အုပ်ချုပ်ရေး ယန္တရားကို ကျောရိုးသဖွယ် ထောက်မတ်ထားရတဲ့ ထွေအုပ်

ဓာတ်ပုံ မူပိုင် GeneralAdministrationDepartmetMyanmar
Image caption သဘာဝဘေး ကယ်ဆယ်ရေးမှာလည်း လိုအပ်လာရင် ပါဝင်ရတဲ့ ထွေအုပ်ရုံး

ထွေအုပ်ရုံး/အထွေထွေ အုပ်ချုပ်ရေး ဌာနဆိုတာ ဘာလဲ

မြန်မာနိုင်ငံတဝန်း လွှမ်းခြုံထားတဲ့ အုပ်ချုပ်ရေး ယန္တရားဟာ ထွေအုပ်ရုံးကို အဓိက ဗဟိုပြု လည်ပတ် နေတာ ဖြစ်ပြီး အစိုးရ ဌာန အဖွဲ့အစည်းအားလုံးထဲမှာ ထွေအုပ်ရုံးကပဲ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အကျယ်ပြန့်ဆုံး ဖြန့်ကျက် တည်ရှိနေတာ ဖြစ်ပါတယ်။

နေပြည်တော် အခြေစိုက် ပြည်ထောင်စု အဆင့် အစိုးရ ဝန်ကြီးဌာနတွေကနေ စလို့ လက်ရှိ တတိုင်းပြည်လုံး အနှံ့ တစ်သောင်းခုနှစ်ထောင်ဝန်းကျင် အရေအတွက် ရှိနေတဲ့ ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေး အစုအဖွဲ့တွေ အထိ အုပ်ချုပ်ရေး ယန္တရား ချိတ်ဆက် လည်ပတ်နိုင်ရေးဟာ အထွေထွေအုပ်ချုပ်ရေးရုံးပေါ်မှာ အဓိက တည်မှီနေတာ ဖြစ်တယ်လို့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၄ နှောင်းပိုင်း ထုတ်ဝေထားတဲ့ စာတမ်းထဲမှာလည်း ဖော်ပြ ထားပါတယ်။

အုပ်ချုပ်ရေးရဲ့ ကျောရိုးမသဖွယ် ဖြစ်နေတဲ့ အထွေထွေအုပ်ချုပ်ရေးရုံး ပါဝင် ပတ်သက်နေတဲ့ အစိုးရလုပ်ငန်းတွေကို ကြည့်ရင် အခွန်အခ အမျိုးအစား တချို့ ကောက်ခံတာကစလို့ မြေယာ စီမံခန့်ခွဲရေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ တခါ အဖွဲ့အစည်းအသင်းအပင်းတွေ မှတ်ပုံတင်တာကို စိစစ်လက်ခံတာ၊ အသိအမှတ်ပြု အစိုးရစာရွက်စာတမ်းတွေ ထုတ်ပေးတာလိုမျိုး အရေးကိစ္စမျိုးတွေ အထိ ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် GeneralAdministrationDepartmet
Image caption ပြည်ထဲရေးအောက် ရှိနေခဲ့တဲ့ ထွေအုပ်

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ဘယ်သူတွေက တာဝန် ပေးအပ်သလဲ

ထွေအုပ်ရုံးတွေ ထမ်းဆောင်ရတဲ့ လုပ်ငန်းတာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေဟာ မတူတဲ့ နေရာ အမျိုးမျိုးကနေ လာတာ ဖြစ်ပါတယ်။

ပထမဆုံး ၂ဝဝ၈ အခြေခံ ဥပဒေက ထွေအုပ်ဦးစီးဌာနကို ဘယ်လို တာဝန်တွေပေးထားလဲ ကြည့်ရအောင်ပါ။

အခြေခံဥပဒေအရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အကြီးဆုံး ပုဂ္ဂိုလ်ဟာ အဲဒီ ဒေသန္တရ အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး အဖြစ် အလိုအလျောက် သတ်မှတ်ရပါတယ်။

