အလင်္ကာပုလဲပန်း၊ အက္ခရာ ၃၃ လုံးမှာ ၁၉ လုံးသာ ဗမာရင်းမြစ်ရှိ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာမူလတန်းကျောင်းမှာ စာသင်ယူနေတဲ့ ကလေးငယ်တွေ

ဗမာ အက္ခရာ ၃၃ လုံးအနက် ဗမာစာ၊ ဗမာစကားစစ်စစ်အတွက် အနက်ရှိတဲ့အက္ခရာက ၁၉ လုံးပဲရှိပါတယ်။ ကျန်တဲ့စာလုံးတွေက ပါဠိသက်စာလုံးတွေအတွက် ဒါမှမဟုတ် ဗမာစကားကို အသံထွက်အတိုင်းရေးဖို့အတွက်ပဲ သုံးပါတယ်။

တနည်းအားဖြင့်၊ အပြန်အလှန်အားဖြင့်ပြောရရင် အဲဒီ ၁၉ လုံးနဲ့ပြောတဲ့စကားလုံးကသာ ဗမာစကားစစ်စစ်ဖြစ်ပါတယ်။ ကျန်တဲ့ ၁၄ လုံးမှာ မူလအနက်တည်ရင် အဲဒါဗမာစကားမဟုတ်ပါဘူး။ ပါဠိဒါမှမဟုတ် ဘန်းစကား ဒါမှမဟုတ် တခြားနိုင်ငံခြားဘာသာစကားတခုခုကနေ ဆင်းသက်မွေးစားထားတဲ့ စကားလုံးမျိုး ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ဗမာစကားကို မူလရင်းမြစ်အတိုင်း မဟုတ်ဘဲ အသံထွက်တဲ့အတိုင်းလိုက်ပြီး ရေးထားတာသာ ဖြစ်ပါလိမ့်မယ်။

ဗမာစကားစစ်စစ်အတွက် အနက်ရှိတဲ့ အက္ခရာ ၁၉ လုံးကဘာတွေပါလဲ။

ကကြီးနဲ့စတဲ့ အက္ခရာငါးလုံး၊ စလုံးနဲ့စတဲ့ အက္ခရာငါးလုံး၊ တဝမ်းပူနဲ့စတဲ့ အက္ခရာငါးလုံး၊ ပစောက်နဲ့စတဲ့ အက္ခရာငါးလုံးတို့ရှိတဲ့အနက်မှာ ပထမအက္ခရာ၊ ဒုတိယအက္ခရာနဲ့နောက်ဆုံးပဉ္စမအက္ခရာတို့ကသာ ဗမာစကားအနက်ရှိတဲ့ စာလုံးတွေ ဖြစ်ပါတယ်။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာတို့မှာ အနက်မရှိပါဘူး။ ဒီတော့ က၊ခ၊င၊စ၊ဆ၊ည၊တ၊ထ၊န၊ပ၊ဖ၊မ ဆိုတဲ့ ၁၂ လုံးမှာသာ အနက်ရှိပြီး တတိယနဲ့ စတုတ္ထ အက္ခရာတွေဖြစ်ကြတဲ့ ဂ၊ဃ၊ဇ၊စျ၊ဒ၊ဓ၊ဗ၊ဘ တို့မှာ အနက်မရှိပါဘူး။ အဲဒီစာလုံးတွေဟာ ပါဠိအတွက်သာသုံးပါတယ်။ ဒါမှမဟုတ် ဗမာဝေါဟာရရဲ့ အသံထွက်ကို အစွဲပြုပြီးရေးတဲ့အခါမျိုးမှာသာသုံးပါတယ်။ ဋနဲ့စတဲ့ ငါးလုံးတန်းတတန်းလုံးဟာ ဗမာစကားအနက်မရှိတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ အဲဒီအတန်းတတန်းလုံးဟာ ပါဠိအတွက်ပဲ သုံးပါတယ်။ ယ၊ရ၊လ၊ဝ၊သ ၅ လုံးစလုံးက ဗမာစကားအတွက် သုံးပါတယ်။ စောစောက ၁၂ လုံးနဲ့ အခု ၅ လုံးပေါင်းရင် ၁၇ လုံးရှိပါပြီ။ ဟ၊ဠ၊အ သုံးလုံးအနက်မှာ ဠကြီးဟာလည်း ပါဠိအတွက်ပဲ သုံးပါတယ်။ ဒါ့ကြောင့် ဗမာအနက်ရှိတဲ့ ဗမာအက္ခရာစစ်စစ်က ၁၉ လုံးပဲရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

