ဗိုလ်အောင်ကျော်ရဲ့ တပ်ဘက် အရပ်ဘက်သူငယ်ချင်းများ

burma ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption အတွင်းဝန်ရုံးရှေ့ အရိုက်ခံရစဉ်က

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းနဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂဝင်းထဲက ဗိုလ်အောင်ကျော် ကျောက်တိုင်တွေကြောင့် ဗိုလ်အောင်ကျော် နာမည်ကို ကြားဖူးသူ များပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆန္ဒပြရင်း ဖြိုခွဲခံရလို့ သေဆုံးတဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လို့ အမှတ်တရ ဂုဏ်ပြုခံရသူ ဖြစ်ပါတယ်။

ဒါကြောင့် သူကျဆုံးတဲ့ ဒီဇင်ဘာလ ၂ဝ ရက်ကို အထိမ်းအမှတ်ပြုပြီး မြန်မာနိုင်ငံ ကျောင်းသားနေ့ အဖြစ် သတ်မှတ်ခံရသလို ဗိုလ်စာရင်းသွင်းပြီး ဂုဏ်ပြုခံခဲ့ရတာလည်း ဖြစ်ပါတယ်။

မကွေးမှာ ရေနံ သပိတ်တပ်သားတွေကို မိန့်ခွန်းပြောရင်း အဖမ်းခံရတဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်းနဲ့ ဗကသ အတွင်းရေးမှူး ကိုဗဆွေတို့ လွတ်မြောက်ရေး ဆန္ဒပြရင်း ရိုက်နှက်ခံရတာ ဖြစ်ပါတယ်။

သူတို့ လွတ်မြောက်ရေးအတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကြားက အာဏာဖီဆန်ပြီး ကျောင်းပေါင်းစုံက လူ ရှစ်ထောင်နဲ့ အတွင်းဝန်ရုံးကို ဝိုင်းဆန္ဒပြခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Ludu
Image caption ဗိုလ်အောင်ကျော်နဲ့ ဗကသ

ဗိုလ်အောင်ကျော် ကျဆုံးတာကို လူသိများပေမယ့် ထိခိုက်ဒဏ်ရာရသူ အများ ရှိတာကိုလည်း သတိမမူရှိတတ်ပါတယ်။ သူနဲ့အတူ အတွင်းဝန်ရုံးမှာ ဆန္ဒပြကြသူတွေထဲမှာ နောင်မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့သူတွေ ပေါ်ထွက်လာတာပါ။

ဒီထဲက တချို့ကတော့

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးကြည်မောင်

ဦးကြည်မောင်

သက်ရှိထင်ရှား ရှိနေဦးမယ် ဆိုရင် ဒီဇင်ဘာလ ၂၂ ရက်မှာ အသက် ၁ဝဝ ပြည့်မယ့် ဦးကြည်မောင်ဟာ ဗိုလ်အောင်ကျော်နဲ့အတူ သပိတ်မှောက်ရင်း ရိုက်နှက်ခံရသူ တယောက် ဖြစ်ပါတယ်။ သူ့အစ်ကိုရင်းကိုယ်တိုင် အတွင်းဝန်အဖြစ် လုပ်ကိုင်နေပေမယ့် ဆန္ဒပြပွဲကို ခေါင်းဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ်။

အတွင်းဝန်ရုံးဝိုင်းအပြန်မှာ မြင်းစီးပုလိပ်တွေက ရိုက်ရာမှာ အလံကိုင်ထားတဲ့ ဦးကြည်မောင် လဲကျလို့ ဗိုလ်အောင်ကျော်က အလံကိုင်တက်ရာမှာ ရိုက်နှက်ခံရပြီး ကျဆုံးခဲ့တာပါ။

ဦးကြည်မောင်ဟာ ကျောင်းသားဘဝက ကွန်မြူနစ်ဝါဒကို ကိုင်းညွတ်တယ်လို့ ဆိုကြပေမယ့် နောက်ပိုင်းမှာတော့ ဘယ်ပါတီနဲ့မှ မနွယ်ဘဲ မျိုးချစ်တယောက် အဖြစ် စစ်အတွင်းမှာ တပ်မတော်ကို ဝင်ခဲ့ပါတယ်။

