ည ညအိပ်မရတဲ့ ဝေဒနာကြောင့် အသက်တိုနိုင်သလား

Insomnia ဓာတ်ပုံ မူပိုင် BBC Sport
Image caption မျက်စိကြောင်ပြီး အိပ်မရတဲ့ ညတွေကို လွန်မြောက်နေရသူတွေ

ည ညအိပ်မရတဲ့ လူတွေအတွက်တော့ သတင်းကောင်းတခုပါပဲ။ အဲဒါကတော့ အိပ်ရေးပျက်များတာကြောင့် မသေနိုင်ဘူး၊ အသက်မတိုနိုင်ပါဘူးတဲ့၊

အိပ်ရေးပျက်တာနဲ့ အသက်တိုတာ ဆက်စပ်မှုရှိမရှိ ဆိုတာကို လေ့လာခဲ့ရာက ဆက်နွယ်မှုမရှိဘူးဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ Sleep Medicine Reviews စာစောင်မှာ ဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းဟာ ညမှာ အိပ်မရ၊ မိုးလင်းတဲ့ အထိ မျက်စိကြောင်နေလို့ ဒီဝေဒနာနဲ့ စောစော သေသွားလိမ့်မယ်လို့ စိတ်ပူနေသူတွေအတွက် စိတ်ဖြေသိမ့်မှု ပေးကောင်း ပေးနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ လူ ၃၇ သန်းနီးပါးကို လေ့လာမှု ၁၇ ခု လုပ်ပြီး သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလန်ကျန်းမာရေးဌာနကတော့ အိပ်မရတဲ့ insomnia ဝေဒနာခံစားနေရသူတွေဟာ အဝလွန်သူတွေ နှလုံးရောဂါရှိသူတွေ type 2 diabetes ဆီးချိုရှိသူတွေ လိုပဲ အသက်တိုနိုင်တယ်လို့ ထုတ်ပြန်ထားတာနဲ့ ဆိုရင် အခုတွေ့ရှိချက်က လုံးဝ ဆန့်ကျင်နေပါတယ်။

ဒါပေမယ့် အိပ်မရသူတွေအတွက်တော့ အသက်တိုမှာထက် နေ့တိုင်းနေ့တိုင်း ဒီလို ညမျိုးတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကသာ စိတ်ဒုက္ခအပေးဆုံးလို့ ဆိုပါတယ်။

'အိပ်မရတဲ့ ညတွေ ကျော်ဖြတ်ဖို့ ကြိုးစားနေရတယ်'

ဓာတ်ပုံ မူပိုင် Naveed Khan
Image caption ဒီနှစ်အစောပိုင်း သူ့ရည်းစားနဲ့ပြတ်သွားကတည်းက ညညအိပ်မရတာက ပိုဆိုးလာတယ်လို့ နဗီးက ပြောပါတယ်

အလယ်တန်းကျောင်းတကျောင်းမှာ ကျောင်းဆရာလုပ်တဲ့ နဗီးခန်က တစ်ည ကို အိပ်ချိန်က ၄ နာရီထက်မပိုဘူးလို့ပြောပါတယ်။

အိပ်ရေးမဝတာကြောင့် နောက်နေ့ ကျောင်းမှာ အလုပ်လုပ်နိုင်ပါ့မလားဆိုတာ တွေးတွေးပူနေရတယ်လို့ ဆိုပါတယ်။

အတန်းချိန် ၂ ခုကို စာသင်ရမယ့်တာဝန်ရှိတာကြောင့် ဒီ ၂ ချိန် သင်ပြီးရင် နားရတော့မယ်ဆိုပြီး စိတ်တင်းရတယ်၊ ဒီလိုနဲ့ နေ့တွေ ရက်တွေ ကျော်ဖြတ်နေရတယ်လို့ ပြောပါတယ်။

