ပါတော်မူမှာ ကျန်နေခဲ့တဲ့ သီပေါမင်းရဲ့ နှမတော်၊ စုဘုရားလတ်ရဲ့ ယောက်မများ

burma ဓာတ်ပုံ မူပိုင် U Sein Maung Oo
Image caption သီပေါမင်းနှမတော် မိတ္ထီလာစုဘုရား

သီပေါမင်းနဲ့ စုဘုရားလတ်တို့ အိန္ဒိယနိုင်ငံ ရတနာဂီရိကို ပါတော်မူသွားတဲ့အကြောင်းကို မြန်မာသမိုင်း စိတ်ဝင်စားသူတိုင်း သိကြပြီး ဖြစ်ပါတယ်။

သူတို့နဲ့အတူ လိုက်ပါမသွားဘဲ မန္တလေးမှာ နေရစ်ခဲ့ကြတဲ့ သီပေါမင်း အစ်မတော်နဲ့ နှမတော်အကြောင်းကိုတော့ လူသိနည်းပါတယ်။

မင်းတုန်းမင်းနဲ့ လောင်းရှည် မိဘုရားက ဆင်းသက်တဲ့ သားတော် သမီးတော် သုံးပါးမှာ မောင်တော် သီပေါမင်းက အိန္ဒိယမှာ နတ်ရွာစံပြီး အစ်မတော်နဲ့ နှမတော် မင်းသမီးတွေက မြန်မာပြည်မှာပဲ ကံကုန်ခဲ့ကြပါတယ်။

မန္တလေးနန်းကျပြီးနောက် သူတို့မောင်နှမ တခါမှ ပြန်မဆုံခဲ့တော့ပါဘူး။

ဓာတ်ပုံ မူပိုင် The British Library
Image caption လောင်းရှည်မိဘုရား သင်္ချိုင်းတော်

မယ်တော် လောင်းရှည်မိဘုရား

သီပေါမင်း မယ်တော်ဟာ သီပေါစော်ဘွား အဆက်အနွယ်ထဲကပါ။ ဘိုးတော်ဘုရား လက်ထက်မှာ စော်ဘွားဆက်သတဲ့ သမီးတော်ကို ရခိုင်နိုင် အိမ်ရှေ့မင်းက လက်ဆက်ရာက ဆင်းသက်လာတာ ဖြစ်ပါတယ်။

ရွှေတောင်မင်းခေါ် အိမ်ရှေ့မင်းသားတော် မိုးနဲဗိုလ်မှူးမင်းသားနဲ့ ညောင်ရမ်းဝန်ကြီးသမီးတို့ ကနေ လောင်းရှည်မိဘုရား၊ ခေါင်းတုံးမင်းသားနဲ့ လှိုင်းတက်မင်းသား တို့ကို ဖွားမြင်ပါတယ်။

လောင်းရှည်မိဘုရားဟာ မင်းတုန်းမင်းနဲ့ နှမဝမ်းကွဲလည်း တော်တာမို့ သူက ဖွားတဲ့ သမီးတော်တွေက မင်းတုန်းမင်းလက်ထက်မှာ ဃနမတ္တကတန်ဆာ ဆင်ယင်ခွင့်ရကြပါတယ်။

အဲဒီမိဘုရားဟာ သီလရှင်ဝတ်ချင်ပေမယ့် မင်းတုန်းမင်းက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

သားတော် သီပေါမင်းသားဟာ ပထမပြန် စာမေးပွဲကို ဖြေဆိုအောင်မြင်လို့ မင်းတုန်းမင်းက အားရကျေနပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မင်းတုန်းမင်း နတ်ရွာစံချိန်မှာ ထီးနန်းကို ထိန်းချုပ်ထားတဲ့ ဆင်ဖြူမရှင် မိဘုရားကြီးနဲ့ မှူးမတ်တွေ အစီအမံနဲ့ သီပေါမင်း နန်းတက်လာပြီးနောက် လောင်းရှည် မိဘုရားကို အိမ်ဖြူတော်နဲ့ ထားခဲ့ပြီး နတ်ရွာစံချိန်မှာလည်း နန်းတွင်းမှာ မယ်တော်ကြီး သင်္ချိုင်းပြာသာဒ် ဆောက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Taw Wint Myat Zaw
Image caption သီပေါမင်း အစ်မတော် ပုခန်းကြီး စုဘုရား

