မန္တလေးက နဂါးမယ်မဏ္ဍပ် ဒေါ်ဦး

burma ဓာတ်ပုံ မူပိုင် Wikicommon
Image caption နဂါးမယ်နဲ့ သင်္ကြန်အက

ရွှေမန်းကြက်သရေဆောင် မတုပနိုင်သော နိုင်ငံကျော် နဂါးဆေးလိပ် ဆိုတဲ့ ဆိုင်းဘုတ်ကြီးတခု မန္တလေးမြို့လယ်မှာ ရှိခဲ့ဖူးပါတယ်။ ဒီဆေးလိပ်လုပ်ငန်းကြီးကို လွန်ခဲ့တဲ့ အနှစ် ၈ဝ အိန္ဒိယ ဗမာ အဓိကရုဏ်းအပြီးမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး နိုင်ငံအနှံ့ ဆေးလိပ်ဖြန့်ချိရေးတွေကို စတင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

နဂါးတံဆိပ် ရန်ကုန်ဆေးလိပ်ဆိုပြီး အဓိကရုဏ်းအေးငြိမ်းတဲ့အထိမ်းအမှတ် ခင်မောင်ရင်ရဲ့ နဂါးနီသီချင်းနဲ့ ရောင်းချခဲ့လို့ နဂါးနီဆေးလိပ်လို့လည်း လူသိများပါတယ်။

ဒီဆေးလိပ်လုပ်ငန်းကို သမီးခင်ပွန်းနှစ်ယောက် ထူထောင်ခဲ့တာ ဖြစ်ပေမယ့် ခင်ပွန်း ဦးထွန်းချွန် စစ်အတွင်းမှာ ကွယ်လွန်ပြီးနောက်ပိုင်း နဂါးဒေါ်ဦး တယောက်တည်း ဦးဆောင်လုပ်ခဲ့ရလို့ ဒေါ်ဦးကို လူသိပိုများပါတယ်။

ဒေါ်ဦး နာမည်ကြီးရတဲ့ နောက်အကြောင်းတွေကလည်း အလှူအတန်း ရက်ရောတာနဲ့ မန္တလေး သင်္ကြန်မှာ နာမည်ကျော် ရေသဘင်မဏ္ဍပ်နဲ့ အနှစ် ၄ဝ လောက် ဧည့်ခံခဲ့လို့ ဖြစ်ပါတယ်။

ပြီးတော့ စာရေးဆရာမ လူထုဒေါ်အမာရဲ့ အစ်မအဖြစ်လည်း သူ့ကို လူသိများပါတယ်။

ဒေါ်ဦးဟာ မန္တလေးက ဂုန္တန်ဆေးရိုးဝင်းမှာ ကြီးပြင်းခဲ့ပြီး ဆေးရိုးလုပ်ငန်းနဲ့ ငယ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။

ဒါကြောင့် ခုနစ်တန်းမှာ ကျောင်းဆက်မနေဘဲ ထွက်ခဲ့ရပြီးနောက် အိမ်ထောင်ဘက်နဲ့အတူ ဆေးလိပ်လုပ်ငန်းကို ထူထောင်ခဲ့တာပါ။

ခင်ပွန်းသည်ကတော့ မြင်းမူက ဝါစက်ပိုင်ရှင် ဖြစ်ပါတယ်။ ဒေါ်ဦးရဲ့ လင်ညီအစ်မ ဒေါ်ခင်စောမူကိုလည်း မန္တလေးမြို့အဝင် ရန်ကုန်လမ်းက ခင်စောမူကွေ့လို့ လူသိများတဲ့ ခင်စောမူဆီစက်ပိုင်ရှင် အဖြစ် သိကြပါတယ်။

ဒေါ်ခင်စောမူရဲ့ ခင်ပွန်း စစ်ကိုင်းကျေးလက်အမတ် ဦးဘိုးလွန်ကိုတော့ စစ်မဖြစ်ခင်က နန်းရင်းဝန်ဦးပုရဲ့ အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့လို့ အတွင်းဝန်ဦးလွန်လို့ လူသိများပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption နဂါးဦးထွန်းချွန်နဲ့ နဂါးဒေါ်ဦး

ဒေါ်ဦးဟာ တနိုင်ငံလုံးကို ဖြန့်ရတဲ့ ဆေးပေါ့လိပ် ကုမ္ပဏီမျိုး စတင် တည်ထောင်သူ ဖြစ်ပါတယ်။ သူ့ခေတ်က သူရခဲ့တဲ့ အောင်မြင်မှုမျိုးကို ပဲခူးက ဆေးလိပ်လုပ်ငန်းတချို့ နောက်ပိုင်းမှာ ရခဲ့ပေမယ့် သူ့လောက် နှစ်လေးဆယ်နီးပါး အောင်မြင်ခဲ့မှုမျိုးတော့ ဘယ်တံဆိပ်မှ မရခဲ့ဘူးလို့ မန္တလေးက စာရေးဆရာ မခေသူက ရှင်းပြပါတယ်။