အဲဒီ ပုဂ္ဂိုလ် ဦးစီးနေတဲ့ ထွေအုပ်ဦးစီး ဌာနကလည်း သက်ဆိုင်ရာ ဒေသန္တရ အစိုးရအဖွဲ့ရုံး ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီမှာ ဆိုရင်လည်း အလားတူပါပဲ။ ထွေအုပ်အကြီးအကဲဟာ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဖြစ်ပြီး သူ့ရဲ့ရုံးကိုလည်း နေပြည်တော်ကောင်စီရုံးလို့ ခေါ်ပါတယ်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီး ဌာနရဲ့ အောက်မှာ ထားရှိခဲ့တာ ဖြစ်လို့ မိခင် ဝန်ကြီးဌာနက ပေးတဲ့ တာဝန်တွေ ထမ်းရသလို၊ ထွေအုပ်ရုံးရဲ့ ပင်မ တာဝန်တွေ ဆိုပြီးတော့လည်း ရှိပါတယ်။

တခြား အစိုးရ ဝန်ကြီးဌာနတွေကလည်း လိုအပ်တဲ့ အခါမျိုးတွေမှာ စာတွေ ထုတ်ပြီး အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် တချို့လည်း ရှိပါတယ်။ ဥပမာ- စက်တပ်ရေယာဉ်ငယ်တွေကို စစ်ဆေး မှတ်ပုံတင်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရေကြောင်းပို့ဆောင်ရေးကနေ ထွေအုပ်ရုံးကို အပ်နှင်းထားတာမျိုး ရှိသလို၊ သဘာဝဘေး ကျရောက်တဲ့ အခါ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနကနေလည်း တာဝန် ပေးတာမျိုးတွေ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် GeneralAdministrationDepartmetMyanmar
Image caption ဓာတုပစ္စည်း သိုလှောင်ခွင့် လိုင်စင်ချပေးဖို့ စစ်တဲ့အခါမှာလည်း ထွေအုပ်ပါရတယ်

ထွေအုပ်ရုံးက တာဝန်ယူရတဲ့ အခွန် ၄ မျိုးနဲ့ လုပ်ငန်းတာဝန်တွေ

ပင်မတာဝန် တွေကို အရင်ကြည့်မယ်ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရုံးရေး ရုံးတွေက တာဝန်ယူ ကောက်ခံရတဲ့ အခွန် ၄ မျိုး ရှိပါတယ်။ မြေခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်၊ ရေနဲ့တာတမံခွန်တွေ ဖြစ်ပါတယ်။

ဒီလို အကောက်အခွန် ကိစ္စတွေသာမက၊ တကယ်လို့ အသင်းအပင်း တစ်ခုခု ဖွဲ့စည်းလိုတယ် ဆိုရင်လည်း ထွေအုပ်ရုံးကို သွားပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနက ပေးအပ်တဲ့ လုပ်ငန်းတွေကို ကြည့်ရင်တော့ တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းသေဝပ် တည်ငြိမ်ရေး ပျက်ပြားစေမယ့် လုပ်ရပ်တွေ ဆိုရင် ထွေအုပ်အရာရှိကနေ တားမြစ်နိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။

ဒါတင်မက ဥပဒေနဲ့ မညီညွတ်တဲ့ ၊ ဆန့်ကျင်တဲ့ လူစုလူဝေးတွေကို လူစုခွဲဖို့ ထွေအုပ်က အမိန့်ပေးနိုင်၊ စီစဉ် ဆောင်ရွက် နိုင်ပါတယ်။

ထွေအုပ်ရုံးမှာ ဝရမ်းထုတ်ပိုင်ခွင့်၊ တရားစွဲဆိုခွင့် ပြုနိုင်တဲ့ အခွင့်အာဏာတွေလည်း ရှိနေပါတယ်။

လက်နက်ဥပဒေ ချိုးဖောက်တဲ့သူဆိုရင် ထွေအုပ်က တရားစွဲနိုင်ပြီး၊ လောင်းကစားအိမ်တွေကို ဝင်ရှာဖို့ ဆိုရင်လည်း ထွေအုပ်က ဝရမ်း ထုတ်ပေးနိုင်ပါတယ်။

မြေနဲ့ အိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အမွေကိစ္စ အငြင်းပွားလာတဲ့ အခါဆူဆူပူပူနဲ့ ရပ်ရွာကိုပါ ထိခိုက်လာပြီ ဆိုရင် အဲဒီ မြေ ဒါမှမဟုတ် အဆောက်အဦးတွေဆီ ဘယ်သူမှ အဝင်အထွက် မလုပ်ဖို့ ထွေအုပ်အရာရှိက တားမြစ်နိုင်ပါတယ်။

Image caption ဝန်ကြီးဌာန အပြောင်းအလဲ ကြေညာတဲ့အခါ သမ္မတမိန့်ခွန်းကို ရည်ညွှန်းကိုးကားတဲ့ ဦးဇော်ဌေး

