သတင်းမှားတွေ အရေး မြန်မာ အစိုးရ ဘယ်လို ကိုင်တွယ်နေလဲ - ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ သီးသန့် မေးမြန်းခန်း

သိက္ခာရှိတဲ့ စာနယ်ဇင်းရဲ့စွမ်းအားကို ကျွန်တော် ယုံကြည်ပါတယ် - ဦးအောင်လှထွန်း (ပြန်ကြားရေး ဒုဝန်ကြီး) ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သိက္ခာရှိတဲ့ စာနယ်ဇင်းရဲ့စွမ်းအားကို ကျွန်တော် ယုံကြည်ပါတယ် - ဦးအောင်လှထွန်း (ပြန်ကြားရေး ဒုဝန်ကြီး)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းဟာ ဗြိတိန်အခြေစိုက် နိုင်ငံတကာ သတင်း အေဂျင်စီ တစ်ခု ဖြစ်တဲ့ ရိုက်တာ သတင်းဌာနမှာ အနှစ် ၂၀ ကြာ အလုပ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဝါရင့် သတင်းစာဆရာတဦး ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသတင်းထောက်များ အသင်းရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူ ခဲ့ဖူးပါတယ်။ ၂၀၁၈ ဇန်နဝါရီလ ၁၅ ရက်မှာ ပြန်ကြားရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခံရပါတယ်။

ဘီဘီစီ ။ ။ အစိုးရတာဝန်ရှိသူတွေကြားမှာ သတင်းတု သတင်းမှားတွေ ပေါ့၊ အထူးသဖြင့် အွန်လိုင်းပေါ်က သတင်းတု သတင်းမှား တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ သိမြင်နားလည်မှု ရှိနေကြလဲ။

ဦးအောင်လှထွန်း ။ ။ ကျွန်တော်တို့ နိုင်ငံ အတိုင်းအတာနဲ့ ဆိုရင်လေ အားလုံးခြုံပြီးတော့ ပြောမယ်။ အစိုးရတာဝန်ရှိသူတွေတင် မကဘူး၊ ဂျာနယ်လစ် (သတင်းသမား) တွေ အပါအဝင်ပေါ့၊ အားလုံးမှာ တော်တော်နည်းပါတယ် ခင်ဗျာ။ မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ သိမြင်နှံ့စပ်မှုက အတော်နည်းပါတယ် ခင်ဗျာ။ အဲ့ဒါကြောင့်လည်း ပို့စ် တစ်ခု တွေ့ပြီ ဆိုရင်လေ အတည်ပြုနိုင်ဖို့ စစ်ဆေးတာမျိုး မလုပ်ဘူး၊ အလွယ်တကူနဲ့ မှတ်ချက် ပေးကြတယ်၊ Like လုပ်ကြတယ်၊ ထပ်ဆင့်ဝေမျှ လုပ်ကြတယ်။

ကျွန်တော်တို့ နိုင်ငံမှာ အခု ဆိုရင် အမှန်တော့ တိုးတက်လာတာ တခုပါပဲ၊ လူ သန်း ၃ဝ ကျော်လောက်က မိုဘိုင်းလ်ဖုန်း သုံးကြတယ်။ အဲဒီမှာ သန်း ၂၀ ကျော် လောက်က စမတ်ဖုန်း သုံးတယ်၊ အွန်လိုင်းကွန်ရက်သုံးကြတဲ့ နိုင်ငံသားတွေ ဖြစ်တယ်၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုသူ တွေပေါ့၊ လူမှုကွန်ရက် သုံးကြတယ်။ ဒီဘက်ပိုင်းကကျ တိုးတက်မှု က ရှိလာတယ်။ အရမ်းတက်လာတယ်။ ဒါပေမယ့် ဟိုဘက်က မီဒီယာဆိုင်ရာ သိမြင်နှံ့စပ်မှု ပိုင်းကကျတော့ တော်တော် အားနည်းပါတယ်။ အဲဒါ သိပ်လိုအပ်ချက် တခုပါပဲ။

ဓာတ်ပုံ မူပိုင် The Washington Post
Image caption အင်တာနက်ကနေ အမုန်းတရားတွေ ဖြန့်ချိတာ မတားနိုင်ခဲ့

မနှစ်က ကျွန်တော် ဒီ လက်ရှိ ရာထူးကို မယူခင်က ဆိုရင် တော်တော် ကြောက်စရာကောင်းတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံ့ အကြီးအကဲနဲ့ ပတ်သက်တဲ့ အင်မတန် ထိလွယ်ရှလွယ် ဖြစ်တဲ့ ကိစ္စ တခုကို ပုဂ္ဂိုလ်တယောက်က ထပ်ဆင့်ဝေမျှထားတယ်၊ CSO လူမှုကူညီရေး လုပ်နေတဲ့ သူ၊ ကျွန်တော် နာမည်တွေ ဘာတွေတော့ မပြောပါရစေနဲ့။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ တချို့က ချီးကျူးကြတယ်၊ တချို့က ဝေဖန်ပုတ်ခတ် ကြတယ်၊ တချို့ အစွန်းရောက်တွေက ဆဲဆိုတာတွေရှိတယ်။ ကျွန်တော်က အဲဒီတုန်းက သတင်းမီဒီယာ ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌပါ ခင်ဗျာ။ ကျွန်တော်သာ အချိန်မီ အဲ့တာကို မဟန့်တားနိုင်လိုက်ရင် တချို့နိုင်ငံတွေ ဆိုရင် အဲဒီအပေါ် အခြေခံပြီး မူဝါဒတွေတောင် ချမှတ်နိုင်တယ်။ မနက် အရုဏ်တက်လောက်မှာ ဖြစ်တာ၊ ကျွန်တော့်ကို ၈ နာရီလောက်မှာ သံတမန် တချို့က ဖုန်းဆက်ကြတယ်။ ဒီသတင်းမှန်လား ဆိုပြီးတော့။ အဲဒီမှာ ကျွန်တော်လိုက်လိုက်တော့(သတင်းက) မှားနေတယ်။ အဲဒီမျိုးတွေပါ ခင်ဗျာ။

