နန်းတွင်းမှ မော်ဒန်သို့၊ နှစ် ၁ဝဝ အတွင်း ထင်ရှားတဲ့ မြန်မာ ဝတ္ထုရေးဆရာမ ၁ဝ ဦး

မြန်မာနိုင်ငံမှာ ဝတ္ထုဇာတ်လမ်း ရေးသားဖတ်ရှုမှုဟာ ပဒေသရာဇ်ခေတ်မှာ အစဉ်အဆက် ရှိခဲ့ပြီး လှိုင်ထိပ်ခေါင်တင်ရဲ့ ဝိဇယကာရီ၊ ဣန္ဒာဝံသ နန်းတွင်းဇာတ်ကြီးတွေက မန္တလေးခေတ် အမျိုးသမီးတွေရဲ့ ထင်ရှားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။

အနောက်တိုင်း ဝတ္ထုပုံစံကတော့ အင်္ဂလိပ်ခေတ်မှာ ၁၉ဝ၄ က စပြီး ပေါ်ထွက်လာပြီး မြန်မာအမျိုးသမီးတယောက်ရေးတဲ့ ဝတ္ထု အနေနဲ့ ၁၉ဝ၉ မှာ မအေးခင်ရဲ့ ချစ်ရိုးအမှန် က စတွေ့ပါတယ်။

Image caption ဝတ္ထုနှစ်အုပ်ရေးတဲ့ မအေးခင်

မအေးခင်ရဲ့ လက်ရာဟာ အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင်လိုပဲ အချစ်ရဲ့ ဆန်းပြားတဲ့ သဘာဝကို ဖွဲ့တတ်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဝေဖန်ပေမယ့် ဒီဝတ္ထုက ရှားပါးလွန်းလို့ ဖတ်ဖူးသူ နည်းပါတယ်။

၂ဝ၁၈ ဒီဇင်ဘာကမှ နှစ်တရာကျော်အတွင်း ဒုတိယအကြိမ် ပြန်ထွက်လာတာပါ။

မအေးခင်က စာအများအပြား မရေးခဲ့ပေမယ့် သူ့ခြေရာနင်းမယ့် အမျိုးသမီးတွေ ၁၉၁ဝ ကျော်မှာ ထွက်လာပါတယ်။ သူရိယမှာ ဝတ္ထုတိုတွေ ရေးတဲ့ မစန်းနဲ့ K.L.K တို့ပါ။ မစန်းက ပထမဆုံး မြန်မာသတင်းစာဆရာမ အင်ဒီပင်းဒင့်ဒေါ်စန်း ဖြစ်သွားပြီး K.L.K ကတော့ ဒဂုန်ခင်ခင်လေး အဖြစ် ဝတ္ထုတွေ ရေးခဲ့ပါတယ်။

အင်္ဂလိပ်ခေတ်

မအေးခင်နောက် အစောဆုံးထွက်လာတဲ့ စာရေးဆရာမ အများစုဟာ စာရေးတာကို အားမပေးတဲ့ မိဘအသိုင်းအဝိုင်းဒဏ်ကို ခံရသလို စာရေးခြင်းနဲ့ ရပ်တည်ဖို့ ခက်တဲ့ အခြေအနေကိုလည်း ကြုံခဲ့ရပါတယ်။ ဝတ္ထုဖတ်တာကို မကောင်းတဲ့ အလုပ်အနေနဲ့ ယူဆတဲ့သူတွေလည်း လူကြီးတွေထဲမှာ ရှိနေတဲ့အတွက် ဝတ္ထုတွေ မီးပုံရှို့တဲ့ မိုးညှင်းဆရာတော် တရားပွဲမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒီလို အခက်အခဲတွေကြားက မဂ္ဂဇင်း စာစောင်တွေမှာ ရေးတဲ့ စာရေးဆရာမတွေ တစတစနဲ့ ရှိလာခဲ့တာပါ။ တက္ကသိုလ်ပညာတတ်ထဲက စာဆိုမယ်တွေလည်း ၁၉၃ဝ ကျော်မှာ စတင်ရှိလာပြီး အောက်စဖို့ဒ်က ပထမဆုံးဘွဲ့ရတဲ့ မြန်မာအမျိုးသမီး ဒေါ်မြစိန်ရဲ့ မိန်းမ ဝတ္ထုလည်း ၁၉၄ဝ လောက်မှာ ထွက်ပါတယ်။

Image caption စာရေးဆရာမကြီး အဖြစ် ပထမဆုံး ပေါ်ထွန်းလာတဲ့ ဒဂုန်ခင်ခင်လေး

ဒဂုန်ခင်ခင်လေး

မင်းတုန်းမင်းရဲ့ ပိဋကတ်တိုက်စိုးကြီး မြစ် ဒဂုန်ခင်ခင်လေးကို စာဆိုတော် နန်းတွင်းဝတ္ထုကြီးနဲ့ လူသိများပေမယ့် ခေတ်ပေါ်ဝတ္ထုတွေလည်း ရေးသွားခဲ့ပါတယ်။ ဒဂုန်ခင်ခင်လေးရဲ့ တိုင်းပြည်ပြု ပုံနှိပ်တိုက်နေ ၁၉၃ဝ ကုန်ခါနီးမှာ ဝတ္ထု စာအုပ်တွေ ထွက်ခဲ့ပြီး ဂုဏ်မြင့်သူဂုဏ်နိမ့်သူဖေ့သည်းချာမေ့သည်းချာ စတဲ့ ဝတ္ထုတွေကို လူကြိုက်များခဲ့ပါတယ်။ အများစုက နိုင်ငံခြား ဇာတ်လမ်းတွေကို မှီငြမ်းပြုပြီး ကချေသည် ဝတ္ထုကိုတော့ အငြိမ့်သမတယောက်အကြောင်း စကားပြောပုံစံနဲ့ ရေးထားပါတယ်။