ဒီအတွက် နဂါးဆေးလိပ်အတုလုပ်တာတွေလည်း ရှိခဲ့ပြီး လိုက်လံတိုင်ကြား အရေးယူရတာတွေ ရှိခဲ့ပါတယ်။

သူ့အောင်မြင်မှုတွေကြောင့် လေယာဉ်ပျံ ဝယ်ဖို့ ဒေါ်ဦးကြံစည်ခဲ့တယ်၊ အစိုးရက ခွင့်မပြုလို့ဆိုတဲ့ စကားမျိုးတွေ ကျန်ခဲ့ပါတယ်။

ဒေါ်ဦးရဲ့ ဆေးလိပ်လုပ်ငန်းကျဆင်းရတာကတော့ ဆိုရှယ်လစ်စီးပွားရေး မူတွေနဲ့ တိုက်ခိုက်ခံရတာလို့လည်း သူ့ရှေ့နေအဖြစ် ဆောင်ရွက်ဖူးတဲ့ ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Soe Myint Thein
Image caption ၁၉၆၄ က ဒေါ်ဦးကို ရန်ကုန်မှာ ဖမ်းတဲ့ သတင်းဖော်ပြ

နဂါး၊ လူထု၊ ဝင်းလိုက် ရုပ်ရှင်စတဲ့ မန္တလေးမှာ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အလုပ်သမား ပြဿနာတွေ ပေါ်အောင် ပြည်သူပိုင်သိမ်းတာတွေ ဖြစ်အောင် လမ်းစဉ်ပါတီ အလုပ်သမားကော်မတီက လူတွေက ကြံစည်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒေါ်ဦးနဲ့ ကင်းထောက်မင်းကြီး ဦးလှကြီး၊ ဒေါ်တော်တို့ အစုစပ်ပါတဲ့ ဘရိုက်တီးကျောက်တွင်းအမှုမှာတော့ ရှယ်ယာရှင်တယောက်နဲ့ဖြစ်တဲ့ ပြဿနာမှာ ကျန်တဲ့အစုရှင်တွေကို မဖမ်းသင့်ဘူး ဆိုပြီး တော်လှဦး စီရင်ထုံးအဖြစ် ကျန်ခဲ့သလို ဒေါ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အမြတ်တော်ခွန် ကိစ္စတွေနဲ့ ထောင်ကျခဲ့ပါတယ်။ မန္တလေးထောင်တွင်းမှာ ဒေါ်ဦးနေခဲ့တဲ့ တိုက်ကလေးမှာလည်း ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၊ ခွန်ဆာစတဲ့ နာမည်ကြီးတွေ နေခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption နဂါးဒေါ်ဦး၊ လူထုဒေါ်အမာတို့ မိသားစု

ဒေါ်ဦးဟာ သူ့မောင်နှမတွေလို နိုင်ငံရေးမှာ ထဲထဲဝင်ဝင်မပါခဲ့ပေမယ့် သူထောက်ခံခဲ့တဲ့ နိုင်ငံရေးပါတီတွေ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကွန်မြူနစ်ပါတီကို သူထောက်ပံ့လှူဒါန်းခဲ့သလို စစ်ပြီးနောက်မှာလည်း ကွန်မြူနစ် ရဲမေတွေ သူ့ဆီမှာ ဝင်ထွက်နေထိုင်ခဲ့ကြပါတယ်။

ပြည်သူ့ရဲဘော်အဖွဲ့ကိုလည်း သူထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လွတ်လပ်ရေး ရခါနီး မန္တလေးမှာ ဖွဲ့တဲ့ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့မှာ သူ ငွေထိန်း အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

တခါကလည်း သူ့ဆေးလိပ်ခုံက ဆေးလိပ်သမ အမျိုးသမီးတယောက်ကို ပမညတအဖွဲ့ကနေပြီး ဖဆပလက ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်ကလေးနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့ဖူးပါတယ်။

အဲဒီမှာ ဒီအမျိုးသမီးကို အလုပ်ထုတ်ပစ်ဖို့ ဖိအားပေးတဲ့ တပ်မတော် အရာရှိတွေကို ထုတ်မပစ်နိုင်ကြောင်း၊ ဒါဟာ ဒီဆေးလိပ်သမရဲ့ ပုဂ္ဂလိက အခွင့်အရေးသာ ဖြစ်တယ်ဆိုပြီး ဒေါ်ဦးက ကာကွယ် ပြောခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption မန္တလေးသင်္ကြန်မှာ သမ္မတကတော် ညောင်ရွှေ မဟာဒေဝီကို ရေလောင်းနေတဲ့ နဂါးဒေါ်ဦး

