မန္တလေး ပထမသဘင်ခေတ်ရဲ့ သဘင့်မိခင် ဆင်ခိုးမကလေး

Image caption ရနောင်မောင်မောင်တုတ်နဲ့ ဆင်ခိုးမကလေး

မမျှင်ရဲ့ဘဝအစ

မမျှင်က ငယ်ငယ်ကတည်းက အကပညာတတ်မြောက်ပြီး မြေဝိုင်းမင်းသမီးအဖြစ်ကခဲ့တဲ့သူပါ။ သူ့ကို သက္ကရာဇ် ၁၂၁၄ ခုနှစ် တောင်တွင်းကြီးမှာ ဖွားပါတယ်။

မမျှင်ဟာ ကိုယ်လုံးကိုယ်ပေါက်က သေးသေးသွယ်သွယ်၊ အသားအရည်က ညိုညိုစိမ့်စိမ့်၊ မျက်နှာချိုပြီး ချစ်စရာကောင်းသူ၊ ရုပ်ရည်ချောမောလှပသူတယောက်ပါ။ ဣတ္ထိရူပံ၊ ဓနံ "မိန်းမတို့၏ရုပ်ရည်သည် ဥစ္စာပေတည်း" လို့ ရှေးစာတွေက ဆိုထားကြပေမယ့်လည်း ဥစ္စာပေါများလာရင် ခိုးချင်ဝှက်ချင်သူ၊ လုချင်ယက်ချင်သူတွေ မနည်းမနောရှိလာတတ်ကြသလိုပဲ ရုပ်ချောတဲ့မိန်းမများဟာလည်း ရုပ်ကြောင့် ကြီးပွားတတ်သလို ရုပ်ကြောင့်လည်း ဒုက္ခရောက်တတ်ကြပါတယ်။

မမျှင်က ရုပ်ချောပြီး အကကောင်းတော့ သာမန်အရပ်သူပေမယ့် တော်ကောက်ခံရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ တောင်တွင်းကြီးလယ်တော်အုပ်နဲ့ အကြောင်းပါပါတယ်။ တောင်တွင်းကြီး လယ်တော်အုပ်နဲ့ မမျှင်တို့ အိမ်ထောင်ရေးဟာ နေနဲ့လ၊ ရွှေနဲ့မြလို့ ဆိုရမယ့် အိမ်ထောင်ရေးမျိုးပါ။ တောင်တွင်းကြီးလယ်တော်အုပ်ဟာ မမျှင်ကို ရုပ်ချောရုံသက်သက်လောက် မက်ပြီးချစ်ခဲ့တာမဟုတ်ဘဲ မမျှင်ရဲ့ အနုပညာကိုပါ နှစ်သက်မြတ်နိုးခဲ့တာဖြစ်ပုံရပါတယ်။ တောင်တွင်းကြီး လယ်တော်အုပ်ကိုယ်တိုင်က အနုပညာကို အထုံဝါသနာကြီးလှပြီး ကျကျနနလည်း မြှောက်စားချီးမြှင့်တတ်သူ တယောက်ပါ။ ဒီလိုနဲ့တောင်တွင်းကြီးက ၁၂ ရာသီပွဲ၊ မိုးခေါ်ပွဲတွေဟာ မမျှင် မကရင် ပွဲမစည်သလို ဖြစ်လာပါတယ်။

မမျှင်မှ မင်းသမီးမကလေး

နောင်မှာ နာမည်ကျော် မင်းသမီးဖြစ်လာမယ့် မမျှင်ရဲ့ နာမည်အပြည့်အစုံကို မရွှေမြှင်လို့ စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။ လူထုဒေါ်အမာကတော့ မင်းသမီးမကြေးမျှင်လို့သူရေးတဲ့ ပြည်သူချစ်သော အနုပညာသည်များစာအုပ်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ဦးသော်ဇင်ရေးတဲ့ အထုပ္ပတ္တိ စာအုပ်မှာတော့ မမျှင်လို့ပဲ ရေးပါတယ်။ ခင်ပွန်းသည်လယ်တော်အုပ်ကတော့ သူ့ဇနီးမမျှင်ကို မကလေးလို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိပါသတဲ့။ မကလေးနဲ့ လယ်တော်အုပ်တို့မှာ သားနှစ်ယောက်ထွန်းကားပါတယ်။ သားအကြီးနာမည်ကညာဘွား၊ သားအငယ်နာမည်ကသက်ထား။