စစ်ပြီးနောက် ဗိုလ်မှူးကြီး တိုင်းမှူးအထိ ဖြစ်ပြီးမှ တော်လှန်ရေးကောင်စီဝင် အဖြစ်က ရပ်စဲခံရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၈၈ မှာ မျိုးချစ်တပ်မှူးဟောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ အဖြစ် ၁၉၉ဝ ရွေးကောက်ပွဲအောင်နိုင်ရေး ကွပ်ကဲခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး နိုင်ငံခြားသတင်းထောက်တယောက်နဲ့ သူပေးတဲ့အင်တာဗျူးကို အကြောင်းပြပြီး စစ်အစိုးရက NLD ကို အာဏာလွှဲမပေးဘဲ ထားခဲ့ပါတယ်။

ဦးကြည်မောင် တသက်မှာ ထောင်လေးကြိမ်ကျခဲ့ပြီး ၁၂ နှစ်နေခဲ့ရပါတယ်။ ၁၉၉၇ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောကွဲပြီး NLD ပါတီကထွက်ခဲ့ပါတယ်။

Image caption မောင်ငွေထွန်းဆွဲတဲ့ ဒေါက်တာလှရွှေပုံတူ

ဒေါက်တာလှရွှေ

အတွင်းဝန်ရုံး အာဏာဖီဆန်ရေး အဓိက ခေါင်းဆောင်ခဲ့တဲ့ ကိုလှရွှေဟာ တတိယသပိတ်မှာ ကျောင်းသားအာဏာရှင် အဖြစ် ထင်ရှားခဲ့ပါတယ်။ ကိုဗဟိန်း မကွေးမှာ အဖမ်းခံရစဉ် သမဂ္ဂကို ခေါင်းဆောင်ပြီး လှုပ်ရှားခဲ့တဲ့ ဆေးကျောင်းသား ကိုလှရွှေဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ညီ ဖြစ်ပါတယ်။

ကိုလှရွှေ ဘယ့်နှယ့်လဲ၊ ကျောင်းသားတွေ လွတ်လပ်ရေးနီးပြီ၊ အရေးတော်ပုံ အောင်ရမယ် လို့ ဗိုလ်အောင်ကျော်က ဆေးရုံပေါ်မှာ မဆုံးခင် ပြောသွားတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်အောင်ကျော် စျာပနမှာ အစိုးရ ဝရမ်းထုတ်ထားတဲ့ကြားက ကိုလှရွှေ မိန့်ခွန်းပြောခဲ့တာပါ။

'ကိုလှရွှေရဲ့ သုသာန်မှာ ပြောတဲ့စကားဟာ ရောမစစ်ဘုရင် ဂျူးလီးယက်ဆီဇာ အလောင်းရှေ့မှာ ထားပြီး ပြောတဲ့ ကမ္ဘာကျော်စကားလိုပဲ လူတွေကို ပြောင်းလဲနိုင်တယ်'ဆိုပြီး အဲဒီအချိန်က အင်္ဂလိပ်စာ ကထိကတဦးက မှတ်ချက်ချခဲ့တယ်လို့ စာရေးဆရာကြီး ဒဂုန်တာရာက ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Education Images
Image caption အနှစ်တရာကျော်သက်တမ်းရှိတဲ့ အတွင်းဝန်များရုံးဟောင်း

မန္တလေးမှာ ကျောင်းသားနဲ့ ရဟန်းပြည်သူ အာဇာနည် ၁၇ ယောက်နဲ့ အာလံက ဗိုလ်ဘဖိုး ကျဆုံးတဲ့အထိ သပိတ်ပြင်းထန်လာပြီးနောက် ၁၉၃၉ ဖေဖော်ဝါရီမှာ ဒေါက်တာဘမော် အစိုးရပြုတ်ကျပြီး ဦးပု ညွန့်ပေါင်းအစိုးရ တက်ပါတယ်။

တက်လာတဲ့အစိုးရသစ်နဲ့ စေ့စပ်ပြီး သပိတ် ရပ်စဲရေးမှာ ခေါင်းဆောင်ခဲ့လို့ ကိုလှရွှေကို မကျေနပ်သူတွေလည်း ရှိပါတယ်။ တကယ်က ၁၉၃၉ ဖေဖော်ဝါရီ ၁ ရက် လခထုတ်ရက်မှာ အစိုးရ ငွေတိုက်ကို ဝိုင်းဖို့အထိ ကျောင်းသားတွေ ထပ်ကြံစည်ခဲ့ကြပါတယ်။