အီလီနွိုင်းတက္ကသိုလ်အငြိမ်းစား မြန်မာစာပါမောက္ခ ဆရာကြီးဦးစောထွန်းက

"ဒီအချက်ကို မြန်မာစာပညာရှင်တွေအားလုံး လက်ခံပြီးသားဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကျွမ်းကျင်ဆုံး မြန်မာပညာရှင်တွေကတော့ ပထမံဆရာကြီး ဦးဖိုးစိန်လို့လည်းခေါ်ပြီး ဝဇီရဗုဒ္ဓိဦးဖိုးစိန်လို့လည်းခေါ်တဲ့သူက ပထမ တယောက်ပါ။ တော်တော်လေးစားစရာကောင်းတဲ့ ဆရာကြီးပါ။ နောက်ပိုင်းမှာ အဲဒီဝါဒကို ပိုပြီးတော့ စွဲကိုင်ထားတဲ့၊ ဖြန့်လည်းဖြန့်တဲ့၊ တကယ်လည်း နားလည်တဲ့ပုဂ္ဂိုလ် ကတော့ မြန်မာစာအဖွဲ့က ဒေါက်တာထွန်းတင့်ပေါ့ဗျာ" လို့ဆိုပါတယ်။

ယေဘုယျအားဖြင့်ပြောရရင် အဲဒီ ၁၉ လုံးမှာ အနက်ရှိတဲ့စာလုံးတွေကသာ ဗမာစကားစစ်စစ်ဖြစ်ပါတယ်။ ကျန်တဲ့စာလုံးတွေမှာ အနက်ရှိရင် ဗမာစကားမဟုတ်ပါဘူး။

ဒီတော့ ဂေါ်၊ ဂေါက်၊ ဂျင်၊ ဇွဲ၊ ဒူး၊ ဒေါက်၊ ဘွဲ့ စတဲ့စကားလုံးတွေဟာ ဗမာစကားလုံး မဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ အဲဒါတွေကတော့ ဗမာစကားပါ။

ဆရာကြီးဦးစောထွန်းက ရှင်းပြထားပါတယ်။

"ဂေါ်ပြားဆိုတာက ဗမာစကားစစ်စစ်ပါ။ ဒီဂေါ်ရဲ့ မူလအရင်းအမြစ်ဟာ ဂငယ်မှာ မရှိပါဘူး။ သူ့ရဲ့မူလအရင်းမြစ်က ဘာလဲ ဆိုတော့ ကော်ပါ။ ကော်တဲ့ပစ္စည်းမို့ သူ့ကို ဂေါ်လို့ခေါ်တယ်။ ဗမာစကားမှာ ကြိယာကို သံပြင်းရွတ်လိုက်ရင် နာမ်ဖြစ်သွားတတ်ပါတယ်။ ကော်ကိုသံပြင်းနဲ့ရွတ်ပြီး ဂေါ်ဆိုတဲ့နာမ်ဖြစ်လာတာပါ။ ဂေါ်ကို သူ့မူလရင်းမြစ်အတိုင်းသာ ရေးမယ်ဆိုရင် ကော်လို့ရေးမှ မှန်မှာပါ။ အခုဟာက ထွက်တဲ့အသံထွက်အတိုင်း လိုက်ပြီး ဂေါ်လို့ရေးထားတာပါ။"

ဂေါက်ဆိုတာကလည်း ကောက်နေတဲ့ပစ္စည်းမို့ ဂေါက်လို့ခေါ်တာပါ။ သူ့မူလရင်းမြစ်က ကောက်မှာပဲရှိတယ်လို့ ဆရာကြီးဦးစောထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ကလေးတွေကစားတဲ့ ဂျင်ဆိုတာလည်း ကျင်ဆိုတဲ့စကားကနေ ဆင်းသက်ပါတယ်။

"ဂျင်ရဲ့မူလက ဘာလဲဆိုတော့ ကျင်ပဲဗျ။ ကျင်ဆိုတာ လည်တာပတ်တာပါပဲ။ ကျင်လည်ဆိုတဲ့စကားလုံးကိုကြည့်ရင် ကျင်တာနဲ့လည်တာနဲ့ အတူတူပဲဆိုတာ ပေါ်လွင်ပါတယ်။"

လို့ ဆရာကြီးဦးစောထွန်းက ရှင်းပြပါတယ်။

ကလေးတွေကစားရာမှာသုံးတဲ့ ဂေါင်မှန်ရင် အကုန်ယူဆိုတဲ့ ဂေါင်ဟာလည်း မူလဇာစ်မြစ်က ခေါင်ဖြစ်ပါတယ်။ ထိပ်ဆုံးကိုပြောတာပါ။ အိမ်ခေါင်မိုးကိုခေါ်တဲ့ခေါင်ဖြစ်ပါတယ်။

အခုခေတ်မှာ မကြာခဏကြားရလေ့ရှိတဲ့ စကားလုံးတလုံးဖြစ်တဲ့ ကိုယ်ကြိုက်တာကို ခေါင်းခေါက်ရွေးနိုင်တယ်ဆိုတဲ့စကားကလည်း ရွေ့လျားလာတာပါ။ သူ့မူရင်းက

