ရောမခေတ်က ထွင်တဲ့ ယေရှုပုံတော်

Jesus as he is often depicted - with long hair and a short beard ဓာတ်ပုံ မူပိုင် Thinkstock

တမန်တော်ယေရှုဟာ အနောက်တိုင်း အနုပညာလောကမှာ ပုံတူအဆွဲခံရဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လူတိုင်းကလည်း သူ့ပုံကို သိသလို ရှိကြပြီး ဆံရှည်မုတ်ဆိတ်၊ ညှပ်ဖိနပ်နဲ့ လက်ရှည်ဝတ်ရုံ အဖြူကိုဝတ်သူလို့ သိကြပါတယ်။

ယေရှုကို လူသိဒီလောက်များပေမယ့် တကယ့်ပုံက အခုထင်နေကြတာနဲ့ အတူတူပဲလား။

ဟုတ်ချင်မှ ဟုတ်မှာပါ။

တကယ်က အခု လူသိများတဲ့ ယေရှုပုံဟာ ဘိုင်ဇင်တိုင်းလို့ ခေါ်တဲ့ အရှေ့ရောမအင်ပါယာခေတ်က လာတာပါ။ အေဒီ ၄ ရာစု နောက်ပိုင်းမှ စဆွဲတဲ့ ပုံတွေပါ။ အဲဒီခေတ်က ဆွဲတဲ့ ယေရှုပုံတွေကလည်း သမိုင်းအရ အတိအကျ မဟုတ်ဘဲ ကိုယ်စားပြုတဲ့ သဘော ဆွဲကြတာပါ။

ရောမမြို့ ဆန်တာ ပူဒန်ဇီယာနာ ဆိုတဲ့ ဘုရားကျောင်း ဘုရားစင်နံရံက ကျောက်စီပန်းချီပုံမှာ ပါတဲ့ ဧကရာဇ်တပါးပုံကို ယူပြီး ယေရှုပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Alamy
Image caption ခေါင်းပေါ်က စက်ဝန်းဟာ မူလက နေနတ်ဘုရား အပိုလိုကို ရည်ညွှန်းပေမယ့် ကောင်းကင်တမန်ပုံရိပ်ပေါ်အောင် ယေရှုခေါင်းမှာ ဆင်ပေးခဲ့

ယေရှုကို ရွှေရောင်ဝတ်ရုံဆင်ထားပြီး တကမ္ဘာလုံးကို အုပ်ချုပ်သူလို ပုံဖော်ထားပါတယ်။ အဲဒီပုံက ဂရိက အိုလံပစ် နတ်မင်းကြီး ဇုရဲ့ နာမည်ကြီး ရုပ်တုပုံနဲ့လည်း ဆင်ပါတယ်။ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဇုရဲ့ပုံ နာမည်ကြီးလွန်းလို့ ရောမ ဧကရာဇ် သြဂတ်စတပ် ကိုယ်တိုင် သူ့ပုံစံတူ ရုပ်တု ထုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Alamy/Getty Images

ဘိုင်ဇင်တိုင်း အနုပညာရှင်တွေက ယေရှုကို စကြဝတေးမင်းတပါးလို သတ်မှတ်ပုံဖော်ခဲ့ကြတာပါ။ သူ့ကို ဇုနတ်မင်းရဲ့ အငယ်စားပုံရိပ်လို ဖန်တီးကြပါတယ်။ ဒီလိုနဲ့ ကြာတဲ့အခါမှာ သူတို့ဆွဲတဲ့ ယေရှုပုံက ဒီခေတ်ရဲ့စံလို ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Alamy

တကယ့်ယေရှုက ဘယ်လိုပုံလဲ။

ခြေဆုံး ခေါင်းဆုံးကြည့်ကြပါစို့။

၁။ ဆံနဲ့မုတ်ဆိတ်

အစောပိုင်း ခရစ်ယာန်တွေက ယေရှုကို ကောင်းကင်က အုပ်ချုပ်သူလို မဖော်ပြကြဘဲ တကယ့်လူတယောက်လို ပုံဖော်ပါတယ်။ အဲဒီခေတ်က မုတ်ဆိတ်မရှိဘဲ ဆံပင်တိုနဲ့ ယေရှုကို တွေ့ရမှာပါ။