ငယ်ငယ်ကတည်းက မြေဝိုင်းမှာကလာတဲ့ မမျှင်ဟာ လယ်တော်အုပ်နဲ့ အကြောင်းပါပြီးနောက်မှာတော့ အကကောင်းအဆိုကောင်းတဲ့ မင်းသမီးမကလေးအဖြစ်နဲ့ တောင်တွင်းကြီးနယ်တဝိုက်မှာ ကျော်စောထင်ရှားလာပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar encyclopedia
Image caption နိုင်ငံတော်မှာ ဆင်ခိုးအပြင် မင်းသမီး မရှိစေရလို့ မိဖုရားခေါင်ကြီးက သတ်မှတ်ခဲ့သူ

မကလေးနဲ့ ရနောင်မောင်မောင်တုတ်

မကလေး အကကောင်းတဲ့ နာမည်ဂုဏ်သတင်းဟာ တောင်တွင်းကို ကျော်ပြီး ရတနာပုံနေပြည်တော်အထိ သတင်းမွှေးလာတော့ မကလေးကို ဝါဆိုလ လယ်ထွန်မင်္ဂလာပွဲမှာ လာပြီးကဖို့ ဝန်မင်းများ အမိန့်နဲ့ ဆင့်ခေါ်တာကိုတောင် ခံရပါတယ်။ နေပြည်တော် လယ်ထွန်မင်္ဂလာပွဲကို မကလေးဟာ ခင်ပွန်းသည် လယ်တော်အုပ်နဲ့အတူသွားရောက်ကပြပြီးတဲ့နောက်မှာ အနုပညာဝါသနာ ထုံသူတွေပီပီ နာမည်ကျော်နန်းတွင်း အီနောင်ပြဇာတ်ကို အတူကြည့်ကြပါတယ်။ ဣန္ဒာဝုဓအီနောင်ပြဇာတ်ကြီးဆိုတာက တရက်နဲ့မပြီး နှစ်ရက်နဲ့မပြီး ရက်ပေါင်းများစွာ အခန်းဆက်ကပြဖျော်ဖြေတဲ့ ပြဇာတ်ကြီးပါ။ လယ်တော်အုပ်က မင်းခယောက်ျားဆိုတော့ အီနောင်ပြဇာတ်ကြီး မပြီးခင် တောင်တွင်းပြန်ဖို့ အကြောင်းပေါ်လာတဲ့အခါ အီနောင်ဇာတ်ကို သံယောဇဉ်မပြတ်တဲ့ မကလေးဟာ သူ့အဒေါ်ရယ်၊ သားကြီး ညာဘွားရယ်နဲ့အတူ နေပြည်တော်မှာ နေရစ်ခဲ့ပါတယ်။ အဲသလို နေပြည်တော်မှာ ကျန်ခဲ့တာဟာ သူ့ဘဝ အပြောင်းအလဲဖြစ်ဖို့ဖန်လာတာပါပဲ။

လယ်ထွန်မင်္ဂလာပွဲမှာ မကလေးကတာကို မြင်သွားတဲ့ ရွှေမြို့တော်ကြီးကမင်းသား ရနောင်မောင်မောင်တုတ်ဟာ မကလေးကို သီးသန့်လာရောက်ကပြဖို့ ခေါ်လိုက်ပါတယ်။ ခေတ်ကာလက ရနောင် ဓားထက်တဲ့ကာလဆိုတော့ ရနောင်ကခေါ်ရင် ဘယ်သူမလာဘဲနေရဲပါ့မလဲ။ အဲဒီခေတ်မှာ ဓားနဲ့တရားခွဲခြားလို့မရပါဘူး။ ဓားရှိတဲ့သူကသာ တရားကိုစီရင်တယ်။ ဓားရှိတဲ့သူကသာ တရားကို ပြဋ္ဌာန်းပါတယ်။

