ဦးနုခေတ်က စွယ်စုံကျမ်း ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ ပြန်ထုတ်မယ်

burma ဓာတ်ပုံ မူပိုင် Phyo Aung Kyaw
Image caption စွယ်စုံကျမ်း ထုတ်စဉ်က ကြော်ငြာပုံ

လွန်ခဲ့တဲ့ အနှစ် ၆ဝ ကျော်က ထုတ်ခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်းကို ၂၅ တွဲနဲ့ ပြန်လည်တည်းဖြတ်ထုတ်ဝေဖို့ ပြင်နေပြီး ပထမဆုံးအတွဲကို ၂ဝ၁၉ ဖေဖော်ဝါရီမှာ ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့ မြန်မာအစိုးရ သတင်းစာတွေက ဖော်ပြပါတယ်။

နဂိုမူလ မြန်မာ့စွယ်စုံကျမ်းတွေကို ၁၅ တွဲနဲ့ ၁၉၅၄ ကနေ ၁၉၇၆ အတွင်း စာပေဗိမာန်ကနေ ထုတ်ခဲ့တာပါ။

ဦးနု ဝန်ကြီးချုပ် ဖြစ်ချိန်မှာ စတင်ထုတ်ဝေခဲ့တဲ့ ဒီကျမ်းတွေကို ဂျပန်ခေတ်ကတည်းက ထုတ်ဖို့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာဘမော် အစိုးရက ဖွဲ့ပေးတဲ့ ပြင်သစ် အကယ်ဒမီအသင်းပုံစံ ပညာတံခွန်အသင်းကနေ အဘိဓာန်နဲ့ စွယ်စုံကျမ်းတွေ ထုတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption သူကြီးဂေဇက် ဦးခင်မောင်

ကွမ်းခြံကုန်းကစ

စစ်မဖြစ်ခင်က သူကြီးဂေဇက် စာစောင်ကို ထုတ်ဝေခဲ့တဲ့ ပြန်ကြားရေး ဌာန ညွှန်ကြားရေးဝန် သူကြီးဂေဇက် ဦးခင်မောင် က တာဝန်ယူပြီး ပညာစွယ်စုံကျမ်းပြုဖို့ ပြင်ဆင်ခဲ့တာပါ။

တက်တိုး၊ မယ်ခကွေး စတဲ့ စာရေးဆရာတွေလည်း ဦးခင်မောင်ရဲ့ စွယ်စုံကျမ်းပြုအဖွဲ့မှာ အမှုထမ်းခဲ့ကြပါတယ်။ ကွမ်းခြံကုန်းမြို့မှာ အခြေစိုက်ခဲ့တာပါ။

ဒါပေမဲ့ စစ်အတွင်း ကာလဖြစ်လို့ သေချာ အကောင်အထည် မဖော်ခဲ့ရဘဲ စစ်ဘေးကြောင့် ပျောက်ပျက်ကုန်ပါတယ်။

နောက် စစ်အပြီး ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးအပြီးမှာ အစိုးရဖွဲ့ခဲ့တဲ့ သခင်နုက မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ထူထောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီအသင်းဟာ စာပေဗိမာန်အဖြစ် ထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Sarpay Beikman
Image caption ပြည်လမ်းက စာပေဗိမာန်အဆောက်အအုံ

ဒီအသင်းကို စစ်မဖြစ်ခင်က သူနဲ့ သခင်စိုး စသူတွေ တည်ထောင် ခဲ့တဲ့ နဂါးနီစာအုပ်အသင်းရဲ့ နောက်ဆက်တွဲ ဘာသာပြန် စာအုပ်တွေ ထုတ်တဲ့ အသင်းလို့ ယူဆကြပါတယ်။

ဒါပေမဲ့ ဘာသာပြန်စာပေအသင်းကတော့ နိုင်ငံရေး ဘာသာပြန်တွေထက် သိပ္ပံနဲ့ ပညာပေးစာအုပ်တွေ ဘာသာပြန်တာ များခဲ့သလို စွယ်စုံကျမ်းကိုလည်း နိုင်ငံခြားကနေ ဘာသာပြန် ထုတ်ဖို့ စဉ်းစားခဲ့ပါတယ်။