ဒီမတိုင်ခင်ကလည်း ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုတိုရှည်တွေ အများအပြား ရေးခဲ့ပြီး သူနဲ့ ခေတ်ပြိုင် အမျိုးသမီး စာရေးဆရာရယ်လို့ ဒဂုန်ခင်လေးဆွေပဲ ရှိခဲ့ပါတယ်။ ပြီးတော့ ဘုန်းကြီးတွေနဲ့ အမျိုးသားတွေက အမျိုးသမီးနာမည်နဲ့ ရေးနေချိန်မှာ ဒဂုန်ခင်ခင်လေးက ကိုကိုလေးနာမည်နဲ့လည်း မှော်ဆရာမှတ်တမ်း စုန်းသရဲဝတ္ထုတွေ ရေးခဲ့ပါတယ်။ ဒဂုန်ခင်ခင်လေးဟာ အချစ်အလွမ်းဝတ္ထုတွေ အရေးများပေမယ့် ရေးဟန်မှာတော့ ဟာသဖောက်ပြီး ခပ်သွက်သွက်ရေးတတ်သလို ဇာတ်လမ်းနဲ့ လိုက်အောင် တည်တည်ခံ့ခံ့လည်း ဖွဲ့တတ်ပါတယ်။ စစ်ပြီးခေတ်မှာ ရေးတဲ့ ကျွန်းဦးတည့်သန်လျက်ခုံနဲ့ တခြား သမိုင်းဆောင်းပါးရှည်ကြီးတွေမှာလည်း ဝတ္ထုပုံစံ ဇာတ်လမ်းဇာတ်ကွက်ဆင်ရေးတာကို တွေ့ရပါတယ်။

ဒဂုန်ခင်ခင်လေးဟာ ပထမဆုံး မြန်မာဇာတ်ညွှန်းရေးဆရာမလည်း ဖြစ်ပြီး အေဝမ်းရုပ်ရှင်က ရိုက်တဲ့ ချစ်စနိုးမြိုင်ယံဘွား စတဲ့ နာမည်ကြီးဇာတ်ကားတွေအတွက် သူရေးပေးခဲ့တာပါ။ နောက်ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ ဗြိတိသျှ အစိုးရအတွက် နာဇီဆန့်ကျင်ရေး ဝတ္ထုတွေကိုရေးပြီး သူ့တိုက်ကနေ သိန်းချီထုတ်ဝေပေးခဲ့ပါတယ်။

သူ့ခေတ်နောက်ပိုင်းမှာတော့ ခင်မျိုးချစ်၊ မြမဉ္ဇူစတဲ့ ဝတ္ထုရေးတဲ့ စာရေးဆရာမကလေးတွေ ပေါ်ထွက်လာပေမယ့် ဝတ္ထုလမ်းကြောင်းကို ဒဂုန်ခင်ခင်လေးလောက် ပီပီပြင်ပြင် လိုက်မလာခဲ့ပါဘူး။ ဟာသဝတ္ထုရေးဆရာမ အဖြစ် မာလာလည်း စစ်မဖြစ်ခင်မှာ ထင်ရှားလာခဲ့ပါတယ်။

စစ်ပြီးခေတ်မှာတော့ ဒေါ်ခင်ခင်လေးက မြန်မာပြည် အမျိုးသမီး ကလောင်ရှင်အဖွဲ့နဲ့ ယုဝတီဂျာနယ်ကို တည်ထောင်ပြီး အမျိုးသမီးစာရေးဆရာ မျိုးဆက်သစ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။ ၁၉၂၁ က ကြည်တော်ဆက် မဂ္ဂဇင်းကို မန္တလေးက ထုတ်ခဲ့သလို စစ်ပြီးခေတ်မှာ နာမည်ကျော် ဗမာ့ခေတ် သတင်းစာကိုလည်း ခင်ပွန်းဟောင်း ဦးအုန်းခင်နဲ့အတူ ထုတ်ဝေခဲ့ပါတယ်။

လွတ်လပ်ရေးခေတ်

ဒုတိယ ကမ္ဘာစစ်ပြီးစမှာ မိဘအတိုက်အခံပြုပြီး စာရေးရတဲ့ခေတ်လည်း ကုန်လာပြီး ဝတ္ထုရေးတာ ဖတ်တာကို လက်ခံလာပါတယ်။ မိန်းကလေးတွေ အပြင်ထွက် အလုပ်လုပ်တဲ့ခေတ်လည်း ရောက်လာပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာစာပေကို နေရာပိုပေးလာပါတယ်။ စာရေးဆရာမအသစ်တွေ ပိုပေါ်လာပြီး ဒီထဲက ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ကြည်အေး၊ စိန်စိန်တို့ ဝတ္ထုရှည်တွေ ရေးသားထုတ်ဝေလာကြပါတယ်။