ဓာတ်ပုံ မူပိုင် Yale Collections/Public Domain
Image caption အစောဆုံးတွေ့ရတဲ့ ယေရှု ပုံတူ၊ ယူဖရေးတီးမြစ်ပေါ်က မြို့ဟောင်းတခုက အေဒီ ၃ ရာစု အစောပိုင်း ဘုရားကျောင်းပျက်ကပုံ

ဆံပင်ညှပ်ဆရာဆီ မသွားလို့ ယေရှုမှာ မုတ်ဆိတ် ရှိချင်လည်း ရှိမှာပါ။

မုတ်ဆိတ် ဗရပျစ်နဲ့ ပုံစံကို အတွေးအခေါ်ရှင်တွေရဲ့ အများနဲ့မတူတဲ့ ပုံစံလို့ ယူဆခဲ့ကြပါတယ်။ ဒါဟာ သဘာဝနဲ့အညီ နေတာ ဖြစ်တယ်လို့လည်း အဲဒီခေတ်က တွေးခေါ်ရှင် အက်ပီတီးတပ်စ်က ရေးခဲ့ပါတယ်။

ဒါပေမဲ့ အေဒီ ၁ ရာစုက ရောမခေတ်မှာ သန့်သန့်ရှင်းရှင်း ဆံတိုညှပ်တဲ့ပုံစံဟာ လုံးဝလိုအပ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဆံရှည်နဲ့ မုတ်ဆိတ်ကို နတ်ဘုရားတွေရဲ့ အသွင်ပုံစံလို့ ယူဆပြီး လူတွေက လိုက်တုကြတာ မဟုတ်ပါဘူး။ တွေးခေါ်ရှင်တွေတောင် ဆံပင်ကို တိုအောင် ထားကြပါတယ်။

အဲဒီခေတ်က ဂျူးအမျိုးသားတိုင်း မုတ်ဆိတ်ထားတာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဂျူးတွေကို အုပ်စိုးသူ အဆက်ဆက် ကြုံခဲ့ရတဲ့ အခက်အခဲ တခုက ဂျူးတွေကို တခြားလူမျိုးတွေနဲ့ ခွဲလို့မရတာပါ။

ဒါပေမဲ့ ဂျေရုဆလမ်ကို သိမ်းပြီးနောက် ရောမခေတ်က ဂျူဒါနယ်မှာ ထုတ်တဲ့ ဒင်္ဂါးတွေထဲမှာတော့ ဖမ်းထားတဲ့ အမျိုးသားတွေမှာ မုတ်ဆိတ်ပါတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် CNG Coins

ဒါကြောင့် ယေရှုဟာ တွေးခေါ်ရှင် တယောက်အနေနဲ့ သဘာဝလို နေထိုင်ပြီး ရောမခေတ်က ဂျူဒါနယ်မှာ ထုတ်တဲ့ ဒင်္ဂါးတွေထဲကလို သူ့မှာ မုတ်ဆိတ်အတိုလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူ့ဆံပင်ကတော့ အရှည်ကြီး မဟုတ်လောက်ပါဘူး။

ယေရှုမှာ ဆံပင်ရှည် နည်းနည်းလောက်ရှိရင်တောင် သိသာမှာပါ။

အဲဒီခေတ်က မုတ်ဆိတ်ထားပြီး ဆံပင်နည်းနည်းရှည်တဲ့ ဂျူးအမျိုးသားတွေကို နာဇရိလူလို့ ချက်ချင်းသိနိုင်ပါတယ်။ ဒီလူတွေဟာ အချိန်အတိုင်းအတာ တခုအတွင်း အရက်မသောက် ဆံမုတ်ဆိတ်မပယ်ဘဲ ကိုယ့်ကိုယ်ကိုယ် ထာဝရ ဘုရားသခင်ဆီ အပ်နှင်းထားတဲ့ သူတွေပါ။ အပ်နှံချိန်ပြီးဆုံးတဲ့အခါမှာတော့ ဂျေရုဆလမ်က ဘုရားကျောင်းမှာ အခမ်းအနားနဲ့ ဆံရိတ်တာပါ။