၁၉၄၈ မှာ စွယ်စုံကျမ်း စထုတ်ဖို့ စဉ်းစားတော့ ပြည်ပစွယ်စုံကျမ်းတစောင်ကို ပြန်ဆိုဖို့ စဉ်းစားတယ်၊ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ မပြန်တော့ဘဲ ကိုယ်တိုင် ရေးဖို့ ၁၉၄၉ မှာ ဆုံးဖြတ်ခဲ့တယ်လို့ ၁၉၅၄ မှာ စတင်ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ ကျမ်းဦးစကားမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် ullstein bild
Image caption ဘာသာပြန်စာပေအသင်း ဥက္ကဋ္ဌ ဦးနု

ဥက္ကဋ္ဌ ဦးနု ကမကထပြုပြီး ရေးသားခဲ့တဲ့ ဒီစွယ်စုံကျမ်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုတဲ့ စာပေဗိမာန်ရဲ့ ဆောင်ပုဒ်အတိုင်း လူထုပညာပေးရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

သိပ္ပံ ဝိဇ္ဇာပညာတွေကို နိုင်ငံသားတိုင်း ထမင်းစားရေသောက် ကျွမ်းကျင်အောင် ပညာပေးချင်တဲ့ စွယ်စုံကျမ်းပြုအဖွဲ့ရဲ့ ဆန္ဒဟာ လွတ်လပ်စ နိုင်ငံတိုင်းမှာ ကြုံရတဲ့ အသိပညာ နောက်ကျမှု တိုက်ဖျက်ရေးကို ပေါ်လွင်စေပါတယ်။

အထူးသဖြင့် ဗြိတိသျှ လက်အောက်မှာနေခဲ့ရချိန် ကတည်းက လက်ဝဲဝါဒတွေ ပြန့်ပွားရေးနဲ့ လိင်သဘာဝ သိနားလည်ရေးတွေ အထူးကြိုးပမ်းခဲ့တဲ့ ဦးနု ဟာ လူထုကို ဖိုးသုညဘဝကနေ ဖိုးရာဇာဘဝ ရောက်ဖို့ အထူး လိုလားကြောင်း စွယ်စုံကျမ်းအမှာစကားမှာ ရေးသားခဲ့တာပါ။

လွတ်လပ်စ မြန်မာနိုင်ငံမှာ ဝါဒရောင်စုံနဲ့ ပုန်ကန်မှုတွေ၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ထကြွတာ ကြုံရပြီးနောက် နိုင်ငံ တည်ငြိမ်ရေးနဲ့အတူ လူထု ပညာတိုးမြင့်ရေးကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

နိုင်ငံရေး အသိပညာနဲ့အတူ ဘက်စုံပညာရပ်တွေမှာ တီးမိခေါက်မိတဲ့ လူထုဟာ ခေတ်ပညာရပ်တွေမှာ နောက်ကျပြီး ရှေးရိုးဆန်တဲ့လူထုထက် ပိုပြီး ရင့်ကျက်မယ်၊ နိုင်ငံရေး အတိုက်အခံတွေ လှုံ့ဆော်တိုင်း မပါနိုင်ဘူးလို့ ဦးနု ယူဆဟန် တူပါတယ်။

ဒါကြောင့် လူတိုင်း အနည်းဆုံး လူလတ်တန်းစားနဲ့ စာဖတ်နိုင်သူတွေ လက်လှမ်းမီနိုင်အောင် မြန်မာဘာသာနဲ့ စွယ်စုံကျမ်း ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။

လူထုပညာရေး စီမံကိန်း၊ ဘဝသစ်ပညာရေး စီမံကိန်း စတဲ့ စာပေဗိမာန်အပြင် တခြား ပညာပေး လုပ်ငန်းတွေလည်း ဦးနုလက်အောက်မှာ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် မြန်မာ့စွယ်စုံကျမ်း
Image caption ဘာသာပြန်စာပေအသင်း အုပ်ချုပ်ရေးကောင်စီ