ဘယ် လူ့အဖွဲ့အစည်း မဆို ဒါကတော့ လက်မခံသင့်တဲ့ဟာပါ။ ကျွန်တော်တို့ အပိုင်းမှာတော့ အားနည်းချက်တွေ အဲ့ဒါကိုလေ ကိုင်တွယ်ဖို့ ကျွန်တော်နားလည်သလောက်ကတော့ ဒီ မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ စာတတ်မြောက်မှု စည်းရုံးလှုံ့ဆော်မှု တွေ ဘာတွေတော့ အားပေးလှုံ့ဆော် လုပ်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ ဆွေးနွေးပွဲတွေ လုပ်တယ်၊ နောက်ကျောင်းတွေမှာ ဟောပြောပွဲတွေ လုပ်ပါတယ်။ ယူနက်စကို နဲ့ ပေါင်းပြီးတော့ လုပ်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုရင်တော့ ပုံနှိပ်မီဒီယာပဲ ရှိတာကို၊ အခုက အွန်လိုင်းမီဒီယာက ပေါ်လာတယ်၊ ဒစ်ဂျစ်တယ် ခေတ်မှာ သတင်းမှား ရဲ့ သက်ရောက်မှု ဆိုးကျိုးတွေဟာ၊ ဆိုးကျိုးရော ကောင်းကျိုးရော၊ တော်တော် ကြောက်စရာ ကောင်းပါတယ် ခင်ဗျာ။ ဘာလို့လဲဆိုတော့ စက္ကန့်ပိုင်းလောက် အတွင်းမှာ လူတွေက ထပ်ဆင့် မျှဝေ လို့ရတယ်၊ အပြန်အလှန် တုံ့ပြန် ရေးလို့ရတယ်။ မှတ်ချက် တွေ ပေးလို့ရတယ်၊ ပြောလို့ ဆိုလို့ ရတယ်၊ ချဲ့ကားလို့ ရတယ်။ ပိုတောင် ကြောက်စရာ ကောင်းလာတာပေါ့။ ပိုပြီးတော့တောင် စောင့်ထိန်းရမယ့် သဘော ရှိပါတယ် ခင်ဗျာ။

ဘီဘီစီ ။ ။ ဟုတ်ကဲခင်ဗျာ၊ အများပြည်သူသုံးတဲ့ နေရာမှာ ဒီလို ပျံ့နှံ့ လွယ်သလိုပဲ၊ တဘက်မှာတော့ ဥပမာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့၊ တပ်မတော်ဘက်က တရားဝင် ထုတ်ပြန်တဲ့ မှတ်တမ်း စာအုပ်တွေမှာ ဆိုရင် သတင်းမှာ ဓာတ်ပုံတွေကို သုံးပြီးတော့ အထင်အမြင်လွဲစရာတွေ ဖြစ်သွားအောင် လုပ်တဲ့ ကိစ္စတွေလည်း ဖြစ်ခဲ့ဖူးပါတယ်ခင်ဗျာ။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဆိုရင် ဒီလိုမျိုး ဌာနတွင်းကြားမှာ သတင်းမှန် ဖြန့်ချိရေးအတွက် ဆိုရင် ဘယ်လောက် နေရာယူပြီးတော့၊ ဦးဆောင်ပြီးတော့ လုပ်နိုင်တဲ့ အခွင့်အလမ်း ရှိလဲဗျာ။

ဦးအောင်လှထွန်း။ ။ ပွင့်ပွင့်လင်းလင်း ဖြေရရင်တော့ ကျွန်တော့်ရဲ့ ဖြစ်ချင်တဲ့ ဟာ၊ ဆန္ဒကတော့ တော်တော် ပြင်းပြပါတယ်။ ဒါပေမယ့် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရင်လေ ဖြစ်ချင်သလောက်တော့ ဖြစ်ခွင့် မရသေးဘူးပေါ့။ ဒါ အင်မတန် လုပ်ဖို့ ကောင်းပါတယ်။ အဓိက ကတော့ ပွင့်လင်းမြင်သာရှိမှု ပေါ့၊ အဲဒီဟာ အားနည်းချက်လည်း ပါပါတယ်။ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးရမယ်။ နောက်တခုကဖြစ်လာမှ တုံ့ပြန်တာမျိုးထက် ကြိုတင်ပြီးတော့ မီဒီယာနဲ့ ဆက်ဆံရေး ထူထောင်တာမျိုး အဲ့ဒါကို ထူထောင်ရမယ်။ ကြိုပြီးတော့ပေါ့လေ..။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အမြဲ စောင့်ကြည့် လုပ်နေပါတယ်၊ အခုလည်း ရှိပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဌာနမှာတော့ ရှိပါတယ်။ တခြား ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ အားနည်းပါတယ်။

