စာရေးဆရာအသင်းနဲ့ ဗိုလ်ချုပ်ကြီးများ အစိုးရများ

burma ဓာတ်ပုံ မူပိုင် AFP
Image caption လမ်းဘေးတက္ကသိုလ်လို့ တင်စားခဲ့တဲ့ စာအုပ်ဆိုင်လေးတွေ

မြန်မာနိုင်ငံ စာရေးဆရာအသင်းဟာ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက တည်ထောင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ စာရေးဆရာကြီး ပီမိုးနင်း စက်ဘီးတိုက်ခံရပြီး ကွယ်လွန်စဉ်ကစလို့ စာရေးဆရာတွေရဲ့ ဘဝဖူလုံရေးအတွက် ရည်စူးဖွဲ့ခဲ့ကြတာလို့ ဆိုပါတယ်။

ဒိမတိုင်ခင် ၁၉၃၅ ကလည်း စာရေးဆရာတွေ တွေ့ဆုံပွဲတခု ပုဇွန်တောင် ဆရာဘခြံမှာ ကျင်းပပြီး အသင်းဖွဲ့ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။

စာရေးဆရာဆိုတဲ့ လူတန်းစားဟာ ဗြိတိသျှလက်အောက်မှာမှ သေချာပေါ်ပေါက်လာတာ ဖြစ်ပြီး အရင်က ဇာတ်စာရေးဆရာတွေပဲ ရှိခဲ့တာပါ။

ဝတ္ထု၊ ကဗျာ စတာတွေကို ရေးသူတွေကလည်း မြန်မာဘုရင်လက်ထက်က အပျော်တမ်းရေးသူတွေသာ ဖြစ်ပြီး စာသမားတွေက ကူးယူဖတ်ရှုတဲ့ ဓလေ့ပဲ ရှိခဲ့ပါတယ်။ ပုံနှိပ်ထုတ်ဝေမှုဟာ မြန်မာနိုင်ငံ အထက်ပိုင်းကို ၁၉ ရာစု အလယ်ပိုင်းကမှ သေချာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Kaung Thar
Image caption ပါတော်မူစက ထုတ်တဲ့ ပြဇာတ်စာအုပ်တအုပ်

အောက်မြန်မာပြည်မှာ ပထမဆုံး ပေါ်လာတဲ့ ပြဇာတ်ရေးဆရာတွေကို ပုံနှိပ်တိုက်ပိုင်ရှင်တွေက စျေးချိုချိုနဲ့ အမြတ်ထုတ်တာတွေ ရှိခဲ့သလို နောက်ပိုင်း ပေါ်လာတဲ့ ခေတ်ပေါ်ဝတ္ထုဆရာတွေဟာလည်း စာမူခရယ်လို့ များများစားစား ရကြတာ မဟုတ်ပါဘူး။

ဒါကြောင့် စာရေးဆရာကို ဝင်ငွေပုံမှန်မရှိတဲ့ လူတွေ အဖြစ် လွတ်လပ်ရေး မရခင်ကတည်းက လူတွေက ရှုမြင်ထားကြတာပါ။

သူတို့အတွက် ဘဝ အာမခံချက်နဲ့ ဝင်ငွေ စတာတွေ အရေးဆိုနိုင်ဖို့ အဖွဲ့ဖွဲ့စည်းကြတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ဝင့်ထယ်
Image caption ၁၉၃၅ က စာရေးဆရာတွေ တွေ့ဆုံပွဲ

မြန်မာနိုင်ငံမှာ အယုတ်အလတ်အမြတ်မခွဲခြားဘဲ လူတွေ စာဖတ်ဝါသနာပါလာစေဖို့ ပိဋကတ်တိုက်တည်ထောင်ဖို့ စာရေးဆရာအသင်း ရှိသင့်ပြီ ဆိုပြီး ၁၉၃၂ ကတည်းက မြန်မာသတင်းစာတွေမှာ ဆောင်းပါးတွေရေးပြီး တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပထမဆုံး ပေါ်လာတဲ့ စာရေးဆရာအသင်းမှာ ပါဝင်သူတွေဟာ ရန်ပုံငွေ ပစ္စည်းပစ္စယနဲ့ ရုံးခန်းစတာတွေ အကုန်ချို့တဲ့လို့ ဦးဆောင်သူတွေ ဖြစ်ကြတဲ့ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော်ဦးချစ်မောင် စသူတွေရဲ့ အိတ်ထဲက စိုက်ဖြည့် သုံးစွဲခဲ့ကြရပါတယ်။