စွယ်စုံကျမ်းပြုအဖွဲ့မှာ ဦးနုရဲ့ လက်ရင်းလူယုံပညာတတ်တွေ အဓိကပါဝင်ပါတယ်။

ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးသန့်စတဲ့ ပုဂ္ဂိုလ်တွေဟာ ဦးနုနဲ့ စစ်မဖြစ်ခင်ခေတ်ကတည်းက သိကျွမ်းခင်မင်လာခဲ့သူတွေ ဖြစ်ကြပြီး နိုင်ငံရေးမှာ တိုက်ရိုက်မပါဝင်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။

နောက်ပြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာ ထင်အောင် စသူတွေက ရန်ကုန်တက္ကသိုလ်မှာ ပညာရှင်တွေအဖြစ် သင်ကြား ပို့ချနေကြသူတွေ ဖြစ်ပါတယ်။

ဦးသန့်ကတော့ ဦးနုလက်အောက်မှာ လူရင်းအဖြစ် လွတ်လပ်ရေး မရခင်ကတည်းကနေ ကုလသမဂ္ဂကို သံအမတ်အဖြစ် ပို့ချိန်ထိ ထမ်းရွက်ခဲ့ပါတယ်။

ဦးဘ၊ ဦးချို၊ ဦးကောင်း၊ ဦးမျိုးမင်း (နွယ်စိုး) စတဲ့ ပုဂ္ဂိုလ်များကလည်း ဦးနုလက်အောက်မှာ ပညာမင်းကြီး၊ သမိုင်းကော်မရှင် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် အတွင်းဝန် စသဖြင့် လုပ်ကိုင်ခဲ့ကြဖူးပါတယ်။

ဒီပုဂ္ဂိုလ်ကြီးတွေအောက်မှာ လူငယ် ပညာတတ်တွေကို စာပေဗိမာန် စာတည်းတွေ အဖြစ် ခန့်ထားပြီး ဦးနုရဲ့ မြို့မကျောင်းကတည်းက မိတ်ဆွေ ဦးစံထွားက အုပ်ချုပ်မှု အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက် ပါတယ်။

Image caption စွယ်စုံကျော်ထင်ကျမ်း နာမည်ကို ယူ

စွယ်စုံကျမ်းဆိုတဲ့ အမည်

မြန်မာစာပေမှာ ကုန်းဘောင်ခေတ်က ထင်ရှားခဲ့တဲ့ ကြည့်ကန်ရှင်ကြီးရဲ့ အမေးပုစ္ဆာတွေတွေကို ကျီးသဲလေးထပ်ဆရာတော် ဖြေဆိုတဲ့ စွယ်စုံကျော်ထင်ကျမ်း နာမည်ကို ယူပြီး စွယ်စုံကျမ်းလို့ ပေးတယ်လို့ ကျမ်း အတွဲ ၄ မှာ ပါတဲ့ စွယ်စုံကျမ်း အကြောင်းရပ်မှာ ဖော်ပြပါတယ်။

အင်္ဂလိပ်လို အင်စိုင်ကလိုပီးဒီးယား ဆိုတဲ့ ကျမ်းတွေမှာ ပညာရပ်စုံ ကျွမ်းကျင်နားလည်အောင် အားထုတ်သလို ပညာကို စွယ်စုံ ဘက်စုံအောင် တတ်မြောက်စေလိုတဲ့ အဓိပ္ပာယ်ကို ယူပြီး စွယ်စုံကျမ်း အမည်ကို ပေးခဲ့တာပါ။

မုံရွေးဆရာတော်ရဲ့ သမန္တစက္ခုဒီပနီကျမ်း၊ ဦးခြိမ့်ရဲ့ ကဝိလက္ခဏဒီပနီကျမ်း၊ စစ်ကဲကြီး ဦးရွှေနော်ရဲ့ အာဒိကပ္ပကမ္ဘာဦးကျမ်း၊ ဝန်ထောက်ဦးကျော်ထွန်းရဲ့ ပကိဏ္ဏကဒီပနီကျမ်း စတဲ့ စွယ်စုံကျမ်းသဘော သက်ဝင်တဲ့ အစောပိုင်း မြန်မာကျမ်းတွေကို ကုန်းဘောင်ခေတ်နဲ့ ဗြိတိသျှခေတ်တွေမှာ တွေ့ခဲ့ရသလို အနောက်နိုင်ငံ စွယ်စုံကျမ်းတွေကို ကုန်းဘောင်ခေတ်ကတည်းက မက္ခရာမင်းသားလို ပုဂ္ဂိုလ်တွေက ပြန်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ ကမ္ဘာ့နိုင်ငံစုံမှာလည်း ခေတ်ဟောင်း ခေတ်သစ် စွယ်စုံကျမ်း ပုံစံ ဗဟုသုတကျမ်းတွေ ရှိခဲ့ပါတယ်။

