အလှူရှင်သုက်ပိုးနဲ့ သန္ဓေအောင် မွေးဖွားခဲ့တဲ့ သမီး ၁၂ နှစ်အ ရွယ်ကျမှ အမေက သုက်ပိုးလှူခဲ့သူနဲ့ ဖူးစာဆုံ

ဂျက်ဆီကာ၊ အေရွန် နဲ့ သမီးအဲလစ်
Image caption ဂျက်ဆီကာ၊ အေရွန် နဲ့ သမီးအဲလစ်
Presentational white space

ဂျက်ဆီကာ ရှယ်ယာ ဟာ မိသားစု ဘ၀ကို အစပြုဖို့အတွက် အမျိုးသားတွေ လှူဒါန်းကြတဲ့ သုက်ပိုးတွေ စုဆောင်း သိမ်းဆည်းထားရာ sperm bank သုတ်ပိုးဘဏ်ကနေ သုတ်ပိုး ဝယ်ခဲ့ပါတယ်။

သုက်ပိုး ဝယ်စဉ်တုန်းကတော့ နောင် ၁၀ နှစ်ကျော်အကြာမှာ အဲဒီသုက်ပိုး အလှူရှင်နဲ့ ဖူးစာဆုံရလိမ့်မယ်လို့ ဂျက်ဆီကာ မတွေးခဲ့မိပါဘူး။

ဂျက်ဆီကာဟာ အဲဒီအချိန်က လိင်တူချင်း စုံမက်သူတဦးဖြစ်ပါတယ်။ ဂျက်ဆီကာဟာ သူတခါမှမတွေ့ဘူးတဲ့ အလှူရှင်ရဲ့ သုက်ပိုးနဲ့ သန္ဓေအာင်ပြီး ရခဲ့တဲ့ သမီးကြီးကို ၂၀၀၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

ဒါကြောင့် သူဟာ ပထမဆုံး လိင်တူချစ်သူ မိခင်ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်က အမေရိက အရှေ့အလယ်ပိုင်းမှာ နေထိုင်တဲ့ ဂျက်ဆီကာဟာ ယောက်ျားမိန်းမ ဇနီးမောင်နှံ စုံတွဲတွေမှာ အလှူရှင်သုက်ပိုးနဲ့ သန္ဓေအောင်၊ ကလေးရကြတာတွေကို ပထမဆုံး စကြားခဲ့ပါတယ်။

ဒီသတင်းတွေ ကြားရတော့ သူနဲ့ သူရဲ့ အမျိုးသမီးချစ်သူတို့ ဒီနည်းနဲ့ မိသားစုတခုကို စကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူနဲ့ သူ့ချစ်သူ အမျိုးသမီးတို့ စတွေ့ကတည်းက ကလေးယူဖို့ စိတ်ကူးယဉ်နေခဲ့ကြတာလို့ ဂျက်ဆီကာက ပြန်ပြောခဲ့ပါတယ်။ သူတို့တွေ ကလေး ၄ ယောက်ယူဖို့ ဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် နာမည်ဘယ်လို ပေးမယ်ဆိုတာတောင် စိတ်ကူးနဲ့ ရွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီနောက် သူတို့နှစ်ယောက် သုက်ပိုး အလှူရှင်ကို ရှာကြပါတယ်။ ဒီလို ရှာရတာက အတော် ခက်ခဲတယ်လို့ ဂျက်ဆီကာက ပြောပါတယ်။

သူ့အမျိုးသမီးချစ်သူက သူရဲ့ ခဲအိုက သူအကူအညီ ပေးနိုင်တယ်လို့ ပြောခဲ့ပေမယ့် လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ဥပဒေသင်တန်းကို တက်ခဲ့ဘူးတဲ့ ဂျက်ဆီကာက ဒီအကြံကို လက်မခံခဲ့ပါဘူး။

