အနက်မရှိတဲ့ အက္ခရာတွေနဲ့ ကြိယာဖွဲ့လို့မရ

ဓာတ်ပုံ မူပိုင် Getty Images

တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာဟာ ဗမာလို အနက်မရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး မကျေနပ်ကြသူတွေ၊ မကျေလည်ကြသူတွေရှိနေတာတွေ့ရတဲ့ အတွက် နည်းနည်းထပ်ပြီးဖြည့်စွက်ရှင်းလင်းပါမယ်။

မြန်မာအနက်မရှိတဲ့ အက္ခရာတွေက တတိယနဲ့ စတုတ္ထအက္ခရာတွေဖြစ်ကြတဲ့ ဂ၊ဃ၊ဇ၊စျ၊ဒ၊ဓ၊ဗ၊ဘ၊ဠ တို့အပြင် ဋသံလျင်းချိတ်နဲ့စတဲ့ တတန်းလုံးဖြစ်ပါတယ်။

အနက်ရှိမရှိ ကြိယာဖွဲ့ကြည့်

အနက်မရှိကြောင်း ထင်ထင်ရှားရှားသိချင်ရင် ဆရာကြီးဦးထွန်းတင့်က ဒီလိုအကြံပေးပါတယ်။ အဲဒီအက္ခရာတွေနဲ့ ကြိယာလုပ်ကြည့်ပါ။ နာမဝိသေသန ရှာကြည့်ပါတဲ့။

"ကြိယာတခုလုပ်ကြည့်လိုက် ဒါမှမဟုတ်ရင် နာမဝိသေသန လုပ်ကြည့်ပါ။ အဲသလိုလုပ်ကြည့်ရင် အက္ခရာနဲ့ စတုတ္ထအက္ခရာတွေမှာ အဲဒါတွေနဲ့ လုပ်ရင် ဘာမှ အနက်ကပေါ်လာမှာ မဟုတ်ဘူးဗျ။ ကျန်တဲ့အက္ခရာတွေကို လုပ်ကြည့်ပါ။ ကာရန် ၆၄ ပါးရှိပါတယ်။ ထားပါတော့ဗျာ။ ကာရန် ၆၄ ပါးဆိုတာ ဝေးပါသေးတယ်။ မြန်မာသင်ရိုးသရ ၁၂ လုံးပဲထားပါတော့။ ရှေးက သင်ပုန်းကြီးမှာသင်တဲ့ သင်ရိုးသရ။ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အား ပေါ့။ အဲဒီ၁၂ လုံးနဲ့ပဲတွဲကြည့်လိုက်ပါ။ ကကြီးဆိုရင် က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကံ၊ ကား။ အကုန်အနက်ရှိတယ်။ ခ၊ ခါ၊ ခိ၊ ခီ၊ ခု၊ ခူ၊ ခေ၊ ခဲ၊ ခေါ၊ ခေါ်၊ ခံ၊ ခါး။ အကုန်အနက်ရှိတာပဲ။ ဂငယ်နဲ့ ကြိုစားကြည့်။ ဂ၊ ဂါ၊ ဂိ၊ ဂီ၊ ဂု၊ ဂူ၊ ဂေ၊ ဂဲ၊ ဂေါ၊ ဂေါ်၊ ဂံ၊ ဂါး။ တခုမှ အနက်မရှိဘူး။ ဂသည်လို့လည်း ကြိယာလုပ်လို့ မရဘူး။ ဂါသည်လို့လည်း ကြိယာလုပ်လို့မရဘူး။ ဂိသည်လို့လည်း ကြိယာလုပ်လို့မရဘူး။ ဘယ်ဟာမှ မရဘူး။ ဃ၊ ဃာ၊ ဃိ၊ ဃီ တို့ ဒ၊ ဒါ၊ ဒိ၊ ဒီတို့ ဘ၊ ဘာ၊ ဘိ၊ ဘီတို့ အဲဒါတွေလည်း အလားတူပါပဲ ကြိယာလုပ်လို့မရပါဘူး။"

