မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၊ သူနာပြုမှ နိုင်ငံပြုသို့

burma

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်တာ အနှစ် ၃ဝ ပြည့်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ အာဏာအရှိဆုံး အမျိုးသမီးတယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်အဖြစ် ဒေါ်ခင်ကြည်ကို သိကြပေမယ့် ဒေါ်ခင်ကြည်ကိုယ်တိုင်လည်း ထူးချွန်တဲ့ နိုင်ငံရေး ခေါင်းဆောင်တယောက် ဆိုတာကို မှတ်မိသူ နည်းပါတယ်။

ဒေါ်ခင်ကြည်ဟာ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကျင်လည်ခဲ့တာ မဟုတ်ပေမယ့် အဲဒီအသိုင်းအဝိုင်းမှာ ရောက်လာတဲ့အခါမှာ နိုင်ငံရေးသမား စစ်သားတယောက်ရဲ့ ဇနီးအဖြစ် နိုင်ငံတာဝန်ကို ကျေပွန်သည်ထက်ပိုအောင် ထမ်းခဲ့သူ ဖြစ်ပါတယ်။

ထူးခြားတာက ဒီအသိုင်းအဝိုင်းထဲကို သူရော သူ့အစ်မ ဒေါ်ခင်ကြီးပါ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သူနာပြုဘဝ

ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်က မြန်မာအမျိုးသမီးတွေ လုပ်လေ့မရှိတဲ့ သူနာပြုအလုပ်ကို ဝင်ခဲ့တဲ့ ဒေါ်ခင်ကြည်ဟာ စစ်ကြီးဖြစ်ခါနီးမှာ အရေးကြီးတဲ့ လူနာတွေကို အိန္ဒိယထိ ပို့ပြီး နောက်ဆုံးထွက်တဲ့ သင်္ဘောနဲ့ ပြန်လာခဲ့ပါတယ်။

စစ်မီးကူးစက်တော့မယ့် မြန်မာပြည် မပြန်ဘဲ နေခဲ့လို့ ရရက်နဲ့ ပြန်လာတာဟာ သူ့ရဲ့ တာဝန်ကျေပွန်တဲ့စိတ်ကို ပြတဲ့ အစောပိုင်း လုပ်ရပ်တခုပါ။

ဓာတ်ပုံ မူပိုင် Chau Doan
Image caption ဒေါ်ခင်ကြည့်ဘဝကို ပုံဖော်ပေးခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး

ဂျပန်ခေတ် ရန်ကုန်ဆေးရုံကြီးမှာ ဒေါ်ခင်ကြည်ရဲ့ ခင်ပွန်းလောင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖူးစာဆုံခဲ့သလို သူ့အစ်မ ဒေါ်ခင်ကြီးလည်း သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။

ဒေါ်ခင်ကြည်နဲ့အတူ လုပ်ကိုင်ခဲ့ကြတဲ့ သူနာပြုတွေထဲမှာ ဗိုလ်ချုပ်ကြီးနေဝင်း ဇနီး ဖြစ်လာမယ့် ဒေါ်ခင်မေသန်းလည်း ပါပါတယ်။ ဒေါ်ခင်မေသန်းရဲ့ ဖခင် ဆရာဝန်ကြီး ဒေါက်တာဘသန်းအောက်မှာ သူတို့ ပညာအတူ ဆည်းပူးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် သူနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထပ်ပွဲမှာ ဒေါက်တာဘသန်းတို့သားအဖက သက်ဝေသီချင်းနဲ့ သီဆိုတီးခတ်ပေးခဲ့ကြတာပါ။

ဗိုလ်ချုပ်နဲ့သူတို့ ကြင်စဦးဇနီးမောင်နှံအတွက် ကရင်ရဲဘော်တွေ ရေးပေးတယ်ဆိုတဲ့ ဆရာမ သီချင်းကလည်း ခုထက်ထိ လူကြိုက်များဆဲ ဖြစ်ပါတယ်။

Image caption ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဘသန်း
Image caption ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် လက်ထပ်ဓာတ်ပုံ