မိခင်ဝန်ကြီးဌာန အပြောင်းအလဲ

ဒီဇင်ဘာ ၂၁ရက်နေ့မှာတော့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သူ့ရဲ့ သောကြာနေ့ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲမှာ ထွေအုပ်ဦးစီးဌာနကို ကိုင်တွယ်မယ့် မိခင် ဝန်ကြီးဌာန အပြောင်းအလဲ လုပ်မယ်လို့ ထုတ်ဖော် ကြေညာလာပါတယ်။

ပြည်ထဲရေး အောက်ကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ လက်ထက်မှာ အသစ် ဖွဲ့စည်းထားရှိတဲ့ ဝန်ကြီးဌာန အသစ် ဖြစ်ပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး ပြောတဲ့ အခါ သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းတစ်ခုကို ရည်ညွှန်း ကိုးကားပါတယ်။

အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ် ပြည်ထောင်စု စနစ်နဲ့ လိုက်လျောညီထွေ ဖြစ်နိုင်ဖို့ အုပ်ချုပ်ရေးယန္တရားကို အပြောင်းအလဲလုပ်မယ် ဆိုတဲ့သမ္မတ မိန့်ခွန်း ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာ အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေကနေ စလုပ်မယ် ဆိုပြီး သမ္မတ ဦးဝင်းမြင့် ပြောခဲ့တာဟာ အခုလိုမျိုး ထွေအုပ်ရုံးကို ပြည်ထဲရေး ဌာနအောက်က ဆွဲခေါ်တာမျိုးကို ရည်ရွယ်ခဲ့တာလို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် GeneralAdministrationDepartmetMyanmar
Image caption အရပ်ဘက် အုပ်ချုပ်ရေးအောက် ထားသင့်တယ်လို့ ဝေဖန်မှုတွေ အဆက်ဆက် ရှိခဲ့ရာက တကယ်ရောက်လာပြီ

အပြောင်းအလဲက ထွေအုပ်ရုံးအပေါ် ဘယ်လို သက်ရောက်မလဲ

လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ဆိုပေမယ့် သက်ဆိုင်ရာ ထွေအုပ်အရာရှိတွေဟာ ဒေသန္တရ အစိုးရ အဖွဲ့ ဝန်ကြီးချုပ်တွေရဲ့ မူဝါဒ သဘောထားတွေ၊ လုပ်ငန်းတွေကို အောင်မြင်အောင် ဖော်ဆောင် ပေးရတယ်၊ ဒေသန္တရ အစိုးရအဖွဲ့ ချောချောမွေ့မွေ့ လည်ပတ်နိုင်ရေး အတွက် တာဝန်ရှိတယ်လို့ မြို့နယ် ထွေအုပ် အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီတော့ အထက်ပိုင်းက မိခင်ဝန်ကြီး ဌာန အပြောင်းအလဲ ဖြစ်သည် ဆိုပေဦး ထမ်းဆောင် နေရတဲ့ တာဝန်တွေ ကြီးကြီးမားမား ထူးကဲ ပြောင်းလဲ သွားမှာ မဟုတ်ဘူးလို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဆိုပါတယ်။

ဒါပေမယ့် ဒီ အပြောင်းအလဲကို နိုင်ငံရေး အရ အဓိပ္ပာယ်ဖွင့်ပြီး သုံးသပ်တာမျိုးတွေလည်း ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လွတ်လပ်လပ် ဆွေးနွေးဖလှယ်

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေး ဝန်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်တယ်၊ ဒါ့ကြောင့် ပြည်ထဲရေးဟာ စစ်တပ်ရဲ့ အောက်မှာ ရှိတယ်၊ ပြည်ထဲရေးအောက်က ထွေအုပ်ဆိုတာလည်း စစ်တပ်ရဲ့ ဩဇာအာဏာ လွှမ်းမိုးမှုအောက် ကျနေခဲ့တယ် ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေ အစဉ်တဆက် ရှိနေခဲ့ပါတယ်။