Image caption ဦးချစ်မောင်ထက် ပိုထင်ရှားတဲ့ ဒေါ်မမလေး

ဂျာနယ်ကျော်မမလေး

ခင်ပွန်းဖြစ်သူ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း သူလိုလူ အတ္ထုပ္ပတ္တိရေးရာက နာမည်ကျော်လာတဲ့ ဒေါ်မမလေးဟာ ဂျပန်ခေတ်ကတည်းက ဝတ္ထုတွေ ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပြီးခေတ် ၁၉၅၅ မှာ ထုတ်တဲ့ မုန်း၍မဟူ ဝတ္ထုက သူ့လက်ရာ တွေထဲမှာ အထင်ရှားဆုံး ဖြစ်သလို စာပေဆုလည်း ရခဲ့ပါတယ်။ တခါက ဒီဝတ္ထုကြီးကို အကောင်းဆုံး မြန်မာဝတ္ထုရှည် ၅ ပုဒ်မှာ ပါတယ်လို့တောင် ချီးမွမ်းခံခဲ့ရဖူးပါတယ်။

ဖြစ်စဉ်ကို အသေးစိတ်ဖွဲ့တဲ့ ဒေါ်မမလေး အရေးအသားဟာ ဒဂုန်ခင်ခင်လေး ခေတ်ကထက် အများကြီး ပြောင်းလဲလာပေမယ့် ဇာတ်လမ်းအားပြု ဝတ္ထုတွေမှာ ဇာတ်ကောင်သဘာဝ ကောင်းကောင်းနဲ့ ရေးဖွဲ့တဲ့ပုံစံကို ကျင့်သုံးတာများပါတယ်။ သူ့ဇာတ်ကောင်တွေမှာ စိတ်ခွန်အားကြီးတဲ့ အမျိုးသမီးတွေ၊ လိမ္မာရေးခြားရှိသူတွေကို ပျော့ညံ့တွေဝေသူ အမျိုးသမီးတွေနဲ့ ယှဉ်ပြီး ရေးတတ်တာကိုလည်း တွေ့ရပါတယ်။ မာလာရီ မှာတော့ နာမည်ကြီး ပြဇာတ် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး အကြောင်းကို ဝတ္ထုလို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒေါ်မမလေးရဲ့ တိုင်းရင်းဆေးပညာ ဆောင်းပါးတွေကိုလည်း ဇာတ်လမ်းနောက်ခံနဲ့ ရေးဖွဲ့ခဲ့တာပါ။

ဒေါ်မမလေးရဲ့ သွေး ဝတ္ထုကိုတော့ ဖက်ဆစ်ဂျပန်ကို စာနာတယ်ဆိုပြီး လက်ဝဲပြင်းထန်သူတချို့က ဝေဖန်ခဲ့ပါတယ်။ ဒေါ်မမလေးဟာ စာရေးဆရာမထဲမှာ အစောဆုံး ထိန်းသိမ်းခံရတဲ့သူ တယောက် ဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ ထားရှိရာ ရေကြည်အိုင် အကျဉ်းစခန်းကနေ ရင်နင့်အောင်မွှေး ဝတ္ထုကြီးကို ရေးခဲ့ပါတယ်။ တွေးတစိမ့်စိမ့် စတဲ့ ဝတ္ထုတိုတွေနဲ့လည်း ဒေါ်မမလေးဟာ ဝတ္ထုတိုလိုင်းမှာ သိန်းဖေမြင့်၊ ဒဂုန်တာရာ၊ မြသန်းတင့် စတဲ့ ခေတ်ပြိုင် အမျိုးသား တွေနဲ့ တန်းတူလိုက်ခဲ့ပါတယ်။ လက်ဝဲသမားတွေရဲ့ စာပေကလပ်ကိုလည်း အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သလို စာရေးဆရာအသင်းမှာလည်း ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Aye
Image caption အမြင်ကို ပွင့်လင်းရဲရင့်စွာ တင်ပြတဲ့ ကြည်အေး

ကြည်အေး

အစောပိုင်း ဆရာဝန် စာရေးဆရာမတယောက် ဖြစ်တဲ့ ကြည်အေးဟာ ကဗျာနဲ့ ထင်ရှားလာပြီး ဝတ္ထုတိုတွေကို ရေးဖွဲ့လာခဲ့ပါတယ်။ ဆန်းသစ်တဲ့ အမြင်အတွေးတွေကို ရဲရဲတင်းတင်း ဖွဲ့နွဲ့တတ်တဲ့ ကြည်အေးဟာ တစ္ဆေ ကဗျာနဲ့ နာမည်ကြီး သလိုပဲ ကျောင်းသူဘဝမှာ ရေးတဲ့ မီ ဝတ္ထုမှာလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။