ဓားအေးထက်ဓားနွေးကို ကြောက်ရတဲ့ မကလေးဟာ ရနောင်မင်းသားဆီမှာ သွားရောက်ကပြဖျော်ဖြေရပါတယ်။ ဒါပေမယ့် ရနောင့်ဆီမှာ ကရတဲ့ပွဲဟာ တောင်တွင်းကြီးမှာ မြေဝိုင်းကသလိုလည်း မဟုတ်၊ လယ်ထွန်မင်္ဂလာမှာ ကပြရသလိုလည်း မဟုတ်ဘဲ ယမကာသောက်စားပျော်ပါး မူးယစ်နေတဲ့ ရနောင်မင်းသားနဲ့ မောင်းမမိဿံရံရွေတော် အနည်းငယ်သာရှိတဲ့ပွဲမျိုးပါ။ သေရည်သောက်နေတဲ့ ရနောင်မင်းသားဟာ မကလေးကို မူးမူးရူးရူးနဲ့ လိုက်ဖမ်းတဲ့အခါ မကလေးဟာ ကကြိုးမပျက် ကရင်းခုန်ရင်းနဲ့ပဲ ရှောင်တိမ်းကပြခဲ့တယ်လို့ ဦးသော်ဇင်ရေးတဲ့ ဆင်ခိုးမလေး အထုပ္ပတ္တိ မှာရေးထားပါတယ်။ ပြဇာတ်ထဲမှာ အလွန်ကြည့်လို့ကောင်းတဲ့ ဇာတ်ကွက်မျိုးဖြစ်ပေမယ့် တကယ့်အဖြစ်အပျက်မှာတော့ မကလေးကို ရနောင်က ကြွက်ကို ကြောင်က ကစားသလို ဆော့ကစားနေခဲ့တာပါ။ ကြောင်အတွက် အပျင်းပြေဖြစ်ပေမယ့် ကြွက်အတွက်တော့ ထိတ်လန့်စရာ အိပ်မက်ဆိုးကြီး ဖြစ်မှာပါ။ မကလေး ဆိုနေကျသီချင်းထဲကလို "ညဉ့်ရုံတော် အခြေပျက်အောင်ပ၊ ရွှေလက်နှင့်ဆွဲကာ၊ ပွေရက်ပေ့ပုလဲညှာရယ်၊ ရဲပါပေ့ဘုရား" ဆိုတဲ့အဖြစ်မျိုးနဲ့တိုးခဲ့ရပါတယ်။

သားနှစ်ယောက်အမေ လင်ရှိမယားမို့ သတိထားဖို့ တောင်းပန်ပေမယ့်လည်း ရနောင်မောင်မောင်တုတ်ဆိုတာက အသာမိကော၊ သာမိကော၊ နောဇာနာမိ ငါမသိဆိုတဲ့လူစားမျိုးဆိုတော့ မကလေးခမျာ ရုန်းထွက်ဖို့ မစွမ်းသာပဲ မစိုမပြေ နဂိုရ်ရေပျက်ယွင်းခဲ့ရပါတော့တယ်။

ကကြိုးဆုံးတဲ့အချိန်မှာဘဝလည်းဆုံးခဲ့ရပြီကော။

ဆင်ခိုးမကလေး

မန္တလေးကနေ တောင်တွင်းကြီး အပြန်ခရီးမှာတော့ မကလေးဟာ မျက်ရည်ကိုသာ အဖော်ပြုပြီး တကိုယ်တည်းခရီးနှင်ခဲ့ရတယ်။ အပြန်ခါမကလေးဟာ အသွားတုန်းက မကလေးမဟုတ်တော့ဘူး။ တရားဝင်ငယ်လင်လယ်တော်အုပ်ကို ကွာရှင်းပြီးမှသာ ရနောင်နဲ့ထိမ်းမြားပါရစေလို့ အတန်တန်လျှောက်ထားတော့ ရနောင်မင်းသားက သားကြီးညာဘွားကို ဓားစာခံခေါ်ထားပြီး မကလေးကို တယောက်တည်း ပြန်လွှတ်လိုက်တယ်။

ပဒေသရာဇ်ခြေတော်တင် ပါရမီရှင်အမျိုးသမီးတဦးမကလေးဟာ လယ်တော်အုပ်နဲ့ သားနှစ်ယောက်ကိုပြုစုဖို့ရာ မိန်းမတယောက်ကို ငွေ ၅၀၀ ကျပ်ပေးပြီး ခင်ပွန်းသည်နဲ့ပေးစားခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ မှတ်တမ်းတင်ထားပါတယ်။ မကလေးဟာ ကိုယ်ချစ်တဲ့သူကို သူတပါးနဲ့ ပေးစားထိမ်းမြားပြီး၊ သူကိုယ်တိုင်ကတော့ မချစ်မနှစ်သက်သူနဲ့ထိမ်းမြားဖို့ ပြန်ရတော့မှာပါ။ ရင်ကမွေးတဲ့ရင်သွေးတွေကိုလည်း ထားရစ်ခဲ့ရတော့မှာပါ။ အမိနဲ့သား၊ မယားနဲ့လင်တို့ သံယောဇဉ်အမျှင်တန်းပြီး နှောင့်နှေးကြန့်ကြာနေတာကို သည်းမခံနိုင်တော့တဲ့ ရနောင်ဟာ မကလေးကို ဆင်နဲ့လာခိုးပါတော့တယ်။

