ဘာကြောင့် ယားယံတာလဲ၊ ယားရင်ကုတ်သင့်လား

ယားပေမယ့် လက်လှမ်းမမီတော့ ကုတ်ရခက် ဓာတ်ပုံ မူပိုင် Getty Images
Image caption ယားပေမယ့် လက်လှမ်းမမီတော့ ကုတ်ရခက်

လူတွေဟာ ယားရင် ကုတ်မိချင်ကြတာ ထုံးစံပါပဲ၊ ဆေးပညာအရ စူးစမ်းလေ့လာတဲ့အခါ ဒီလိုယားယံတာရဲ့ နောက်ကွယ်မှာ လူ့ ဦးနှောက်က အံသြစရာကောင်းလောက်အောင် ထူးထူးခြားခြားပါဝင်နေတာကို တွေ့ခဲ့ကြရပါတယ်။

လူ့အရေပြားမှာ ယားတာနဲ့ပတ်သက်လို့ သိလာရတဲ့ အချက်တွေ

၁။ တနေ့ကို ပျမ်းမျှ ၉၇ ကြိမ် လောက် ကုတ်ကြပါသတဲ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption မကုတ်ရ မနေနိုင်လို့ လူကြားထဲတောင်မရှောင် ကုတ်မိကြတဲ့ နေရာ ၁၈ နေရာ

လေ့လာမှုတွေအရ လူတွေဟာ တနေ့ကို အကြိမ် ၁၀၀ လောက် ကုတ်လေ့ရှိကြပါတယ်။

အခုတောင် ဒီစာဖတ်ပြီး တနေရာရာမှာ ယားလာပြီမဟုတ်လား။ ကုတ်လိုက်ပါ မရှက်ပါနဲ့။

၂။ တိရစ္ဆာန်တွေ အပင်တွေနဲ့ ထိမိလို့ ယားတာက သူတို့ဆီကထွက်တဲ့ အဆိပ်တွေ အရေပြားမှာ ကျန်ခဲ့လို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရေကူးနေရင်း ရေခူနဲ့ ထိမိရင် ယားတတ်ပါတယ်။

တိရစ္ဆာန်တွေ အပင်တွေက ထွက်တဲ့ အဆိပ်တွေနဲ့ ထိမိတဲ့အခါ လူ့ရဲ့ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့ အနေနဲ့ ဟစ်စ်တမိန်းဆိုတဲ့ ဓါတ်တမျိုး ထုတ်လွှတ်ပါတယ်။

အဲဒီ ဟစ်စ်တမိန်းက နာဗ်အာရုံကြောတွေကို ဒီနေရာမှာ ယားနေပြီဆိုတာ ဦးနှောက်က သိလာအောင် သတိပေးပို့ စေတာဖြစ်ပါတယ်။

၃။ ယားတာကို သိစေတဲ့ အာရုံကြောကွန်ရက် သတ်သတ်ရှိ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခေါင်းယားတယ်အမေရေ

အရင်တုံးကတော့ ယားတာနဲ့ နာကျင်တာ နှစ်ခုစလုံးကို အာရုံကြောတခုထဲကပဲ ဦးနှောက်ကို သတင်းပို့တာလို့ ယူဆထားခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာကျမှ ယားတာကို ဦးနှောက်ကသိအောင် သတင်းပို့တဲ့ အထူးအာရုံကြောကွန်ရက်တွေရှိတယ်ဆိုတာကို လေ့လာတွေ့ရှိ ခဲ့ကြ ပါတယ်။

၄။ ဒါပေမယ့် ယားတာကို ဦးနှောက်က သိအောင် သတင်းပေးပို့တာက သိပ်နှေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူတွေပဲ ယားတတ်တာမဟုတ်ပါဘူး။

လူ့အာရုံကြောတွေရဲ့ သတင်းပေးပို့တဲ့ နှုန်းက တခုနဲ့ တခု မတူကြပါဘူး။

ထိတယ်ဆိုတဲ့ ခံစားမှုကို ဦးနှောက်ကသိအောင် အာရုံကြောက တနာရီကို မိုင် ၂၀၀ နှုန်းနဲ့ သတင်းပေးပို့ပါတယ်။

ပူနေတဲ့ အိုးကို မတော်တဆကိုင်မိတာမျိုး နာကျင်မှုကိုတော့ တနာရီ မိုင် ၈၀ လောက်နဲ့ ပို့ပါတယ်။

ယားတာကို သတင်းပို့တာက တနာရီ ၂ မိုင်နှုန်းလောက်ပဲရှိပါတယ်။ ဆိုလိုတာက ထိတာ နာတာတွေကို အရင်သိပြီး ယားတာကို အသိနောက်ကျတယ်လို့ ဆိုလိုတာပါပဲ။

