲမှာ အသင့်ပြင်ဆင် ပြီးသား အစားအသောက်တွေ နဲ့ အချိုရည်တွေကိုလည်း ရှောင်သင့်ပါတယ်။

အဖြူရောင် ပေါင်မုန့် နဲ့ ပါစတာ ခေါက်ဆွဲ အစား ဂျုံကြမ်း နဲ့ လုပ်ထားတဲ့ ပေါင်မုန့် တွေကို အစားထိုး နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ပေါင်မုန့်ဖြူ နဲ့ ဆန်ဖြူတွေ ဟာ ပြန်လည် ပြင်ဆင် ထားပြီးသား ဖြစ်တဲ့ အတွက် အဟာရဓာတ်မှာ လျော့နည်းပြီး သကြားဓာတ် ပါဝင်မှု များ တတ် ပါတယ်။ ဒါတွေကို လျော့ချ စားသုံးသင့်တယ်လို့ ကျန်းမာရေး သုတေသီ တွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြုပြင် ပြောင်းလဲ ထားတဲ့ အစာ တွေထက် သဘာဝ အစားအစာတွေက ဆီးချိုထက် ပိုသင့်တော်

ဥပမာ အနေနဲ့ ဂျုံအဖြူ၊ ဆန်ဖြူ၊ အဖြူရောင် ပါစတာ၊ သကြားလုံး၊ သကြားဓာတ် ပါဝင်မှု များတဲ့ အချိုရည် စတာတွေကို မစားသင့်ဘူးလို့ ဆိုပါတယ်။

အဲဒါတွေ အစား ဆန်လုံးညို၊ အသီးအရွက်၊ သစ်သီး၊ ပဲ နဲ့ အိုမီဂါ ဓာတ် များတဲ့ ဆာဒင်း၊ ဆယ်လ်မွန် နဲ့ ငါးသေတ္တာ ငါး တွေကို စားသုံး သင့်ပါတယ်။

ပြီးတော့ ဗိုက်တင်း အောင် စားတာ ထက် စာရင် နည်းနည်း နဲ့ ခဏခဏ စားသုံး တာက ပို့သင့်တော်တယ်လို့လည်း သုတေသီ တွေက အကြံပေး ပါတယ်။

နေ့စဉ် ကာယ ကျန်းမာရေး လုပ်ခြင်း ကလည်း သွေးထဲမှာ ပါဝင်တဲ့ သကြားဓါတ် ကို လျော့ချ ပေးနိုင်ပြီး ဆီးချို ဖြစ်ခြင်း ကနေ ကာကွယ် ပေးနိုင်ပါတယ်။

တပတ်မှာ ၂ နာရီ ခွဲ ကြာအောင် အေရိုးဗစ် လေ့ကျင့်ခန်း၊ အမြန် လမ်းလျှောက် တာနဲ့ လှေကား တွေကို တက်ဆင်း လုပ်ရင်လည်း ဆီးချို ဖြစ်ပွား ခြင်း ကနေ ကာကွယ် နိုင်တယ်လို့ ဗြိတိန် အမျိုးသား ကျန်းမာရေး ဌာန က ထုတ်ပြန် ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တပတ် ကို အနည်းဆုံး ၂ နာရီခွဲ လေ့ကျင့်ခန်း လုပ်သင့်ကြောင်း ကျန်းမာရေး သုတေသီတွေပြော

မျှတ တဲ့ ကိုယ်အလေးချိန် ရှိတာ ကလည်း သကြားဓာတ် ပါဝင်မှု နှုန်း ထား ကို လျော့ချ နိုင်ပါတယ်။

ကိုယ်အလေးချိန် များလို့ လျှော့ချ တယ်ဆိုရင်တောင်မှ တပတ်မှာ ကီလိုဝက် ဒါမှမဟုတ် အများဆုံး တကီလိုလောက်ပဲ အလေးချိန် လျှော့ချ နိုင်ရင် အကောင်းဆုံးပါပဲ။

