အလင်္ကာပုလဲပန်း - ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သတင်းဆိုတဲ့ ဝေါဟာရ

ဓာတ်ပုံ မူပိုင် Myanmar State Councillor Office
Image caption မြန်မာသတင်းမီဒီယာကောင်စီဝင်များ ညစာစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

သတင်းဟာမြန်မာစကားစစ်စစ်

သတင်းစကားနဲ့ပတ်သက်ပြီး အခု အငြင်းပွားစရာဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က "သတင်းဆိုတာက မြန်မာစကားတော့ မဟုတ်တန်ရာဘူးလို့ ကျွန်မထင်တယ်" လို့ပြောလိုက်လို့ပါ။

နိုဝင်ဘာလ ၂၃ ရက်နေ့ကပြောတာပါ။ ပြောတာကလည်း သတင်းစာဆရာကြီးများ ကိုယ်တိုင်တက်ရောက်ကြတဲ့ ညစာစားပွဲမှာ ပြောတာပါ။ သတင်းမီဒီယာ ကောင်စီအသစ် ကတိသစ္စာပြုတဲ့နေ့မှာ အမှုဆောင်တွေကို ညစာကျွေးမွေးချိန်မှာ မိန့်ခွန်းပြောရင်း အခုလိုထည့်သွင်းပြောကြားသွားပါတယ်။

"သတင်းဆိုတာက မြန်မာစကားတော့မဟုတ်တန်ရာဘူးလို့ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဆီမှာ အသံထွက် တစ်ခုမှာ အဓိပ္ဗာယ်ရှိရမယ်ပေါ့နော်။ သနဲ့ တင်းနဲ့ ပေါင်းလိုက်တော့ ဘာဖြစ်လို့ သတင်းဖြစ်သွားလဲဆိုတာ ကျွန်မသိချင်တယ်။"

သတင်းဆိုတာ မြန်မာစကားစစ်စစ်ဖြစ်ကြောင်း မြန်မာပညာရှိနှစ်ယောက်က ထောက်ခံပြောဆိုပါတယ်။

သတင်းဆိုတဲ့စကားနဲ့ပတ်သက်ပြီး အကိုးအကားအထောက်အထား ရှာဖွေတဲ့အခါ ဆရာတော်အသျှင်ကောသလ္လရေးသား ပြုစုတဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာ သတင်းဟာ မြန်မာစကား စစ်စစ်ဖြစ်ကြောင်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

နောက်တယောက်က သက်ရှိထင်ရှားပညာရှင်ပါ။ ကျွန်တော်တို့ အလင်္ကာပုလဲပန်းအစီအစဉ်မှာ မေးမြန်းတင်ဆက်ပေးနေကျ ဆရာကြီး ဒေါက်တာထွန်းတင့်ဖြစ်ပါတယ်။

Image caption မြန်မာစာအဖွဲ့ဝင် ပညာရှင် ဒေါက်တာထွန်းတင့်

သတင်းကိုဆရာကြီးဒေါက်တာထွန်းတင့်ဖွင့်ဆိုပုံ

"သကိုရှေ့ကနေ ထားသုံးတဲ့စာလုံးတွေထဲမှာ သတင်းအပြင်းဘာတွေရှိသလဲဆိုတော့ သန၊ သနား၊ သရက်၊ သရစ်၊ သနစ် စသဖြင့်ရှိတာပေါ့ဗျာ။ နောက်သဝန်ကြောင်၊ သဝန်တိုပေါ့။ သကိုနောက်ကတွဲပြီးသုံးတာဆိုရင် ဆက်သ၊ ပို့သ၊ နှံသ၊ တသ၊ ပိုင်သ၊ ကုသ၊ ပီသ၊ ခြယ်သ၊ ပသပေါ့။

ရှေ့ကပဲထားထား၊ နောက်ကပဲထားထား အဲဒီသတွေအားလုံးဟာ ဆက်စပ်တဲ့သဘောပါ။ ဘာနဲ့တူသလဲဆိုတော့ သနဲ့သက်နဲ့တူတယ်။ အဲသလို အနက်ကဆက်သွယ်ပါတယ်။ သက်ရောက်တယ်။ ဆက်နွယ်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။"