"ခေါင်းခေါက်ရွေးတာ မဟုတ်ပါဘူး။ ဂေါင်ကောက်ရွေးတာပါ။ သူ့ရင်းမြစ်ကို ပြောရင် ခေါင်ကောက်ရွေးတာပါ။ အခေါင်အဖျားမှာရှိတာ၊ အကောင်းဆုံးကို ကောက်ရွေးတာကို ခေါင်ကောက်တယ်လို့ ပြောတာပါ။ အသံထွက်နဲ့ဆိုရင် ဂေါင်ကောက်ရွေးတယ်လို့ ပြောပါတယ်။"လို့ ဆရာကြီးဦးစောထွန်းက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဇွဲဆိုတဲ့ စကားလုံးကလည်း သူ့မူရင်း ရင်းမြစ်က စွဲကနေ လာပါတယ်။ စွဲစွဲမြဲမြဲရှိတာကို ဇွဲလို့ ခေါ်တာဖြစ်ပါတယ်။ ဇောင်းဆိုရင်လည်းပဲ စောင်းတာကို ဇောင်းလို့ခေါ်တာဖြစ်ပါတယ်။ ဇောက်ဆိုရင်လည်း စောက်ကနေ လာပါတယ်။ မတ်စောက်နေတာကို ဇောက်လို့ခေါ်တာဖြစ်ပါတယ်။ စောက်မှန်းကမ်းမှန်းမသိ ဆိုတဲ့စကားမှာ စောက်ဟာ ဆဲရေးတိုင်းထွာတဲ့ စကားမဟုတ်ပါဘူး။ ဇောက်မှန်း ကမ်းမှန်းမသိဘူးလို့ ပြောချင်တာပါ။ အတိမ်အနက်ကို နားမလည်ဘူး၊ အကောင်းအဆိုးကို ခွဲခြားမသိဘူးလို့ ပြောချင်တာဖြစ်ပါတယ်။

သီချင်း၊ ကဗျာတွေထဲမှာပါတဲ့ ဘွဲ့ဆိုတာလည်း ဖွဲ့ထားတာကို ပြောတာဖြစ်ပါတယ်။ တက္ကသိုလ်ကပေးတဲ့ဘွဲ့တို့ ဘွဲ့ထူးဂုဏ်ထူးမှာပါတဲ့ ဘွဲ့ကလည်း ဖွဲ့ကိုပြောတာဖြစ်ပါတယ်။ ဖွဲ့ချည်တာကို ဘွဲ့ချည်တယ်လို့ ပြောပါတယ်။ အဲဒီကနေ ဘွဲ့ဆိုတဲ့ စကားလုံးဖြစ်လာတာပါ။

ဂဃနဏ လို့အခုရေးနေကြတဲ့စကားလုံးဟာလည်း ဂငယ်နဲ့ဃကြီး၊ နငယ်နဲ့ ဏကြီး ခွဲခြားသိရမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ကျကျနနသိရမယ်ဆိုတဲ့ အဓိပ္ပာယ်သာ ဖြစ်တဲ့အတွက် ဂဂနနသာ ဖြစ်သင့်တယ်လို့ ဆရာကြီးဦးစောထွန်း၊ ဆရာမောင်သာနိုးတို့က ဆိုသလို ဆရာကြီး ဒေါက်တာဦးထွန်းတင့်ကလည်း အဲဒီအချက်ကို သဘောတူပါတယ်။

ဆရာကြီးဦးထွန်းတင့်ကတော့ သူ့ရဲ့ မူလရင်းမြစ်ဟာ ကကနန ဖြစ်ပြီး ကျကျနနနဲ့ အဓိပ္ပာယ်အတူတူပဲလို့ ဆိုပါတယ်။

ဒါဆိုရင် သတ်ပုံစာအုပ်မှာ ကကနန သို့မဟုတ် ဂဂနန လို့မပြဋ္ဌာန်းဘဲ ဘာ့ကြောင့် ဂဃနဏ လို့ ပြဋ္ဌာန်းထားတာလဲလို့ ဆရာကြီးဦးထွန်းတင့်ကို မေးရာမှာတော့ အများအသုံး တွင်ကျယ်တာကို လိုက်လျောပြီး ပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

သတ်ပုံစာအုပ်မှာ ပြဋ္ဌာန်းထားတာ အားလုံးဟာ မူလရင်းမြစ်အမှန်တွေလို့ ဆိုလိုတာ မဟုတ်ဘဲ အများအသုံးညီဖို့အတွက် စံတခုသတ်မှတ်ပြဋ္ဌာန်းပေးတာသာ ဖြစ်တယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