ပါမောက္ခ ဗိုလ်မှူးချုပ်မောင်မောင်၊ မြန်မာ့တပ်မတော်ကို ပုံဖော်သူ

burma ဓာတ်ပုံ မူပိုင် Fairfax Media Archives
Image caption သြစတြေးလျက ဂေါက်သီးစက်ရုံမှာ လေ့လာနေတဲ့ သမ္မတ ဦးနေဝင်းနဲ့ သံအမတ်ကြီး ဦးမောင်မောင်

ကွယ်လွန်သူ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ စာအုပ်တွေ မြန်မာဘာသာပြန်ဆိုပြီး ထွက်လာပါတယ်။ တကယ်က ဒီစာအုပ်တွေကို အင်္ဂလိပ်စာ လက်နှိပ်စက်မူပွားတွေ အဖြစ် လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဖတ်ခဲ့ကြတာပါ။

ဗိုလ်မှူးချုပ်မောင်မောင်ဟာ အရင်ကလည်း အင်္ဂလိပ်ဘာသာနဲ့ မြန်မာသမိုင်း စာနှစ်အုပ်ကို ဦးမောင်မောင် နာမည်နဲ့ ပြည်ပမှာ ထုတ်ဝေခဲ့ပါတယ်။ လမ်းစဉ်ပါတီ နောက်ဆုံးသမ္မတဟောင်း ဒေါက်တာမောင်မောင်နဲ့ သူ့ကို မှားလေ့ရှိကြပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင် ကိုယ်တိုင်လည်း သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ သံအမတ်ဘဝနဲ့ အာရှယဉ်ကျေးမှု ဘာသာရပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူခဲ့သူ ဖြစ်ပါတယ်။ သူ့အစ်မရင်းကတော့ မြန်မာအမျိုးသမီးထဲက ပထမဆုံး ပါရဂူဘွဲ့ရတဲ့ ဒေါက်တာ သင်းကြည် ဖြစ်ပါတယ်။

Image caption ငယ်နုစဉ်က ဗိုလ်မောင်မောင်

မြေအောက်သူပုန်

ဆေးကျောင်းသားဘဝမှာ သမဂ္ဂအဖွဲ့ဝင်အဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါခဲ့တဲ့ ကိုမောင်မောင်ဟာ မြေအောက်သူပုန်အဖွဲ့မှာလည်း ပါခဲ့ပြီး ဦးကျော်ငြိမ်း၊ ဗိုလ်မှူးချုပ်အောင်ကြီး စတဲ့သူတွေနဲ့ ရင်းနှီးပါတယ်။

သူ့နိုင်ငံရေးလှုပ်ရှားမှုကြောင့် သူ့ဖခင် ကြေးတိုင်ဝန် ဦးကြိုးကို ဗြိတိသျှအစိုးရက အရေးယူဖို့ထိ စဉ်းစားခဲ့တယ်လို့ ဦးချမ်းသာရဲ့ ကျွန်တော်အိုင်စီအက် စာအုပ်မှာ ဖော်ပြပါတယ်။

စစ်အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာပြီးနောက် သူနဲ့ ဗိုလ်အောင်ကြီးတို့ ပူးပေါင်းပြီး သူတို့ရှေ့က ရဲဘော်သုံးကျိပ်အုပ်စုကို ဆန့်ကျင်တာတွေ ရှိလာတယ်လို့ တချို့စာအုပ်တွေက ရေးပါတယ်။

စစ်အပြီးမှာတော့ ဆိုရှယ်လစ်ပါတီကို ဦးဆောင်တည်ထောင်သူတွေထဲမှာ ဗိုလ်မောင်မောင်ပါဝင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်နေဝင်း အစပိုင်းမှာ တာဝန်ယူခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် တပ်မတော်ထဲမှာ ဗြိတိသျှတပ်ကလာတဲ့ အရာရှိတွေကို ဖယ်ထုတ်ပြီးနောက် ဆိုရှယ်လစ်အုပ်စုတွေ ပိုနေရာရလာပါတယ်။