"တင်းကဘာလဲဆိုတော့ ရပ်ထဲရွာထဲမှာ မိန်းမတွေ အတင်းပြောတဲ့ တင်းလိုပါပဲ။ အကြောင်းအရာ၊ အကြောင်းချင်းရာကိုပြောတာပါ။"

"ဒီတော့ "သ" သက်ရောက်တဲ့ ဆက်နွယ်တဲ့ "တင်း" အကြောင်းချင်းရာကို သတင်းလို့ပြောတာပါ။"

သတင်းနဲ့ပတ်သက်ပြီး မြန်မာစာအဖွဲ့က ဆရာကြီးဒေါက်တာထွန်းတင့်က အဲဒီလိုရှင်းပြပါတယ်။

Image caption ဆရာတော်အသျှင်ကောသလ္လရဲ့ ဗြဟ္မနိရုတ္တသင်္ဂဟကျမ်း

ဆရာတော်အသျှင်ကောသလ္လရဲ့မူ

ဆရာတော်အသျှင်ကောသလ္လရေးသား ပြုစုတဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာတော့ သတင်းဆိုတဲ့စကားမှာ သဟာ အနက်မဲ့ရှေ့ဆက်လို့ ယူချင်လည်း ယူနိုင်တယ် လို့ဆိုပါတယ်။

နောက်တနည်းကတော့ သွေး၊ သက်၊ သံ၊သ တို့ဟာ အနက်တူပဲလို့ ဆရာတော်က ဆိုပါတယ်။ ဆရာကြီးဒေါက်တာထွန်းတင့်နဲ့ အနက်ကောက်ယူတဲ့ နည်းစနစ်ချင်း တူပါတယ်။ ဒါပေမယ့် ဆရာကြီး ဒေါက်တာထွန်းတင့်က သက်ကိုယူပြီး ဆရာတော် အသျှင်ကောသလ္လကတော့ သံမှာ အနက်ယူပါတယ်။ သဟာ အသံပြုတာ၊ ပြောဆိုတာပဲလို့ဆိုပါတယ်။

တင်းနဲ့သံဟာလည်း အဓိပ္ပာယ်တူလို့ ဆရာတော်အသျှင်ကောသလ္လကယူပါတယ်။ သက်သေအထောက်ထားအနေနဲ့ ရှေးကသုံးခဲ့ဖူးကြတဲ့ တင်းသံ ဝေါဟာရကို ဆရာတော်က နမူနာပြပါတယ်။

ဆရာ့ထံ၌ တင်းသံနားဝ မကြားရတည့်

စောထွတ်ဖျားကို စကားတင်းသံ တို့ထံသွတ်လှယ်

ဆိုတဲ့ဝါကျတွေကို ဆရာတော်က နမူနာပြပါတယ်။

ဆရာကြီးဒေါက်တာထွန်းတင့်ကတော့ ဒီတင်းသံဟာ အတင်းရဲ့အသံ၊ အကြောင်းအရာရဲ့အသံ၊ ကြားရတဲ့အသံကိုပြောတာပဲဖြစ်မယ်လို့ ယူဆပါတယ်။

Image caption သတင်းမီဒီယာကောင်စီဝင်တွေကို ညစာနဲ့ ဂုဏ်ပြုဧည့်ခံ

ဆရာကြီးနှစ်ယောက်ရဲ့ သဘောထားနှိုင်းယှဉ်ချက်

ဆရာကြီးဒေါက်တာထွန်းတင့်က သတင်းဆိုတာ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ခေါ်တာလို့ အဓိပ္ပာယ်ဖွင့်ပြီး ဆရာတော်အသျှင်ကောသလ္လက အသံပြုပြောဆိုကြတဲ့စကားလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ အတိအကျ မတူပေမယ့် အလွန်အမင်း ခြားနားကွဲပြားမှုမျိုးတော့ မဟုတ်ပါဘူး။