နွမ်းလျအိမ်ပြန်ကျွန်မပညာသည် စတဲ့ မဂ္ဂဇင်းဝတ္ထုရှည်တွေကနေ မောင်ကိုကိုနဲ့ မြနန္ဒာအပြင်ကလူ စတဲ့ ဝတ္ထုတွေမှာ ကြည်အေးရဲ့ အောင်မြင်မှုတွေကို တွေ့ရပါတယ်။ အနှစ် ၄ဝ၊ ၆ဝ ကျော်ကြာတဲ့အထိ ဒီဝတ္ထုတွေကို မျိုးဆက်သစ် စာဖတ်ပရိသတ်တွေက ဖတ်နေကြဆဲ ဖြစ်ပြီး မီရုပ်ရှင်မှာလည်း အောင်မြင်ခဲ့ပါတယ်။ ကြည်အေးဟာ စစ်ပြီးစ မြန်မာစာပေမှာ ခေတ်စားတဲ့ ဝါဒရေး၊ စီးပွားရေး မညီမျှမှု၊ ပြည်တွင်းစစ်တွေအကြောင်း သိပ်မဖွဲ့ဘဲ ပုဂ္ဂလိက စိတ်ခံစားမှုကို အသားပေးဖွဲ့လို့ တမူကွဲ ထွက်လာပါတယ်။

ပြည်ပမှာ ပြောင်းရွှေ့ နေထိုင်ပြီး ဆရာဝန်အဖြစ် အသက်မွေးခဲ့ပေမယ့် သူ့ကို စာရေးဆရာအဖြစ်ပဲ လူသိပိုများပါတယ်။ မြန်မာစာပေမှာ အနောက်တိုင်း စာပေအနုပညာတွေကို အများအပြား ထည့်သွင်းရာမှာ သူနဲ့ ဒဂုန်တာရာတို့က စခဲ့တာပါ။ ပြီးတော့ ကြည်အေးရဲ့ အမျိုးသမီးဇာတ်လိုက်တွေဟာလည်း ဂျာနယ်ကျော်မမလေး ဇာတ်ဆောင်တွေလိုပဲ ထက်မြက်တဲ့ ပညာတတ်၊ အမျိုးသားတွေကို အရှုံးမပေးတတ်တဲ့ သွေးကို ပြတတ်ပါတယ်။ မမလေးက ပြည်တွင်း ယဉ်ကျေးမှုဘက် အားပြုပြီး ကြည်အေးက လူသားဝါဒကို အသားပေးပါတယ်။

ဓာတ်ပုံ မူပိုင် Yar Pyae
Image caption အချစ်ဝတ္ထုမှာ စဉ်းစားစရာပါအောင်ဖွဲ့သူ ခင်နှင်းယု

ခင်နှင်းယု

ကြည်အေးလိုပဲ စစ်ပြီးစမှာ စာပေနယ်ကို ရောက်လာတဲ့ ခင်နှင်းယုဟာ ဝန်ကြီးချုပ် ဦးနုရဲ့ နှမဝမ်းကွဲဖြစ်ပြီး အတွင်းရေး အတွင်းဝန်လည်း ဖြစ်ခဲ့သလို လောကကို ကားလိပ်ကြားက ကြည့်ခဲ့ရသူလို့လည်း အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်းက သူ့စာတွေကို သုံးသပ်ပြပါတယ်။

ကြေးမုံရိပ်သွင် ဝတ္ထုတိုများနဲ့ စာပေဆု ရခဲ့သလို ပန်းပန်လျက်ပါမွှေးသခွတ်ပန်းအောင်မြင်သောနေ့ ဝတ္ထုတွေနဲ့လည်း ကျော်ကြားခဲ့ပါတယ်။ မွှေးဟာ ခင်နှင်းယုရဲ့ ကိုယ်ပွားလို့တောင် ပရိသတ်က ထင်ခဲ့ကြပါတယ်။

လူလတ်တန်းလွှာရဲ့ အချစ်နဲ့ ပကာသနဇာတ်လမ်းတွေမှာ သူ့ရဲ့လောကအမြင်တွေကို ထင်ဟပ်တဲ့ ခင်နှင်းယုဟာ စာကို ပုံပြင်လို လှလှပပလည်း ရေးတတ်ပါတယ်။ စက်ရုပ်ဆန်တဲ့ အာဏာရှင် စနစ်တွေ ကြီးစိုးမှာကို သွယ်ဝိုက်ရေးတတ်လို့ သူ့ကို လက်ဝဲဆန့်ကျင်သူလို့ ထင်ခဲ့ကြပါတယ်။ တပ်မတော်အရာရှိကတော် ဖြစ်ပေမယ့် တပ်ဝါဒဖြန့် စာပေတွေ အသားပေး ရေးတဲ့ စာရေးဆရာတော့ မဟုတ်ပါဘူး။

အမျိုးသမီးရေးမှာတော့ ဂျာနယ်ကျော်မမလေး၊ လူထုဒေါ်အမာစတဲ့ ခေတ်ပြိုင်တွေလိုပဲ မြန်မာအမျိုးသမီးတွေရဲ့ တန်းတူညီမှုကို အသားပေးပြီး ယဉ်ကျေးမှုပိုင်းမှာ လွတ်လပ်လွန်းမှုကိုတော့ နှစ်ခြိုက်ပုံ မရှိပါဘူး။ မြကြာဖြူပျားရည်အိုင် စတဲ့ နောက်ပိုင်းလက်ရာတွေမှာ ၁၉၈၈ နောက်ပိုင်း မြန်မာအမျိုးသမီးလောကကို သူ့အမြင်တွေ ထင်ဟပ်ထားပါတယ်။