Image caption ဗိုလ်ချုပ်အောင်ကြီးနဲ့ ဗိုလ်ချုပ်မောင်မောင်တို့အုပ်စု

ဒီထဲမှာ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့က အထင်ရှားဆုံး ဖြစ်ပြီး ဗိုလ်အောင်ရွှေ၊ ဗိုလ်တင်ဖေ၊ ဗိုလ်ကြည်ဝင်းစသူတွေလည်း ပါပါတယ်။

ဆိုရှယ်လစ်ပါတီ အစည်းအဝေးကို ဒဂုံရိပ်သာထဲက တောင်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်မှူးကြီး အောင်ရွှေအိမ်မှာ လုပ်တဲ့အခါတွေ ရှိခဲ့တာပါ။

တပ်မတော်တိုးချဲ့သူ

ဗိုလ်အောင်ကြီးနဲ့အတူ စစ်ရုံးမှာ အလုပ်လုပ်ရတဲ့ ဗိုလ်မောင်မောင်ဟာ တပ်မတော်ကို ပုံစံတကျဖြစ်အောင် ပြုပြင်တည်ဆောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံရေးသိပ္ပံပါမောက္ခ မေရီကယ်လဟန်က ရန်သူမွေးခြင်း၊ မြန်မာပြည်က စစ်နဲ့နိုင်ငံတည်ဆောက်ခြင်း စာအုပ်မှာ ရေးပါတယ်။

ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ ဦးနုတို့ လူချင်းနီးစပ်တာ အကြောင်းပြုပြီး တပ်ရန်ပုံငွေတိုးချဲ့တာနဲ့ ဝါဒဖြန့်ချိရေးအတွက် တိုးချဲ့တာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းစစ်နဲ့ တရုတ်ဖြူ ကျူးကျော်မှုတွေကြားက ရှင်သန်ကျန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပုံစံကျ စစ်တပ်တခုဖြစ်အောင် ပြည်ပသွားရောက်လေ့လာတာတွေ လုပ်ပြီး ဗိုလ်မောင်မောင်တို့တတွေ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Defence Services Academy - စစ်တက္ကသိုလ်
Image caption ဗိုလ်မှူးချုပ်မောင်မောင် အစတည်ခဲ့တဲ့ စစ်တက္ကသိုလ်

ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ လက်ရာထဲမှာ အထင်ရှားဆုံးကတော့ ဗထူးနဲ့ မေမြို့မှာ ဖွင့်ခဲ့တဲ့ စစ်တက္ကသိုလ်တွေ ဖြစ်ပါတယ်။

ဒီတက္ကသိုလ်တွေကနေ စစ်အရာရှိတွေကို လေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်မောင်မောင်ကိုယ်တိုင် ရန်ကုန်တက္ကသိုလ်ရဲ့ စစ်ပညာပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကို လူတွေအမှတ်မိဆုံး ကိစ္စကတော့ ၁၉၅၈ အာဏာသိမ်းမှုမှာ ပါဝင်ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Bert Hardy
Image caption ဘာသာရေးကိုင်းရှိုင်းတဲ့ ဦးနု

ဝင်ဒါမီယာအာဏာသိမ်းပွဲ

ဖဆပလ အစိုးရမှာ အဓိက ကြီးစိုးကြတဲ့ ဦးနုနဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း ခေါင်းဆောင်သုံးယောက်မှာ ပါတီလက်ကိုင်မရှိတဲ့ ဦးနုနဲ့ ကျန်တဲ့သူတွေ ကွဲကြတဲ့အခါမှာ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နဲ့ တပါတီတည်း လက်တွဲလာတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တချို့က အာဏာသိမ်းဖို့ ကြံတာကနေ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာတာပါ။