အလှူရှင်ကို သိနေရင် တနေ့ တရားရုံးမှာ သူတို့က တရားစွဲတာတွေလုပ်လာနိုင်တယ်၊ တရားရုံးတွေကလည်း သုတ်ပိုး အလှူရှင်ကို ကလေး ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့် ပေးလေ့ ရှိတယ်လို့ ဂျက်ဆီကာက ပြောပါတယ်။

မိခင်တွေ သေဆုံးသွားရင်လည်း ကလေးတွေကို သူတို့နဲ့ မရင်းနှီးတဲ့ သုက်ပိုး အလှူရှင် အဖေတွေနဲ့ နေထိုင်ဖို့ တရားရုံးတွေက ဆုံးဖြတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ကံကောင်းလှစွာပဲ အိမ်တိုင်ယာရောက် ပို့ပေးမယ့် sperm bank သုက်ပိုးဘဏ်တခု အကြောင်း သူတို့ ရှာတွေ့ခဲ့ပါတယ်။

အဲဒီ sperm bank သုက်ပိုးဘဏ် ဟာ အမျိုးသားတွေ လှူဒါန်းကြတဲ့ သုက်ပိုးတွေ စုဆောင်း သိမ်းဆည်းပေးထားပြီး အလှူရှင်တွေကို နောင်မှာ ဥပဒေအရ ကလေးကို ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့် မတောင်းပါဘူး ဆိုတာကို အာမခံပါတယ်။

ဒါကြောင့် အဲဒီ သုက်ပိုးဘဏ်ကို သူတို့ စိတ်ဝင်စားခဲ့ကြပါတယ်။

အဲဒီအချိန်က ဂျက်ဆီကာဟာ ပါရဂူဘွဲ့အတွက် အိမ်မှာ ကျမ်းပြုနေတဲ့ အချိန်ဖြစ်ပြီး သူပထမဆုံး ကလေးယူဖို့ အတွက် အလှူရှင်ကို ဇနီးဖြစ်သူ အမျိုးသမီးနဲ့ ရွေးခဲ့ကြပါတယ်။

အရပ်နဲ့ ကိုယ်အလေးချိန် ပျမ်းမျှ ရှိပြီး စာပေ စိတ်ဝင်စားသူ၊ အားကစားကို ကြိုက်နှစ်သက်သူ၊ ဆံပင် အညိုရောင်၊ လှိုင်းတွန့်ရှိသူကို အလှူရှင်အဖြစ် ရွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အလှူရှင်က သူ့အသက်မွေးဝမ်းကျောင်း အလုပ်ကို စာရေးဆရာ၊ ဂီတသမားနဲ့ တက္ကစီ မောင်းသူတဦးလို့ ဖော်ပြထားပါတယ်။

အဲဒီတော့ ကျွန်မတို့ ကလည်း စိတ်ကူးယဉ်တာပေါ့၊ ဒီလူဟာ ရုံးအလုပ်ကို မလုပ်ချင်လို့ တက္ကစီမောင်းတာဖြစ်မယ်၊ သူ့ခရီးသည်တွေဆီက ဇာတ်လမ်းတွေ စုဆောင်းပြီး တနေ့မှာ ကြီးကျယ်တဲ့ ဝတ္ထုစာအုပ်ကြီး ရေးဖို့ ပြင်ဆင်နေတာ ဖြစ်မယ် ဆိုပြီး စိတ်မှာ တွေးနေခဲ့ကြတယ်လို့ ဂျက်ဆီကာက ပြန်ပြောခဲ့ပါတယ်။

အလှူရှင်နဲ့ ပတ်သက်လို့ သူတို့ သိရတာ ဆိုလို့ အဲဒီလူရဲ့ အခြေခံ ကျန်းမာရေး ရာဇဝင်ပဲ ဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံကိုတောင် မမြင်ဘူးခဲ့ကြပါဘူး။

ဝယ်ထားတဲ့ သုက်ပိုးကို ဘူးငယ်လေးနဲ့ ၃ ပေ အမြင့်ရှိတဲ့ နိုက်ထရိုဂျင် အရည်ဘူးထဲ ထည့်ပြီး ပို့ပေးပါတယ်။