ငါးခြောက် ဘဲဥနဲ့ ဗိုလ်ချုပ်ကတော်

ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် လက်ထပ်တာကို သဘောမတူတဲ့ စစ်အရာရှိငယ်တွေ ရှိခဲ့ပေမယ့် ဒေါ်ခင်ကြည်ရဲ့ အနေအထိုင် တည်ကြည်မှုကြောင့် သူ့ကို လေးစားလာကြတယ်လို့ ဗိုလ်မှူးချုပ်အောင်ကြီးက နောင်မှာ ပြန်ပြီးရေးပြခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မရှိတဲ့ နောက်ပိုင်း ဒေါ်ခင်ကြည်ရဲ့အနီးအနားမှာ စစ်အရာရှိဟောင်းတွေ အမြဲဝင်ထွက် ကူညီပေးကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ မသင့်မမြတ်ဖြစ်ပြီး ရာထူးကထွက်ရသူတွေ များပါတယ်။

ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်ရဲ့ ဇနီးဖြစ်လာပြီးနောက် နိုင်ငံရေးသမားနဲ့ စစ်သားတွေ အိမ်မှာ အစည်းအဝေးလာလုပ်ရင် အချိန်မရွေး စားနိုင်အောင် ပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိမ်နောက်ဖေးမှာ ဗူးစင်တွေ စိုက်တာ၊ ငါးခြောက် ဘဲဥ စသဖြင့် စားစရာ အခြောက်အခြမ်း ထားတာတွေ လုပ်ရပါတယ်။

ဒေါ်ခင်ကြည် ဂျပန်ခေတ်မှာ ရခဲ့တဲ့ ဒီအလေ့အကျင့်ကြောင့် နောက်ပိုင်း ဗိုလ်ချုပ်မရှိတဲ့အခါမှာလည်း စားပင်သီးပင် ပန်းပင်တွေ ဝေဆာအောင် စိုက်ပျိုးတဲ့ အကျင့် ရှိလာပါတယ်။ ဒါကြောင့် သူ့ခြံက ပန်းတွေကို မင်္ဂလာပွဲထိုင်တွေအတွက် မှာယူကြတာ ဖြစ်ပါတယ်။

သူစိုက်ပျိုးရောင်းချလို့ ရတဲ့ ငွေကိုလည်း အမျိုးသမီးအဖွဲ့တွေကို လှူတတ်တယ်လို့ သိရပါတယ်။

အပြင်မှာ အလုပ်လုပ်ရတဲ့ အမျိုးသမီးပီပီ ဗိုလ်ချုပ်နဲ့ ရခါစက ဟင်းကောင်းကောင်းမချက်တတ်ပေမယ့် နောက်ပိုင်းမှာ စားဖူးသူတိုင်း ချီးကျူးရအောင် ချက်ပြုတ်တတ်လာတယ်လို့ သူနဲ့ ကြုံတွေ့ဖူးသူတွေက ရေးပါတယ်။

လူတိုင်းကြားဖူးကြတဲ့ ကြည် ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ် ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စာကလည်း သူတို့နေထိုင်မှုဘဝ ရိုးရှင်းတာကို ပြနေပါတယ်။

Image caption ဗိုလ်ချုပ်နဲ့ ဧည့်ခံပွဲတခုမှာ တွေ့ရတဲ့ ဒေါ်ခင်ကြည်

အာဇာနည်ရဲ့မုဆိုးမ

ဂျပန်ခေတ်နဲ့ အင်္ဂလိပ်ပြန်ဝင်တဲ့ခေတ်စတဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေကြား ဒေါ်ခင်ကြည်တို့မိသားစု ဖြတ်သန်းခဲ့ကြပြီးနောက် ဗိုလ်ချုပ်လုပ်ကြံခံရပါတယ်။

ဗိုလ်ချုပ်တို့ကျချိန်မှာ ဒေါ်ခင်ကြည်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ခင်ပွန်းမျက်နှာပေါ်က ကျည်ဆန်ရာတွေကို ဆေးကြောပြီး အိမ်ပြန်သယ်ခဲ့ပါတယ်။ တချို့ဝန်ကြီးကတော်တွေ မူးမေ့ပြီး ဆောက်တည်ရာမရပြေးသူပြေးပေမယ့် ဒေါ်ခင်ကြည်က အင်မတန်တည်ငြိမ်တယ်လို့ အဲဒီအချိန်က ထုတ်တဲ့ သတင်းစာတွေက ဖော်ပြပါတယ်။