မြန်မာ့စွယ်စုံကျမ်းကိုတော့ ဗြိတိသျှ စွယ်စုံကျမ်းလို အနောက်နိုင်ငံပုံစံကျမ်းတွေကို မှီငြမ်းပြုပြီး မြန်မာအကြောင်းရပ်တွေ ထည့်သွင်း ပြုစုခဲ့တာပါ။

အစက ၁၄ တွဲနဲ့ အပြီးသတ်ဖို့ ရည်မှန်းပေမယ့် ၁၅ တွဲကျမှ မြန်မာ့စွယ်စုံကျမ်း ပြည့်စုံသွားခဲ့ပါတယ်။

အစောပိုင်း ငါးတွဲကို ဗြိတိန်မှာ ရိုက်နှိပ်ခဲ့ပေမယ့် အတွဲခြောက်ကစပြီး ရန်ကုန်မှာ ပုံနှိပ်ပါတယ်။

ဘယ်လိုပဲ ဂရုစိုက်ပေမယ့် မြန်မာပြည်မှာ ပထမဆုံး စတင်ရေးသားတဲ့ ခေတ်မီစွယ်စုံကျမ်းဖြစ်လို့ အမှားမကင်းနိုင်ပါဘူး။

ဒါကြောင့် ၁၉၇ဝ ကျော်က မြန်မာ့ စွယ်စုံကျမ်း အတွဲတချို့ ပြန်လည်ထုတ်ဝေမှုတွေမှာ အမှားပြင်ဆင်ချက် ဖြည့်စွက်ချက်တွေ ရှိတာ တွေ့ရပါတယ်။

ဗြိတိသျှ စွယ်စုံကျမ်းနဲ့ နိုင်ငံတကာစွယ်စုံကျမ်းတွေမှာလည်း ပြန်ထုတ်တိုင်း ပြင်ဆင်ဖြည့်စွက်တာတွေ ရှိပါတယ်။

Image caption စွယ်စုံကျမ်းနှစ်ချုပ်အဖြစ် ဆက်ပြီးထုတ်နေဆဲ

ဒါကြောင့် ၂၂ နှစ်ကြာမြင့်တဲ့ စွယ်စုံကျမ်းအတွဲတွေ ထုတ်ပြီးနောက် ၁၉၇၈ က စပြီး စွယ်စုံကျမ်းနှစ်ချုပ်တွေကို နှစ်စဉ်ထုတ်ဝေနေသလို စွယ်စုံကျမ်းအတွဲတွေကို တည်းဖြတ်ထုတ်ဝေဖို့လည်း ၂ဝ၁ဝ ကျော်ကတည်းက ထွန်းဖောင်ဒေးရှင်း စတဲ့ ပုဂ္ဂိုလ်တွေက စဉ်းစားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ အစိုးရက ပြန်တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အနှစ် ၅ဝ ကျော်မှ အကုန်ပြင်ဆင်ထုတ်မှာ ဖြစ်လို့ အခက်အခဲပိုများသလို ဘာသာပြန်ဆိုသူနဲ့ စာမူရေးသားပေးနိုင်သူ၊ တည်းဖြတ်ပေးမယ့်သူ အခက်အခဲတွေလည်း ရှိပါတယ်။

မူလစွယ်စုံကျမ်းပြုရာမှာ ပါခဲ့တဲ့ ဦးကောင်းရဲ့သား စာကြည့်တိုက်ပညာရှင် ဦးသော်ကောင်းက အယ်ဒီတာ အဖြစ် ကြီးမှူးပြီး မြန်မာစာပါမောက္ခဟောင်း ဦးခင်အေးက ဝိဇ္ဇာပိုင်းနဲ့ ပါမောက္ခဒေါက်တာတင်လှိုင်က သိပ္ပံပိုင်း တာဝန်ယူထားတယ်လို့ ဆိုပါတယ်။