လူတွေကြား ကျေးလက်အထိ ဖြန့်ကျက်ထားတဲ့ ထွေအုပ် အဖွဲ့ကို အရပ်ဘက် အုပ်ချုပ်ရေးအောက် ထားသင့်တယ် ဆိုတဲ့ အယူအဆ ရှူထောင့်အမြင်ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ အတူ ယှဉ်တွဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခု အပြောင်းအလဲ လုပ်ဆောင်လာတဲ့ အခါမှာလည်း ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ ဒီမိုကရက်တစ် ပိုဆန်တဲ့ ပြုပြင်ပြောင်းလဲရေး တစ်ခု အဖြစ် ပြည်ထောင်စု အစိုးရက တိုင်းပြည်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒပိုင်းဆိုင်ရာ အင်စတီကျူ့ကို ဦးဆောင်သူ တစ်ဦးလည်း ဖြစ် အများပြည်သူ ဝန်ဆောင်မှု ဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်ကို အထူးပြု လေ့လာသူလည်း ဖြစ်တဲ့ ဦးအောင်သူငြိမ်းကလည်း စစ်ဘက်အုပ်ချုပ်ရေး ကနေ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းလဲလာတဲ့ တိုးတက်မှုတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပါတယ်။

Image caption ဦးစီးဌာနတွေကို ပြောင်းရွှေ့နိုင်ခွင့် သမ္မတမှာရှိ

ဖွဲ့စည်းပုံနဲ့အညီ လုပ်တဲ့ အပြောင်းအရွှေ့

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း နိုင်ငံတော်သမ္မတ အနေနဲ့ ဝန်ကြီးဌာနတွေ ဖွဲ့စည်း နိုင်သလို ၊ ဝန်ကြီးဌာန အောက်မှာရှိတဲ့ ဦးစီးဌာနတွေကိုလည်း ပြောင်းရွှေ့ခွင့် ရှိပါတယ်။

ထွေအုပ်ရုံးတွေကို ရွှေ့ပြောင်းထားရှိလိုက်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို လက်ရှိ ဦးဆောင် နေသူကလည်း သမ္မတရုံး ဒုဝန်ကြီးတာဝန်ကို လတ်တလော ယူခဲ့တဲ့ အငြိမ်းစား တပ်မတော် အရာရှိဟောင်း ဦးမင်းသူ ဖြစ်ပြီး တပ်အကြောင်း နားလည်သူ၊ တပ်နဲ့ ဆက်ဆံရေး အဆင်ပြေ ချောမွေ့နိုင်မယ့်သူ တစ်ဦးအဖြစ် သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ သဘောတူမှု၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောတူမှု ပါမှာဖြစ်လို့ စစ်တပ်နဲ့ အရပ်သားဦးဆောင်တဲ့ အစိုးရကြား အတိုက်အခံ ဖြစ်ပြီးမှ ရအောင်ယူထားရတဲ့ဟန် မတူဘူးလို့ သုတေသီတချို့က ဆိုပါတယ်။

ဒီလို အုပ်ချုပ်ရေး ယန္တရားပိုင်း ပြုပြင်ရေး လုပ်ဖို့ ဆိုတာလည်း ဒီမိုကရေစီ ဖော်ဆောင်ရေး အပြောင်းအလဲတွေ စတင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ဦးတည် ရည်မှန်းထားတာမျိုး ဖြစ်တယ်လို့ နားလည်ရပါတယ်။

တကယ်တမ်း ဝန်ကြီးဌာန အပြောင်းအလဲ ဖြစ်လာတဲ့အခါ တနိုင်ငံလုံး ထွေအုပ်ရုံးတွေမှာပါ ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက် ဖော်ဆောင်နိုင်ဖို့ အရေးကြီးပြီး အစိုးရဆီမှာ စီမံကိန်းတွေ အဆင်သင့် ရှိနေသင့်တယ်လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။

Image caption တပ်အရာရှိဟောင်း ဦးမင်းသူ ဦးဆောင်မယ့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန

အပေါ်အပြောင်းအလဲနဲ့ အောက်အပြောင်းအလဲ

ဝန်ကြီးဌာန အပြောင်းအလဲ ဆိုတာကို အပေါ်ဘက် အပြောင်းအလဲ ဆိုပြီး ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ သုတေသီပညာရှင်တွေ၊ လွှတ်တော်အမတ်တွေ အများစုက သုံးသပ်ကြပါတယ်။

ပြည်ထဲရေးအောက်ကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ရောက်လာတယ် ဆိုပေမယ့် ထွေအုပ်ရုံးတွေက အရာရှိ၊ ဝန်ထမ်း အသီးသီးကတော့ သူတို့ရဲ့ ရာထူး နေရာတွေမှာ ဆက်လက် ရှိနေမှာ ဖြစ်ပါတယ်။