ဦးဗဆွေနဲ့ မယားညီအစ်ကိုတော်တဲ့ ဗိုလ်မှူးကြီးကြည်ဝင်းနဲ့ ဗိုလ်မှူးချုပ်အောင်ရွှေတို့ လူစုက မန္တလေးကနေ အာဏာသိမ်းဖို့ ကြံတာကို ရန်ကုန်စစ်ရုံးက ကြိုးစားတားဆီးရာကနေ လက် ဦးမှုယူပြီး အာဏာသိမ်းဖို့ ဖြစ်သွားတာလို့လည်း ရေးကြပါတယ်။

စစ်ရုံးနဲ့ နယ်က တပ်မင်းတွေ အာဏာပြိုင်တာကို ဒီအာဏာသိမ်းပွဲမှာ တွေ့ရပြီး အိမ်စောင့် အစိုးရလက်ထက်မှာ နယ်တပ်တွေကို အာဏာလျှော့ချတာ၊ စစ်တိုင်းတွေ တိုးချဲ့တာတွေ လုပ်ခဲ့ပါတယ်။

နောက်ဆုံး အာဏာသိမ်းဖို့ စကြံခဲ့တဲ့ ဗိုလ်အောင်ရွှေတို့ကို ၁၉၆၁ မှာ တပ်ကနေ အနားယူစေပြီး ပြည်ပကို သံအမတ်အဖြစ် စေလွှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မောင်မောင်ရဲ့အစ်ကိုဝမ်းကွဲ ဦးအုန်း (ညာစွန်)

၁၉၅၈ အာဏာသိမ်းမှုမှာ အဓိက ညှိနှိုင်းစေ့စပ်ရသူတွေက ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်နဲ့ ဗိုလ်တင်ဖေတို့ ဖြစ်ပြီး ဦးနုဘက်က သူ့အကြံပေးအရာရှိ ဦးအုန်းက အဓိက တာဝန်ယူပါတယ်။

ဦးအုန်းဟာ ဗိုလ်မောင်မောင်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့နဲ့ တက္ကသိုလ်သပိတ်မှာ ပါခဲ့သူ ဖြစ်ပါတယ်။

Image caption ဝန်ကြီးချုပ်အာဏာလွှဲစာ

ဒီအာဏာသိမ်းပွဲမှာ ဦးနုဘက်က အာဏာလွှဲပေးပေမယ့် ပါလီမန် ဆက်ထားရမယ်၊ ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲရမယ်လို့ ကတိခံခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မောင်မောင်ကို စိတ်ဆိုးတယ်လို့လည်း သိရပါတယ်။

ဒီအချိန်က အာရှ အာဖရိက နိုင်ငံတွေမှာ အရပ်သားအစိုးရတွေကို ဖြုတ်ချပြီး စစ်အစိုးရတွေ တက်နေချိန်ပါ။

ဓာတ်ပုံ မူပိုင် Keystone
Image caption စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြ

အိမ်စောင့်ခေတ်

သက်တမ်း တနှစ်ခွဲမရှိတဲ့ ဒီအစိုးရဟာ မြန်မာ့နိုင်ငံရေးမှာ သက်ရောက်မှု ခုထိ ရှိတာ တွေ့ရပါတယ်။

တပ်မတော် အရာရှိတွေ အစိုးရရုံးတွေမှာ ဝင်ပြီးလုပ်ကိုင်တာ၊ မြို့သစ်တွေ တိုးချဲ့ပြီး ရန်ကုန်မြို့ထဲက ကွက်သစ်တွေကို ဖျက်တာ၊ သူပုန်တွေ စိမ့်ဝင်တာ တားဆီးဖို့ မှတ်ပုံတင်စနစ် စတာ၊ မြို့ရွာ သန့်ရှင်းရေးနဲ့ စီးပွားရေး ကောင်းအောင် လုပ်တာ၊ အတိုက်အခံနဲ့ သတင်းစာတွေကို နှိပ်ကွပ်တာ၊ အစိုးရသြဇာခံ ကြံ့ခိုင်ရေးအဖွဲ့ဖွဲ့တာတွေကို နောက်တက်တဲ့ စစ်အစိုးရတွေ လက်ထက်မှာလည်း ပြန်တွေ့ရပါတယ်။