စွယ်စုံကျမ်းကို ရေးသူများ

မူလထုတ်ဝေစဉ်က ပညာရှင်တွေ နာမည်ခံ ရေးသားခဲ့တဲ့ အကြောင်းရပ်တွေကို နဂိုအတိုင်း ပြန်လည်ထည့်သွင်းပြီး ပြင်ဆင်ဖြည့်စွက်စရာရှိရင် အောက်ခြေမှတ်စုအဖြစ်ပဲ ထားမယ်လို့ ကျမ်းပြုတဲ့ အဖွဲ့မှာပါတဲ့ စာကြည့်တိုက်မှူး ဦးသန်းအုန်းက ဆိုပါတယ်။

ဒီလို အမည်ခံရေးတဲ့ အကြောင်းရပ် ၂၄ဝ ခန့်ရှိပြီး လူပုဂ္ဂိုလ် ၇ဝ ခန့်က ပါဝင်ရေးသားတာ ဖြစ်ပါတယ်။

ပထမအကြိမ်ထုတ်ဝေခဲ့တုန်းက နာမည်ခံပြီး အများဆုံးရေးသူက ဦးကြီးဖေ ဖြစ်ပါတယ်။ ပထမကျော် ဘွဲ့ရ ဦးကြီးဖေဟာ ဗုဒ္ဓဘာသာဆိုင်ရာနဲ့ မြန်မာမှု အကြောင်းရပ်တွေကို အဓိကရေးသားခဲ့ပြီး ၄၇ ပုဒ် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် JBRS
Image caption ပထမ မြန်မာ ပါမောက္ခ ဦးဖေမောင်တင်

သူ့နောက်မှာတော့ သမိုင်းပညာရှင် ဦးဘရှင်၊ ပါဠိဆရာဉာဏ်၊ ဒဂုန်ဦးထွန်းမြင့်၊ ပါမောက္ခ ဦးဖေမောင်တင်၊ သန်လျင်ဦးမြဦး၊ အငြိမ်းစား အင်ဂျင်နီယာ အရေးပိုင် ဦးအုန်းကြိုင်၊ သီရိပျံချီ ဦးသာမြတ်၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးဂုဏ်ဘဏ်၊ ဆရာဆိုင်စတဲ့ ပညာရှင်စုံက ရေးသားချီးမြှင့်ကြပါတယ်။

အမျိုးသမီးထဲက ဒေါ်ခင်ခင်စုနဲ့ ဒေါက်တာဒေါ်ဖေ့တို့ အမည်ခံရေးသားကြပါတယ်။

ဗြိတိသျှ စွယ်စုံကျမ်းမှာ ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘေစတဲ့ မြန်မာပညာရှင်တွေက မြန်မာပြည်အကြောင်းရပ်တွေ ဝင်ပြီး ရေးပေးကြသလိုမျိုး ဖြစ်ပါတယ်။

စွယ်စုံကျမ်း နဲ့ အငြင်းထွက်စရာ

စွယ်စုံကျမ်း ပြန်ထုတ်မယ့်အချိန်မှာ လူစိတ်အဝင်စားဆုံးက ရိုဟင်ဂျာ အကြောင်း ပါမလား ဆိုတာ ဖြစ်ပါတယ်။

၁၉၆၄ က ထုတ်တဲ့ အတွဲ ၉ မှာ ပါတဲ့ မေယုနယ်ခြားခရိုင် အကြောင်းမှာ ရိုဟင်ဂျာ လူမျိုးလို့ ရေးထားတာ ပါလို့ ဖြစ်ပါတယ်။

အဲဒီအချိန်က ဒီလောက် လူပြောများခဲ့ပုံ မပေါ်ဘဲ လတ်တလောမှ ပြန်စိတ်ဝင်စားလာကြတာပါ။

စွယ်စုံကျမ်း အတွဲ ၈ နဲ့ အတွဲ ၉ တွေမှာ ပါတဲ့ ဘူးသီးတောင်မြို့နဲ့ မောင်းတောမြို့ အကြောင်းတွေ မှာတော့ မွတ်စလင်များ၊ အစ္စလမ် အယူဝါဒီများလို့ပဲ သုံးနှုန်းပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စွယ်စုံကျမ်းသစ် ရိုဟင်ဂျာကြောင်း ပါမလား