ခုနက ပြောတဲ့ တလောက စာအုပ်တအုပ် ထုတ်တဲ့ ကိစ္စ၊ အဲ့ဒါကတော့ ကျွန်တော်ထင်ပါတယ်၊ စိတ်အားထက်သန်မှု လွန်ကဲလို့ ခေါ်မှာပေါ့နော်။ သိပ်ပြီးတော့ တက်ကြွလွန်းတဲ့ လူတယောက်က လောပြီးတော့၊ အလျင်စလို လုပ်ပြီးတော့ အတည်ပြုနိုင်ဖို့ စစ်ဆေးတာမျိုး မလုပ်ခဲ့တာ၊ အဲ့ဒါ အားနည်းချက်ပဲ။ ဆန်းစစ်ရမယ်၊ မှားရင် … ပြင်ဆင်ရမယ်၊ မြန်လေ ကောင်းလေ ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီကောင်က ပတ်နေမှာကိုး၊ သတင်းက သက်ရောက်မှု က ဆိုးလာမှာပေါ့။ နောက်ဆုံး ကျွန်တော် ဒီသတင်းကို ထုတ်လွှင့်မိတဲ့ လူအနေနဲ့လည်း မကောင်းဘူးပေါ့နော်။ သူ့ ပုံရိပ်။ သူကတော့ မရည်ရွယ်ဘဲ လုပ်မှာပါပဲ၊ ကျွန်တော်ထင်တယ် အစိုးရဌာန အနေနဲ့ ရည်ရွယ်ချက်တော့ ရှိမယ် မထင်ပါဘူး။ ဒါပေမယ့် လေ့လာမှု အားနည်းတာ ပါမယ်။ မဆန်းစစ်ခဲ့ဘူး။ ကျင့်ဝတ်စောင့်ထိန်းမှုပိုင်းကိုပေါ့၊ အဲ့ဒါကို သတိထားဖို့ လိုပါတယ်။

ကျွန်တော်တို့ ဌာနမှာတော့ ရှိပါတယ် ခင်ဗျာ၊ ကျွန်တော်တို့က စောင့်ကြည့်ပါတယ်၊ သတင်းတွေကိုလေ၊ အထူးသဖြင့် ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို၊ တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက် သက်ဆိုင်ရာ ဌာနကို ဆက်သွယ်တယ်၊ ဆန်းစစ်တာပေါ့။ မှားလား၊ မှန်လား၊ ချက်ချင်း နှိုးဆော်ပေးတယ်။ ကျွန်တော်တို့မှာလည်း မှားဖူးတာ ရှိပါတယ်၊ မှားဖူးကြပါတယ်။

ဓာတ်ပုံ မူပိုင် Kaung Htet
Image caption ရခိုင်ပဋိပက္ခတွေအတွင်းက နယ်မြေထိန်းသိမ်းရေး တပ်သား

ဘီဘီစီ ။ ။ သတင်းမီဒီယာတွေက သတင်းမှန် တင်ပြနိုင်ဖို့ အတွက် သက်ဆိုင်ရာ ဌာနတွေကို ဆက်သွယ်တဲ့ အချိန်မှာ အင်မတန် ခက်ခဲတဲ့ အနေအထား တခုကို ကျော်ဖြတ်နေရတုန်းပဲ ရှိနေသေးပါတယ်။ အဲ့တော့ ပြန်ကြားရေးဌာန အနေနဲ့ ဆိုရင် ဒီသတင်းမှန်တွေကို သတင်းမှားတွေ မရောက်ခင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖြန့်ချိနိုင်ဖို့ အတွက် ဆိုရင် ဘာတွေ လုပ်ဆောင်နေတာ ရှိလဲဗျာ။