ခင်ပွန်းသည် ဗိုလ်မှူးကြီးကျော်သောင်းနဲ့ သူ့ဘဝကို အခြေခံရေးတဲ့ ကျွန်မ၏ချစ်သူ စာအုပ်အပိတ်ခံခဲ့ရသလို အကိုလင်ရဲ့လန်ကွတ်တီ ဝတ္ထုတိုမှာတော့ လမ်းစဉ်ပါတီခေတ်က မော်ကွန်းဝင် အခွင့်ထူးခံစနစ်ကို လှောင်ပြောင်ခဲ့ပါတယ်။

ဦးနေဝင်းခေတ်

၁၉၆၂ နောက်ပိုင်း စာရေးဆရာမတွေ ပိုများလာပြီး အရောင်းသွက် ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာမတွေလည်း ရှိလာပါတယ်။ တချိန်တည်းမှာပဲ စာပေ ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ ခင်ဆွေဦး၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ တက္ကသိုလ်မြစိမ်း စသူတွေ လည်း ရှိလာပါတယ်။ နောက်ပိုင်းမှာတော့ ဝင်းဝင်းလတ်၊ ခင်မြဇင်၊ မြနှောင်းညို စတဲ့ ဝတ္ထရေးဆရာမတွေ ပေါက်ဖွားလာပါတယ်။ ဒါပေမဲ့ စာပေစိစစ်ရေးခေတ် ရောက်လာလို့ ရေးသားမှု လွတ်လပ်ခွင့်လျော့လာသလို စက္ကူရှားပါးမှု ဒဏ်ကိုလည်း စာပေလောကမှာ ကြုံရပါတယ်။

ဓာတ်ပုံ မူပိုင် Moe Way
Image caption နိုင်ငံရေးနဲ့ အချစ်ဝတ္ထုရေးသူ ခင်ဆွေဦး

ခင်ဆွေဦး

ဒို့တိုင်းဌာနီ ဝတ္ထုနဲ့ ၁၉၆၂ မှာ နာမည်ကြီးလာတဲ့ ခင်ဆွေဦးဟာ စာပေမိသားစုမှာ ကြီးပြင်းခဲ့ပြီး နိုင်ငံရေးတက်ကြွတဲ့ လူငယ်အများအပြားကို ငယ်ကတည်းက သိကျွမ်းခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကို အခြေခံ ရေးတဲ့ စာတွေဟာလည်း တော်လှန်ရေး၊ စာပေနဲ့ နိုင်ငံရေးလောကကို ဖော်ပြတာ များပါတယ်။

မိုးနှင့်ရေတခိုင်နှစ်ခိုင်နှင်းပန်းခိုင်နေခြည်ဖြာမှနွေးလိမ့်မည်၊ နှင်းဆီကမွှေး စတဲ့ ဝတ္ထုတွေကို လမ်းစဉ်ပါတီခေတ်မှာ လူငယ်တွေ ကြိုက်ခဲ့ကြပါတယ်။ အချစ် အခြေခံတဲ့ ဝတ္ထုတွေ ဖြစ်ပေမယ့် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကို နောက်ခံပြု ရေးသလို လက်ဝဲဝါဒကို တိမ်းညွတ်တဲ့ အတွေးအခေါ်တွေလည်း ပါပါတယ်။ ဖခင် မဟာဆွေနဲ့ ခင်မင်သိကျွမ်းတဲ့ ဗိုလ်အောင်ကျော်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ဆန်းစတဲ့ လူငယ် နိုင်ငံရေးသမားတွေရဲ့ စရိုက်လက္ခဏာတွေကို ဒီဝတ္ထုတွေထဲမှာ ထည့်သွင်းခဲ့တာပါ။

သူ့ရှေ့က ဗန်းမော်တင်အောင်၊ တက္ကသိုလ်နန္ဒမိတ် စတဲ့ အမျိုးသား လက်ဝဲစာရေးဆရာတွေနဲ့ မတူတာက အမျိုးသမီးဇာတ်ကောင်တွေရဲ့ အမြင်ခံစားမှုမှာ ပိုင်နိုင်တာ၊ စရိုက်သေ မဆန်တာပဲ ဖြစ်ပါတယ်။ သီချင်းကဗျာစာသားတွေကို ဝတ္ထုထဲမှာ ထည့်သွင်း ရှင်းပြတတ်တဲ့ ခင်ဆွေဦးရဲ့ ရေးဟန်ကိုလည်း ဂျူး စတဲ့ နောက်ပိုင်း စာရေးဆရာမတွေ လိုက်ယူကြပါတယ်။ စံပယ်ဖြူ အမျိုးသမီး မဂ္ဂဇင်းကိုလည်း တည်ထောင်ခဲ့ပြီး အမျိုးသမီးလွတ်လပ်ခွင့် ကိစ္စတွေ ဖော်ထုတ် ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် မိုးမိုး (အင်းလျား)
Image caption လူငယ်တွေရဲ့ ဘဝအမောကို ရေးဖွဲ့သူ မိုးမိုး(အင်းလျား)

မိုးမိုး(အင်းလျား)

၁၉၇ဝ ပြည့်လွန်နှစ်လယ်ပိုင်းမှာ ပထမဆုံးရေးတဲ့ ဝတ္ထုရှည်နဲ့ စာပေဆုရတဲ့ စာရေးဆရာမ တယောက် ထွက်လာပါတယ်။ စာပေလောက စာအုပ်တိုက်က မိုးမိုး(အင်းလျား) က ပျောက်သောလမ်းမှာစမ်းတဝါး ဝတ္ထုနဲ့ လူမှုစီးပွားရေး အကျပ်အတည်းတွေကြား လမ်းပျောက်နေသူ လူငယ်တွေအကြောင်း ရေးဖွဲ့ပြီး ထင်ရှားလာပါတယ်။