ဆေးလိပ် သောက်ခြင်း၊ ကိုလက်စထရော အဆီ များတဲ့ အစားတွေစား ခြင်း ကလည်း ဆီးချို ဖြစ်ဖို့ အလားအလာ ရှိနေပါတယ်။

ဆီးချိုကြောင့် ရောဂါသစ် ဖြစ်စေနိုင်။

သွေးထဲမှာ သကြား ပါဝင်မှု များပြား တာ က သွေးကြော တွေကို ပျက်စီး စေ နိုင်ပါတယ်။

သွေးကြော တွေက ကောင်းကောင်း အလုပ်မလုပ်ဘူး ဆိုရင် ခန္ဓာကိုယ်ရဲ့ လိုအပ် တဲ့ နေရာတွေကို သွေးစီးဆင်းမှု မရှိတာ ကြောင့် အာရုံကြော ထိခိုက် ပျက်စီးမှုတွေ ဖြစ်စေ နိုင်ပါတယ်။

ဥပမာ အားဖြင့် နာကျင်ခံစားမှုကို မသိရှိတော့တာ၊ အမြင်အာရုံ ချို့တဲ့တာ နဲ့ ခြေထောက်မှာ ဝေဒနာတွေ ခံစား လာ ရတာ တွေ ဖြစ်နိုင်ပါတယ်။

ဆီးချိုကြောင့် မျက်စိကွယ်တာ၊ ကျောက်ကပ် အလုပ်မလုပ်တာ၊ နှလုံး ရောဂါ ဖြစ်တာ၊ လေဖြတ်တာနဲ့ ခန္ဓာကိုယ် အောက်ပိုင်းက အစိတ်အပိုင်း တွေကို ဖြတ်ထုတ်ပစ် လိုက်ရတာ စတဲ့ နောက်တိုး ရောဂါ တွေ ဖြစ်နိုင်ပါတယ်။

၂၀၁၆ ခုနှစ်တုန်း က လူပေါင်း ၁.၆ သန်းဟာ ဆီးချိုကြောင့် သေဆုံး ခဲ့ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆီးချို ကြောင့် အမြင်အာရုံကွယ်တာ၊ နှလုံးရောဂါ ဖြစ်စေနိုင်

ဆီးချိုကြောင့် လူဘယ်လောက် သေ။

ဆီးချိုရောဂါ ဖြစ်ပွားသူ ဦးရေဟာ ၁၉၈၀ ခုနှစ်မှာ ၁၀၈ သန်း ရှိခဲ့ရာက ၂၀၁၄ ခုနှစ်မှာတော့ ၄၂၂ သန်း အထိ မြင့်တက် ခဲ့တယ်လို့ WHO က ထုတ်ပြန် ပါတယ်။

၁၉၈၀ ခုနှစ်တွေတုန်း က အသက် ၁၈ နှစ်ကျော် လူတွေရဲ့ ၅ ရာခိုင်နှုန်း ဟာ ဆီးချို ရောဂါဖြစ်နေပြီး ၂၀၁၄ ခုနှစ်မှာတော့ ၈.၅ ရာခိုင်နှုန်း အထိ မြင့်တက် ခဲ့ပါတယ်။

နိုင်ငံတကာ ဆီးချိုရောဂါ ကာကွယ်ရေး အဖွဲ့ကြီး ရဲ့ ထုတ်ပြန် ချက် အရ ကမ္ဘာ့ လူငယ် ၈ ရာခိုင်နှုန်း ဟာ ဆီးချို ဝေဒနာ ခံစား နေရပြီး အဲဒီလူငယ် တွေဟာ၊ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း အသင့်စားသုံး နိုင်တဲ့ အစားအသောက် စားသုံးမှု တွေ များပြား လာတာကြောင့်လည်း ဆီးချို ရောဂါ ဖြစ်မှု က မြင့်တက် လာ နေတယ်လို့ အဲဒီ အဖွဲ့ကြီး က ပြောပါတယ်။