ဦးအောင်လှထွန်း ။ ။ ခုန ဟာလေး တခု ပြောရရင် ဒီ သတင်းမှန် ရရှိရေး အတွက်ပေါ့လေ၊ မီဒီယာသမားတွေ အတွက် သက်ဆိုင်ရာ ဌာနကို ကျွန်တော်ထင်ပါတယ်၊ အရင်ကလောက် အခက်အခဲ မရှိပါဘူး။ ဒါပေမယ့် တခုတော့ ရှိတယ်။ ဒါက နှစ်ဦးလုံးနဲ့ ဆိုင်တဲ့ ဟာပါ။ မီဒီယာနဲ့ အစိုးရအရာရှိတွေ ကြားမှာ အပြန်အလှန်ယုံကြည်မှုဟာ ပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒါ ကျွန်တော် သတင်းသမား ဘဝကတည်းကပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ မီဒီယာဘက်ကလည်း အလွဲသုံးစား လုပ်တာတွေပါတယ်။ ဒီဘက်ကလည်း မီဒီယာကို မကိုင်တွယ် မလုပ်တတ်ဘူးပေါ့။ ဟိုးတုန်းကပေါ့။ အခု တကယ့်ကို ပြည်သူရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရပါ။ အင်မတန် ပွင့်လင်းမြင်သာမှုကို အားပေး ပါတယ်၊ လုံးဝကို ဖုံးကွယ် ထားစရာ မရှိပါဘူး။ စာနယ်ဇင်း အတတ်ပညာ ကိုလည်း အားပေးပါတယ်။ သို့သော် ကျွန်တော်တို့မှာ အဟန့်အတားတွေ အခက်အခဲတွေ ရှိပါတယ်။ ဒီ အမြစ်တွယ်နေတဲ့ အမြင် ရှိတာပေါ့လေ။ စိတ်ဓာတ် တွေရှိတယ်။ စိုးရိမ်စိတ်တွေ ရှိတယ်။ တချို့ဆိုရင်ဒီ ဘာခေါ်မလဲ၊ ဥပဒေပြဋ္ဌာန်းမှု၊ ဥပဒေ တချို့ရှိပါတယ်။ ဥပမာ - နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ တို့ ဘာတို့.. သူကလည်း လိုအပ်ပါတယ်၊ တစုံတရာအထိ ပေါ့လေ၊ တိုင်းပြည် တိုင်းမှာ။ သို့သော်လည်း အဲ့ဒါတွေကို စိုးရိမ်စိတ်က လွှမ်းမိုးနေတာပေါ့။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့က ဒီ တပြေးညီ ပေါ့လေ၊ လုပ်ထုံးလုပ်နည်း တစ်ခုတော့ ပေါ်ထွန်းအောင်တော့ လုပ်ဖို့ လိုပါတယ်။ ဒီဟာကတော့ ပြောလို့ရတယ်၊ ဒီဟာကတော့ ပြောလို့မရဘူး။

အဲဒီဟာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ကတော့ အွန်လိုင်းကွန်ရက် ချိတ်ဆက် ဝန်ဆောင်မှု ပေးနိုင်တဲ့ အစိုးရယန္တရား ဖော်ထုတ်နေပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ကလည်း လုပ်နေတာ ရှိပါတယ်။ အဲဒါကတော့ အစိုးရဌာနတွေမှာ ပြောခွင့်ရ ပုဂ္ဂိုလ်တွေ သက်သက် ခန့်ထားခိုင်းတယ်၊ တာဝန်ပေးခိုင်းထားတယ်။ အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်တွေကို မီဒီယာနဲ့ ထိတွေ့ဆက်ဆံ ကိုင်တွယ်ရေး သင်တန်းတွေ ဘာတွေ ပို့ချပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေ ဘာတွေ လုပ်ပါတယ်။ ဒါပေမယ့် လုံလောက်မှုတော့ မရှိသေးဘူး ခင်ဗျာ။ ပိုပြီးတော့ လုပ်ရပါဦးမယ်။

ဓာတ်ပုံ မူပိုင် The Washington Post
Image caption မိုဘိုင်းဖုန်းကြည့်နေတဲ့ ဆယ်ကျော်သက်တွေ

နောက်တခု အရေးကြီးတာကတော့၊ အချိန်ယူရမှာကတော့ ဒီ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ ရှိတယ်ပေါ့၊ ဘာလို့ဆို အရင်က မပြောရဘူး မဆိုရဘူးလေ။ အခုက ပြောခိုင်း ဆိုခိုင်း ပါပြီ။ ကျွန်တော် သိသလောက်ကတော့ တော်တော်လေး တိုးတက်လာပါပြီ ခင်ဗျာ။ တချို့ ဝန်ကြီးဌာနတွေ သတင်းစာရှင်းလင်းပွဲတွေ လုပ်ကြတယ်။

အရေးကြီးတာကတော့ မီဒီယာပိုင်းကလည်း လိုပါတယ်။ မီဒီယာ ပိုင်းဆိုတော့ ကျွန်တော့် အပိုင်းကပါပဲ။ ကျွန်တော်တို့ အပိုင်းပေါ့။ ကျွန်တော်က သတင်းသမားက လာတာကိုး။ ကျင့်ဝတ်စောင့်ထိန်းမှုက အားနည်းချက်ရှိတယ်၊ တချို့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုလည်း အားနည်းတယ်။ နောက် အချိန်ကိုချည်းပဲ သတင်းမြန်မှု ကိုချည်းပဲ ဦးစားပေးရတယ်၊ အဲဒီအခါကျတော့ အဲဒီ အတည်ပြုနိုင်ဖို့ စစ်ဆေးခြင်း အားနည်းသွားတယ်၊ အဲဒီ အပိုင်းတွေ ရှိတယ်။ ဘက်မလိုက်မှု အားနည်းတယ်၊ အပြန်အလှန် မေးရမှာပေါ့၊ ဟိုဘက် ဒီဘက်။ အဲဒါအပိုင်းမှာ အားနည်းမှုတွေ ရှိပါတယ်။