Image caption ပီမိုးနင်းနာရေးက အစပြု တည်ထောင်ခဲ့

၁၉၄ဝ ဇန်နဝါရီလဆန်း ရန်ကုန်ဆေးရုံကြီး မြက်ခင်းပေါ်ကနေ စတင်ခဲ့တဲ့ ဒီအသင်းဖွဲ့ဖို့ ကိစ္စဟာ ပီမိုးနင်းစျာပနအပြီးမှာ စအကောင်အထည်ဖော်ပါတယ်။

ရေကျော်က ဆယ်သန်းသတင်းစာတိုက်မှာ မဟာဆွေကို ယာယီဥက္ကဋ္ဌတင်ပြီး ယာယီကော်မတီက စခဲ့ပါတယ်။ ရေကျော်မက်သဒစ်ကျောင်းမှာ အစည်းအဝေးခေါ်ပြီး ဒီးဒုတ်ဦးဘချိုကို ဥက္ကဋ္ဌ တင်တဲ့ ဒီအသင်းကို ဦးချစ်မောင်ရဲ့ ဂျာနယ်ကျော် တိုက်မှာ ယာယီထားခဲ့ရပါတယ်။

စာရေးဆရာတွေဟာ လစဉ်ကြေး ရှစ်ပဲကိုတောင် ပုံမှန်မပေးနိုင်ကြပါဘူး။

အဲဒီနောက် စစ်ဖြစ်လာလို့ စာရေးဆရာအသင်း ခေတ္တရပ်စဲသွားပါတယ်။

Image caption ဗိုလ်ထိန်ဝင်းကူညီမှုနဲ့ အသင်းပြန်ဖွဲ့

ဂျပန်အဝင်မှာ ပါလာတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်းက စာပေစိစစ်တဲ့ ဘက်မှာ အကြီးအကဲဖြစ်နေချိန်မှာ စာရေးဆရာအသင်းပြန်ဖွဲ့ဖို့ အစပျိုးခဲ့ပါတယ်။ ဂျပန်အောက်မှာ မလွတ်မလပ်ဖြစ်နေတဲ့ စာရေးဆရာတွေကို ဂျပန်က ဝါဒဖြန့်အတွက် အသုံးချဖို့ ကြိုးစားခဲ့သလို စာရေးဆရာတွေကလည်း စာရေးဆရာ မဂ္ဂဇင်းထောင်ဖို့နဲ့ သူတို့အခွင့်အရေးတွေအတွက် လုံးပန်းခဲ့ကြပါတယ်။

ဂျပန်ခေတ်မှာ ပထမဆုံး စာဆိုတော်နေ့ကိုလည်း စပြီး ကျင်းပနိုင်ပါတယ်။ စာဆိုတော်နေ့ ပြဇာတ်ကတဲ့ အစဉ်အလာကိုလည်း အဲဒီကတည်းက စခဲ့တာပါ။ နောက် အသင်းကနေ စာပေဆုတွေ ပေးဖို့ ကြိုးစားခဲ့ပြီး မင်းဆွေရဲ့ ဓားဝတ္ထုကို ပထမဆုံး ချီးမြှင့်ခဲ့ပါတယ်။ ပညာတံခွန်အသင်းဆိုပြီး ပညာရှင်တွေပါတဲ့ အသင်းကနေလည်း အဘိဓာန် ပြုဖို့လည်း ကြိုးစားခဲ့ပါတယ်။

၁၉၄၂ မှာ အတည်ပြုတဲ့ စာရေးဆရာအသင်း စည်းမျဉ်းအရ စာရေးပြီး အသက်မွေးသူနဲ့ အသက်မမွေးသော်လည်း စာအုပ်စာတမ်းရေးသူ ဖြစ်ရမည်လို့ ပါပါတယ်။ အသင်းဝင်လိုသူကို အမှုဆောင်အဖွဲ့က ငြင်းခွင့် လက်ခံခွင့် ရှိတယ် ဆိုပြီးလည်း ပါပါတယ်။ ဒီစည်းမျဉ်းဟာ စစ်ပြီးခေတ်မှာ စာရေးဆရာ က နဲ့ ခ အမျိုးအစား ခွဲခြားမှုကို ဖြစ်စေခဲ့ပါတယ်။