ဒါပေမဲ့ ယေရှုဟာ နာဇရိလူ မဟုတ်ပါဘူး။ သူမကြာခဏ စပျစ်ဝိုင်သောက်တယ်လို့ တွေ့ရပြီး သောက်လွန်းတယ်ဆိုပြီး ဝေဖန်တာ ခံရပါတယ်။ သူ့မှာ ဆံပင်ရှည်ထားပြီး နာဇရိလူနဲ့တူရင် ဒါကို မှတ်တမ်းတင်တာ ကျန်ခဲ့မှာပါ။

၂။ အဝတ်အစား

ယေရှုတို့ခေတ်က လူချမ်းသာတွေမှာ ပွဲလမ်းသဘင်ဝတ်ဖို့ ဝတ်ရုံရှည်ကြီးတွေ ရှိကြပါတယ်။ ဒါကြောင့် ယေရှုရဲ့ နှုတ်ကပတ်တော် တခုမှာ ဝတ်ရုံရှည်တွေ ဝတ်ပြီး စျေးထဲမှာ နှုတ်ဆက်ခံချင်သူ၊ ဂျူးဘုရားကျောင်းတွေမှာ အကောင်းဆုံး နေရာက ထိုင်ချင်သူ၊ ထမင်းစားပွဲတွေမှာ နေရာကောင်းက ဂုဏ်ပြုခံချင်သူတွေကို သတိထားကြဖို့ ဆုံးမတာ ပါပါတယ်။

ခရစ်ဝင်ကျမ်းတွေမှာ ပါတဲ့ ယေရှုဆုံးမစာတွေကို အစစ်မှန်ဆုံး သင်ကြားချက်တွေလို့ ယူဆကြတဲ့အတွက် ယေရှုကိုယ်တိုင် ဒီလို ဝတ်ရုံတွေကို မဝတ်ဘူးလို့ ယူဆရပါတယ်။

ယေရှုခေတ်က အမျိုးသားတယောက်မှာ ဒူးဖုံးတဲ့ ကိုယ်ရုံ ပါပြီး အမျိုးသမီးတွေမှာတော့ ခြေမျက်စိထိ ဖုံးပါတယ်။

ဒီကိုယ်ရုံပေါ်ကနေ နောက်ဝတ်ရုံတလွှာ ခြုံတတ်ပါတယ်။ ယေရှုမှာ ဒီလို အပေါ်ရုံပါကြောင်း ရှင်မာကု ခရစ်ဝင်မှာ ဖော်ပြထားပြီး အမျိုးသမီးတယောက်က ရောဂါပျောက်အောင် သူ့အဝတ်တော်ကို ထိတယ်လို့ ပါပါတယ်။

အပေါ်ရုံကို သိုးမွေးနဲ့ ရက်ထားပြီး သိပ်မထူလို့ နွေးအောင် နှစ်လွှာလောက် ခြုံရတတ်ပါတယ်။

ဒီအပေါ်ရုံကို ဒူးအထိ ဖုံးပတ်ပြီး ကိုယ်ရုံကို ဖုံးအောင်လည်း ဝတ်တတ်ကြပါတယ်။ တချို့ တွေးခေါ်ရှင်တွေကတော့ အပေါ်ရုံကြီးကို အောက်က ကိုယ်ကျပ်မပါဘဲ ဝတ်တတ်တဲ့အတွက် သူတို့ ညာဘက်ကိုယ်အပေါ်ခြမ်း ပေါ်နေတတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wiki commons
Image caption ဂျူးတွေဝတ်တဲ့ အပေါ်ရုံက ရောမအပေါ်ရုံနဲ့မတူ၊ ရောမကိုယ်ရုံက အဝန်းပုံဖြစ်ပြီး ဂျူးကိုယ်ရုံက စတုဂံကျ

အပေါ်ရုံ အရွယ်အစား၊ အရောင်အသွေးကို မူတည်ပြီး အတန်းအစား ကွာခြားပါတယ်။ ခရမ်းနဲ့ အပြာရောင်တွေက ခမ်းနားမှုကို ပြတာပါ။ ဒီအရောင်တွေ ရဖို့ ဆိုးဆေးက ရှားလို့ တော်ဝင်ရောင်အဖြစ် သတ်မှတ်ပါတယ်။