လို့ ဆရာကြီးဦးထွန်းတင့်ကရှင်းပြပါတယ်။ ဃနဲ့ ဆိုရင်တော့ ပိုတောင်ဆိုးဦးမှာပါ။ ဂငယ်ထဲမှာ ဆိုရင် ဂါတယ်တို့ ဂေါ်တယ်တို့ ဂိတယ်တို့ကို တခါတလေ လူငယ်တွေ သုံးတာကြားဖူးတယ်လို့ တချို့က ပြောချင်ပြောပါလိမ့်မယ်။ အဲဒါတွေက ဗမာစကားစစ်စစ်တွေ မဟုတ်ပါဘူး။ ဘန်းစကားတွေပါ။ ကကြီးထဲမှာလည်း ကိသည်တို့ကီသည်တို့ မရှိပါလားလို့ တချို့က ပြောချင်ပြောပါလိမ့်မယ်။ အခုခေတ်မှာ မရှိတော့တာမှန်ပါတယ်။ တချိန်ကရှိခဲ့ပါတယ်။ ရွေ့လျားပြောင်းလဲသွားတာပါ။ ကိတယ်ဆိုတာ တချိန်ကရှိခဲ့ပါတယ်။ အခုခေါ်တဲ့ ကျိကျိတက်ရဲ့ကျိဟာ တချိန်ကကိပါ။ အခုခေါ်တဲ့ကျီစားသည်ဟာ တချိန်က ကီပါ။ ပထမအက္ခရာ၊ ဒုတိယအက္ခရာတွေကို သရ ၁၂ လုံးနဲ့တွဲကြည့်ရင် အားလုံးမဟုတ်ရင်တောင်မှာ တော်တော်များများဟာ ကြိယာဖြစ်နိုင်ကြပါတယ်။ အက္ခရာတော်တော်များများဟာ အသရနဲ့တွဲရုံနဲ့တွင် အနက်ရှိကြပါတယ်။

အသရနဲ့ တွဲပြီး ကြိယာ သို့မဟုတ် နာမဝိသေသန ဖွဲ့ကြည့်ပါမယ်။

ကသည်။ အဓိပ္ပာယ်ရှိပါတယ်။ ကခုန်တာပါ။

ခသည်။ အဓိပ္ပာယ်ရှိပါတယ်။ ခစားတာပါ။

ငသည်။ အဓိပ္ပာယ်ရှိပါတယ်။ လောက်ငတာပါ။ စေ့ငတာပါ။

စသည်။ အဓိပ္ပာယ်ရှိပါတယ်။ စတာနောက်တာပါ။ အစပျိုးတာပါ။

ဆသည်။ အဓိပ္ပာယ်ရှိပါတယ်။ ချိန်ဆတာပါ။

ညသည်။ အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမယ့် တခြားသရနဲ့တွဲကြည့်ရင် ညစ်သည်တို့ ညာသည်တို့ ညိုသည်တို့ အများကြီးရှိပါတယ်။

တသည်။ အဓိပ္ပာယ်ရှိပါတယ်။ တမ်းတသည်။ ဘုရားတသည်။

ထသည်။ အဓိပ္ပာယ်ရှိပါတယ်။ အိပ်ရာထတာ၊ ပျံတာထတာ။

နသည်။ အဓိပ္ပာယ်ရှိပါတယ်။ အတာနတာ။

ပသည်။ အဓိပ္ပာယ်ရှိပါတယ်။ ပသတာ၊ တောက်ပတာ။

ဖသည်။ အဓိပ္ပာယ်ရှိပါတယ်။ စကားဖတာ။ ဖလှယ်တာ။ စကားဖတယ်ဆိုတာ တချို့အရပ်တွေမှာသုံးပါတယ်။ တချို့နေရာတွေမှာ မသုံးတော့ပါဘူး။ စကားဖာတာ၊ စကားပြောင်းပြောတာမျိုးကိုဆိုလိုတာပါ။

မသည်။ အဓိပ္ပာယ်ရှိပါတယ်။ မစတာ။ ပစ္စည်းကိုမတာ။

ယသည်။ ခယတာ။

ရသည်။ ရရှိတာ။

လသည်။ မရှိပါဘူး။ ဒါပေမယ့် လင်းတာ၊ လက်တာ၊ လိမ်တာ စသဖြင့် အများအပြားရှိပါတယ်။

ဝသည်။ စားလို့ဝတာ၊ ခန္ဓာကိုယ်ဝတာ။

သသည်။ ပသတာ။ တသသလုပ်တာ။

ဟသည်။ တံခါးကိုဟလိုက်တာ။

အသည်။ မပါးနပ်တာ။

အားလုံးမှာ ကြိယာတွေ အများကြီးရှိပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ တတိယအက္ခရာ၊ စတုတ္ထအက္ခရာတွေနဲ့ ဋသံလျင်းချိတ် တတန်းလုံးရယ်၊ ဠကြီးရယ်ကိုသုံးပြီး ကြိယာဖန်တီးကြည့်ပါ။ တလုံးမှမရှိပါဘူး။ အဲဒါဟာ အဲဒီစာလုံးတွေမှာ မြန်မာအနက်မရှိကြောင်း အထင်ရှားဆုံးသာဓက ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