အစ်မတော် ပုခန်းကြီး စုဘုရား

ထီးနန်းပျက်ချိန်မှာ နန်းတွင်းမှာ ကျန်ရစ်တဲ့ မင်းသမီးနှစ်ပါး နန်းပြင်ထွက်ရပါတယ်။ မောင်တော် သီပေါမင်းသာ အားကိုးရှိပါလျက်နဲ့ အိန္ဒိယကို ပါမသွားတာကလည်း ယောက်မတော် စုဘုရားလတ်နဲ့ နန်းတွင်းမှာ ကတည်းက အဆင်မပြေလို့ ဖြစ်ပါတယ်။

စုဘုရားလတ်ဟာ သီပေါမင်းနဲ့ လက်ထပ်ထားတဲ့ သူ့ညီအစ်မအရင်းတွေနဲ့ရော ယောက်မတွေကိုပါ ကောင်းကောင်း မဆက်ဆံဘူးလို့ လူသိများပါတယ်။

ယောက်မတွေကို သူ စိတ်ကောင်းဝင်ချိန်မှာ စကားကောင်းကောင်းပြောပေမယ့် မကြည်ဖြူရင်တော့ လျှာစောင်းထက်ထက်နဲ့ ပြောဆိုတတ်ပါတယ်။

အထူးသဖြင့် ရုပ်ရည်လှပတဲ့ မိတ္ထီလာစုဘုရားကိုပါ။

Image caption သီပေါစော်ဘွား စဝ်ခွန်ဆိုင်

ဒါကြောင့် ဗြိတိသျှ အစိုးရက သူတို့ညီအစ်မကို အိန္ဒိယ လိုက်မလား မေးတာကို မလိုက်လိုကြောင်းပြောပြီး မန္တလေးမှာ ညီအစ်မ နှစ်ပါးတည်း အခြွေအရံတွေနဲ့ နေရစ်ခဲ့ရပါတယ်။ ပထမတန်း မင်းသမီးတွေအနေနဲ့ တလ ငွေ ၁၅ဝ စီ အစိုးရက ထောက်ပြီး နောက်ပိုင်းမှာ ၃ဝဝ အထိ တိုးပေးပါတယ်။ စိန်တုံးမိဘုရားကြီးနဲ့အတူ ဘုန်းကြီးကျောင်း ဇရပ်မှာ နေခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။

နောက် ပုခန်းကြီး စုဘုရားနဲ့ မယ်တော်ဘက်က ဆွေမျိုးတော်တဲ့ သီပေါစော်ဘွား စဝ်ခွန်ဆိုင်တို့ လက်ဆက်ခဲ့ပါတယ်။ သီပေါကိုတော့ မလိုက်ဘူးလို့လည်း ဆိုပါတယ်။

အခု အမျိုးသားပြတိုက်မှာ ထားတဲ့ ပလ္လင်ကို ဗြိတိသျှ သိမ်းပြီးနောက် အိန္ဒိယကို ပို့ချိန်မှာ သီပေါစော်ဘွားက ဘုရင်ဟောင်းရဲ့ ယောက်ဖတော်အဖြစ် လွှဲပြောင်းပေးရတယ်လို့လည်း အဆိုရှိပါတယ်။

သီပေါမင်းကို ပုန်ကန်ပြီး ရန်ကုန်ကို တိမ်းရှောင်နေခဲ့ရတဲ့ သီပေါစော်ဘွားနဲ့ သူ့အစ်မတော် လက်ဆက်တာကို သီပေါမင်းက မနှစ်သက်ဘူးလို့လည်း ရေးကြပါတယ်။