သန္ဓေ အောင်ဖို့အတွက် သုတ်ပိုး ရောက်လာတဲ့အချိန်နဲ့ ဂျက်ဆီကာ မမျိုးဥကြွေတဲ့ အချိန် အချိန်ကိုက် ဖြစ်ရမှာပါ။

ရောက်လာတဲ့ သုက်ပိုးကို ဆေးထိုးပြွန်ငယ်လေးနဲ့ မိန်းမကိုယ်ထဲကို ထည့်ခဲ့တယ်၊ ဒါတွေကို သူအစကတည်းက လေ့လာ သင်ယူထားခဲ့တာလို့ ဂျက်ဆီကာက ပြောပြပါတယ်။

ဒီနည်းနဲ့ သူရဲ့ ပထမကလေး ကိုယ်ဝန်ရလာခဲ့ပါတယ်။ ဒီလို ကိုယ်ဝန်ဆောင်လို့ ရမှန်း သိပ်နားမလည်ခဲ့တဲ့ သူရဲ့ အဖွားကလည်း ဒီသတင်းကို ကြားတော့ အရမ်းပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။

သုက်ပိုးအလှူရှင်အကြောင်း တွေးတောင် မတွေးမိခဲ့သလို သူ့ကို လူချင်း တွေ့မယ်လို့လည်း ယူဆမထားခဲ့ပါဘူး။ ဒါပေမယ့် အလှူရှင်ရဲ့ စာပေ မြတ်နိုးမှုကို လေးစားတဲ့အနေနဲ့ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်အတွင်း စာကြမ်းပိုး ဖြစ်လောက်အောင် စာအုပ်တွေ အများကြီးဖတ်ခဲ့တယ်လို့ ဂျက်ဆီကာက ပြောပါတယ်။

ဒီလိုနဲ့ သမီးလေး အဲလစ် မွေးလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Empics
Image caption အဲလစ်နဲ့ ဂျက်ဆီကာ

ဇာတ်လမ်းက ဒီမှာတင် မပြီးခဲ့ပါဘူး။

ဂျက်ဆီကာနဲ့ သူ့လိင်တူချစ်သူ ဇနီးသည်တို့ဟာ အဲဒီအလှူရှင်ဆီကပဲ နောက်ထပ် တကြိမ် သုက်ပိုး မှာယူပြီး ကိုယ်ဝန်ဆောင်ဖို့ ထပ်ကြိုးစား ခဲ့ပါတယ်။

ဒါပေမယ့် ဒီတကြိမ် ကိုယ်ဝန်ဆောင်ခဲ့တာက သူ့ဇနီးသည်ပါ။ အဲလစ်ကလေး တနှစ်ခွဲ အရွယ်မှာ သူ့ဇနီးက သူတို့ရဲ့ ဒုတိယကလေး မိန်းကလေးကို မွေးဖွားခဲ့ပါတယ်။

သမီးလေး နှစ်ယောက်စလုံး အကျင့်စရိုက်တွေ အတော်များများ တူကြပါတယ်။

နှစ်ယောက်စလုံး ပါးလျတဲ့ နှုတ်ခမ်း၊ တောက်ပတဲ့ မျက်လုံး၊ နှာခေါင်းသေးသေးတွေ ပိုင်ဆိုင်ကြပြီး စကားကြွယ်ကြပါတယ်။

Image caption အဲလစ်နဲ့ ဂျက်ဆီကာ

ဒါပေမယ့် သမီးလေးတွေ တနှစ်ခွဲနဲ့ သုံးနှစ် အရွယ် အသီးသီး ရောက်ကြချိန်မှာ သူ့ဇနီးက သူ့နဲ့ ပြတ်စဲတော့မယ်လို့ ပြောလာခဲ့ပါတယ်။ သူတို့ မိသားစုအတွင်း ဘာပြဿနာမှ မရှိခဲ့ကြတာကြောင့် ဒီသတင်းကို ကြားရတော့ သူတုန်လှုပ် ကြေကွဲခဲ့ရတယ်လို့ ဂျက်ဆီကာက ပြန်ပြောင်း ပြောပြပါတယ်။