ဘီဘီစီ ။ ။ တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းထုတ်ပြန်ဖို့၊ မေးဖို့ ဆိုရင် အခက်အခဲတွေက အခုအချိန်အထိ ရှိနေပါသေးတယ်။ အဲ့တော့ ကျွန်တော့်မေးခွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဆိုရင် ဒီလိုမျိုး အစိုးရအဖွဲ့အောက်မှာပဲ ပါတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ သတင်းတွေဆိုရင် ပြန်ကြားရေးအနေနဲ့ ဘယ်လိုမျိုး တာဝန်ယူပြီးတော့ ဖြန့်ချိနိုင်ဖို့ ပေးတာမျိုး ဘယ်လိုမျိုးတွေ ရှိလဲဗျာ။

ဦးအောင်လှထွန်း ။ ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော်မှာ သူ့ရဲ့ မီဒီယာနဲ့ ပတ်သက်လို့ သူ့ မီဒီယာ ဌာနရှိပါတယ် ခင်ဗျာ။ မြဝတီ လို့ ခေါ်တာပေါ့၊ တီဗီ ရှိတယ်၊ ပုံနှိပ် မီဒီယာ သတင်းစာ ရှိတယ်၊ လူမှုမီဒီယာတွေ ရှိတယ်။ သူတို့ဟာနဲ့ သူတို့ လုပ်နေကြပါတယ်။

ကျွန်တော် ဒီတာဝန်ကို မယူခင်တုန်းက သတင်းမီဒီယာကောင်စီ အနေနဲ့ တပ်မတော်နဲ့ ပိုပြီးတော့ ထိတွေ့ဆက်ဆံမှု လုပ်လေ့လုပ်ထ ရှိခဲ့ပါတယ်။ သူတို့ရဲ့ မီဒီယာနဲ့ ပတ်သက်လို့ ကူညီပေးဖူးပါတယ်၊ အကြံ ဉာဏ်တွေ ပေးတယ်။ မီဒီယာကို ထိတွေ့ဆက်ဆံရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ကိုယ့်အတွင်းမှာလည်း ကိစ္စရပ်တွေရှိရင် ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ရမယ် ဆိုတာ၊ အခုလည်း ဖြစ်လာပါလိမ့်မယ် ခင်ဗျာ၊ ဖြစ်လာပါမယ်။ ကျွန်တော် ကြုံကြိုက်ရင်တော့ အကြံ ဉာဏ်ပေးမှာပါ။ ဖြစ်လာပါလိမ့်မယ်၊ ဖြစ်လာမှာပါ။ သူတို့လည်း ပြုပြင်နေတာတော့ ကျွန်တော်သိပါတယ်။ သူတို့မှာ သင်တန်းတွေ ပို့ချတာ ရှိပါတယ်။

ဘီဘီစီ ။ ။ နိုင်ငံတကာမှာလည်း ထင်ရှားတာဆိုရင် ရခိုင်မြောက်ပိုင်း ပြဿနာပေါ့။ တစ်ခုခု ပဋိပက္ခဖြစ်တိုင်း နှစ်ဘက်လုံးကို သက်ဆိုင်တဲ့ သတင်းမှား၊ သတင်းတုတွေက အင်မတန် လျင်မြန်စွာ ရောက်လာတတ်ပါတယ်။ အဲ့ဒီအရေးနဲ့ ပတ်သတ်ရင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရအနေနဲ့ဆိုရင် ဘာတွေကို စောင့်ကြည့်နေလဲ၊ ဘာတွေကို အရေးယူနေလဲ၊ ဘယ်လိုမျိုး ဆောင်ရွက်မှုတွေရှိနေလဲဗျာ။