အသင်းနာမည်ကို မြန်မာနဲ့ ဗမာ အငြင်းပွားရာမှာလည်း မြန်မာကို လက်ခံပြီး ဂျပန်ခေတ်ကတည်းက အတည်ပြုခဲ့ပါတယ်။ စာရေးဆရာများအသင်းဆိုပြီး အစက မှည့်ထားတာကိုလည်း 'များ' ပြန်ဖြုတ်ခဲ့ပါတယ်။

စစ်ပြီးခေတ်မှာလည်း စာရေးဆရာအသင်း ပြန်ပေါ်လာပြီး အသင်းဥက္ကဋ္ဌ ဦးချစ်မောင်ကွယ်လွန်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

Image caption ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်နု စစ်ပြီးခေတ် စာရေးဆရာ ခေါင်းဆောင်နှစ်ယောက်

လွတ်လပ်ရေးရပြီးနောက်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနုကလည်း စာရေးဆရာဖြစ်လို့ စာရေးဆရာအသင်းကို ကူညီအားပေးခဲ့ပါတယ်။ စာပေဗိမာန်ဆုတွေ စပေးရာမှာ မင်းအောင်ရဲ့ မိုးအောက်မြေပြင် ဝတ္ထုက စရခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၅ဝ ကျော်မှာ မြန်မာစာပေလောကထဲ နိုင်ငံရေး အကွဲအပြဲတွေ ဝင်လာပြီး စာရေးဆရာအသင်းမှာ နေရာလုတာတွေ ဖြစ်လာပါတယ်။

ဒဂုန်တာရာ ဥက္ကဋ္ဌဖြစ်ချိန်မှာ အသင်းကို ကလောင်နီတွေ စီးပြီဆိုပြီး သတင်းစာတွေက ရေးခဲ့ပါတယ်။

အသင်းမှာ အလံနီနဲ့ အလံဖြူ ကွန်မြူနစ်ပါတီအနွယ် စာရေးဆရာတွေ အပြိုင်နေရာလု မဲဆွယ်ကြတယ်လို့လည်း သိရပါတယ်။

အလံနီထဲက အောင်လင်း၊ ဒေါင်းနွယ်ဆွေ၊ စိန်ခင်မောင်ရီ စသူတွေက ဇဝန၊ သိန်းဖေမြင့်၊ တက်တိုးစတဲ့ လူကြီးတွေကို ဥက္ကဋ္ဌ နေရာပေးပြီး အသင်းကို ထိန်းချုပ်ထားတယ်လို့ ယူဆတဲ့အတွက် နောက်ဆုံးမှာ မြသန်းတင့်၊ ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး စသူတွေ ခေါင်းဆောင်တဲ့ စာရေးဆရာ သမဂ္ဂ ပေါ်လာခဲ့ပါတယ်။

စာရေးဆရာ အသင်းနှစ်ခြမ်းကွဲသလို စာပေအဖွဲ့တွေလည်း အကွဲကွဲအပြားပြား ဖြစ်နေလို့ ပြန်ပေါင်းစည်းဖို့ သခင်ကိုယ်တော်မှိုင်းအိမ်မှာ ၁၉၆၁ က အစည်းအဝေးလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၁၉၆၂ မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသားစာပေညီလာခံ ကျင်းပပြီး စာရေးဆရာတွေ ညီညွတ်ဖို့နဲ့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးမှာ ပါဝင်ဖို့ တွန်းအားပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hsu Thitt Ni
Image caption ပထမဆုံး ကျင်းပတဲ့ စာပေညီလာခံ

နိုင်ငံတကာ စာပေညီလာခံ ကျင်းပဖို့၊ စာရေးဆရာမြို့တော် တည်ဆောက်ဖို့ စတဲ့ တော်လှန်ရေးကောင်စီတက်စက စာရေးဆရာတွေနဲ့ ဆွေးနွေးခဲ့တဲ့ ကိစ္စတွေ ဖြစ်မလာဘဲ အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေနဲ့ ၁၉၆၄ မှာ အသင်းတွေ ဖျက်ခံရတဲ့အထဲမှာ စာရေးဆရာအသင်းတွေ ပါသွားခဲ့ပါတယ်။ နိုင်ငံရေးနွယ်တဲ့ စာရေးဆရာအများအပြားလည်း ထိန်းသိမ်းခံရပါတယ်။