နန်းတွင်းစဉ်လာအရ မင်းသမီးနဲ့ မင်းသားသာ လက်ထပ်ခွင့် ရှိပြီး မင်းသားတွေကတော့ နိမ့်ပါးတဲ့ အဆင့်တချို့ကလွဲပြီး ကြိုက်တဲ့ အရပ်သူတွေကို တော်ကောက်နိုင်ပါတယ်။

မန္တလေးအနောက်ပြင် ဆိုင်းတန်းမှာ တိုက်ဝင်းတော်နဲ့ ထားလို့ အစ်မတော်ဘုရားဝင်း အဖြစ် ထင်ရှားပါတယ်။ ပုခန်းကြီး စုဘုရား ညီအစ်မရဲ့ ဂူတွေလည်း ခုချိန်ထိ ဝင်းထဲမှာ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ရတနာဂီရိရောက် သီပေါမင်းနဲ့ မိဘုရားများ

ပုခန်းကြီး စုဘုရားမှာ သားသမီး မထွန်းကားတဲ့အတွက် ညီမတော်ရဲ့ သမီးတော်တွေ လက်မှာပဲ ၁၉၁၁ မှာ နတ်ရွာစံပါတယ်။

မင်းသမီး မရှိတဲ့နောက် မသာတော်ကို ကူဖို့ ကြိုးစားရာကနေ သူ့အမွေစုကို ထိန်းသိမ်းခွင့် ရဖို့ သီပေါမင်းက ကြိုးစားတဲ့အခါ မိတ္ထီလာ မင်းသမီးရဲ့ သမီးတော်တွေနဲ့ တရား ရင်ဆိုင်ကြရပါတယ်။

သီပေါမင်းနဲ့ ဆိုင်ရာ ဥပဒေအရ သူ့ပစ္စည်းကို သူများက တောင်းခွင့်မရှိသလို သူကလည်း သူများပစ္စည်းကို တောင်းခွင့်မရှိဘူးလို့ ဗြိတိသျှ အစိုးရက ဆုံးဖြတ်ခဲ့တဲ့အတွက် ပြန်နောက်ဆုတ်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Meiktila Princess' Family
Image caption မိတ္ထီလာစုဘုရား မြောက်သားတော် ကျော်လှိမ့်မောင်မောင်

နှမတော် မိတ္ထီလာစုဘုရား

သီပေါမင်း နှမတော် မိတ္ထီလာ စုဘုရားဟာ ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက် သေးသွယ်တယ်လို့ အဆိုရှိပါတယ်။ သူ့ခါးဟာ လက်နှစ်ဘက်နဲ့ ဆုပ်လို့ရအောင် သေးတယ်လို့ ပြောစမှတ်ရှိပါတယ်။

စုဘုရားလတ်ရဲ့ ပထမရင်သွေး ဖွားမြင်ချိန်မှာ သလွန်ဦးက ထီးဖြူတော်ဖွင့်တဲ့ တာဝန်ကို မိတ္ထီလာ စုဘုရားက ယူရပါတယ်။ ထီးဖြူက ကြီးပြီး မင်းသမီးက ကိုယ်ထည်သေးလို့ ခါးကျိုးလိမ့်မယ်၊ သတိထားလို့ စုဘုရားလတ်က သတိပေးခဲ့ရပါတယ်။

ပါတော်မူပြီးနောက် မင်းသမီးနဲ့ အရပ်သား မောင်ကျော်လိမ်းခေါ် ကျော်လှိမ့်မောင်မောင်နဲ့ လက်ထပ်ပါတယ်။ သီရိသာခမဟာသာလဘွဲ့ခံ သူကြွယ် ဦးမှုံကြီးသား လယ်ပိုင်ရှင် လို့လည်း ဆိုပါတယ်။ မင်းသမီးရဲ့ အပျိုတော် ခင်လေးပုရဲ့ မောင်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Wai Yan EL MO
Image caption မိတ္ထီလာသမီးတော်များ နားထွင်းမင်္ဂလာ