ဦးအောင်လှထွန်း ။ ။ အဓိက ကတော့ သတင်းတု သတင်းမှား ပေါ်ထွန်းမှုပေါ့။ သတင်းမှား ပေါ်ထွန်းလာတာရဲ့ အဓိကအချက်ကတော့ ပွင့်လင်းမြင်သာမှု မရှိတာပဲ။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ မီဒီယာတွေ သတင်းယူခွင့် ရှိရမယ်။ မီဒီယာတွေ သွားလာခွင့်ရှိရမယ်။ မီဒီယာဆိုတာမှာ သတင်းပညာ ပြည့်မီ သိက္ခာရှိတဲ့ စာနယ်ဇင်း ဖြစ်ဖို့ လိုပါတယ်။ အဲ့ဒီဟာတွေက ပြဿနာပါပဲ။ ဘက်လိုက်တဲ့ မီဒီယာတွေ၊ လက်ကိုင်တုတ် မီဒီယာတွေ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့ မီဒီယာသမားတွေက သူတို့ရဲ့ Financier ခေါ်မှာပေါ့။ သူတို့ရဲ့ ငွေကြေးထောက်ပံ့တဲ့ ပြည်ပဖြစ်ဖြစ် ပြည်တွင်းဖြစ်ဖြစ် များသောအားဖြင့် ပြည်ပက များပါတယ်။ ပြည်ပက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေရဲ့ အလိုကျ ကောက်ချက် ဆွဲတာတွေ ရှိတာပေါ့။ ဘက်လိုက်မှု ဖြစ်တာရှိတာပေါ့။ အဲ့ဒါမှာ စတာပါပဲ ပြဿနာက။ အစိုးရအနေနဲ့ မီဒီယာကို ယုံကြည်မှု အားနည်းသွားတယ်။ နောက် ပြည်သူတွေအနေနဲ့လည်း အာနည်းသွားတယ်။ အဲ့ဒီအပိုင်းကို ကျွန်တော်တို့ ပြန်ပြီး တည်ဆောက်ရမှာပါ။ ကျွန်တော်တို့ အနေနဲ့ လုပ်နေတာကတော့ ပထမတော့ လမ်းပြဦးဆောင်မှုနဲ့ လေ့လာခွင့် ပေးတဲ့ခရီးစဉ် တွေပါခင်ဗျ။ လမ်းပြပေါ့။ ကျွန်တော်တို့ဆီက ပြန်ကြားရေး အရာရှိ တွေထည့်ပေးတယ်။ ဒါပေမဲ့ သူတို့ ပြချင်တဲ့နေရာ၊ သူတို့ သွားချင်တဲ့ နေရာတွေကိုလည်း လုံခြုံရေးပေးမှုအပေါ်မှာ မူတည်ပြီးတော့၊ နောက်တခုက ဒေသခံအာဏာပိုင်တွေ၊ အရေးအကြီးဆုံးက ဒေသခံအာဏာပိုင်တွေပါခင်ဗျ၊ သူတို့က တကယ့် လက်တွေ့ မြေပြင်မှာ တာဝန်ယူရတာကိုးဗျ။ တည်းတာ ခိုတာကအစ။ ဖြစ်ရင် သူတို့မှာ တာဝန်ရှိတယ်။ သူတို့ရဲ့ သဘောတူညီချက်က အရေးအကြီးဆုံးပါပဲ။ သူတို့မှာလည်း အကန့်အသတ်တွေရှိတာပေါ့။ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှု က အကန့်အသတ်ရှိတယ်။ တည်းဖို့ ခိုဖို့ အကန့်အသတ်ရှိတယ်။ သွားလာရေး အကန့်အသတ်ရှိတယ်။ အရေးအကြီးဆုံးက လုံခြုံရေးပါခင်ဗျ။ ဘာလို့လဲဆိုတော့ ဟိုမှာက အကြမ်းဖက်အဖွဲ့တွေက သင်တန်းပေး ထားတာတွေ ရှိတယ်။ လက်လုပ်ဗုံးတွေ လုပ်ဖို့ဟာလေ။ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ရာနဲ့ ထောင်နဲ့တောင် ရှိတယ်လို့တောင် ကြားပါတယ်၊ သင်တန်းသားတွေ ရှိနေပါတယ်။ အဲ့ဒီဟာက စိုးရိမ်ရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့တွေ ယုံကြည်မှု တည်ဆောက်ရင်းနဲ့ တိုးတက်လာမှာပါ ခင်ဗျ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အစိုးရဌာနတွေအတွင်း ပြုပြုပြောင်းလဲရေးနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးနဲ့ မေးမြန်းခန်း

ဘီဘီစီ ။ ။ အဲ့တော့ ဒီအရေးကိစ္စမှာ ဆိုရင် မီဒီယာလွတ်လပ်ခွင့်ပေးပြီး အဲ့ဒီမှာ သွားပြီးတော့ လမ်းပြ ဦးဆောင်မှုနဲ့ လေ့လာခွင့် ပေးတဲ့ ခရီးစဉ် ပြင်ပပေါ့နော်၊ မီဒီယာတွေကို ခေါ်ပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပိုပြီးတော့ သတင်းယူခွင့်ပြုမယ်ဆိုရင် ဒီလိုမျိုး သတင်းတု သတင်းမှားတွေ ဘယ်သူကပဲ ဖြန့်ချိနေနေ၊ ဒီသတင်းမှားတွေက ရှေ့မရောက်ဘဲ သတင်းမှန်တွေက ရှေ့ရောက်နိုင်တယ်တိုတဲ့ မူဝါဒမျိုး အစိုးရဘက်က ခိုင်ခိုင်မာမာရှိပြီလားဆိုတာ ပြောလို့ရလား ခင်ဗျာ။

ဦးအောင်လှထွန်း ။ ။ ကျွန်တော်ကတော့ ပုဂ္ဂလိက သဘော ရှိပါတယ်ခင်ဗျ။ ကျွန်တော်တော့ အဲ့ဒါကို ယုံကြည်တယ်။ သိက္ခာရှိတဲ့ မီဒီယာ ရဲ့စွမ်းအားကို ယုံကြည်တယ်။ သို့သော် အဲ့ဒါကို အစိုးရ ပေါ်လစီတခုအနေနဲ့ ဖြစ်ဖို့ဆိုရင် နည်းနည်းတော့ ကြိုးစားရပါဦးမယ်။ ကျွန်တော်ကတော့ ပင်ကိုယ်အားဖြင့် ယုံကြည်ပါတယ်။ ကိုယ်တိုင်ကလည်း မီဒီယာသမားလုပ်လာလို့ ယုံကြည်တယ်။ သို့သော် အချိန်တော့ နည်းနည်းယူ ကုစားရမယ်ခင်ဗျ။ ဘာလို့လဲ ဆိုတော့ ဒီအပြန်အလှန် မယုံကြည်မှုက တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်သွားခဲ့တယ်။ ကျွန်တော် ဒီရာထူးကို မယူခင်ကလေ။ ထင်ရှားတဲ့ ကမ္ဘာ့နိုင်ငံတကာ မီဒီယာကြီး တချို့က မှန်တာတွေတော့ မပြောပါဘူး၊ မှားတာတွေကို ရေးမိတာတွေ ရှိတယ်။ ဖြစ်စဉ်အများကြီး ရှိတယ်။ ဒီ လုပ်ငန်းစဉ် တခုမှာ တစုံတရာသော အဖြစ်အပျက်ကိုပဲ ခွဲထုတ် ယူသုံးလိုက်တယ်ပေါ့။