လမ်းစဉ်ပါတီခေတ်လယ်ပိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို အခြေခံပြီး လူလတ်တန်း အောက်လွှာတွေရဲ့ ဘဝကို ရိုးရိုးလေး ဖွဲ့ပြတဲ့ သူ့လက်ရာတွေဟာ အမျိုးသား စာရေးဆရာတွေရဲ့ နိုင်ငံရေးကဲတဲ့ ဆင်းရဲသား နောက်ခံ ဝတ္ထုတွေနဲ့ ကွဲထွက်လာပါတယ်။

ရွှေတိဂုံကိုမြင်လျှင် မှာ ရန်ကုန် လူတန်းစားအသီးသီးက လူတွေရဲ့ ဘဝတွေကို ထင်ဟပ်ပြခဲ့ပြီး ဒီလို ဇာတ်လက်တက်ပြိုင်တွေနဲ့ ရေးနည်းဟာလည်း ၁၉၈ဝ ကျော်မှာ ပိုခေတ်စားခဲ့ပါတယ်။ ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လားမှတပါး အခြားမရှိမြန်မာပြည်မှာနေကြသည်ဘယ်သူ လာကူပါ့မယ် စတဲ့ ဝတ္ထုတွေမှာလည်း ဇာတ်အိမ်လေးလေးနဲ့ ခံစားမှုသည်းတဲ့ စရိုက်တွေကို အားပြု ရေးဖွဲ့ခဲ့ပြီး ထင်ရှားခဲ့ပါတယ်။

ဘဝအကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ အမျိုးသမီးဇာတ်ဆောင်တွေ များတဲ့ ဝတ္ထုတွေ ဖြစ်လို့ စာဖတ်သူတွေရဲ့ ဘဝအမောနဲ့ ထင်ဟပ်ပြီး ကျော်ကြားခဲ့တာပါ။ ငယ်ငယ်နဲ့ ကွယ်လွန်သွားလို့ သူနောက်ပိုင်းမှာ ရေးဟန်ရေးကွက် ပြောင်းလာမလား ဆိုတာ အကဲမခတ်နိုင်တော့ပါဘူး။

ဓာတ်ပုံ မူပိုင် မစန္ဒာ
Image caption ဘဝအမောနဲ့ ဟာသနှောတဲ့ မစန္ဒာ

မစန္ဒာ

နိုင်ငံတော်ကောင်စီဝင် စာရေးဆရာကြီး မန်းတင်ရဲ့ သမီး မစန္ဒာဟာ ဘဝသရုပ်ဖော်ရေးသူ ဖြစ်ပေမယ့် ဟာသအမြင်နဲ့ ပေါ့ပါးအောင် ပြန်အနားသတ်တတ်ပါတယ်။ ဂျီဟောသူမှာ ကျောင်းသူဘဝကို သရုပ်ဖော်ရာက ထင်ရှားလာပြီး အရိပ် မှာတော့ မျိုးဆက်နှစ်ဆက်ရဲ့ ဖြတ်သန်းမှုကို လေးလေးနက်နက် ရေးဖွဲ့ပါတယ်။

ငယ်သူမို့ မသိပါတိမ်ဖုံးပါလို့ လမသာ စိမ်းရွက်သစ်တဝေဝေ စတဲ့ ဝတ္ထုတွေမှာလည်း မစန္ဒာရဲ့ဟန်ကို တွေ့ရပါတယ်။ ဘဝသရုပ်ဖော်ကို ပေါ့ပါးအောင် ဖွဲ့နွဲ့တဲ့ ပုံစံအရေးအသားတွေဟာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွေမှာ ပိုတွေ့လာရပြီး စာရေးဆရာမတွေ ရေးလာတာလည်း တွေ့ရပါတယ်။

ဘဝအိပ်မက် ပန်းအိပ်မက် ဝတ္ထုနဲ့ စာပေဆု ရခဲ့ပြီး ဒီဝတ္ထုမှာ အမျိုးသားရေးအမြင်နဲ့ ရေးတာများတယ်လို့ ဝေဖန်ခံရပါတယ်။

မိုးမိုး(အင်းလျား) ကို ဂျင်ဂျာအေးသောက်ချင်တယ်စိုးကြောက်မိပါသည် ဝတ္ထုတိုတွေနဲ့ တွဲသိကြရင် မစန္ဒာကိုလည်း တီဗီနာ နဲ့ သတိရကြမှာ သေချာပါတယ်။ မစန္ဒာရဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ လောကဓံကို ရယ်စရာ လုပ်ရင်း ဘဝကို ရေဆန်လမ်းက ရိုးအေးစွာ လျှောက်ကြတာကို တွေ့ရပါတယ်။