ဒီတော့ အပြောင်းအလဲရဲ့ အနှစ်သာရကို ဘယ်လိုဘယ်ပုံ မြင်သာထင်သာ တွေ့ရမလဲ၊ ဘယ်တော့တွေ့ရမလဲ ဆိုတဲ့ မေးခွန်းမျိုးတွေ ပေါ်ပေါက်လာပါတယ်။

မြန်မာပြည် အနှံ့ အများပြည်သူ စီမံ အုပ်ချုပ်ရေး ဆိုင်ရာ သင်တန်းတွေ ပေးနေခဲ့တဲ့ ဦးအောင်သူငြိမ်းကတော့ ဒေသန္တရ ဝန်ကြီးချုပ်တွေ အပါအဝင် ၊ အစိုးရအဖွဲ့ အသီးသီးမှာလည်း ထွေအုပ်ရုံးကို ဦးဆောင်လမ်းညွှန်မှု ပေးနိုင်လောက်တဲ့ အရည်အသွေးမျိုး မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လူတွေနဲ့ အနီးစပ်ဆုံး အရေးအကြီးဆုံး နေရာဟာ မြို့နယ်ထွေအုပ် အရာရှိတွေ ဖြစ်ပြီး ပိုပြီး ဒီမိုကရေစီ ကျတဲ့ ပုံစံမျိုး သွားမယ်ဆိုရင် ဝန်ထမ်းအဖြစ် ခန့်အပ်တာမျိုးထက် လူတွေက ရွေးကောက်တဲ့ ပုံစံ ဖြစ်ဖို့အထိ ဦးတည်သင့်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် GeneralAdministrationDepartmetMyanmar
Image caption လူထု သဘောထား ဆန္ဒကို နားထောင်ပြီး စီမံတတ်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့

ထွေအုပ်အရာရှိတွေနဲ့ နီးနီးကပ်ကပ် အတူလက်တွဲ လုပ်နေရသူတွေထဲ လွှတ်တော် အမတ်တွေလည်း ပါဝင်ပြီး သူတို့ဟာ အပတ်စဉ်နီးပါး ပုံမှန် အစည်းအဝေးတွေ လုပ်နေကြတာ ဖြစ်ပါတယ်။

အတူ အလုပ်တွဲလုပ်လို့ အဆင်ပြေလား မပြေဘူးလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ဆိုရင် မြို့နယ်ထွေအုပ် အရာရှိ တစ်ကိုယ်ရည်ချင်းစီရဲ့ စိတ်နေသဘောထား၊ လူမှုဆက်ဆံရေးနဲ့ လုပ်ရည်ကိုင်ရည်တွေပေါ် မူတည် နေတဲ့ အတွက် အားလုံးကို ခြုံငုံပြီး ယေဘုယျသဘော ပြောဖို့ခက်လိမ့်မယ်လို့ နွားထိုးကြီးမြို့နယ် ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် အမတ် ဦးနိုင်ထူးအောင်က ဆိုပါတယ်။

အဓိကကတော့ လူတွေ အပေါ် မူတည်ပြီး ကြုံရတဲ့ အခက်အခဲထက်စာရင် အဖွဲ့အစည်း ယန္တရားကြောင့် ပေါ်ပေါက်နေတဲ့ လုပ်ပုံလုပ်နည်း သဘောထား အမြင်တွေက ပို အရေးကြီးလိမ့်မယ်လို့လည်း ဦးနိုင်ထူးအောင်က သုံးသပ်ပါတယ်။

ပြည်ထဲရေးအောက်က ထွေအုပ်တွေဟာ အထက်ကချပေးတဲ့ အမိန့်ကို အကောင်အထည် ဖော်နိုင်ရေး ဆိုတာမျိုး အပေါ် ပို အလေးထားပြီး၊ ပြည်ထဲရေးရဲ့ သဘောသဘာဝ အရ ရပ်ရွာ အေးချမ်းသာယာရေး၊ တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး ဆိုတာတွေက လွှမ်းမိုး နေလေ့ ရှိတယ်လို့ ဆိုပါတယ်။

ကိစ္စရပ်တွေ အပေါ် ချဉ်းကပ်တဲ့ အခါ အပေါ်ကလာတဲ့ အမိန့်ကို လိုက်နာရမယ် ဆိုတဲ့ သဘောထားထက် လူထု သဘောထား ဆန္ဒကို နားထောင်ပြီး စီမံတတ်တဲ့ အောက်ခြေ အပြောင်းအလဲ ဖြစ်လာဖို့က ပို အရေးကြီးတယ်လို့ လည်း ဦးနိုင်ထူးအောင်က ဆိုပါတယ်။