အဲဒီအကြံပျက်ပြီး မြို့မကျောင်းမှာ ထောင်ချီတဲ့ ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြချိန်မှာ မြို့မိမြို့ဘလူကြီးတွေ ကြားဝင်ပေးမှုနဲ့ အစိုးရနဲ့ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးအချိန်ထိ ရန်ကုန်က အိန္ဒိယကျောင်းတွေ အပါအဝင် ကျောင်းပေါင်းစုံက ပူးပေါင်းပါဝင် သပိတ်မှောက်ခဲ့တာပါ။

ကိုလှရွှေဟာ ဆရာဝန်ဖြစ်ပြီးနောက် နိုင်ငံရေး ဆက်မလုပ်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ အဆက်မပြတ်ခဲ့ပါဘူး။

ဗိုလ်အောင်ကျော် ကျတဲ့နေ့ကို အာဇာနည်အဖြစ် သူ့လက်ထက်မှာပဲ သမဂ္ဂက စတင်ကျင်းပခဲ့ပါတယ်။

ကြေးရုပ်အတွက် ရန်ပုံငွေကိုတော့ ရဲဘော်သုံးကျိပ် ဂျပန်ပို့ရေးမှာ သုံးရလို့ မဖြစ်မြောက်ဘဲ အုတ်ခုံသာ ကျန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး သိပ္ပံနည်းကျ လိင်ပညာပေးစာအုပ်အဖြစ် ဇနီးမောင်နှံရာသက်ပန် စာအုပ်ကိုလည်း ပြုစုခဲ့တဲ့ ဒေါက်တာလှရွှေဟာ စစ်ပြီးခေတ်မှာ အမေရိကန်ကို ပညာသင်သွားရင်း အာရပ်ပင်လယ်ကွေ့မှာ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bert Hardy
Image caption ဦးဗဆွေနဲ့ ဗိုလ်ချုပ်နေဝင်း

ဦးဗဆွေ

မကွေးမှာ ပိတ်မိနေတဲ့ ရေနံမြေသပိတ်တပ်သားတွေ ဆက်ချီတက်နိုင်ရေးအတွက် သခင်နဲ့ ကျောင်းသားခေါင်းဆောင်တွေ ပါတဲ့ အတွင်းစည်းရဲ့ ညွှန်ကြားချက်နဲ့ ကိုဗဆွေနဲ့ ကိုဗဟိန်းတို့ မကွေးမှာ သွားတရားဟောကြစဉ် အဲဒီမှာ ထိန်းသိမ်းခံရတာပါ။

မကွေးထောင်မှာ သူတို့ကို ဖမ်းထားတာကို ကျောင်းသားတပ်က လာဝိုင်းရာမှာလည်း ထောင်ပေါ်ကနေ သူတို့တရားဟောခဲ့ကြပါတယ်။ တရားဟောလို့ ထောင်ဆူချိန်မှာ ဘုန်းကြီးကျောင်းထဲ အဝိုင်းခံနေရတဲ့ ရေနံ သပိတ်တပ် တွေဟာ သူတို့ကို ဝိုင်းတဲ့ ပုလိပ်နဲ့ စစ်တပ်လက်က လွတ်ပြီး ရန်ကုန်ကို ဆက်ချီတက်နိုင်တာလို့ သိရပါတယ်။

ဦးဗဆွေဟာ နောက်ပိုင်းမှာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် တယောက် ဖြစ်လာပြီး စစ်ပြီးခေတ်မှာ အစိုးရဝန်ကြီး ဖြစ်လာပါတယ်။

ဆိုရှယ်လစ်ထဲမှာ မာ့က်စ်ဝါဒ လက်ခံသူအုပ်စု ခေါင်းဆောင် ဦးဗဆွေက ကိုကိုမောင်ခေါ် ဦးချစ်လှိုင်ကို ပဲရစ်လွှတ်ပြီး ဝါဒရေးရာတွေ သင်ကြားစေခဲ့ပါတယ်။

ကိုကိုမောင် ပဲရစ်ကအပြန်မှာ တပ်မတော်အတွက် ဆိုရှယ်လစ်ဝါဒ ရေးသားပေးရာက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပေါ်ထွက်လာတာပါ။