ပန်းဆိုးတန်းမှာ ရှိတဲ့ စာရေးဆရာအသင်းဆောက်ဖို့ ဖဆပလအစိုးရဆီက ရထားတဲ့ မြေကွက်က ဘာဖြစ်သွားသလဲတော့ မသိပါ။

မန္တလေးက အထက်ဗမာနိုင်ငံစာရေးဆရာအသင်းတခုပဲ ၁၉၇ဝ ကျော်ထိ ကျန်နေခဲ့ပြီး စာတမ်းဖတ်ပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ ၁၉၆ဝ နှောင်းပိုင်း စာရေးဆရာအသင်း ဥက္ကဋ္ဌဟောင်း တက်တိုးကို အစိုးရ ရာထူးပေးပြီး ဂျပန်ခေတ်နောက်ပိုင်း စာပေစိစစ်ရေးတွေ ပြန်စခဲ့ပါတယ်။ အစက နိုင်ငံရေးတခုထဲသာ စစ်ဆေးပေမယ့် နောက်ပိုင်းမှာ စာအုပ်အားလုံးကို စစ်ပါတယ်။

အစိုးရထုတ် စာနယ်ဇင်းတွေမှာ စစ်အရာရှိ စာရေးဆရာတွေ ဝင်ပြီးရေးသားတာ၊ အုပ်ချုပ်တာတွေလည်း ရှိလာပါတယ်။

စာရေးဆရာအသင်းပျက်ပြီးနောက် စာပေလုပ်သား ဆိုပြီး ပြန်ဖွဲ့ဖို့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက စီစဉ်ခဲ့ပေမယ့် ၁၉၈ဝ ကျမှ ဖွဲ့နိုင်ခဲ့ပါတယ်။ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အစိုးရ သြဇာခံ အနုပညာအစည်းရုံးတွေ တည်ထောင်ရာမှာ စာပေက နောက်ဆုံးမှ ဖွဲ့နိုင်တာလည်း ဖြစ်ပါတယ်။

စာပေလုပ်သား ပထမဆုံး ဥက္ကဋ္ဌ အဖြစ် မန်းတင်က တာဝန်ယူခဲ့ပါတယ်။ စာရေးဆရာအသင်းနဲ့မတူဘဲ အသင်းခေါင်းဆောင်မှုကို အစိုးရက အများကြီး စွက်ဖက်တာ တွေ့ရပါတယ်။

အမှုဆောင်အများစုဟာလည်း အစိုးရဝန်ထမ်းတွေနဲ့ အစိုးရနဲ့ အဆင်ပြေသူတွေ များကြပါတယ်။

ဓာတ်ပုံ မူပိုင် Ye Hein Aung
Image caption လမ်းစဉ်ပါတီခေတ်မှာ စာပေစိစစ်ရေး ပြန်စ

၁၉၈၈ အရေးအခင်းအပြီးမှာတော့ ပျက်သွားတဲ့ စာပေလုပ်သားနေရာမှာ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို အစားထိုးခဲ့ပါတယ်။ အသင်းရဲ့ ပထမဆုံး ဥက္ကဋ္ဌကတော့ ခင်မောင်အေး မန္တလေး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မောင်ဆုရှင်၊ ကိုဆောင်း ၊ တက္ကသိုလ်တင်ခ၊ လယ်တွင်းသားစောချစ် စတဲ့သူတွေ တာဝန်ယူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MWA

ဒီအသင်းလက်ထက်မှာတော့ စာပေလုပ်သားခေတ်ကလောက်တောင် ပြင်ပစာရေးဆရာ ပါဝင်မှု မရှိဘဲ စစ်အစိုးရနဲ့ နီးစပ်သူတွေသာ အများစု ပါဝင်တာ တွေ့ရပါတယ်။ ခေတ်ပြိုင် ထင်ရှားတဲ့ စာရေးဆရာတွေ ပါဝင်မှုလည်း အလွန်နည်းပါတယ်။ နိုင်ငံအဆင့် စာပေဆုတွေမှာလည်း အသင်းဝင် စာရေးဆရာတချို့ အကြိမ်များစွာ ရနေပေမယ့် ပြင်ပစာပေနယ်မှာ လူသိမများတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