တချို့ဟာတွေမှာလည်း ကျွန်တော်တို့ အပိုင်းက အားနည်းချက်တွေ ရှိခဲ့တယ်ပေါ့။ သတင်းစောစော မထုတ်ပြန်နိုင်ခဲ့ဘူး။ သတင်းအမှားတခုပေါ်တာနဲ့ ကျွန်တော်တို့ အမှန်ကို ထုတ်ဖို့လိုတယ်။ အဲ့ဒါက အသက်ပါပဲ ခင်ဗျ။ သတင်းတု သတင်းမှား တခုပေါ်လာပြီဆိုရင် အရေးအကြီးဆုံးက ဒီ ချက်ချင်း အရေးယူ ဆောင်ရွက်မှုပေါ့။ နောက်ဆက်တွဲ အမြန်ဆုံး လုပ်ဖို့ပဲ။ အမြန်ဆုံး ဒီဟာကို အမှန်ကို ဖော်ထုတ်ရမယ်။ ပြီးရင် စာနယ်ဇင်း သမားတွေ သွားလာ သတင်းယူခွင့် ပေးရမယ်။ ဘာလို့လဲဆိုတော့ ဒီဟာက မီဒီယာက အရေးကြီးတာကိုး။ သိက္ခာရှိတဲ့ မီဒီယာ တွေ သူတို့ကိုပဲ ပြောရမှာပေါ့ ၊ မျှတအောင် ရေးဖို့အတွက်။

အဲ့ဒီအဆင့်ကိုတော့ မရောက်နိုင်သေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ်ရေးကိုယ်တာ အားဖြင့်တော့ ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပါတယ်။ တနေ့ကျရင်လေ ယုံကြည်စိတ်ချရတဲ့ မီဒီယာတွေက ယုံကြည်စိတ်ချရတဲ့ နာမည်ကောင်း ရှိတဲ့ သတင်းသမားတွေကို ကျွန်တော်တို့ စေလွှတ်ချင်ပါတယ်။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်ပေါ့၊ လုံခြုံရေး အခြေအနေပေါ်မှာလည်း မူတည်တယ်။ အခုထိကတော့ အခြေအနေ မပေးသေးဘူး ခင်ဗျ။

ဓာတ်ပုံ မူပိုင် Yousuf Tushar
Image caption ပဋိပက္ခတွေအတွင်း မီဒီယာရေးသားမှုတွေ ဘက်မလိုက်ဖို့ အရေးကြီး

ဘီဘီစီ ။ ။ ဒီအစိုးရအဖွဲ့မှာ သတင်းမှားတွေကို နှိမ်နင်းဖို့ကဆိုရင် သတင်းအမှန်တွေကို အရင်ဖြန့်ဖို့ လိုပါတယ်။ ဆိုတော့ ဒီ အဓိက အချက်ကို လုပ်နိုင်ဖို့အတွက် ဘာတွေက စိန်ခေါ်မှုက ဖြစ်နေလဲ ခင်ဗျ။

ဦးအောင်လှထွန်း ။ ။သူတို့ ညှိနှိုင်းဆောင်ရွက်မှု လိုတာပေါ့၊ ပွင့်ပွင့်လင်းလင်းပြောရရင်လေ၊ ဆရာကလည်း ဒီမေးခွန်းမေးတော့ ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်းပြောတော့ ပြဿနာပဲ။ အဓိကကတော့ နားလည်သိမြင်တတ်မှု ပါပဲ။ သိရမှာပေါ့၊ ဆိုလိုတာကလေ။ မီဒီယာရဲ့ သက်ရောက်မှု ကို သိရမယ်။ မီဒီယာရဲ့ အကျိုးအာနိသင်ပေါ့လေ။ ကောင်းကျိုးရှိတယ်။ ဆိုးကျိုးရှိတယ်။ ကျွန်တော်က မီဒီယာနဲ့ ဆက်ဆံရေး လို့မြင်ပါတယ်။ ဖြစ်လာမှ တုံ့ပြန်တာမျိုးထက် ကြိုတင် ပြီးတော့ မီဒီယာနဲ့ ဆက်ဆံရေး ထူထောင်တာမျိုး ပေါ့။ အဲ့ဒီအပိုင်းမှာ အစိုးရဌာနပိုင်းက ပွင့်ပွင့်လင်းလင်းပြောရရင် အားနည်းမှုရှိခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၀ လောက်က အာဏာရှင် လက်အောက်မှာ တပါတီအာဏာရှင် စနစ်အောက်မှာ နေခဲ့ရတယ်။ အထိအတွေ့မရှိခဲ့ဘူး။ အခု တခါတည်း တံခါးတွေဖွင့်လိုက်တော့ ဖြစ်လာတဲ့ နိုင်ငံတကာကိစ္စတွေကို မကိုင်တွယ်နိုင်ဘူး။ ကိုင်တွယ် ဖြေရှင်းမှု မလုပ်နိုင်ဘူးပေါ့လေ။ အဲ့တော့ ပြဿနာတွေက တခုပြီး တခုလာတယ်။ တခု မဖြေရှင်းနိုင်ခင်မှာ နောက်တစ်ခု ပေါ်လာတယ်။ အဲ့ဒီမှာ ကျွန်တော် ထင်ပါတယ်၊ အစိုးရဌာန တခုတည်းနဲ့ လုပ်လို့ မရဘူးခင်ဗျ။ အဓိက ကတော့ မီဒီယာပိုင်းကလည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ပုဂ္ဂလိက စာနယ်ဇင်းလုပ်ငန်း ပါမယ်။ ဆိုတော့ အားလုံးပါတာပေါ့။ နိုင်ငံတကာ စာနယ်ဇင်း တွေရော၊ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေရောပေါ့။ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အရေးအကြီးဆုံးက အဲ့ဒါပါပဲ။