အိမ်စောင့်အစိုးရမှာ ဝန်ကြီးချုပ် ဗိုလ်နေဝင်းနဲ့ ဗိုလ်တင်ဖေ ဝန်ကြီးအဖြစ် တာဝန်ယူတာကလွဲလို့ အရပ်သား အရာရှိဟောင်းတွေကိုပဲ ဝန်ကြီးအဖြစ် ထားပါတယ်။ တကယ်တမ်း နောက်က အစိုးရကို တာဝန်ယူသူတွေ ကတော့ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့လို စစ်အရာရှိတွေ ဖြစ်ပါတယ်။

Image caption အရပ်သားအရာရှိဟောင်းတွေနဲ့ ဖွဲ့တဲ့အိမ်စောင့်အစိုးရ

ဒီခေတ်မှာပဲ ပျူစောထီးနဲ့ တခြား ဖဆပလခေတ်မှာ ဖွဲ့ခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ ခါးပိုက်ဆောင်တပ်တွေကိုလည်း ဖျက်သိမ်းပါတယ်။

ဒီအတွက် ၁၉၆၂ အာဏာသိမ်းချိန်မှာ နိုင်ငံရေးသမားတွေလက်မှာ တပ်လက်ကိုင်မရှိတော့ဘဲ အဖမ်းခံကြရတာပါ။

၁၉၆ဝ ရွေးကောက်ပွဲမှာ တပ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့အဖွဲ့ မနိုင်တော့ အာဏာပြန်လွှဲမပေးဖို့ ကြံစည်တဲ့ တပ်အရာရှိတွေကို ရွေးကောက်ပွဲ ဘက်လိုက်မှုနဲ့ အနားပေးခံရပါတယ်။

ဒီအချိန်မှာပဲ ဗိုလ်မောင်မောင်ကိုလည်း စီအိုင်အေနဲ့ ထောက်လှမ်းရေး သင်တန်းပေးလို့ ဆိုပြီး တပ်ကနားပြီး သံအမတ်အဖြစ် ပြည်ပသွားစေပါတယ်။

စီအိုင်အေနဲ့ ပူးပေါင်းပြီး တပ်ကို ထိန်းဖို့ ကြိုးစားမှာကို ဗိုလ်ချုပ်ကြီးနေဝင်း စိုးရိမ်တာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်နေဝင်းကို အနားပေးဖို့ ဦးနုအစိုးရက ဗိုလ်စား ရှာနေချိန် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Cornell University
Image caption စစ်တပ်အာဏာတည်ထောင်ပုံကို သုံးသပ်တဲ့ စာအုပ်

တကယ်က ဒုတိယကမ္ဘာစစ် အပြီးမှာ တပ်ကထွက်ပြီး ဗိုလ်မောင်မောင် ဆေးကျောင်းပြန်တက်မယ်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို တားတယ် ဆိုပါတယ်။

၁၉၅ဝ ကျော်မှာ ကရင်လက်နက်ကိုင်တွေ နှစ်ချီ ပြန်ပေးအဆွဲခံရတဲ့ဘဝက သူပြန်လွတ်လာတော့လည်း တပ်က ထွက်ဖို့ ကြံခဲ့ပေမယ့် အားလုံးက ဝိုင်းဖျက်လို့ မထွက်ဖြစ်ခဲ့တာပါ။

နောက်ဆုံးမှ သူ့ကို တခြားအကြောင်းနဲ့ တပ်က အနားပေးလိုက်တာပါ။

Image caption ဗိုလ်မှူးချုပ်မောင်မောင်လက်ရာ စာအုပ်

သမိုင်းဆရာ

ပြည်ပမှာ နေရင်း မြန်မာသမိုင်းကို ပြန်လေ့လာတဲ့ ဗိုလ်မောင်မောင်ဟာ အငြိမ်းစားယူပြီးနောက် စာအုပ်တွေ ရေးပါတယ်။