နဝတခေတ်မှ ယနေ့ခေတ်

အမျိုးသမီး ပရိသတ်တွေ ပိုများလာတဲ့ ခေတ်မှာ စာရေးဆရာမတွေလည်း ပိုထင်ရှားလာခဲ့ပါတယ်။ ၁၉၉ဝနဲ့ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ စာပေဆုတွေကို အမျိုးသမီးတွေ ဆက်တိုက်ရခဲ့တဲ့ အချိန်လည်း ရှိပါတယ်။ ဒီခေတ်မှာ စာပေစိစစ်ရေး တင်းကျပ်မှုနဲ့ စီးပွားရေး မညီမျှမှုတွေ ကြီးလာတဲ့အတွက်လည်း စာပေထုတ်ဝေမှုတွေ အရင်ခေတ်တွေထက် ပိုကျဆင်းခဲ့ပါတယ်။

ဒီထဲက မော်ဒန်စာပေခေါ် ခေတ်ပေါ် စာပေအယူဝါဒတွေနဲ့ ရေးတဲ့ စာရေးဆရာမတွေလည်း ပေါ်ထွက်လာပြီး ခက်မာ၊ မေငြိမ်း၊ မိုးငြိမ်းဧ၊ စုမီအောင်၊ မနော်ဟရီ စသူတွေ ပါပါတယ်။ မိုးချိုသင်း၊ မခင်လေး (ရန်ကုန်တက္ကသိုလ်) ၊ မိချမ်းဝေ၊ မြို့သာ မရာထို၊ စံပယ်ဖြူနု စတဲ့ သရုပ်မှန်လိုင်းက စာရေးဆရာမတွေလည်း အများအပြား ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Nu Nu Yiy Innwa
Image caption ထဘီလေးတထည်ကနေ လမ်းဖောက်ခဲ့သူ နုနုရည်(အင်းဝ)

နုနုရည်(အင်းဝ)

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ နဲ့ နိုင်ငံတကာထိ ရောက်ခဲ့တဲ့ နုနုရည်(အင်းဝ) ဟာ ဆင်းရဲတဲ့ အလွှာစုံက လူတွေရဲ့ ဘဝကို အိုင်ကျင်း ဖွဲ့တတ်သူ ဖြစ်ပါတယ်။

သောက်တော့ ဒူးယား ဝတ်တော့ မလေးရှား နေတော့ ချုံကြားမရဲတရဲ ဘာဝယ်မလဲရှင့်အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား စတဲ့ ထူးခြားသွက်လက်တဲ့ နာမည်တွေနဲ့ ဝတ္ထုတွေရေးတဲ့ နုနုရည်(အင်းဝ) ဟာ အစမှာ မောင်သာရလိုင်းမျိုး ဆန်ပေမယ့် သူ့ဟန်ကို ထူထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့မိန်းမတယောက်မှာ သူ့ဘဝဇာတ်ကြောင်းကို ရေးဖွဲ့ခဲ့သလို လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ အိပ်နေရင်ည နိုးနေရင်နေ့ စတဲ့ ဝတ္ထုတွေမှာလည်း စိတ္တဇဝေဒနာရှင်တွေ၊ မျက်စိအလင်းကွယ်သူတွေ စတဲ့ မသန်စွမ်းတွေရဲ့ ဘဝတွေကို အနုပညာမြောက်စွာ ရေးခဲ့ပါတယ်။ လမ်းစဉ်ပါတီခေတ်မှာ ပုံစံခွက် ရေးဖွဲ့တတ်တဲ့ ဆင်းရဲသား သရုပ်ဖော် ဝတ္ထုတွေနဲ့ ကွဲထွက်သလို မိုးမိုး(အင်းလျား)၊ မစန္ဒာ စတဲ့ သူ့ရှေ့က အမျိုးသမီးစာဆိုတွေရဲ့ ဘဝသရုပ်ဖော် ဟန်နဲ့လည်း ပုံစံပြောင်းလဲ ထွက်လာပါတယ်။

စာပေဆုကိုတော့ လူလတ်တန်းစား မြို့ပြနေတွေအကြောင်း မြစိမ်းပြာကမာရွတ် နဲ့ ရပါတယ်။

စာပေကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ သွားသင်ယူခွင့်ရတဲ့ အခွင့်ကိုလည်း သူက စရခဲ့ပြီး ဂျူး၊ မသီတာ (စမ်းချောင်း) စတဲ့ နောက်ပိုင်း စာရေးဆရာမတွေလည်း တက်ခွင့်ရခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Jittoomonywa.blogspot.com
Image caption အမှတ်တရကနေ ဂျူးလို့ဖြစ်ခဲ့

ဂျူး

ကြည်အေးနောက်ပိုင်းမှာ ဆရာဝန်စာရေးဆရာမထဲက အထင်ရှားဆုံး ဖြစ်လာသူက ဂျူးပါ။ မန္တလေးဆေးတက္ကသိုလ်ကနေ အသုတ်လိုက် ထွက်လာတဲ့ စာရေးဆရာတွေထဲက ဂျူးဟာ ကနေ့ထက်ထိ လူသိအများဆုံး ဖြစ်သလို လူငယ်တွေ ကြားမှာ သြဇာကြီးတဲ့ ကလောင်တချောင်းလည်း ဖြစ်လာခဲ့ပါတယ်။

အမှတ်တရ ဝတ္ထုမှာ ချစ်သူစုံတွဲ အတူနေတဲ့အကြောင်း ရေးရာက ဂယက်ရိုက်သွားတဲ့ ဂျူးဟာ ကြေမွသွားသောတိမ်တိုက်များအကြောင်းမြစ်တို့၏မာယာမရှိမဖြစ်မိုး စတဲ့ အချစ်ဝတ္ထုတွေနဲ့လည်း ၁၉၉ဝ ကျော်က ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်ကို စောင်းပေးတဲ့ ဝတ္ထုတွေ အရေးများပါတယ်။