ဒေါ်ခင်ကြည်ဟာ ခင်ပွန်းရဲ့ လွှတ်တော်အမတ်နေရာကိုသာ တာဝန်ယူရတာ မဟုတ်ဘဲ သူထားခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့ ခေါင်းဆောင်ပါ ဖြစ်ခဲ့ပါတယ်။

ရဲဘော်နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူ တောခိုခါနီးမှာ ဒေါ်ခင်ကြည်ကိုပါ ဖမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် မဖမ်းခဲ့ပါဘူး။

အလားတူပဲ အစ်မဒေါ်ခင်ကြီးရဲ့ ခင်ပွန်း တောခိုပြီး ကွန်မြူနစ်ပုန်ကန်မှု စတော့လည်း ဒေါ်ခင်ကြည်ဟာ တည်ငြိမ်စွာနဲ့ နိုင်ငံရေး ဂယက်တွေထဲက ဝေးအောင်နေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption မောင့်ဘက်တန်မောင်နှံနဲ့ တွေ့ရတဲ့ ဗိုလ်ချုပ်ရင်သွေးများ

ကျန်ခဲ့တဲ့ ကလေးသုံးယောက်အတွက် ဆေးရုံမှာ အလုပ်ပြန်ဝင်ရမလားလို့တောင် သူစဉ်းစားခဲ့ပါတယ်။ ဖဆပလ အစိုးရခေါင်းဆောင်တွေရဲ့ စီစဉ်ပေးမှုနဲ့ မိခင်နဲ့ကလေး၊ လူမှုဝန်ထမ်းဌာနတွေမှာ သူတာဝန်ယူ ဦးဆောင်ခဲ့ပါတယ်။

အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံရေးမှာတော့ သူနှုတ်ဆိတ်နေခဲ့တာပါ။ သူ့မောင်တွေ၊ ဆွေမျိုးတွေ တောခိုနေကြချိန်မှာ သူက လူမှုရေးနဲ့ မိသားစုကိစ္စတွေနဲ့ ဘောင်ခတ်နေခဲ့ပါတယ်။

၁၉၅ဝ ကျော်မှာတော့ သားအငယ် အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ခဲ့လို့ နောက်ထပ်အပူနဲ့ တိုးခဲ့ပါတယ်။

ခင်ပွန်းသည်ထူထောင်ခဲ့တဲ့ ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲပြီး ၁၉၅၈ မှာ ပထမဆုံးစစ်အစိုးရတက်လာချိန်မှာတော့ ဒေါ်ခင်ကြည် ငြိမ်မနေဘဲ ဦးနုနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဦးနုရဲ့ သန့်ရှင်းအဖွဲ့အတွက် သူမဲဆွယ်ပေးခဲ့ပေမယ့် ဝင်အရွေးမခံသလို ရာထူးလုပွဲတွေမှာလည်း မပါခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Keystone
Image caption ဗိုလ်ချုပ်နဲ့ နေရူး စစ်မဖြစ်ခင်ကတည်းက ရင်းနှီးကျွမ်းဝင်

အမျိုးသမီးသံအမတ်

သူက မလုပေမယ့် သူတွင်ကျယ်လာမှာကို စိုးရိမ်တဲ့ ဦးနုအဖွဲ့ထဲက သခင်တချို့ကြောင့် သူ့ကို သံအမတ်ခန့်ပြီး အိန္ဒိယလွှတ်ခဲ့ပါတယ်။

အိန္ဒိယဟာ သူ့ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေအရင်း နေရူးအုပ်ချုပ်တဲ့ နိုင်ငံဖြစ်သလို မြန်မာပြည်အတွက် အရေးပါတဲ့ မဟာမိတ် ဆိုရှယ်လစ်နိုင်ငံတခု ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ဒေါ်ခင်ကြည်ကို အထူးတာဝန်ပေးတာလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် The India Today Group
Image caption ဒေါ်ခင်ကြည်တို့ မိသားစု နေခဲ့တဲ့ ဒေလီက ကွန်ဂရက်ပါတီ ဌာနချုပ်