သူတို့နှစ်ဦးရဲ့ မိသားစု မပြိုကွဲအောင် ကြိုးစား ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဂျက်ဆီကာဟာ နှစ်ပေါင်းအတော်ကြာကြာ သမီးလေး နှစ်ယောက်ကို တပတ်မှာ ငါးရက် တာဝန်ယူ ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဲလစ်စ် ၁၀ နှစ်အရွယ်မှာ သူ့ဇနီးဟောင်း က အဲလစ်ရဲ့ ဖုန်းကို ဘလော့ လုပ်လိုက်ပြီး အဆက်အသွယ် အားလုံး ဖြတ်တောက်လိုက်ပါတယ်။ နောက်ပြီး အလည်အပတ် ခေါ်သွားခဲ့တဲ့ သမီးငယ်ကိုလည်း ပြန်လာမပို့တော့ဘဲ ခုအချိန်ထိ ခေါ်ယူထားလိုက်ပါတယ်။

နောက်ပြီး အဲလစ်လေးရဲ့ အဘိုးအဘွား အပါအဝင် သူ့ဇနီးဟောင်းဘက်က မိသားစုဝင်တွေကလည်း အဲလစ်ကို အဆက်အသွယ် မလုပ်ကြတော့ပါဘူး၊ အဲလစ်ကတော့ သူ့ညီမလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး ဆိုပြီး စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

အဲလစ်ဟာ သူရဲ့ မျိုးရိုးနဲ့ ပတ်သက်လို့ စိတ်ဝင်တစား ရှိခဲ့ပါတယ်။ သူရဲ့ အဘွား၊ ဂျက်ဆီကာရဲ့ အမေက မိသားစု မျိုးရိုး အစဉ်အဆက်ကို ပြောပြလေ့ ရှိပါတယ်။

အဲလစ်ဟာ သူရဲ့ မျိုးရိုးစဉ်ဆက်ကို စူးစမ်းချင်စိတ် ရှိတာကြောင့် သူ အသက် ၁၁ နှစ်အရွယ်မှာ ခရစ္စမတ် လက်ဆောင် အဖြစ် DNA မျိုးဗီဇ စစ်ဆေးနိုင်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ပေးဖို့ သူ့အဘွားကို တောင်းခဲ့ပါတယ်။

သီတင်း ၈ ပတ်အကြာမှာ DNA စစ်တာရဲ့ အဖြေရလာပါတယ်။ DNA တူ ဆွေမျိုးများ ဆိုတဲ့ နေရာကို ကြည့်လိုက်တော့ အေရွန် လောင်း ဆိုသူက ၅၀ ရာခိုင်နှုန်း ဖခင်၊ ဘရိုက်စ် ဂေလို ဆိုသူက ၂၅ ရာခိုင်နှုန်း အစ်ကိုဝမ်းကွဲ ဆိုတာကို တွေ့ခဲ့ပါတယ်။

ဒါနဲ့ အေရွန် လောင်း ဆိုတာ ဘယ်သူလဲ ဆိုတာ ဂျက်ဆီကာ အွန်လိုင်းကနေ ရှာကြည့်ခဲ့ပါတယ်။ အေရွန်လောင်းပေါင်း များစွာ ရှိနေလို့ ဂျက်ဆီကာ အတော် အခက်တွေ့ခဲ့ပါတယ်။

ဒါပေမယ့် သုက်ပိုး ပို့ပေးတဲ့ ဘူးတခုမှာ ပါတဲ့ သုတ်ပိုး လှူတဲ့ နေ့စွဲကနေ ခြေရာခံပြီး စုံစမ်းရာမှာ အလှူရှင်ရဲ့ မွေးနေ့နဲ့ တက္ကသိုလ်က ဘွဲ့ရတဲ့ နေ့တွေ ကိုပါ သိလာရပြီး ဘယ်သူဘယ်ဝါ ဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့ပါတယ်။