အသစ်ပြန်ထုတ်မယ့် အတွဲတွေမှာတော့ ရိုဟင်ဂျာ နာမည်ကို မသုံးဘူးလို့ ဆိုပါတယ်။

အဲဒီအချိန်က သုံးခဲ့တာကလည်း သက်ဆိုင်ရာ နိုင်ငံရေးအစိုးရတွေရဲ့ လွှမ်းမိုးမှုလို့ မြန်မာသမိုင်းအဖွဲ့က ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

အစိုးရတွေ လိုချင်တဲ့ နိုင်ငံရေးအခြေအနေတွေ ပုံဖော်ရာမှာ အမှားအယွင်းတွေ ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

စွယ်စုံကျမ်းထုတ်တဲ့အချိန်က လူပြောအများဆုံး အကြောင်းအရာတွေက ကျန်စစ်သား သမီးတော် ရွှေအိမ်သည် ခေါ် ရွှေအိမ်စည် အကြောင်းနဲ့ မြန်မာလူမျိုး ဖြစ်ပေါ်ပုံအစအကြောင်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Zawgyi Library
Image caption စွယ်စုံကျမ်းမှာ ဦးသိန်းဟန်အမည်နဲ့ ရေးသားခဲ့တဲ့ ဆရာဇော်ဂျီ

စွယ်စုံကျမ်း အတွဲ ၂ ပါ ဦးသိန်းဟန် ခေါ် ဇော်ဂျီ ရေးတဲ့ ကျန်စစ်သားအကြောင်းမှာ မြန်မာရာဇဝင်တွေမှာပါတဲ့ ကျန်စစ်သား သမီးတော် ရွှေအိမ်စည်ကို စောလူးမင်းရဲ့သားတော် စောယွန်းနဲ့ လက်ဆက်စေတယ်ဆိုတာကို ကျောက်စာ အထောက်အထားအရ မနူဟာရဲ့ မြစ်တော် နာဂသမန်းနဲ့ လက်ထပ်စေတာသာ ဖြစ်တယ်ဆိုပြီး ဒေါက်တာလုစ်ရဲ့ အယူကို ဖော်ပြခဲ့ပါတယ်။

မွန်မြန်မာချစ်ကြည်ရေးအတွက် လက်ဆက်ပြီး အလောင်းစည်သူကို ဖွားမြင်တယ်လို့ ၁၉၅ဝ ကျော်က ယူဆခဲ့ပေမယ့် ၁၉၇ဝ လောက်မှာ ဒုတိယနှိပ်ခြင်းပြန်လည်ပုံနှိပ်ရာမှာတော့ မူလ မြန်မာရာဇဝင်ပါ အချက်အလက် အတိုင်း စောယွန်းနဲ့ လက်ထပ်တယ်လို့ပဲ ပြင်ဆင်ခဲ့ပါတယ်။

နရပတိစည်သူရဲ့ သမီးတော် ရွှေအိမ်စည်နဲ့ မနူဟာရဲ့မြစ်တို့ လက်ထပ်တာကို ကျန်စစ်သားသမီးတော်လို့ မှားယွင်းဖတ်ရှုတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရွှေအိမ်စည် လင်ယူမှားတယ်ဆိုပြီး ရေးသားမှုတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JBRS
Image caption အရှေ့ဖျားသမိုင်း အထူး ပါမောက္ခ ဒေါက်တာလုစ်

နောက် ဦးဘရှင် ရေးတဲ့ စွယ်စုံကျမ်း အတွဲ ၁ဝ က မြန်မာလူမျိုး အကြောင်းရပ်မှာလည်း မြန်မာအစ တကောင်းကနဲ့ ကျောက်ဆည်က အယူအဆ နှစ်ခုမှာ ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်း အထူး ပါမောက္ခ ဒေါက်တာလုစ်ရဲ့ အမြင်တွေ တင်ပြမယ် ဆိုပြီး ကျောက်ဆည် အယူအဆကို တင်သွင်းခဲ့တဲ့အတွက် မကျေလည်တဲ့ ဦးဖိုးလတ်လို မြန်မာဘာသာ လိုက်စားသူတွေက စာတမ်းဖတ် ကန့်ကွက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ရာဇဝင်တွေမှာပါတဲ့ တကောင်းက အစ ဆိုတာဟာ မြန်မာလူမျိုးကို ပြောတာ မဟုတ်ဘဲ မြန်မာနိုင်ငံကို ပြောတာသာ ဖြစ်တယ် ဆိုပြီး ဦးဘရှင်ကရေးပါတယ်။