ဒေါ်ခင်ကြည်တို့နေတဲ့အိမ်ကို ဘားမားဟောက်စ်လို့ အိန္ဒိယဝန်ကြီးချုပ် နေရူးက နာမည်ပေးခဲ့ပါတယ်။ အခုထိ ဒီအိမ်ဟာ ကွန်ဂရက်ပါတီရဲ့ ဌာနချုပ် ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နေခဲ့တဲ့ အခန်းကိုလည်း နေရူးရဲ့မြစ် ရာဟူးဂန္ဓီရဲ့ရုံးခန်း အဖြစ် သုံးနေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နေရူးရဲ့မြေး ဆန်ဂျေးနဲ့ ရာဂျစ်ဂန္ဓီတို့ အိန္ဒိယသမ္မတအိမ်တော်ရှေ့မှာ မြင်းစီးကြတယ်လို့လည်း ရေးကြပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက်မှာလည်း ဒေါ်ခင်ကြည်ကို သံအမတ်အဖြစ် ဆက်ပြီး စစ်အစိုးရသစ်က ခန့်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးနဲ့ ဝေးရာကို ရောက်နေတဲ့အတွက် သူ့မိတ်ဆွေ ဦးနုနဲ့ ပထစခေါင်းဆောင်တွေ အဖမ်းခံရချိန်မှာ ဒေါ်ခင်ကြည် လွတ်မြောက်သွားခဲ့ပါတယ်။

ဒေါ်ခင်ကြည်အတွက် သားသမီးတွေကို အင်္ဂလန်မှာ ပညာသင်ပေးဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ မြန်မာခေါင်းဆောင်အများစုရဲ့ သားသမီးတွေ ပြည်တွင်းတက္ကသိုလ်တွေမှာပဲ ဘွဲ့ယူကြချိန်မှာ မုဆိုးမ ဒေါ်ခင်ကြည်က ကလေးတွေကို အင်္ဂလန်ထိ ပို့ခဲ့ပါတယ်။

၁၉၆ဝ ကျော် မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စစ်အစိုးရဖိနှိပ်မှုတွေကြောင့် ဖဆပလ ခေါင်းဆောင်ဟောင်းတွေရဲ့ သားသမီးတွေ ထောင်တန်းကျ တောခိုတာတွေ ဖြစ်ချိန်မှာ နိုင်ငံရေးက ဝေးအောင် အပြင်ပို့ထားတာလည်း ဖြစ်ပါလိမ့်မယ်။

နောက်ပြီး တခြားလူကြီးသားသမီးတွေ ဆေးပညာနဲ့ စက်မှုကို အဓိကသင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးသိပ္ပံနဲ့ ဘောဂဗေဒကို အောက်စဖို့ဒ်မှာ သင်ခဲ့တာပါ။ ဒါကြောင့်လည်း နိုင်ငံရေး လမ်းကြောင်းကို ၁၉၈၈ က စပြီး စိုက်လိုက်မတ်တတ် လိုက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် May Marlar
Image caption ဒေါ်ခင်ကြည်နဲ့ သားသမီးနှစ်ယောက်

အငြိမ်းစားဘဝ ကွန်းခိုရာ

သားသမီးတွေ မရှိတဲ့နောက် ဒေါ်ခင်ကြည်ဟာ အငြိမ်းစားဘဝမှာ ခြိုးခြံနေခဲ့ပါတယ်။ တခါတလေ သူ့အိမ်မှာ ထောပတ်တောင် ကောင်းကောင်းမရှိလို့ မြန်မာထောပတ်ကြမ်းကို မီးကင်ပြီး စားတယ်လို့ သူနဲ့ခင်တဲ့ စာရေးဆရာမ ရမည်းသင်းကြည်သင်းက ရေးပါတယ်။