၁၉၅၈ ဖဆပလ အကွဲမှာ ဦးဗဆွေက ဦးကျော်ငြိမ်းနဲ့ပေါင်းပြီး တည်မြဲအုပ်စု ခေါင်းဆောင် ဖြစ်လာပါတယ်။ ၁၉၆ဝ ရွေးကောက်ပွဲမှာလည်း ရှုံးပါတယ်။

သူ ကာကွယ်ရေးဝန်ကြီး ဖြစ်တုန်းက သူ့အောက်မှာ တပ်ဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၃ မှာ ဦးဗဆွေ အထိန်းသိမ်းခံခဲ့ရပါတယ်။

Image caption ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်း

ကိုဗဟိန်း

ဓနရှင်လောက စာအုပ်နဲ့ နာမည်ကြီးခဲ့တဲ့ ကိုဗဟိန်းကတော့ ကွန်မြူနစ်ပါတီ ထူထောင် စကတည်းက ပါဝင်ခဲ့ပြီး တရုတ်ပြည်ကို လက်နက်အကူ တောင်းဖို့ ဒဂုန်တာရာနဲ့သွားဖို့ ကြံစည်ခဲ့ပါတယ်။

စစ်အတွင်းမှာတော့ တောင်ငူဒေသမှာ ပြောက်ကျားခေါင်းဆောင်အဖြစ် ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တပ်ကထွက်ပြီး နိုင်ငံရေးလုပ်ချိန်မှာ ကိုဗဟိန်းကို တပ်ကိုလွှဲခဲ့ချင်လို့ ကွန်မြူနစ်ပါတီကို ခွင့်တောင်းတယ်လို့ သိရပါတယ်။

ပါတီက သဘောမတူတာရယ်၊ တပ်ထဲက ဆိုရှယ်လစ် အရာရှိတချို့ ကန့်ကွက်တာတွေရယ်ကြောင့် ကိုဗဟိန်း တပ်ကိုင်ရေးမူ ပျက်သွားပါတယ်။

၁၉၄၆ ကွန်မြူနစ်ပါတီ ဖဆပလက ထုတ်ပယ်ခံရပြီးနောက် မန္တလေး ဆေးရုံပေါ်မှာ ကိုဗဟိန်း ကွယ်လွန်သွားခဲ့ပါတယ်။

Image caption ဒဂုန်တာရာ၊ ဦးတင်အောင်ဟိန်းနဲ့ အိုးဝေမဂ္ဂဇင်းကော်မတီဝင်များ

ဒဂုန်တာရာနဲ့ ကျောင်းသားကျောင်းသူများ

ကျောင်းသား ၇ဝ ကျော် ဆေးရုံတင်ကုသခဲ့ရတဲ့ ဗိုလ်အောင်ကျော် သပိတ်အရေးအခင်းမှာ နောက်ကနေ ပါဝင်လှုပ်ရှားတဲ့ ကျောင်းသားတွေ အများအပြား ရှိပါတယ်။

ဒီထဲက ကိုထွန်းရှိန်၊ ကိုသိန်းအောင် စတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ဒဏ်ရာတွေနဲ့ ဖမ်းခဲ့လို့ သူရိယ သတင်းစာအယ်ဒီတာတွေ အာမခံပေးပြီး ဆေးရုံတက် ကုသစေရပါတယ်။

ကိုထွန်းရှိန်ကတော့ နောင်မှာ ဗိုလ်ရန်နိုင်အဖြစ် ထင်ရှားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဖြစ်သလို ဂျပန်ခေတ်မှာ ဒေါက်တာဘမော်ရဲ့ သမီး တင်စာမော်နဲ့ လက်ထပ်ပါတယ်။

မန္တလေးက အမ်အေဒေါ်အုန်းရဲ့မောင် ကိုသိန်းအောင်ကိုတော့ လက်ညှိုးထောင် သိန်းအောင် အဖြစ် ကျောင်းသားလောကမှာ လူသိများပါတယ်။ ငယ်ငယ်နဲ့ ကွယ်လွန်သွားပါတယ်။