သူရဲ့ အိပ်မရတဲ့ ဝေဒနာဟာ ဒီနှစ်အစောပိုင်း ရည်းစားနဲ့ ကွဲခဲ့ပြီးနောက်ပိုင်း ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ လူ ၃၀% လောက်အထိ အိပ်မရတဲ့ ဝေဒနာ ခံစားနေရတယ်လို့ ယူဆရပါတယ်။

ကောင်းကောင်း အိပ်ပျော်အောင် လုပ်နိုင်သလား

ဓာတ်ပုံ မူပိုင် Getty Images

အိပ်မရတာကို ကိုယ်တယောက်တည်းနဲ့ပျောက်အောင် လုပ်ဖို့က သိပ်မလွယ်ပေမယ့် ကောင်းကောင်းအိပ်ပျော်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အင်္ဂလန်ကျန်းမာရေးဌာနကတော့ ညဘက် ပင်ပန်းပြီး အိပ်သွားအောင် ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာ၊ ကဖိန်း caffeine ပါတဲ့ ကော်ဖီတို့ တခြား အစားအသောက်တွေ လျော့စားတာမျိုး လုပ်နိုင်တယ်လို့ ပြောပါတယ်။

ဆေးလိပ်သောက်တာ၊ အစားအလွန်အကျွံစားတာ၊ ညနက်ပိုင်းအရက်သောက်တာတွေက အိပ်ရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ညတိုင်း အချိန်မှန် အိပ်ယာ၀င်ဖို့ကြိုးစားတာ၊ စိတ်ထဲမှာ အတွေးများလွန်းနေတာတွေကို ချရေးလိုက်တာမျိုးတွေကလည်း ညဘက် ကောင်းကောင်း အိပ်ပျော်အောင် အထောက်အကူ ပြုတယ်လို့လည်း အကြံပြုပါတယ်။

'သိပ်ဆိုးတဲ့နေ့တွေမှာ လူတွေနဲ့ ဆက်ဆံရေး အဆင်မပြေဘူး'

ဓာတ်ပုံ မူပိုင် Almara Abgarian
Image caption ညကောင်းကောင်းအိပ်ပျော်ပါ့မလားဆိုတာ တွေးပူနေတာနဲ့ပဲ အိပ်မရဖြစ်နေတယ်လို့ အယ်မာယာက ပြောပါတယ်

အဆိုးတကာ့ အဆိုးဆုံးနေ့တွေမှာဆိုရင် ပင်ပန်းလွန်းလို့ အရာရာတိုင်း လူတိုင်းကို စိတ်တို ဒေါသထွက်နေမိတယ်၊ ဒီတော့ လူတွေနဲ့ အဆင်မပြေ ဖြစ်ရရောလို့ အသက် ၂၉ နှစ်အရွယ် စာရေးဆရာမ အယ်မာယာ အက်ဂါရီယန်က ပြောပါတယ်။

အိပ်ရေးဝဝ အိပ်ရတယ်လို့ ပြောနိုင်တဲ့ ညမျိုးဆိုရင် ၆ နာရီလောက် အိပ်ရပေမယ့် တညလုံး စိတ်ဖိစီးမှု စိတ်ပူပန်မှုတွေနဲ့ နိုးနိုးလာတဲ့ ညတွေလည်း ရှိနေလို့ နေ့စဉ်ဘဝမှာ ထိခိုက်နေတယ်လို့လည်း အယ်မာယာက ပြောပါတယ်။

'အိပ်ချင်နေတာထက် လုပ်စရာရှိတာတွေ လုပ်ဖို့ အားမရှိပဲ ဖြစ်နေတာပါ။ ဥပမာ - သူငယ်ချင်းတွေနဲ့ အပြင် သိပ်မသွားချင်ပဲ ဖြစ်နေတာမျိုးပါ။ ဒီလို သွားပေးမှလဲ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အထောက်အကူ ဖြစ်မှာလေ…'