သူ့လောက်တောင် နေရေးထိုင်ရေး မပြည့်စုံတဲ့ အစ်မတွေကိုလည်း သူပဲ တာဝန်ယူစောင့်ရှောက်ခဲ့ပါတယ်။ သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီးဟာ ဒေါ်ခင်ကြည်မရှိတဲ့နောက် ဆယ်နှစ်ကျော်မှ သူ့ခြံဝင်းထဲမှာ ကွယ်လွန်သွားတာပါ။

သားသမီးတွေ ပြည်ပက ပို့ပေးတဲ့ ပစ္စည်းတွေကိုလည်း မယူလိုဘဲ ငြင်းဆန်ပါတယ်။ ပို့လိုက်ရင် သွားမရွေးဘူးဆိုလို့ ဦးအောင်ဆန်းဦး အမေရိကန်ကနေပြီး အစ်ကိုဝမ်းကွဲ ဗိုလ်မှူးကြီး ခင်မောင်အေးနဲ့ တီဗီတလုံးထည့်ပေးရတယ်လို့ ဒေါက်တာ ခင်လက်ျာက ရေးပါတယ်။

သူ့အိမ်မှာ သခင်အုန်းမြင့်၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ် အောင်ရွှေစတဲ့ ခေတ်ဟောင်းကလူတွေ စုကြဆုံကြသလို ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရ ညံ့ဖျင်းတာတွေကို ပွင့်ပွင့်လင်းလင်းပြောကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကို အလည်ပြန်လာတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီစကားဝိုင်းတွေမှာပဲ နိုင်ငံရေး အရည်လည်လာတယ်လို့ ဆိုကြပါတယ်။

နိုင်ငံရေးက ဝေးအောင်နေပေမယ့် နိုင်ငံရေးသိက္ခာကြီးတဲ့ ဒေါ်ခင်ကြည်ကို နိုင်ငံရေး အပြောင်းအလဲပေါ်လာအောင် ခေါင်းဆောင်ပေးဖို့ ဗမာပြည်ကွန်မြူနစ်ပါတီက ကမ်းလှမ်းခဲ့တယ်လို့ အဆိုရှိပါတယ်။

ဒါကြောင့် ပါတီကပို့တဲ့စာကို ဆောင်ကြဉ်းသွားရတဲ့ ကွန်မြူနစ်ခေါင်းဆောင်ဟောင်း သခင်ဇင်ရဲ့ဇနီး ဒေါ်ကြည်ကြည်နဲ့ ဗိုလ်မှူးချုပ်ကျော်ဇောသမီး ဒေါ်စန်းကျော်ဇောတို့ ၁၉၈၈ နောက်ပိုင်းမှာ ထိန်းသိမ်း စစ်ဆေးခံခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ နာမကျန်းနေတဲ့ ဒေါ်ခင်ကြည် နိုင်ငံရေးထဲ ပြန်မပါနိုင်တော့ဘဲ သမီးဖြစ်သူ သူ့ကိုပြုဖို့ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ သခင်အုန်းမြင့်၊ ဦးထွေးမြင့်စတဲ့ လူဟောင်းတွေအကူအညီနဲ့ ၁၉၈၈ မှာ နိုင်ငံရေးထဲ ရောက်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေးထဲ ဝင်မိပြီး ပြန်မထွက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်

၁၉၈၈ မှာ အမေက ပြန်မလာနဲ့ဆိုလို့ မလာဘဲ နေခဲ့ရတယ်ဆိုတဲ့ ဦးအောင်ဆန်းဦးကတော့ နိုင်ငံရေးထဲမပါဘဲ ကျန်နေခဲ့ပါတယ်။ သားသမီးတွေကို နိုင်ငံရေးက ဝေးစေချင်ပုံရတဲ့ ဒေါ်ခင်ကြည်အတွက် သမီးရဲ့ နိုင်ငံရေးကဏ္ဍ ကြီးမား လာပုံကို မကွယ်လွန်ခင်မှာ မြင်သွားခဲ့ရပါတယ်။

ဒေါ်ခင်ကြည်ဆုံးချိန်မှာတော့ စစ်အစိုးရသတင်းစာကနေ တပ်မတော်ဖခင်ကြီးရဲ့ဇနီး စျာပနအဖြစ် ကောင်းကောင်းမွန်မွန် ဖော်ပြခဲ့သလို စျာပနမှာ အေးအေးချမ်းချမ်း လိုက်ပါပို့ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းစာကိုလည်း သတင်းစာ ရှေ့ဖုံးက ထည့်ပေးခဲ့ပါတယ်။