ကျောင်းသူထဲက ဆေးရုံတက်ရသူ မခင်သန်းကတော့ နဂါးနီစာအုပ်တိုက် တည်ထောင်သူတွေထဲက ဦးထွန်းအေးရဲ့နှမ ဖြစ်ပြီး ထားဝယ်မှာ ရှေ့နေအဖြစ် အသက်မွေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ရိုက်နှက်မှု မှတ်တမ်းတွေပေးနေတဲ့ ခင်မျိုးချစ်

စာရေးဆရာမ ခင်မျိုးချစ်လည်း ဆန္ဒပြပွဲမှာ နံပါတ်တုတ်နဲ့ အရိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ် ဓာတ်ပုံတွေကို စာရေးဆရာကြီး အိပ်ဂျီဝဲလ်စ် မြန်မာပြည်အလာမှာ ခင်မျိုးချစ်က လက်ထဲ ထည့်ခဲ့ပါတယ်။ ဒီအကြောင်းတွေ ကိုလည်း ဝဲလ်စ်က ရေပူရှာခြင်း သူ့ရဲ့မြန်မာပြည် အတွေ့အကြုံ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

မိတ်ဆွေတယောက်ရဲ့ နှမတွေနဲ့အတူ ဆန္ဒပြပွဲ လိုက်သွားတဲ့ ခင်မျိုးချစ်က ရိုက်နှက်မှု အတွေ့အကြုံကို ပြန်ရေးရာမှာ မိန်းကလေးတွေ ကတ္တရာလမ်းပေါ်က သွေးအိုင်ထဲ လဲနေတဲ့ မြင်ကွင်းက ရုပ်ရှင်ထဲကလိုပဲ ကြောက်လန့်စရာ ကောင်းတယ်လို့ ဆိုပါတယ်။ မိန်းကလေးတွေကို ဆွဲထုတ်ဖို့ ကြိုးစားရင်း သူပါ ရိုက်နှက်ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild Dtl.
Image caption ကျောင်းသူနဲ့ ပုလိပ်များ ရင်ဆိုင်တိုးမိစဉ်

တကယ်က ၁၉၃၈ ဒီဇင်ဘာ ၁၅ ရက်မှာ မြို့မကျောင်းကနေ ပုဇွန်တောင်လိပ်ကန်ထိ အာဏာဖီဆန် ချီတက်ပွဲမှာ ဒဂုန်တာရာနဲ့ ကျောင်းသားခေါင်းဆောင်တွေ ပထမအကြိမ် ပါဝင်ခဲ့ကြတာကို လူသိနည်းပါတယ်။

ဒီတုန်းက လမ်းမှာ သံချပ်ကားတွေချထားတဲ့အထိ ဗြိတိသျှ အစိုးရက အင်အားပြတယ်လို့ ဒဂုန်တာရာက ပန်းနုရောင်နှစ်ကာလများ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

သူတို့လိုလားချက်တွေ မရတဲ့ နောက်ဆုံး တက်ဘုန်းကြီး သိန်းဖေ ခေါ် သိန်းဖေမြင့် အကြံပြုတဲ့အတိုင်း အတွင်းဝန်ရုံးကို ဝိုင်းဖို့ သူတို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ဝိုင်းမယ့် ကျောင်းသားတွေမှာ လက်နက်မပါရအောင် သူတို့ရှာခဲ့ရတယ်လို့လည်း ဒဂုန်တာရာက ရေးပါတယ်။

သူနဲ့အတူ အဲဒီခေတ် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါခဲ့တဲ့ ဦးတင်အောင်ဟိန်းကတော့ လမ်းစဉ်ပါတီခေတ်မှာ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

၁၉၈၈ ကာလမှာ တပါတီစနစ် လိုလားသလား၊ ပါတီစုံစနစ် လိုလားသလား ဆန္ဒခံယူမှုကိုလည်း ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေနဲ့ သိသာနေပြီဆိုပြီး သူက ရပ်ဆိုင်းခိုင်းခဲ့တယ်လို့ ပြောစမှတ် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Frank Barratt
Image caption သံအမတ်ကြီး ဦးချစ်မြိုင်

၁၉၃၈ ဝန်းကျင်က လက်နက်ကိုင်တော်လှန်ရေးအတွက် ကျောင်းသားသံမဏိတပ်တွေကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ဖွဲ့ရာမှာ ဗိုလ်ရန်နိုင်ပါသလို တော်လှန်ရေးကောင်စီဝင် ဖြစ်လာတဲ့ ဗိုလ်မှူးကြီးချစ်မြိုင်လည်း ပါပါတယ်။

ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ရွှေ စတဲ့ ဆိုရှယ်လစ်တပ်မှူးကြီးတွေလည်း သံမဏိတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဦးဗဆွေက ရေးပါတယ်။

ဆဲဗင်းဇူလိုင် အရေးအခင်းမှာ သမဂ္ဂအဆောက်အအုံ ဖြိုဖျက်ခံရတာကို မကျေနပ်တဲ့ ဗိုလ်မှူးကြီးချစ်မြိုင်ဟာ နောက်ပိုင်းမှာ အထိန်းသိမ်းခံရပြီး သံအမတ်အဖြစ် ဗြိတိန်ကို စေလွှတ်ခံရပါတယ်။

သံမဏိတပ်ဖွဲ့က ဗိုလ်ရန်နိုင်ဖြစ်လာမယ့် ကိုထွန်းရှိန်က ယိုးဒယားထွက်ပြီး လက်နက်အကူရဖို့ ကြိုးစားခဲ့သလို တရုတ်ကို ထွက်ပြီး ကြိုးစားသူလည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် အရေးတော်ပုံဂျာနယ်
Image caption ရဲဘော်အေးငွေ

ဦးကြည်မောင်နဲ့အတူ ရန်ကုန်မှာနေပြီး ကျောင်းသားလှုပ်ရှားမှုထဲ ပါဝင်နေတဲ့ ဝါးခယ်မက ကျောင်းသား ကိုအေးငွေ ဆိုတာ ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တရုတ်ပြည်သွားရေး မအောင်မြင်ဖြစ်ပြီး ဂျပန်ရောက်သွားချိန်မှာ ကိုအေးငွေကို ဗမာပြည်ကွန်မြူနစ်ပါတီက ကုန်းလမ်းကနေ ၁၉၄၁ မှာ တရုတ်ပြည်လွှတ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ သူအဆက်ရဖို့ ၅ နှစ်ကြာတယ်လို့လည်း ဘာတီလစ်တနာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အတက်အကျ စာအုပ်မှာ ရေးပါတယ်။

သူ့ကို ဦးနုနဲ့ တရုတ်ပြည်သွား ကိုယ်စားလှယ်အဖွဲ့မှာ ပါတဲ့ သူ့ယောက်ဖ ဗိုလ်မှူးချုပ်အောင်ကြီးက မှတ်မိပြီး ပြန်အဆက်အသွယ်ရတယ်လို့လည်း ဆိုပါတယ်။

ရဲဘော်အေးငွေဟာ တရုတ်ပြည်နယ်စပ်မှာပဲ ကွယ်လွန်သွားပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption လက်ပံတန်းသပိတ်က ဗိုလ်အောင်ကျော်ပုံကားတစီး

ဗိုလ်အောင်ကျော် ကွယ်လွန်တာ ကြာခဲ့ပေမယ့် သူ့သြဇာအရှိန် ကျန်နေပါတယ်။

ဖျက်ဆီးခံရတဲ့ ရန်ကုန်တက္ကသိုလ် သမဂ္ဂဝင်းထဲက သူ့အထိမ်းအမှတ် အုတ်ခုံမှာ ခုထိ ပန်းခွေချ အလေးပြုတာတွေ ရှိနေသလို သူ့ရုပ်ပုံကို ဆန္ဒပြပွဲတွေမှာ သုံးနေတာကိုလည်း တွေ့ရပါတယ်။

ဗိုလ်အောင်ကျော်နဲ့ ရဲဘော်တွေ ရည်မှန်းကြိုးစားခဲ့ကြတဲ့ လွတ်လပ်ရေးကတော့ ၁ဝ နှစ်အတွင်း အကောင်အထည် ပေါ်လာပေမယ့် နိုင်ငံ ထူထောင်ရေး ကတော့ အနှစ် ၈ဝ ထိ မပေါ်ပေါက်သေးတာကိုလည်း တွေ့ရပါတယ်။

Image caption ဗိုလ်အောင်ကျော်ကျောက်တိုင်မှာ ကျင်းပတဲ့ ဆဲဗင်းဇူလိုင်နေ့