၅။ ယားတာဟာ သန်းတာမျိုးလို တဦးလုပ်ရင် နောက်တဦးက လိုက်လုပ်တတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခွေတွေမှာ မကုတ်နိုင်အောင် ကော်လာတတ်ထားသလို လူမှာလည်း ကော်လာတတ်ထား

သိပ္ပံပညာရှင်တွေက ကြွက်တွေကိုလေ့လာရာမှာ တကောင်ကုတ်ရင် ကျန်တဲ့ ကြွက်တွေ လိုက်ကုတ်တတ်တာကို တွေ့ရှိခဲ့ကြပါတယ်။

၆။ ဒီလို တယောက် ကုတ်ရင် နောက်တယောက်မှာပါ ကုတ်ချင်စိတ်ဖြစ်ရတာကလူ့ ဦးနှောက်မှာ ရှိတဲ့ ဆူပရာခိုင်ရာစမတစ် နျူးကလီးယပ်စ်လို့ခေါ် အစိတ်အပိုင်းလေးကြောင့်ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တယောက်ယားလို့ကုတ်ရင် နောက်တယောက် ကုတ်ချင်စိတ်ပေါက်တာ ဘာကြောင့်ပါလိမ့် ခေါင်းကုတ်စဉ်းစားနေတဲ့ဆရာဝန်

တယောက်ကုတ်ရင် နောက်တယောက် ကုတ်တာဟာ ဦးနှောက်မှာ ရှိတဲ့ ဆူပရာခိုင်ရာစမတစ် နျူးကလီးယပ်စ်ကြောင့်လို့သိကြပေမယ့် သူများကုတ်တာကို မြင်တာနဲ့ လိုက်ကုတ်ချင်စိတ်ပေါ်အောင် အဲဒီအစိတ်အပိုင်း ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေ လောလောဆယ် စူးစမ်းနေကြဆဲဖြစ်ပါတယ်။

၇။ကုတ်တာဟာ လူ့ကို ယားယံစေတဲ့ ပစ္စည်းတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယားတာက ကုတ်ပြီးရင်း ကုတ်ချင်ရင်း

ယားတာကို ကုတ်လို့ တော်တော်နဲ့ မပျောက်ပေမယ့် ကုတ်လိုက်ခြင်းအားဖြင့် ကိုယ့်ကို ဒုက္ခပေးနေတဲ့ အင်းဆက်ပိုးမွှားလေးတွေ နဲ့ ယားယံစေတဲ့ အပင်တွေ အရွက်တွေကို ဖယ်ရှားလိုက်သလို ဖြစ်ပါတယ်။

ဒါ့အပြင် သွေးကြောတွေကိုလည်းပိုကျယ်စေတာကြောင့် သွေးလည်ပတ်မှုများပြီး သွေးထဲမှာပါတဲ့ သွေးဖြူဥတွေနဲ့ သွေးကြည်ရည်တွေက ကိုယ်ခန္ဓာထဲကိုဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို မြန်မြန်ဖယ်ရှားပေးပါတယ်။

ဒါကြောင့် ယားတဲ့နေရာမှာ အရေပြားနီလာပြီး အဖုအပိန့်တွေထွက်လာတာဖြစ်ပါတယ်။

၈။ ကုတ်နေရရင် ဇိမ်ကျတာဟာ ဦးနှောက်ကနေ ဆီရိုတိုနင်ဆိုတဲ့ ဓါတ်တမျိုးထွက်လာလို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သစ်ပင်နဲ့ ကျောပွတ်ပြီး အယားဖျောက် ဇိမ်တွေ့နေတဲ့ ဝက်ဝံလေး

ဆီရိုတိုနင်ဆိုတာ နျူရိုထရမ်စမစ်တာလို့ခေါ်တဲ့ ဦးနှောက်တွင်း နာဗ်ဆဲတခုနဲ့တခုကြား သတင်းပေးပို့ တဲ့ ဓါတုပစ္စည်းတမျိုးဖြစ်ပြီး လူကို ကြည်နူးပျော်ရွင်မှု ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကိုယ်ခန္ဓာမှာ ဆီရိုတိုနင်ပိုထွက်လာလေလေ ပိုပြီး ပျော်ရွင်ကြည်နူးလေ ဖြစ်ပါတယ်။ ဒီလိုစိတ်ကျေနပ်စရာ ခံစားချက်ကြောင့် ကုတ်မိရင် မရပ်ချင်ကြတာဖြစ်ပါတယ်။

၉။ ယားရင် ကုတ်လို့ အကောင်းဆုံးနေရာက ဘယ်နေရာလဲ သိကြလား၊ ကုတ်ရင်းစဉ်းစားကြည့်ကြပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အား ကုတ်လို့ ကောင်းလိုက်တာ