ဆရာကြီးနှစ်ယောက်စလုံးက သတင်းဟာ မြန်မာစကားစစ်စစ်လို့ပဲ ကောက်ယူပါတယ်။ တခြားဘယ်ဘာသာ ဘယ်စကားကမှ ဆင်းသက်လာတယ်လို့ မဆိုပါဘူး။

တခြားဘာသာစကားက ဆင်းသက်လာတယ်လို့ ယူဆတဲ့ တခြားမြန်မာပညာရှင်တယောက်ယောက်ရဲ့ မူကွဲကိုလည်း မတွေ့မိပါဘူး။

Image caption ပထမမြန်မာသတင်းစာလို့ အများယုံကြည်လက်ခံထားကြတဲ့ ဓမ္မသိတင်းစာ

သတင်းနဲ့သိတင်း

၁၈၄၂ ခုနှစ်က မော်လမြိုင်မြို့မှာ ထုတ်ဝေခဲ့ဖူးတဲ့ သတင်းစာတစောင်က ဓမ္မသိတင်းစာလို့ သတင်းစာရဲ့ အမည်ကို ရေးသားထားပါတယ်။ ဒီတော့ သတင်းက ရင်းမြစ်လား၊ သိတင်းက ရင်းမြစ်လားဆိုတာ အတွေးပွားစရာဖြစ်လာပါတယ်။

ဆရာကြီးဒေါက်တာထွန်းတင့်ကတော့ သတင်းကရင်းမြစ်ဆိုတာ သေချာတယ်လို့ ဆိုပါတယ်။ ဒါဆိုဘာ့ကြောင့် သိတင်းလို့ တချိန်မှာရေးခဲ့တာလဲ။

ဒါက သတင်းမှာ သကို အသံတဝက်နဲ့ ဖတ်စေလိုတဲ့အတွက် သမှာပါတဲ့သရကို သတ်ထားကြောင်း အမှတ်အသားပြုတဲ့အနေနဲ့ လုံးကြီးတင်သင်္ကေတကို ထည့်ထားတာလို့ ဆိုပါတယ်။ အဲဒီလုံးကြီးတင်ဟာ အိသရကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ အလင်္ကာပုလဲပန်းမှာ တခြားဆောင်းပါး တပုဒ်နဲ့ အကျယ်တဝင့်ရှင်းလင်းပြီးသားပါ။ ဒီနေရာမှာ အကျယ်မရှင်းတော့ပါဘူး။ အဲသလို အသံတဝက် ရွတ်ဆိုစေချင်တဲ့အတွက် လုံးကြီးတင်နဲ့ သရအသံကိုသတ်တဲ့ တခြား နမူနာစာလုံးတွေက သိကြား၊ ဖိနပ်၊ ပိတောက်ဆိုတဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဆရာယုဒသန်ကွယ်လွန်ပြီးမှ ထုတ်တဲ့ အင်္ဂလိပ်မြန်မာ ဂျပ်ဆင် အဘိဓာန်မှာ သတင်းကို သိတင်းလို့ ရေးထားပါတယ်။ အဲဒီအဘိဓာန်က ၁၈၅၂ ခုနှစ်မှာ ထုတ်ခဲ့တာပါ။

ဒါပေမယ့် မက္ခရာမင်းသားကြီးနဲ့ ချားစ်လင်းတို့ရဲ့ အင်္ဂလိပ်မြန်မာ အဘိဓာန်မှာတော့ သိတင်းလို့ မရေးပဲ သတင်းလို့ပဲ ရေးထားတာတွေ့ရပါတယ်။ ချားစ်လင်း အဘိဓာန်ဟာ ဆရာယုဒသန်ရဲ့ အဘိဓာန်ထက် ၁၉ နှစ် စောပါတယ်။ ၁၈၃၃ ခုနှစ်မှာ ပုံနှိပ်ခဲ့တာဖြစ်ပါတယ်။

ဒီတော့ သတင်းက သိတင်းထက် အရင်ကျတယ်လို့ ယူဆရပါတယ်။

Image caption သတင်းစာဘိုးအေကြီး ဘိုးဝဇီရ

ဆက်စပ် အကြောင်းအရာများ