ဝတ္ထုတိုလိုင်းမှာလည်း ဂျူးရဲ့လက်ရာတွေကို လူသိများပြီး ဝတ္ထုရှည်ထက် အတိုမှာ လက်ရာပိုကောင်းတယ်လို့လည်း ယူဆခံရပါတယ်။ ပင်လယ်နှင့်တူသောမိန်းမများ ကတော့ နိုင်ငံရေးနောက်ခံ ဝတ္ထုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတခုက ဝတ္ထုအရိပ်အငွေ့တွေ ပါတယ်လို့လည်း ပြောဆိုကြပါတယ်။ ဂျာနယ်ကျော် မမလေး၊ ကြည်အေး၊ ခင်ဆွေဦး စတဲ့ စာရေးဆရာမတွေလိုပဲ ဂျူးရဲ့ အမျိုးသမီး ဇာတ်လိုက်တွေကလည်း ထူးချွန်ထက်မြက်သူတွေ များပြီး အမျိုးသားတွေ ထက်တောင် သာနေတတ်တယ်လို့ အဆိုရှိပါတယ်။

ဓာတ်ပုံ မူပိုင် ခင်ခင်ထူး
Image caption ကျေးလက်ရိုးရာဖွဲ့နွဲ့သူ ခင်ခင်ထူး

ခင်ခင်ထူး

စာရေးဆရာ နေဝင်းမြင့်ရဲ့ ဇနီးဘဝကနေ စာရေးဆရာမအဖြစ် ထိပ်တန်းရောက်လာတဲ့ ခင်ခင်ထူးဟာ ကျေးလက်နောက်ခံ အချစ်ဝတ္ထုတွေကို ရိုးရာအတွေးတွေနဲ့ ဖော်ကျူးရေးတတ်သူပါ။ မအိမ်ကံ အခန်းဆက် ဝတ္ထုရှည်ကနေ ပရိသတ်ကြား ပေါက်သွားခဲ့ပြီးနောက် တောမင်းသမီး စတဲ့ ဝတ္ထုတွေ ဆက်တိုက်ထွက်လာပါတယ်။ ဖက်စိမ်းကွမ်းတောင် ဝတ္ထုတိုများနဲ့လည်း စာပေဆု ရခဲ့ပါတယ်။

အညာသူအညာသားကျွန်မဆွေမျိုးများ ကတော့ သူ့ဝတ္ထုတွေ မြစ်ဖျားခံရာ မြင်းခြံတဝိုက်က သူ့ဇာတိအကြောင်း မိသားစုဇာတ်လမ်းတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်ဆူးပန်းခွေသွယ် ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် စတဲ့ ဝတ္ထုရှည်တွေကလည်း အညာနောက်ခံ ဝတ္ထုတွေပါ။ ကျေးလက်သားတွေရဲ့ အရိုးစွဲနေတဲ့ ဓလေ့ တွေကို ပြောင်းလဲနေတဲ့ ခေတ်နောက်ခံနဲ့ ယှဉ်ပြီး ရေးဖွဲ့လေ့ရှိပါတယ်။

အချစ်ဝတ္ထုတွေမှာ ကျေးလက်ဗဟုသုတတွေ ထည့်သွင်းလွန်းလို့ တခါတလေ အိုင်သွားတာကလွဲပြီး ခင်ခင်ထူးရဲ့ လက်ရာကို တောရောမြို့ပါ နှစ်ခြိုက်ကြတာလည်း တွေ့ရပါတယ်။ ခင်ခင်ထူးရဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ ဂျူးရဲ့ ဇာတ်လိုက်မတွေလို သွက်လက်ထက်မြက်နေတာ မဟုတ်ပေမယ့် ပြတ်သားသင့်တဲ့နေရာမှာ ပြတ်မယ်၊ ရှက်ရွံ့စရာဆိုရင် ရှက်ရွံ့မယ်ဆိုတဲ့ ပျော့ရင်ဖယောင်း မာရင်သံချောင်း အမျိုးအနွယ်တွေ ဖြစ်ကြပါတယ်။


အထက်မှာ ပါရှိတဲ့ စာရေးဆရာမ ၁ဝ ဦးဟာ ထင်ရှားကျော်ကြားသလို စီးပွားရေးအရလည်း အောင်မြင်၊ အနုပညာအရလည်း ထွန်းပေါက်တဲ့ စာရေးဆရာမတွေထဲက ကောက်နုတ် ရွေးချယ်တာပါ။ ဒီစာရင်းမှာ မပါသေးတဲ့ ထင်ရှား ထူးချွန်တဲ့ စာရေးဆရာမတွေလည်း အများအပြား ရှိနေသလို မြန်မာစာပေကို ပြည်ပမှာ ပြန်ဆိုထုတ်ဝေတာတွေလည်း များပြား လာနေပါတယ်။

အင်္ဂလိပ်လို ရေးသားတဲ့ စာရေးဆရာမတွေကတော့ ခင်မျိုးချစ်ကနေ ဝင်ဒီလောရုံ၊ မသိင်္ဂီတို့ထိ ရှိနေပြီ ဖြစ်ပါတယ်။