ကြည်းရေလေ တပ်မတော်သားတွေရဲ့ ဝမ်းနည်းကြောင်းကိုလည်း သတင်းစာက ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် နာရေးကို လာမေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့စစ်ခေါင်းဆောင်တွေကြား ပြေလည်ရေးကတော့ ဖြစ်မလာခဲ့ဘဲ ဒေါ်ခင်ကြည်ကွယ်လွန်ပြီး ခုနစ်လမပြည့်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခဲ့ပါတယ်။

ဒေါ်ခင်ကြည် အငြိမ်းစားဘဝနဲ့ နှစ်များစွာ ကုန်လွန်ခဲ့ရတဲ့ အင်းလျားစောင်းကနေအိမ်မှာပဲ သမီးဖြစ်သူ နှစ်ချီ အကျယ်ချုပ်ကျခဲ့တာပါ။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption ဒေါ်ခင်ကြည်ဂူမှာ ပန်းအိုးတင်နေတဲ့ ဒေါ်စုတို့သားအမိ

ဒေါ်ခင်ကြည်မရှိတော့ပေမယ့် သူ့ရဲ့တာဝန်ကျေပွန်စိတ်နဲ့ ခိုင်မာမှုတွေက အရိပ်ထင် ကျန်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်မှာ သမ္မတကနေဒီ လုပ်ကြံခံရပြီးနောက် ဂျက်ကလင်းကနေဒီဟာ ခင်ပွန်းသည်ရဲ့ခြေရာကို မလိုက်နိုင်ခဲ့ပေမယ့် ဒေါ်ခင်ကြည်ကတော့ သားသမီးတွေကို ပျိုးထောင်ရင်း ဒီမိုကရေစီဆိတ်သုဉ်းတဲ့ခေတ်တွေမှာ ကြံ့ကြံ့ခိုင်အောင် နေပြခဲ့ပါတယ်။

ဒေါ်ခင်ကြည်သာ ၁၉၈၈ မှာ ခေါင်းဆောင်ခွင့်ရခဲ့ရင် အခြေအနေတမျိုးဖြစ်ခဲ့မလား စိတ်ကူးမိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ROSLAN RAHMAN
Image caption ဒေါ်ခင်ကြည်နဲ့လီကွမ်ယုပုံကို စင်္ကာပူဝန်ကြီးချုပ်က အမှတ်တရပေးအပ်

အိန္ဒိယ၊ စင်္ကာပူ၊ မြောက်ကိုရီးယား ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ စတဲ့ ဒေသတွင်း နိုင်ငံတွေမှာ မိသားစုလိုက် အာဏာယူတာ၊ နိုင်ငံရေးမှာ ပါဝင်တာတွေ ရှိခဲ့ပါတယ်။

သီရိလင်္ကာမှာဆိုရင် ခင်ပွန်းသည် လုပ်ကြံခံရလို့ ဇနီးသည် သီရိမာဘို ဘန္ဒရာနာယကေးက ကမ္ဘာပေါ်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ပေါ်ထွက်ခဲ့ဖူးပါတယ်။

မြန်မာပြည်မှာတော့ ရှုပ်ထွေးတဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ စစ်အုပ်စိုးမှုတွေအောက်မှာ အရပ်သားနိုင်ငံရေးသမားတွေ နှိပ်ကွပ်ခံခဲ့ရသလို နိုင်ငံရေးမိသားစုတွေလည်း ပေါ်မလာအောင် စောင့်ကြည့်ခံခဲ့ရပါတယ်။

ဒီထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်တဲ့ ဇနီးနဲ့သမီးကတော့ ခြွင်းချက်အဖြစ် နိုင်ငံရေးမှာ နာမည်တိမ်မသွားအောင်နဲ့ နိုင်ငံရေးတခေတ်ပြန်ပေါ်အောင် စွမ်းဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption မိခင်ဂူကို လာဂါရဝပြုတဲ့ ဒေါ်စု