အလှူရှင်ဟာ ဆီယက်တဲလ်မြို့က ဖြစ်ပြီး စာရေးဆရာ၊ တေးဂီတသမား ဆိုတာကို ပါ သိလာခဲ့ရပါတယ်။

တခြား ဆိုရှယ်မီဒီယာ တခုမှာလည်း အေရွန် လောင်း ဆီယက်တဲလ်မြို့မှာ လုပ်တဲ့ အလုပ်အကိုင်နဲ့ ကျောင်းနေစဉ်က ဓါတ်ပုံတွေပါ တွေ့ခဲ့ရပါတယ်။

ဒီတော့ သေချာသွားပါပြီ။ အေရွန် လောင်းဟာ သုက်ပိုးအလှူရှင်၊ သမီး အဲလစ်စ်ရဲ့ အဖေ ဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး။

အဲဒီက စလို့ ဂျက်ဆီကာဟာ အေရွန်နဲ့ အဆက်အသွယ်ရသွားခဲ့ပြီး သမီးတွေရဲ့ ဓာတ်ပုံတွေပါ ပို့ပေးခဲ့ပါတယ်။

သူတို့ နှစ်ဦး ဆိုရှယ်မီဒီယာပေါ်မှာ မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြပြီးတဲ့နောက် အေရွန်က စာမျက်နှာ ၅၀ ရှိတဲ့ သူ့ဘဝ ဇာတ်ကြောင်းကို ရေးသား ပေးပို့ ခဲ့ပါတယ်။

နောက်ပြီး ဘရိုက်စ် ဆီကိုလည်း ဂျက်ဆီကာက စာရေးသား ဆက်သွယ်ခဲ့ရာမှာ ဘရိုက်စ်က အသက် ၁၉ နှစ်အရွယ် သူ့ရဲ့ ဝမ်းကွဲ အမ မဒီကို ရှာတွေ့ခဲ့ပြီလို့ ပြောပါတယ်။

အေရွန်ရဲ့ သုက်ပိုးနဲ့ မွေးဖွားလာခဲ့တဲ့ နောက်ထပ် ကလေး စုစုပေါင်း ခြောက်ယောက် ရှိတယ်ဆိုတာကို သူတို့ သိလာခဲ့ရပြီး ဂျက်ဆီကာတို့ရဲ့ သမီးနှစ်ယောက်က ၇ ယောက်နဲ့ ၈ ယောက်မြောက်တွေ ဖြစ်ပါတယ်။

လအတော်လေး ကြာတော့ ဘရိုက်စ်နဲ့ မဒီ တို့ အေရွန် ရှိတဲ့ ဆီယက်တဲလ်မြို့ကို သွားလည်ဖို့ စီစဉ်ကြတဲ့ အခါ အဲလစ်ကလည်း လိုက်ချင်တဲ့အတွက် ဂျက်ဆီကာက ခွင့်ပြုခဲ့ပါတယ်။

Image caption ဂျက်ဆီကာ၊ အေရွန်၊အဲလစ်၊မဒီနဲ့ ဘရိုက်စ်

အေရွန်က ပါတီပွဲကြီးတခု လုပ်ပြီး သူတို့ကို ဧည့်ခံခဲ့ပါတယ်။ အေရွန်က သူရဲ့ ကောလိပ်က သူငယ်ချင်းတွေ၊ သူ့ရည်းစားဟောင်းတွေနဲ့ လက်ရှိ တွဲနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေကိုလည်း ဖိတ်ခဲ့ပါတယ်။

Image caption အဲလစ်စ်၊ မဒီနဲ့ ဘရိုက်စ်

ဒီနောက်ပိုင်း အဲလစ်စ်၊ ဘရိုက်စ်နဲ့ မဒီတို့ သုံးဦးတတွဲတွဲ ဖြစ်သွားကြပြီး ချစ်ခင် ရင်းနှီးလာခဲ့ကြပါတယ်။