စောဒကတက်တဲ့ စကားတချို့

တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာတွေမှာ အနက်ရှိကြောင်း စောဒကတက်ကြတဲ့ စကားလုံးတချို့ကို တတ်နိုင်သလောက်ရှင်းပြပါမယ်။

ဂဏန်းဆိုတဲ့စကားလုံးကို ထောက်ပြသူရှိပါတယ်။ ဂဏန်းဟာ မြန်မာစကားမဟုတ်ပါဘူး။ ပါဠိစကားပါ။ ဂဏနကနေ လာပါတယ်။ တွက်ချက်တာပါ။ ဇော်ဂျီဆိုတဲ့စကားကိုထောက်ပြသူရှိပါတယ်။ ဇော်ဂျီဟာလည်း ပါဠိစကားပါ။ ယောဂီနဲ့ အတူတူပါပဲ။ ကျင့်ကြံသူအဓိပ္ပာယ်ရပါတယ်။ ယောဂဆိုတဲ့ စကားတလုံးကနေ မြန်မာလို ယောဂ၊ ယောဂီ၊ ဇော်ဂျီဆိုပြီး ပါဠိသက် ၃ လုံးဆင်းသက်လာတာ ထူးခြားပါတယ်။

ဓနိဆိုတဲ့စကားကို တယောက်က ထောက်ပြပါတယ်။ ဓနိရဲ့ အနက်မထင်ရှားပါဘူး။ တိတိကျကျ မပြောတတ်ပါဘူး။ ဒါပေမယ့် ဆရာတချို့က ထန်းနီးကဆင်းသက်လာသလားလို့ ထင်မြင်ယူဆကြတာရှိပါတယ်။ ထန်းပင်နဲ့ နီးစပ်တယ်ဆင်တူတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ မုချဟုတ်မှန်ရမယ်လို့ မဆိုနိုင်ပါဘူး။

ဗုံဆိုတဲ့စကားကို တယောက်ထောက်ပြပါတယ်။ ဗုံဆိုတာ မြည်သံစွဲပါ။ မြည်သံကို အစွဲပြုမှည့်ခေါ်တဲ့ နာမည်ဖြစ်ပါတယ်။

ဒန်းပင်ကို တယောက်က ထောက်ပြပါတယ်။ ဒန်းပင်ရဲ့ အနက်ကို သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ဒဒွေးနဲ့ အနက်ဖော်လို့ မရနိုင်တာ သေချာပါတယ်။

ဂုံညင်းဆိုတဲ့စကားကို တယောက်က ထောက်ပြပါတယ်။ ဂုံညင်းရဲ့ စာလုံးပေါင်း အမှန်က ခုံညင်းဖြစ်ပါတယ်။

တယောက်က ဂင်တိုဆိုတဲ့ စကားလုံးကို မေးပါတယ်။ ဂင်တိုကလည်း အနက်မထင်ရှားပါဘူး။ ဆရာကြီးဦးထွန်းတင့်ကတော့ ခင်တိုကနေ လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးပါတယ်။ ခင်ဆိုတဲ့စကားဟာ ခက်နဲ့ အနက်တူပါတယ်။ ဒီတော့ အခက်အလက်တိုတယ်လို့ ပြောတာဖြစ်နိုင်တယ်။ ခြေတံလက်တံတိုတယ်လို့ ပြောတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ဆရာကြီးတယောက်တည်းရဲ့ ကြံဆချက်ဖြစ်ပါတယ်။ ဒါပဲ ဧကန်ဧကဖြစ်ရမယ်။ မုချမှန်ရမယ်လို့ ဆရာကြီးကိုယ်တိုင်က အပြတ်မပြောပါဘူး။ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပဲ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

စဉ်းစားဖွယ်နောက်ထပ်စကားတချို့

ဂွဆိုတဲ့စကားကခွနေတဲ့အရာကို ပြောတာဖြစ်ပါတယ်။ အနက်က ခွမှာရှိပါတယ်။ ဇရပ်ဆိုတာ မွန်စကားဇြပ်ကလာတယ်လို့ မြန်မာအဘိဓာန်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဆရာကြီးဦးထွန်းတင့်ကတော့ မွန်အဘိဓာန်တအုပ်မှာ ဇြပ်ရဲ့ရင်းမြစ်ကို ဖော်ပြရာမှာ မြန်မာစကားကနေ ဆင်းသက်တယ်လို့ ဆိုထားပြန်ကြောင်းပြောပါတယ်။ ဒီတော့ ဆရာကြီးဦးထွန်းတင့်က ဇရပ်ကို မြန်မာစကားကလာတာဖြစ်မယ်လို့ ယူဆပါတယ်။ စားရပ်၊ စရပ်ကနေ ဇရပ်ဖြစ်လာတယ်လို့ ဆရာကြီးက ယူဆပါတယ်။