၁၉၈၉ နောက်ပိုင်းမှာတော့ မြန်မာဟာ နိုင်ငံကို ကိုယ်စားပြုပြီး လူမျိုးက ဗမာဖြစ်တယ်ဆိုပြီး စစ်အစိုးရက ပြင်ဆင်ခဲ့ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Sarpay Beikman
Image caption ရန်ကုန်မြို့ထဲက လက်ရှိစာပေဗိမာန်

စွယ်စုံကျမ်းမှာ ဝါဒဖြန့်သလား

ဝန်ကြီးချုပ် ကမကထနဲ့ ပေါ်ပေါက်လာတဲ့ စာပေဗိမာန်က ပြုစုတဲ့ စွယ်စုံကျမ်းဟာ သူ့စာအုပ်ထဲမှာ ဆိုတဲ့အတိုင်း အဂတိမလိုက်ဘဲ ယထာဘူတကျအောင် ဟုတ်တိုင်းမှန်ရာ တင်ပြနိုင်သလား ဆိုတာ ပြန်ဆန်းစစ် သင့်ပါတယ်။

စထုတ်တဲ့အတွဲမှာပဲ ဦးနုပုံ ရောင်စုံပုံနဲ့ထုတ်ပြီး အမှာကို အသားပေးဖော်ပြတာကအစ ပြည်တော်သာ ညီလာခံနဲ့ ဖဆပလအစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အကြောင်း အသားပေးတာတွေကို စွယ်စုံကျမ်းအတွဲတွေမှာ တွေ့ရပါတယ်။

မြန်မာလူမျိုးအကြောင်းမှာပဲ မြန်မာ့နည်းအရဖြစ်သော ဆိုရှယ်လစ်ဝါဒ အခြေခံသည့် စီးပွားရေး စံနစ်နှင့် လူနေမှု ဖွဲ့စည်းပုံတို့ကို လုပ်သားပြည်သူလူထုနှင့်တကွ ဖန်တီးတည်ဆောက်လျက် ရှိပေသည် လို့ အဆုံးသတ်မှာ ဦးဘရှင် ရေးခဲ့တာ တွေ့ရပါတယ်။

ဦးဘရှင်ဟာ တပ်မတော်မှာ ဗိုလ်မှူးကြီးထိ အမှုထမ်းခဲ့ပြီး ဇေယျကျော်ထင် ဘွဲ့ရခဲ့တဲ့ သမိုင်းပညာရှင် ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့စွယ်စုံကျမ်းဟာ အာရှမှာ ဂျပန်ပြီးရင် စွယ်စုံကျမ်းထုတ်ဝေနိုင်တဲ့ အစောပိုင်း နိုင်ငံတွေထဲမှာ ပါတယ်လို့ ဂုဏ်ယူခဲ့ရတဲ့ ကျမ်းကြီး ဖြစ်သလို ပညာရပ်ပိုင်းဆိုင်ရာ မြန်မာစာအရေးအသားမှာလည်း ခိုင်ခန့် တိုးတက်အောင် အားပေးခဲ့တဲ့ စာအုပ်ကြီး ဖြစ်ပါတယ်။

ပြည်သူတိုင်း စွယ်စုံကျမ်းကို လက်လှမ်းမီဖို့ကတော့ စာတတ်သူတိုင်း စာဖတ်ဖို့ ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကို အရင်ဖြည့်ဆည်းဖို့ လိုပါတယ်။

လူတန်းစားမရွေးဖတ်နိုင်တဲ့ အလွယ်ဖတ် စွယ်စုံကျမ်းအသေးတွေကိုလည်း ရေးသားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် မြန်မာ့စွယ်စုံကျမ်း
Image caption ဓာတ်ပုံပညာရှင်တွေရဲ့ လက်စွမ်းပြပုံတွေကို စွယ်စုံကျမ်းမှာ ဖော်ပြ