သူတို့က သမီးတော် သုံးပါး ဖွားမြင်ပြီး တော်ဘုရားကြီး၊ တော်ဘုရားလတ်၊ တော်ဘုရားလေးလို့ မှည့်ခေါ်ပါတယ်။ မန္တလေး ၂၉ လမ်း၊ စျေးချိုတော် နားက သီပေါမင်း ခေတ်မှာ ထီရုံ ဖွင့်ခဲ့တဲ့ ရုံတော်ကြီးနားက တိုက်မှာ သူတို့မိသားစု နေခဲ့ကြပါတယ်။

သူ့သားတော် ၂ နှစ်သားမှာ အိမ်ပေါ်က ပြုတ်ကျပြီး ကံကုန်တော့ သူ့ကို မွေးစားတဲ့ မိကြီးတော် ပုခန်းကြီး စုဘုရား အပြေးရောက်လာပြီး အိမ်တော်ဝင်းဝမှာ ပုံလဲသွားတယ် ဆိုပါတယ်။

သားတော် ဆုံးပြီး မကြာခင်မှာပဲ နှလုံးရပ်ပြီး မိတ္ထီလာမင်းသမီး ကံကုန်ပါတယ်။ သူ နတ်ရွာစံချိန်မှာ နတ်ရထား ဆိုက်လာတာကို အိမ်နီးချင်းတွေ မြင်လိုက်ရတယ်လို့လည်း အဆိုရှိပါတယ်။

မင်းသမီးကို ဘယ်ကြွမှာလဲလို့ သူတို့က မေးတဲ့အခါ မကွေး မြသလွန်ဘုရားကို သွားမယ်လို့ ဖြေကြောင်း၊ ရထားပျောက်သွားတာနဲ့ အိမ်ထဲက ငိုသံတွေ ကြားရကြောင်း စာရေးဆရာ တယောက်က ရေးခဲ့ပါတယ်။

မိတ္ထီလာ မင်းသမီးဟာ ဘာသာရေး အင်မတန် ကိုင်းရှိုင်းသူလို့ လူသိများပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Royal Society
Image caption မိတ္ထီလာ စုဘုရား နန်းတွင်းက ပင့်လာတဲ့ ဘုရားကျောင်းဆောင်

၁၈၉၆ မှာ ကံကုန်တဲ့ မိတ္ထီလာ မင်းသမီးရဲ့ မသာတော်ကို မင်းတုန်းမင်းရဲ့ မိဘုရားဟောင်းတွေ ဆွေတော်မျိုးတော်တွေ အဆောင်အယောင်နဲ့ လိုက်ပို့ကြလို့ အင်မတန် စည်ကားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ မင်းသမီးရဲ့ အိမ်တော်ကို ခင်ပွန်းလက်ကနေ အလိမ်ခံရတယ်လို့ သိရပါတယ်။ လိမ်မှန်း သက်သေ ပြနိုင်သူတွေ ရှိပေမယ့် အရင်ဘဝက အကုသိုလ်ကြောင့် ဖြစ်ရတာ ဆိုပြီး တရားမစွဲဘူးလို့ ကျော်လှိမ့်မောင်မောင်က ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Aungmyint Oo
Image caption မိတ္ထီလာတော်ဘုရားလေး

သမီးတော် တော်ဘုရားလတ်

မိတ္ထီလာ စုဘုရား သမီးတော် သုံးပါးမှာ တပါးပဲ သားသမီးထွန်းကားပါတယ်။ မောင်နှမ နှစ်ဝမ်းကွဲတော်တဲ့ အင်ထောက်သာ ထိပ်တင်ဦးကြီးနဲ့ တော်ဘုရားလတ်တို့ကနေ သမီးတော် သုံးပါးနဲ့ သားတော်တပါး ဖွားမြင်ပါတယ်။