ဒါပေမဲ့ အရောင်နဲ့ ခွဲခြားတာတခုလည်း ရှိပါတယ်။ ရောမကို ပုန်ကန်တဲ့ ဂျူးတွေကို လူသတ်သမား လိင်ပြောင်းလဲ ဝတ်သူတွေလို့ ရောမ သမိုင်းဆရာတယောက်က ရေးပြီး သူတို့ဟာ မိန်းမတွေလို ဆိုးထားတဲ့ ဝတ်ရုံတွေ ဝတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သာမန်အလွှာက ယောက်ျားတွေက ဆေးမဆိုးဘဲ ဝတ်တယ်လို့လည်း ယူဆရပါတယ်။

ဒါပေမဲ့ ယေရှုကလည်း အဖြူရောင် မဝတ်ပါဘူး။ အဝတ်ဆေးချွတ်ရတာနဲ့ အဖြူဆိုးရတာတွေအပြင် ဂျူးထုံးစံတွေကို တိတိကျကျလိုက်နာတဲ့ အက်ဆင်ဆိုတဲ့ အုပ်စုက အဖြူဝတ်တာမို့ သူတို့နဲ့ ကွဲဖို့လိုပါတယ်။

တောင်ပေါ်မှာ သာဝက သုံးပါးနဲ့ ဝတ်ပြုချိန်မှာ ယေရှုဆီက အရောင်ဖြာထွက်တာကို အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပြင်ပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုဃ်းပွင့်ကဲ့သို့ အလွန်ဖြူလျက် ရှိ၏ဆိုပြီး ယေရှုရဲ့ အပေါ်ရုံအကြောင်း ရှင်မာကု ခရစ်ဝင် အခန်း ၉ မှာ ပါရှိပါတယ်။ ဒီလို တန်ခိုးမပြခင်မှာတော့ ယေရှုကို သာမန်လူလိုပဲ သာမန်အဝတ်အစား ဝတ်တယ်လို့ပဲ ဆိုပြီး ဒီကိစ္စမှာတော့ ဆေးမဆိုးရသေးတဲ့ သိုးမွေးကို ဝတ်တယ်လို့ ပါပါတယ်။

ယေရှုကို ကားစင်တင်ချိန်မှာတော့ အဝတ်အကြောင်းပါပြန်ပါတယ်။ ရောမ စစ်သားတွေက သူ့အပေါ်ရုံကို လေးပိုင်း ပိုင်းပါတယ်။ တပိုင်းကတော့ ဂျူးတွေ ဝတ်ပြုရင်သုံးတဲ့ ခြုံလွှာ ဖြစ်နိုင်ပါတယ်။ ပန်းပွားပါတဲ့ အပေါ်ရုံအကြောင်းကို ရှင်မဿဲ ခရစ်ဝင်မှာ ပါရှိပါတယ်။ ဆေးမဆိုးဘဲ ဝတ်တဲ့ နို့နှစ်ရောင် သိုးမွေးဝတ်ရုံအပါးတွေ ဖြစ်ပါတယ်။ မဲနယ်ရောင် ဆိုးဆေး အစင်းလည်း ပါတတ်ပါတယ်။

၃။ ခြေထောက်

ခြေထောက်မှာတော့ ယေရှုဟာ ညှပ်ဖိနပ်တွေ စီးပါလိမ့်မယ်။ လူတိုင်းက ညှပ်ဖိနပ် စီးတာကိုး။ ပင်လယ်သေနားက ကန္တာရဂူတွေမှာ ယေရှုခေတ်က ညှပ်ဖိနပ်တွေ တူးဖော်ရလို့ ဘယ်လိုပုံစံရှိခဲ့တယ် ဆိုတာ သိနိုင်ပါပြီ။ အောက်ခံဆိုးပြားမှာ ရိုးရိုးရှင်းရှင်း သားရေထူ တွေ ထပ်ပြီး ချုပ်ထားတာပါ။ ခြေညှပ်နေရာမှာတော့ သားရေစတွေ ညှပ်ချုပ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Gabi Laron
Image caption ကလေး လူကြီး အမျိုးသမီးတွေ စီးတဲ့ သားရေဖိနပ်တွေ ၊ ဂျေရုဆလမ်က ဟီဘရူးတက္ကသိုလ်မှ