မိုးလေဝသနဲ့ဇလဗေဒမှာပါတဲ့ ဇလက ပါဠိဖြစ်ပါတယ်။ ဇလက ရေပါ။ ရေဇလာနဒီမှာပါတဲ့ ဇလာနဲ့ အတူတူပါ။

ဇက်ဆိုတာ ဆက်ကနေ ဆင်းသက်ပါတယ်။ ခေါင်းနဲ့ကုပ်ကို ဆက်ထားတဲ့နေရာကို ဆက်လို့ခေါ်ပါတယ်။ အဲဒီဆက်ကနေမှာ ဇက်အဖြစ်အသံထွက်အတိုင်းလိုက်ပြီး ပြောင်းရေးတာပါ။ ဇွတ်ဆိုတာ စွတ်ပြော၊ စွတ်လုပ်တာကို ဇွတ်ခေါ်တာပါ။ ဇဝေဇဝါဆိုတာ ဝေဝါတာဝေဝါးတာကို ပြောတာပါ။ စဝေစဝါကနေ ဇဝေဇဝါဖြစ်လာပါတယ်။ ဇီဇာကြောင်က ဆီဆာကြောင်ကနေ ဆင်းသက်ပါတယ်။ အဓိက အနက်က ဆာမှာ ရှိပါတယ်။ အမြိတ်အဆာက ဆာနဲ့ အဓိပ္ပာယ်တူပါတယ်။ အပိုဖြစ်နေတာကိုပြောတာပါ။ ဆီဆာကြောင်၊ ဇီဇာကြောင်ဆိုတာ အပိုတွေချဲ့ကား ညည်းညူတာမျိုးကို ပြောတာဖြစ်ပါတယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ စောဒက ဆိုတဲ့စကားက ပါဠိစကားမို့ ဒဒွေးပါနေတာပါ။ ခဏဆိုတဲ့စကားကလည်း ပါဠိစကားဖြစ်ပါတယ်။

ဓားဆိုတဲ့စကားက ထားကနေ လာပါတယ်။ ထားလို့ရေးခဲ့ကြောင်း အထောက်အထားမြောက်မြားစွာရှိပါတယ်။ အနက်ကတော့ တားတာပါ။ ဓားကိုကိုင်ပြီး တားဆီးတဲ့သဘော၊ ဟန့်တားတဲ့သဘောပါ။

စျေးဆိုတဲ့စကားလုံးရဲ့ ရင်းမြစ်ကလည်း ဆေးမှာပဲရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။

ကျေးဇူးဆိုတဲ့စကားကလည်း တော်တော်လေးအနက်ကောက်ယူရတာ ရှုပ်ထွေးပါတယ်။ မြစေတီကျောက်စာမှာ ကလည်ဇောလို့အသံထွက်ပါတယ်။ ကျောက်စာပါစာလုံးအတိုင်း အခုကွန်ပြူတာမှာရိုက်လို့မရတဲ့အတွက် အသံထွက်ကိုပဲ ရိုက်ပြတာဖြစ်ပါတယ်။ တိဘက်စကားကလာတယ်လို့ ဆရာကြီးဦးလတ်က မြန်မာစကားအဖွင့်ကျမ်းမှာဆိုပါတယ်။

ဘုရားဆိုတဲ့စကားကလည်း ပုဟာ၊ ပုသျှာ၊ ပုရှာတို့ကနေ ဖုရှာအဖြစ်ဆင်းသက်ပါတယ်။ အဲဒီကနေမှ ဘုရားဖြစ်လာပါတယ်။ ကျောက်စာအထောက်အထားတွေအခိုင်အမာရှိပါတယ်။ မူလအနက်က ပစောက်မှာရှိပါတယ်။ ဆရာကြီးဦးဖိုးလတ်ရဲ့ မြန်မာအဘိဓာန်ဋီကာမှာ ဆောင်းပါးတပုဒ်သီးသန့်ဖော်ပြထားပါတယ်။

တိတိကျကျခိုင်ခိုင်မာမာ ပြောနိုင်တာက တတိယအက္ခရာ၊ စတုတ္ထအက္ခရာ၊ ဋသံလျင်းချိတ်အတန်းနဲ့ ဠကြီးတို့မှာ မြန်မာအနက်တလုံးမှ မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images

ဆက်စပ် အကြောင်းအရာများ