ဓာတ်ပုံ မူပိုင် Reuters
Image caption တပ်မတော်ထုတ် စာအုပ်မှာ ရိုဟင်ဂျာဓာတ်ပုံမှားတွေ ပါ

ဘီဘီစီ ။ ။ အစိုးရအဖွဲ့အနေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဖေ့စ်ဘုတ်ကို လေ့လာစောင့်ကြည့်ဖို့ ဆိုပြီးတော့ အဖွဲ့စတင်ရှိပြီလို့ သိရပါတယ်။ ဒီအဖွဲ့အနေနဲ့ကော ဖေ့ဘုတ်မှာ ဘယ်လိုမျိုး သတင်းတု သတင်းမှားတွေ မဖြန့်ချိနိုင်အောင် ဘာတွေများ ဆောင်ရွက်နေပြီလဲ။ တကယ်ရော သူတို့အလုပ်တွေ လက်တွေ့မှာ ထိရောက်နေပြီလား။

ဦးအောင်လှထွန်း ။ ။ ဖေ့စ်ဘုတ် ပေါ်မှာ စောင့်ကြည့်တဲ့ဟာမှာ ကျွန်တော်တို့ မပါဘူး။ ကျွန်တော်တို့နဲ့ ဆိုင်တဲ့ ကိစ္စပဲ ကျွန်တော်တို့ လုပ်တယ်။ ဟိုဟာကတော့ ဆက်သွယ်ရေးဝန်ကြီးဌာန က လုပ်တာပါ ခင်ဗျ။ ဖြစ်နိုင်ရင်တော့ အဲ့လို တခုဖြစ်သင့်တာပေါ့လေ။ ကျွန်တော် ထင်တာပါ။ ကျွန်တော့်ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ ပေါ့။ အဲ့ဒီလို ဌာန အတော်များတဲ့ ဟာလေ၊ အဲ့ဒီလို အလုပ်အဖွဲ့ တခုတော့ ရှိသင့်တယ်လို့ ထင်တယ်။ အဲ့ဒီလိုဆိုရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ထင်ပါတယ်။ ပြန်ကြားရေးပါမယ်၊ နောက် ဆက်သွယ်ရေးပါမယ်၊ နောက် ပြည်ထဲရေးဝန်ကြီးဌာနပါမယ်။ စသည်ဖြင့် အဲ့လိုပါရင် ပိုကောင်းတာပေါ့။

ဘီဘီစီ ။ ။ လူမှုကွန်ရက်ကို အသုံးပြုနေတဲ့ အများပြည်သူလူထု အနေနဲ့ သတင်းတု သတင်းမှားတွေ ရှောင်ရှားနိုင်ဖို့ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လူထုကို ပညာပေးဖို့ အဓိက တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆထားပါတယ်။ အဲ့ဒီအတွက်ဆိုရင် ဘာတွေများ ရှိမလဲဆရာ။

ဦးအောင်လှထွန်း ။ ။ ကျွန်တော်တို့ ပညာရေးနဲ့ ပူးပေါင်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ နောက်တခု ယူနက်စကို နဲ့လည်း ပူးပေါင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကို မြှင့်တင်မှာပေါ့လေ။ စည်းရုံးလှုံ့ဆော်မှု တွေလုပ်မယ်။ ဟောပြောပွဲတွေ လုပ်မယ်။ သတင်းဆောင်းပါးတွေမှာလည်း စနစ်တကျထည့်ဖို့ အစီအစဉ်တွေရှိပါတယ် ခင်ဗျ။ တလောကလည်း ဗိုလ်တထောင်နယ်မြေမှာ သတင်းမှားတွေကို မီဒီယာဆိုင်ရာ သိမြင်နှံ့စပ်မှုကို မြှင့်တင်ဖို့ လုပ်ပါတယ် ခင်ဗျ။ နောက်လည်း ရှိပါတယ်။ အခုမှ အစပဲ ရှိပါသေးတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သတင်းတု သတင်းမှားတွေကို အစိုးရက ဘယ်လို ကိုင်တွယ်မလဲ - ပြန်ကြားရေးဒုဝန်ကြီးနဲ့ မေးမြန်းခန်း

ဒီသတင်းနဲ့ပတ်သက်သမျှ