စာပေကန့်တော့ပွဲတွေမှာတော့ ၁၉၅ဝ ကျော်က သုံးယောက်လောက်သာ အကန်တော့ခံခဲ့တဲ့ နေရာမှာ ၁၉၈ဝ ကျော်မှာ ၁ဝ ယောက်၊ ၁၉၉၆ ကစပြီး အယောက် ၆ဝ ကျော်နဲ့ တနိုင်ငံလုံးအဆင့် ကန်တော့ခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ်မှာ အသက် ၈ဝ ကျော် စာရေးဆရာ ၂ဝဝ နီးပါးထိ အကန်တော့ခံခဲ့ပါတယ်။

အကန်တော့ခံ ရွေးချယ်ရာမှာ စာအနည်းငယ်သာ ရေးဖူးသူ၊ သတင်းထောက်မျှ လုပ်ဖူးသူတွေကို ထည့်သွင်းကန်တော့တာ တွေ့ရပြီး တချိန်က ညစ်ညမ်းစာအုပ်ရေးသူတွေတောင် အကန်တော့ခံ စာရင်းထဲ ထည့်တယ်လို့ ဝေဖန်ခံရပါတယ်။

စာရေးဆရာအဖြစ် ထင်ရှားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုကိုတော့ သူကွယ်လွန်တဲ့အထိ ထည့်သွင်းကန်တော့တာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Thierry FALISE/Gamma-Rapho
Image caption စာပေဆုပေးပွဲတခုမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်

၂ဝ၁၂ နောက်ပိုင်း မြန်မာနိုင်ငံ တံခါးဖွင့်လာပြီးနောက် စာရေးဆရာအသင်းအဖြစ် ပြန်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ စာရေးဆရာ သမဂ္ဂ၊ မြန်စာပြန့် စတဲ့ ခေတ်ဟောင်းက အဖွဲ့တွေလည်း ပြန်ပေါ်လာပါတယ်။

စာရေးဆရာအသင်းမှာ အရင်အစိုးရခေတ်နဲ့ နီးစပ်သူတွေ ဆက်ပါနေတယ်ဆိုပြီး ဝေဖန်နေကြချိန်မှာပဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ထည့်သွင်းကန်တော့တာ ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်လိုပဲ ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ရွှေမန်း စတဲ့ အရင် နဝတခေတ် စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေး မှတ်တမ်းတွေ ထွက်ပေါ်လာချိန်မှာ ဒီလို စာရေးဆရာအဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့တာပါ။

စာပေစိစစ်ရေးမရှိတဲ့နောက် နိုင်ငံရေး အလွှာစုံက အမြင်တွေ လွတ်လပ်စွာ ထုတ်ဝေလာချိန်မှာ ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ရဲ့ အနှစ် ၂ဝ၊ ၅ဝ က အတွေ့အကြုံတွေကို ရှင်းရင်း သူတို့လုပ်ရပ်တွေကို ခုခံတာများတယ်လို့ စာပေ သမားတွေက ဝေဖန်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ၂ဝဝ၇ သံဃာ့အရေးအခင်းက ကဗျာဆရာ အောင်ဝေး

၁၉၄ဝ က စခဲ့တယ် ဆိုတဲ့ မြန်မာပြည် စာရေးဆရာများ အသင်းကတော့ အရင်လို အရှိန်အဝါကြီးတဲ့ စာရေးဆရာအသင်းမျိုး ပြန်ဖြစ်မလား၊ စာပေလောကသားတွေအတွက် အကျိုးရှိအောင် အားထုတ်တဲ့ အဖွဲ့မျိုး ပေါ်လာမလား ဆိုတာကတော့ ပြောရခက်နေပါတယ်။

၁၉၆၂ ၊ ၁၉၈၈ နောက်ပိုင်းတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လို့ ဖမ်းဆီးခံရသူ၊ တောခိုသွားသူ စာရေးဆရာတွေ အများအပြား ရှိခဲ့ပြီး အဲဒီသူတွေ ပြန်လာနိုင်ရေးနဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး စတာတွေကိုလည်း လက်ရှိ စာပေအသင်းတွေက တောင်းဆို အကြံပြုတာတွေ မတွေ့ရပါဘူး။

၁၉၆၂ စာပေညီလာခံမှာ စဉ်းစားခဲ့ကြသလို လူမျိုးစု တွေရဲ့ စာပေကဏ္ဍကို ပိုပြီး အသိအမှတ်ပြုဖို့ကလည်း မြန်မာစာပေမှာ အကြွေးတင်ကျန်ရစ်နေပါတယ်။