သား တော်တော်ကြီး၊ သမီး ထိပ်တင်နဲ့ သမီးတော်ကြီး၊ တော်တော်လေး တို့ ဖြစ်ပါတယ်။

သီပေါမင်းရဲ့ နောက်ဆုံးကျန်တဲ့ သမီးတော်ဟာ ၁၉၆၂ မှ နတ်ရွာစံသလို သီပေါမင်းရဲ့ နောက်ဆုံးတူမတော် တော်ဘုရားလတ်လည်း ဗိုလ်ချုပ်ကြီး နေဝင်းခေတ်ကို မီခဲ့ပြီး ၁၉၇၄ မှ ဆုံးပါးခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မင်းတုန်းမင်းမြစ်တော် ထိပ်စုဘုရားကြီးနဲ့ ထိုင်းဘုရင်လောင်း

မိကြီးတော် ပုခန်းကြီးစုဘုရား အမွေစုအတွက် ဦးကြီးတော် သီပေါမင်းနဲ့ တရားရင်ဆိုင်ခဲ့ရပေမယ့် သီပေါမင်း မိဘုရားခေါင်ကြီး မြန်မာပြည် ပြန်လာပြီးနောက် ဆွေမျိုးချင်း အဆက်အဆံ ပြန်ရှိခဲ့ပါတယ်။

အထူးသဖြင့် သီပေါမင်းရဲ့ သမီးတော်ထွေး မန္တလေးမှာ လာစံနေစဉ်အတွင်း အဝင်အထွက် ပိုရှိခဲ့ကြပါတယ်။ အဲဒီ သမီးတော်ရဲ့ သားတော်တွေကိုလည်း တော်ဘုရားကြီး၊ တော်ဘုရား၊ တော်ဘုရားငယ်၊ တော်ဘုရားကလေးလို့ မှည့်ခေါ်ထားပါတယ်။

သီပေါမင်းရဲ့ တတိယသမီးတော်နဲ့ တော်ဘုရားလတ်တို့ မန္တလေးမှာ တအိမ်တော်တည်း အတူတူ နေဖူးတယ်လို့လည်း ဆိုပါတယ်။ မိကြီးတော် စုဘုရားလတ်က သူ့တူမတော်တွေ သူ့မွေးနေ့မှာ လှူဖွယ်တွေ ရန်ကုန်ကို ပို့ပေးလို့ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Meiktila Princess' Family
Image caption ဗိုလ်မှူးသိန်းမောင်နဲ့ သမီးတော်ကြီး လက်ထပ်စဉ်က

မြေးတော် သမီးတော်ကြီး

သမီးတော်ကြီးကို ၁၉၄၉ ခု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရေးတော်ပုံမှတ်တမ်း စာအုပ်ရေးသူ ဗိုလ်မှူးဟောင်း ဇေယျကျော်ထင် သိန်းမောင်ရဲ့ ဇနီးအဖြစ် လူသိများပါတယ်။ ပြည်တွင်းစစ်အတွင်း ၁၉၄၉ မှာ မေမြို့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကရင်လက်နက်ကိုင်တွေ သိမ်းပိုက်တာကနေ ပြန်လည်တိုက်ယူခဲ့တဲ့အကြောင်း ရေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Myo Khine

ဗိုလ်မှူးသိန်းမောင်ဟာ ဗြိတိသျှတပ်မှာ စစ်မှုထမ်းခဲ့ပြီး ဘားမားစတား အပါအဝင် ဆုတံဆိပ်တွေ ရခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာလည်း ပါဝင်ခဲ့ပါတယ်။ ဗိုလ်မှူးသိန်းမောင်ရဲ့ စစ်ဘဝမှတ်တမ်း ကိုလည်း မန္တလေးတက္ကသိုလ် ဒုတိယအဓိပတိဟောင်း ဇေယျာမောင် တည်းဖြတ်ခဲ့ပြီး အခု ထုတ်ဝေဖို့ ပြင်ဆင်နေပါတယ်။ စစ်အတွင်းမှာ အိန္ဒိယကနေပြီး ချင်းတောင်မှာ ဖက်ဆစ်တွေကို တိုက်ခိုက်နေတဲ့ ဗြိတိသျှတပ်တွေအတွက် ရိက္ခာထောက် တာဝန်ယူခဲ့တာတွေကို ဖော်ပြထားပါတယ်။