၄။ လူပုံစံ

ယေရှုရဲ့ မျက်နှာသွင်ပြင်က ဘယ်လို ရှိနိုင်သလဲ။ ယေရှုကို ဂျူးတယောက် ဆိုတာကို စာပေကျမ်းဂန် မူကွဲတွေမှာ ခဏခဏ တွေ့ရလို့ သေချာပါတယ်။ဓမ္မသစ်ကျမ်းမှာပါတဲ့ ဟေဗြဲသြဝါဒစာမှာ "ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏" လို့ ပါတဲ့အတွက် အဲဒီအချိန်က အသက် ၃ဝ အရွယ် ဂျူးလူမျိုးတယောက်ရဲ့ပုံကို ဘယ်လို ပုံဖော်ကြည့်ကြမလဲ။

၂ဝဝ၁ မှာ မနုဿဗေဒပညာရှင် တယောက်က တွေ့ရှိတဲ့ ခေါင်းခွံကို မူတည်ပြီး ဘီဘီစီအတွက် ဂါလိလဲအိုင်က လူသားရဲ့ပုံကို ဖော်ကြည့်ပါတယ်။ ဒါဟာ ယေရှုရဲ့ပုံလို့ မပြောပေမယ့် သူတို့ခေတ်က လူရဲ့ပုံကို သိနိုင်အောင်ပါ။

ဓာတ်ပုံ မူပိုင် Alamy
Image caption ခရိကျွန်းက နံရံပန်းချီမှာတွေ့ရတဲ့ မျက်လုံးပြာနဲ့ ယေရှု

ယေရှု ဘယ်သူနဲ့ တူသလဲ ဆိုရင် ဆီးရီးယားက ဂျူရာယူရိုပေါ့စ် ဂျူးဘုရားကျောင်းမှာ အေဒီ ၃ ရာစုက ဆွဲခဲ့တဲ့ နံရံပန်းချီပေါ်က တမန်တော် မောရှေ ပုံကိုပဲ ပြချင်ပါတယ်။ ရောမခေတ်က ဂျူးပညာရှိတယောက် ပုံကို ဒီမှာ တွေ့နိုင်ပါတယ်။

မောရှေကို ဆေးမဆိုးတဲ့ ဝတ်ရုံနဲ့ ဖော်ပြထားပြီး သူ့အပေါ်ရုံတလွှာဟာ ဂျူးဝတ်ပြုခြုံလွှာပါ။ ဒီမှာ ဆွဲထားတဲ့ မောရှေပုံမှာ သူ့ကိုယ်ရုံထောင့်မှာ ပန်းပွားတွေ ပါပါတယ်။ ဒီပုံဟာ ဘိုင်ဇင်တိုင်းခေတ်မှာ ဆွဲတဲ့ ယေရှုပုံထက်တော့ ပိုပြီး သမိုင်းအရ ယေရှုကို စိတ်ကူးလို့ ရတဲ့ပုံ ဖြစ်ပါတယ်။ သူ့မှာ ဆံပင်တို၊ မုတ်ဆိတ်ပါးပါးနဲ့ လက်တိုကိုယ်ကျပ်အတိုနဲ့ အပေါ်ရုံ ဝတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Alamy
ဓာတ်ပုံ မူပိုင် Alamy
Image caption အပြာစင်းပါတဲ့ ဝတ်ရုံနှစ်ထပ် ဝတ်ထားတဲ့ မောရှေ၊ အပြာကို မဲနယ်ဆိုးတာကရနိုင်ပါတယ်

ဂျုံးတေလာဟာ လန်ဒန် ဘုရင့်ကောလိပ်က ခရစ်ယာန်ဘာသာ ပါမောက္ခ တယောက် ဖြစ်ပြီး ပင်လယ်သေက စာလိပ်များအကြောင်း စာအုပ်ရေးသူလည်း ဖြစ်ပါတယ်။