မြဝတီ အာရှလမ်းဖောက်ရာမှာ ဖယ်ခံရတဲ့ အိမ်ရှင်တွေကို လူအခွင့်အရေးကော်မရှင်တွေ့

မြဝတီက အင်အားသုံးဖယ်ရှားခံရတဲ့ နေအိမ်ပိုင်ရှင်တွေကို လူအခွင့်အရေးကော်မရှင်က တွေ့ဆုံ ဓာတ်ပုံ မူပိုင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
Image caption မြဝတီက အင်အားသုံးဖယ်ရှားခံရတဲ့ နေအိမ်ပိုင်ရှင်တွေကို လူအခွင့်အရေးကော်မရှင်က တွေ့ဆုံ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတား ချဉ်းကပ်လမ်း အတွင်းကနေ အာရှလမ်းကို ဖောက်လုပ်နေတဲ့ လမ်းမကြီးရဲ့ နယ်နိမိတ်အတွင်း ပါနေလို့ အင်အားသုံး ဖယ်ရှားခံခဲ့ရတဲ့ နေအိမ်ပိုင်ရှင်တွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သွားရောက်စစ်ဆေးခဲ့ပါတယ်။ မြဝတီက အင်အားသုံးဖယ်ခံရတဲ့ အိမ်ရှင်တွေကို လူအခွင့်အရေးကော်မရှင် တွေ့

လျော်ကြေးမယူထားဘဲနဲ့ နေအိမ်တွေကို အင်အားသုံးဖယ်ရှားခံရလို့ဆိုပြီး နေအိမ်ပိုင်ရှင်တွေက ကော်မရှင်ကို တိုင်ကြားလို့ ဒီဇင်ဘာ ၂၄ ရက်မှာ လာရောက်တွေ့ဆုံ စစ်ဆေးခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

"တိုင်တဲ့အတွက် သွားစစ်ဆေးတာပါ၊ အိမ်တွေ အဖျက်ခံရတယ် ဆိုကတည်းက မှားမှားမှန်မှန် လူ့အခွင့်အရေးကို ထိခိုက်နေတယ်၊ ဒါကို ဘယ်လိုကုစားရမလဲဆိုပြီး သွားစစ်ဆေးခဲ့တာ" လို့ ဦးယုလွင်အောင်က ပြောပါတယ်။

မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားသစ် လမ်းကြောင်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ် ၆ လုံးကို ဒီဇင်ဘာ ၂ ရက်က သက်ဆိုင်ရာက အင်အားသုံးပြီး ဖျက်ဆီးခဲ့ရာမှာ နေအိမ်ပိုင်ရှင်တချို့ မူးမေ့လဲလို့ ဆေးရုံ ပို့ဆောင်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဒီနေအိမ်တွေဟာ အရင်က တံတားဧရိယာထဲ မပါဘဲ အာရှလမ်းကို ချိတ်ဆက်လမ်းဖောက်လို့ တံတား နယ်နိမိတ်အတွင်း ပါလာလို့ ဖယ်ရှားပေးဖို့အတွက် အိမ်ပိုင်ရှင်တွေကို ခေါ်ယူညှိနှိုင်းရာမှာ လျော်ကြေးမယူ၊ ဖယ်ရှားဖို့ လက်မခံ တာကြောင့် အာဏာပိုင်တွေရဲ့ အင်အားသုံး ဖျက်ဆီးတာ ခံရတာ ဖြစ်တယ်လို့ မြဝတီမြို့ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ပြောခဲ့ပါတယ်။

ကော်မရှင်က နေအိမ် ဖြိုဖျက်ခံရသူ မိသားစုတွေကို တွေ့ဆုံ မေးမြန်းသလို အထောက်အထား စာရွက်စာတမ်းများတွေ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ခေါ်ယူ မေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Image caption ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ကော်မရှင်ကခေါ်ယူ မေးမြန်း

ဒီနေရာက နိုင်ငံတော်ရဲ့ စီမံကိန်းနဲ့ ထိုင်း - မြန်မာ နှစ်နိုင်ငံအကြား ရေးဆွဲတည်ဆောက်နေတဲ့ လမ်းကြောင်း ဖြစ်နေလို့ မဖယ်ပေးလို့ မရတဲ့ အခြေအနေ ဖြစ်နေပြီး တဘက်မှာလည်း ပေးတဲ့လျော်ကြေးက နည်းနေတယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

မြေနေရာ အစားထိုး ပေးရင်လည်း လုံခြုံစိတ်ချရပြီး နောက်ထပ် အသိမ်း မခံရမယ့် မြေနေရာမျိုး လိုချင်တယ် ဆိုပြီး နစ်နာသူတွေက တောင်းဆိုတာ တွေ့ရှိခဲ့ရတယ်လို့ လည်း သူက ဆိုပါတယ်။

အခု စစ်ဆေးတွေ့ ရှိချက်တွေကိုတော့ အစီရင်ခံစာ ရေးသားပြီး သက်ဆိုင်ရာတဲ့ ဝန်ကြီးဌာနတွေဆီ ပေးပို့သွားမယ်လို့ ကော်မရှင်အဖွဲ့က ပြောပါတယ်။