အိပ်မပျော်တဲ့ ရောဂါကြောင့် ရေရှည် ကျန်းမာရေးထိခိုက်မှာ စိုးရိမ်လားလို့ မေးတဲ့အခါမှာတော့ အယ်မာယာက 'ဒီအတိုင်း ဆက်ဖြစ်မနေဘူးလို့ပဲ မျှော်လင့်ပါတယ်' လို့ ဆိုပါတယ်။

အိပ်လို့မရတဲ့ ပြဿနာဟာ အယ်မာယာရဲ့ နေ့စဉ် ဘဝမှာ ပုံမှန်လို ဖြစ်လာပြီး တခြား အိပ်မပျော်တဲ့ ရောဂါ ရှိသူတွေကလည်း ဒါကို သဘောတူကြပါတယ်။

'တညလုံး တောက်လျှောက် အိပ်ပျော်တယ်ဆိုတာ ဘယ်လိုမှန်းတောင် မသိတော့ဘူး'

ဓာတ်ပုံ မူပိုင် Ryan Ashley
Image caption တညမှာ တနာရီ နှစ်နာရီပဲ အိပ်လို့ရတဲ့ ရိုင်ယန်

'ဒီလို အိပ်မပျော်တဲ့ အကျင့်နဲ့ ကျွန်တော် တော်တော် နေသားကျသွားသလို ဖြစ်နေပြီ' လို့ ၂၃ နှစ်အရွယ် ဂီတ အနုပညာရှင် ရိုင်ယန် အက်ရှ်လေက ပြောပါတယ်။

'ခုနတုန်းက အမေ့ကို ဒီအကြောင်းပြောပြတော့ အမေက ဝမ်းနည်းသွားတယ်၊ ကျနော်ကတော့ ဘဝတလျှောက်လုံး ဒီလိုဖြစ်နေခဲ့တာဆိုတော့ အခု ကျင့်သားရသွားလို့ ဝမ်းနည်းစရာ မဟုတ်ပါဘူးလို့ ပြန်ပြောခဲ့ပါတယ်' လို့ ရိုင်ယန်က ပြောပါတယ်။

'တောက်လျှောက် အိပ်ပျော်ရင် တော်တော်တော့ နေလို့ ကောင်းမှာပဲ ဒါပေမယ့် ကျနော်က ဒီလို အိပ်မပျော်တော့ ဘယ်လို ခံစားရမယ်ဆိုတာ မပြောတတ်ဘူး'

ကလေးဘဝမှာ ဘဝအတက်အကျ များခဲ့တဲ့အတွက် အိပ်မပျော်တဲ့ ပြဿနာရှိလာပြီး အယ်မာယာလိုပဲ ညဘက် အိပ်ရင်း ခဏခဏ ပြန်နိုးလေ့ ရှိတယ်လို့ ရိုင်ယန်က ဆိုပါတယ်။

ဒီလို အိပ်မပျော်တဲ့ ရောဂါကြောင့် သူ့ရဲ့ နေရမယ့် သက်တမ်း ထိခိုက်မှာကို မစိုးရိမ်ဘူးလို့လည်း ရိုင်ယန်က ဆက်ပြောပါတယ်။

အိပ်မပျော်တာထက် ခန္ဓာကိုယ်ကို ပိုပြီး ထိခိုက်မှာ သေချာတဲ့ ကိစ္စတွေကိုလည်း ကျနော် လုပ်နေမိလို့ပါ လို့ ရိုင်ယန်က ဆိုပါတယ်။

အိပ်မပျော်တဲ့ ရောဂါနဲ့ သက်တမ်းတိုတာ မဆက်စပ်ဘူးလို့ ဆိုပေမယ့် ဒမန်းရှား Dementia လို့ခေါ်တဲ့ ဦးနှောက်အာရုံကြော ရောဂါတမျိုးနဲ့ စိတ်ကျရောဂါ Depression တွေနဲ့ Insomnia အိပ်မပျော်တဲ့ ရောဂါတွေကတော့ ဆက်စပ်မှုတွေ ရှိနေသေးတာကို တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