ဒေါ်ဦးနဲ့ မန္တလေးသင်္ကြန်ကိုတော့ လူသိများပါတယ်။ ဒီမှာ တခြားပါဝင်ယှဉ်ပြိုင်ကြတဲ့ အမျိုးသား အမျိုးသမီး ရေသဘင်အဖွဲ့တွေနဲ့မတူ ထူးခြားတာက သူ့ရဲ့ အနုပညာ ခံစားနိုင်မှု ဖြစ်တယ်လို့လည်း စာရေးဆရာ မခေသူက ဆိုပါတယ်။

ဒေါ်ဦးဟာ ကမယ့် အမျိုးသမီးတွေကို ကိုယ်တိုင် ရွေးချယ်ပြီး စိစစ်ရာမှာလည်း အင်မတန် သပ်ရပ်တယ်၊ ကောင်းကောင်းကနိုင်သူမှ ရွေးတယ်လို့ ဆိုပါတယ်။

တီးလုံးတိုက်တဲ့အနားမှာ ထိုင်ရင်း ကတဲ့အမျိုးသမီးတွေ အချိုးမကျရင် သူ့ရှေ့က ဆေးလိပ်အစီခံဖတ်လေးတွေကို ပုံးထဲကကောက်ပြီး လက်နဲ့တောက်လွှတ်တယ်လို့လည်း သိရပါတယ်။

ဒေါ်ဦးနဲ့ ဇာတ်သဘင်လောကနဲ့ ရင်းနှီးပုံကလည်း သူ့ဆီ အကလာသင်ပေးတဲ့ ပန်တျာနည်းပြ ဆရာမနဲ့ သူ့မွေးစားသမီး ခင်ချွန်ဦးတို့ လက်ထပ်တဲ့အထိ ဖြစ်ခဲ့တာပါ။

ခင်ချွန်ဦးခေါ် ကိုမြင့်အောင်နဲ့ မင်းသမီး မခင်စိန်တို့ လက်ထပ်မှုဟာ မြန်မာပြည်မှာ အစောဆုံး အမျိုးသမီးချင်း လက်ထပ်မှု ဖြစ်နိုင်ပါတယ်။ ရုံးတက်ပြီး စာချုပ်ချုပ်ရာမှာတော့ ကိုမြင့်အောင် အဖြစ်ပဲ ချုပ်ခဲ့တာပါ။

ဒေါ်ဦးကို နယ်တွေမှာ အဓိက လူသိများတာကတော့ အလှူအတန်းကုသိုလ်တွေကြောင့် ဖြစ်ပါတယ်။

လူတွေက နဂါးဒေါ်ဦးဆိုတာ ဘာမှန်းသေချာမသိဘဲ သူ့နာမည်ကို တန်ဆောင်းတွေမှာ တွေ့ဖူးကြတယ်လို့လည်း ဆိုပါတယ်။

မန္တလေးတောင် ရသေ့ကြီး ဦးခန္တီဟာ အများကုသိုလ်နဲ့ အလှူတွေ အများအပြား လုပ်ခဲ့ပေမယ့် တဦးချင်း ကုသိုလ်မှာတော့ ဒေါ်ဦးကို မီသူဟာ သူ့ခေတ်မှာ မရှိခဲ့ဘူးလို့ ပြောကြပါတယ်။

ဓာတ်ပုံ မူပိုင် နဂါး
Image caption အလှူအတန်းမှာ ထင်ရှားတဲ့ နဂါးဒေါ်ဦး

ဒါကြောင့် သူ့ကို နဝတ ခေတ်မှာ အမျိုးသမီး အလှူရှင်တွေထဲမှာ အမြင့်ဆုံးဘွဲ့ကို အစောဆုံး ပေးခဲ့ပါတယ်။

အလှူတခုပြီးတိုင်း ဒေါ်ဦးက ဇိတံမေအောင်ပြီလို့ ကြွေးကြော်တတ်တယ်လို့ ဆိုပါတယ်။ ဒါကို သူ့အလှူမှာ အောင်အငြိမ့်ကတဲ့အခါ လူပြက်တွေက ရှိတာတွေပြောင်ပြီဆိုပြီး စာချိုးကြပါတယ်။

ဒေါ်ဦးဟာ လှူတဲ့နေရာမှာ သာသနာရေးအလှူတွေသာမက သားဖွားခန်း၊ ကိုယ်ရေပြားရောဂါရှင်တွေနေဖို့ နဂါးကွက်သစ်၊ ရန်ကုန် အရှေ့ပိုင်းက ဂန္ဓီဆေးရုံ စတဲ့ ခေတ်သစ်ကုသိုလ်တွေကိုပါ ၁၉၅ဝ ကျော်ကတည်းက ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့် သူ့ဆေးလိပ်လုပ်ငန်း မရှိတော့ပေမယ့် သူ့ကုသိုလ်တွေကနေ သူ့ကို လူတွေက မှတ်မိနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် နဂါး
Image caption ဒေါ်ဦးနဲ့ မင်းသမီးနွဲ့နွဲ့စန်း