ဗိုလ်မှူးသိန်းမောင်နဲ့ သားသမီး လေးပါး ထွန်းကားခဲ့ပြီး သမီးတော်ကြီးကတော့ သက်တော် ၉ဝ ကျော်ထိ ကျန်းကျန်းမာမာနဲ့ ရန်ကုန်မှာ စံနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Kari Rene Hall
Image caption အမေရိကန်ရောက် တော်မျိုးမြင့်မိသားစု

မြစ်တော် တော်မျိုးမြင့်

သမီးတော်ရဲ့ သမီးလတ် တော်မျိုးမြင့်ကတော့ ၁၉၈၈ မှာ ပါဝင်လှုပ်ရှားခဲ့ပြီး အရေးအခင်းအပြီးမှာ နယ်စပ်ကို ထွက်သွားခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်ကို ခင်ပွန်းဖြစ်သူ ဦးခင်မောင်ရွှေနဲ့ ထွက်သွားပြီး ယူနိုကယ်နဲ့ တိုတယ် ရေနံ ကုမ္ပဏီတွေ မြန်မာပြည်က ထွက်သွားရေး အပါအဝင် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

မြန်မာပြည်ကို ပြန်မလာနိုင်ဘဲ အမေရိကန်မှာပဲ ကင်ဆာရောဂါနဲ့ ၂ဝဝ၅ ခုနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption နန်းတွင်းရောက် မိတ္ထီလာစုဘုရားမြစ်တော်တပါးနဲ့ ဇနီး
ဓာတ်ပုံ မူပိုင် Taw Wint Myat Zaw
Image caption ရှေးထုံးစံအတိုင်း ဝတ်ဆင်ထားတဲ့တီတော်

တီတော် တော်ဝင့်မြတ်ဇော်

သီပေါမင်းမယ်တော် လောင်းရှည်မိဘုရား ဆင်မြန်းခဲ့တဲ့ ချိတ်ပုံစံ ပြန်လည် ဝတ်ဆင်လို့ အင်တာနက်မှာ လူသိများလာသလို ဘိုးဘေးတွေရဲ့ ပုံတော်တွေကို ရယ်စရာလုပ် ပြောဆိုတာတွေကို မနှစ်သက်တဲ့အကြောင်း ပြောဆိုခဲ့လို့ ထင်ရှားလာပါတယ်။

ဓာတ်ပုံ မူပိုင် Meiktila Princess' Family
Image caption လောင်းရှည်မိဘုရားရဲ့ ထိုင်မသိမ်းအင်္ကျီ
ဓာတ်ပုံ မူပိုင် Meiktila Princess' Family
Image caption လောင်းရှည်မိဘုရားရဲ့ ဝတ်လဲတော် ချိတ်ထဘီ

ဒီဝတ်စုံတွေဟာ အနှစ် ၁၃ဝ ကျော်တိုင်အောင် ထိန်းသိမ်းထားတဲ့ ဝတ်စုံတွေ ဖြစ်ပြီး ဒီလို ဘိုးဘေး ပစ္စည်း၊ ပုံတော်တွေကို ဘုရင့်ဆွေတော် မျိုးတော်တွေက မြတ်မြတ်နိုးနိုး သိမ်းဆည်းကိုးကွယ်လေ့ ရှိပါတယ်။ သီပေါမင်း နန်းတက်စဉ်က မယ်တော် ဆင်မြန်းတဲ့ ဝတ်လဲတော်လို့ အဆိုရှိပါတယ်။