အရင်က ပြည်ပမှာ တချို့ကို ရိုက်နှိပ်ခဲ့ပေမယ့် အခုအခါ ပြည်တွင်းမှာ ဘာသာပြန်ထုတ်ဝေနိုင်ပြီ ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ၁၉၆ဝ က အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့တာကိုတော့ ကျောင်းသားတွေရဲ့ ပညာရည်မှတ်တမ်း ပုံစံဆန်တယ်လို့ ဝေဖန်ခံရပါတယ်။

Image caption အိမ်စောင့်အစိုးရဆောင်ရွက်ချက် နှစ်ချုပ်စာအုပ်

ဗိုလ်မောင်မောင်ရဲ့ စာအုပ်တွေမှာတော့ သူနဲ့နိုင်ငံရေး အယူအဆမတူတဲ့ ကွန်မြူနစ်တွေကို တိုက်ခိုက်တာနဲ့ ဆိုရှယ်လစ်ပါတီကို ကာကွယ်တာ၊ သူ့ကို ထုတ်ပယ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝေဖန်တာတွေ များတယ်လို့ ဆိုကြပါတယ်။

၁၉၅၈ က အာဏာသိမ်းမှုကို အကောင်းဆုံး နိုင်ငံရေး ရခြေအဖြစ် သူတို့ဆောင်ရွက်ခဲ့တယ် ဆိုရင်တော့ နောက်ထပ်အာဏာသိမ်းမှုတွေကို တွေ့ရတဲ့အခါတိုင်း ဗိုလ်မောင်မောင် ဘယ်လို တွေးတောမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။

သေချာတာကတော့ ၁၉၅၈ က အာဏာသိမ်းဖို့ ကြံခဲ့သူတွေ နိုင်ငံရေးလောကထဲကို ၁၉၈၈ မှာ ပြန်ဝင်လာကြပေမယ့် ဗိုလ်မောင်မောင်ကတော့ ကွယ်လွန်သည်အထိ စာတွေရေးပြီး နေသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone Features
Image caption ရန်ကုန်မြို့စွန်ကို လူတွေအပို့ခံရ

သာကေတ၊ ဥက္ကလာပနဲ့ နောက်ပေါ်ခဲ့တဲ့ မြို့သစ်တွေ ကိုလည်း ဗိုလ်မောင်မောင် အနားယူပြီး မြန်မာပြည် ပြန်ရောက်တဲ့အခါ ရောက်ဖြစ်မှာပါ။

၁၉၅၈ အာဏာသိမ်း အစိုးရကို စီမံခန့်ခွဲမှု ကောင်းတယ်ဆိုပြီး ပြည်ပ ပညာရှင်တချို့က ချီးကျူးကြပေမယ့် ဗိုလ်မောင်မောင်ကတော့ ၁၉၆၂ အာဏာသိမ်းတာကို လက်ခံပုံ မပေါ်ပါဘူး။

သူ ပြည်ပမှာ နေပြီး နိုင်ငံကို ပြန်လာတော့ ဆိုရှယ်လစ်ကွန်မြူနစ် ပဋိစသမုပ္ပါဒ်လည်ပြီး နိုင်ငံဆင်းရဲသွားတယ်လို့ ပြောကြောင်း ဆိုစမှတ် ရှိခဲ့ပါတယ်။

၁၉၅၈ အာဏာသိမ်းမှုကို ဗိုလ်အောင်ကြီးရဲ့ စီးပွားရေး ဖြေလျှော့၊ နိုင်ငံရေးတင်းကျပ်တဲ့မူလို့ ပညာရှင်တွေက ရှုမြင်ပြီး ၁၉၆၃ နောက်ပိုင်း စစ်အစိုးရရဲ့ မူတွေကိုတော့ နိုင်ငံရေး စီးပွားရေး တင်းကျပ်တဲ့ ဆိုရှယ်လစ် အပြင်းစား ဗိုလ်တင်ဖေအုပ်စုရဲ့ မူလို့ ယူဆကြပါတယ်။