အဲဒါတွေ ဖြစ်နေချိန်က ဂျက်ဆီကာဟာ အမျိုးသားတဦးနဲ့ တွဲနေခဲ့တာပါ။ သူတို့ တွဲနေခဲ့တာ နှစ်တောင် နည်းနည်းကြာနေပါပြီ။ အဲဒီအမျိုးသားရဲ့ နာမည်က တိုက်တိုက်ဆိုင်ဆိုင်ဆိုင် အေရွန်ပါပဲ။ နာမည်အပြည့်အစုံက အေရွန် ဒေးဗစ်ဖြစ်ပါတယ်။

သုက်ပိုး အလှူရှင် အေရွန်နဲ့ စတွေ့ခဲ့ချိန်တုန်းက သူတို့ နှစ်ဦး၊ တဦးနဲ့တဦး စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် ဆိုင်သူ ကိုယ်စီ ရှိနေတာကြောင့် သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးဟာ မိတ်ဆွေအဆင့်က မပိုခဲ့ပါဘူး။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဂျက်ဆီကာနဲ့ အေရွန် ဒေးဗစ်တို့ လက်တွဲဖြုတ်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ဂျက်ဆီကာဟာ သူ့သမီးရဲ့ ဖခင် အေရွန် အကြောင်းကို ပြန်တွေးလာခဲ့ပါတယ်။ အေရွန်က သူ့ကို အမြဲဆက်သွယ်ပြီး ကြင်ကြင်နာနာ ဆက်ဆံလေ့ရှိတာကြောင့် နောက်ဆုံးမှာ သူတို့ နှစ်ဦး တွဲဖြစ်သွားကြပါတယ်။

အေရွန်ဟာ သမီးငယ်လို လှောင်ပြုံလေး ပြုံးတတ်ပြီး သမီးကြီးလို စာနာစိတ် ရှိတယ်၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်လို့ ဂျက်ဆီကာက သူ့ချစ်သူ အကြောင်းကို ပြောပြပါတယ်။

ဂျက်ဆီနဲ့ အဲလစ်စ်တို့ဟာ ၂၀၁၇ ခုနှစ် နွေရာသီမှာ အေရွန်ရဲ့ အိမ်ကြီးကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်။ အဲဒီအိမ်မှာ အေရွန်ရဲ့ အရင်အိမ်ထောင်က ကလေးတွေအပြင် မဒီပါ အတူ နေထိုင်ခဲ့ကြပါတယ်။

Image caption မဒီ၊ ဘရိုက်စ်၊ အေရွန်နဲ့ အဲလစ်

အေရွန်ရဲ့ တခြားကလေးတချို့ကလည်း အဲလစ်နဲ့ တပုံစံတည်း တူကြပါတယ်။ အခုတော့ ဂျက်ဆီဟာ အေရွန်ရဲ့ အိမ်ကြီးမှာ အဲလစ်စ်အပြင် သူနဲ့ သွေးသား မတော်စပ်တဲ့ ကလေးတွေ အားလုံးကို မိခင်ကြီးသဖွယ် ပြုစုစောင့်ရှောက်နေပါတယ်။

မိသားစုဟာ ဘဝမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ သူအခု သိနားလည်လာခဲ့ပြီလို့ ဂျက်ဆီကာက ပြောပါတယ်။

အေရွန်ရဲ့ သုက်ပိုးနဲ့ သန္ဓေအောင်ခဲ့တဲ့ ကလေး ဘယ်လောက်များများ ရှိမယ် ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အေရွန်ရဲ့ ခန့်မှန်းချက်အရ ၆၇ ယောက်လောက် ရှိမယ်လို့ ဆိုပါတယ်။ အေရွန်ရဲ့ အိမ်ကြီးက အကြီးကြီးမို့ သူတို့အားလုံး လာနေမယ်ဆိုရင် နေနိုင်မှာ ဖြစ်သလို သူကလည်း ဒီကလေးတွေကို ကျွေးမွေး စောင့်ရှောက်ဖို့ တံခါး ဖွင့်ထားပါတယ်လို့ ဂျက်ဆီကာက ပြောကြားခဲ့ပါတယ်။