သိပြီလား၊

၂၀၁၂ ခုနှစ်ထုတ် ဗြိတိန် အရေပြားရောဂါဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖေါ်ပြတဲ့ လေ့လာမှုတခုအရ ခြေကျင်းဝတ် ဟာ ယားရင်ကုတ်လို့ အကောင်းဆုံးနေရာလို့ ဆိုပါတယ်။

ခြေကျင်းဝတ်ဟာ အယားတတ်ဆုံးနေရာဖြစ်ပြီး ကုတ်လို့ရှိရင်လည်း ဇိမ်အရှိဆုံးနေရာဖြစ်လို့ ကုတ်မိရင် မရပ်ဘဲ အကြာဆုံးကုတ်ကြတဲ့ နေရာဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

ကဲ ဟုတ်မဟုတ် အခုပဲ ခြေကျင်းဝတ်လေးကို ကုတ်ပြီး စမ်းကြည့်ကြပါလား။

၁၀။ယားလေကုတ်လေ ကုတ်လေ ယားလေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖုန်းပြောရင်း ကုတ်လို့ကောင်းတိုင်းကုတ်မနေနဲ့၊

ကုတ်လေ ယားလေ၊ ယားလေကုတ်လေ၊ ဒီသံသရာကြီးက ရုန်းထွက်ဖို့ကြိုးစားပါ။

ကုတ်လေ အရေပြားကနေ စောစောက ပြောခဲ့တဲ့ ဟစ်စ်တမိန်းတွေ ပိုထွက်လေ၊ ဦးနှောက်ကို ယားနေပြီဆိုတဲ့ သတင်းတွေပိုပို့လေ၊ ပို ယားလေ ပိုကုတ်လေနဲ့ သံသရာလည်လို့ မဆုံးတော့ပါဘူး။

ကုတ်တာများရင် အရေပြားတွေပွန်းပဲ့ ရာက ပိုးဝင်ပြီး ယောင်ယမ်းလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

၁၁။ယားလို့ကုတ်၊ ကုတ်လို့ယားသံသရာကြောင့် အထူးသဖြင့် eczema နှင်းခူနာနဲ့ psoriasis လို အရေပြားရောဂါရှိသူတွေမှာ ပိုဒုက္ခရောက်စေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တချို့ အရေပြားရောဂါရှိနေသူတွေမှာ ကုတ်တာကြောင့် ဝေဒနာကို ပိုဆိုးစေပါတယ်။

အယားပြေပျောက်အောင် အန်တီ ဟစ်စ်တမိန်း လို့ ခေါ်တဲ့ ဆေးတွေကို ဆရာဝန်တွေက ညွှန်းလေ့ရှိကြပါတယ်။ ဒီဆေးဟာ ယားစေတဲ့ ဟစ်စ်တမိန်းကို ချေဖျက်ပေးတာကြောင့် ဒီဆေး လိမ်းတာ သောက်တာဟာ ယားယံတာကို သက်သာစေနိုင်ပါတယ်။

၁၂။ ရေရှည် ယားယံတာဟာ နာတာရှည် ကိုက်ခဲနာကျင်တာမျိုးလိုပဲ လူကို ထိခိုက်စေနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယားတာကြာရှည်လာရင် လူကို အားအင်ကုန်ခမ်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

မရပ်မနား ယားတာ ကြာရှည်လာတဲ့ လူတွေမှာ နာတာရှည် ရောဂါခံစားနေရတဲ့ လူနာတွေလို အားအင် ကုန်ခမ်း စိတ်ပင်ပန်း လူပင်ပန်းနဲ့ စိတ်ဓါတ်ကျတာတွေ ခံစားရနိုင်တာကို ဆေးသိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အာခိုက် ဒါမက်တိုလော်ဂျီ အရေးပြားရောဂါဆိုင်ရာဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ လေ့လာမှုတခုမှာ သီတင်းပတ်နဲ့ချီ ဒါမှမဟုတ် လချီ နှစ်ချီ ယားတာကို ခံစားနေရသူတွေဟာ နာတာရှည် နာကျင်ကိုက်ခဲမှုကို ခံစားနေရသူတွေလိုပဲ စိတ်ရောကိုယ်ပါ ထိခိုက်တာကို တွေ့ရှိခဲ့ကြပါတယ်။

တကယ်တန်းဆိုရင် ရေရှည်ယားယံတာဟာ အရေပြားမှာဖြစ်တဲ့ နာကျင်တဲ့ ဝေဒနာတခုပဲဖြစ်တယ်လို့ လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဆက်မပြတ်ယားယံတာမျိုးဟာ အသည်းရောဂါနဲ့ လင်ဖိုးမားလို့ ခေါ်တဲ့ ကင်ဆာရောဂါမျိုးတို့နဲ့လည်း ဆက်စပ်နေတာကြောင့်ယားတာ တာရှည်လာရင် လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်တွေနဲ့ ပြသဖို့ လိုပါတယ်။

ဆက်စပ် အကြောင်းအရာများ