လယ်တော်အုပ်မင်းဟာ ရနောင့်ကို ကျားကျားချင်း၊ ဓားဓားချင်းယှဉ်ဝံ့ကောင်းယှဉ်ဝံ့မှာဖြစ်ပေမယ့် ရနောင့်ဘက်မှာက ဓားတစင်းတည်းမဟုတ်၊ ဓားအသင်းပင်းတွေက အုံနဲ့ကျင်းနဲ့၊ အုပ်နဲ့သင်းနဲ့တပ်ဖွဲ့နဲ့၊ ရွှေနဲ့ငွေနဲ့အာဏာနဲ့ဆိုတော့ အားမတန်မာန်လျှော့လိုက်ရုံမှတပါး တခြားရွေးစရာမရှိခဲ့ပါလေ။

ပထမအကြိမ်မုဆိုးမဖြစ်ခြင်း

ရနောင်မောင်မောင်တုတ်က မကလေးကို မြှောက်စားပါတယ်။ တရားဝင်မယား ၆ ယောက်ရှိတဲ့အထဲမှာတောင် မကလေးကို သော့ကိုင်ဘဏ္ဍာစိုးအရာထားပါတယ်။ ဒါပေမယ့် မကလေးကို ရနောင်ချစ်တယ်ဆိုတာ ခိုကလေး၊ ငှက်ကလေးကို ရွှေလှောင်အိမ်မှာ မွေးထားသလိုချစ်နည်းကားပါ။ မကလေးဟာ သူ့တကိုယ်တည်း ကောင်းစားပေမယ့် သားတွေနဲ့တော့ ဝေးတနယ်စီမှာ။

ရနောင်မောင်မောင်တုတ်ဟာ တရားဝင်မယားသာ ၆ ယောက်ပဲရှိပေမယ့် တရားမဝင်တာ၊ ခြေပုန်းခုတ်တာတွေကိုတွက်ရင် မင်းတုန်းကြီးထက်တောင် သာတယ်လို့ အဆိုရှိပါတယ်။

ရနောင်မောင်မောင်တုတ်ဟာ သီပေါမင်းအတွက် နေပြည်တော်မှာ ရှိတဲ့ အပျိုအအိုချောချောလှလှတွေ စာရင်းပြုစုပေးရတယ်လို့လည်း သမိုင်းစာအုပ်တချို့မှာ ဖော်ပြကြပါတယ်။

အလည်လွန်တဲ့ ရနောင်ဟာ သီပေါမင်းနဲ့ ဒိုင်းခင်ခင်ကို ဆက်သွယ်ဆောင်ရွက်ပေးတဲ့အချိန်မှာ ချောက်ကျခဲ့ပါတယ်။ မိဖုရားကြီး စုဖုရားလတ်က "ငါတောင် တလင်တည်းနဲ့ရောင့်ရဲနိုင်ရင် သူလည်း တမယားတည်းနဲ့တင်းတိမ်နိုင်ရမယ်"လို့ သဘောထားတဲ့သူပါ။ သီပေါမင်းက ဒိုင်းခင်ခင်ကို စွဲလန်းတဲ့အရိပ်အယောင်မြင်တော့ ဒိုင်းခင်ခင်ကို သုတ်သင်ခဲ့သလို ရနောင်ကိုလည်း အမျက်သိုပြီး ကြေးတိုက်သွင်း အကျဉ်းချခဲ့ပါတယ်။

Image caption သီပေါမင်းရဲ့ချစ်ခင်စုံမက်မှုကြောင့် အသက်ပေးခဲ့ရသူ ဒိုင်းခင်ခင်

ရနောင်မောင်မောင်တုတ်ဟာ ကြေးတိုက်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကတ်ကြေးနဲ့ ထိုးသတ်သွားတယ်လို့ သမိုင်းစာအုပ်တချို့မှာ မှတ်တမ်းတင်ကြပါတယ်။ တချို့ကတော့ ရနောင်ရဲ့ပြိုင်ဘက် ရွှေလှံဗိုလ်က သတ်လိုက်တယ်လို့ဆိုပါတယ်။

ရနောင်ရဲ့သော့ကိုင် ဘဏ္ဍာစိုး ဇနီးဖြစ်တဲ့ မကလေးကိုလည်း ကြိမ်ဒဏ် ၁၃ ချက်ရိုက်နှက်ပြီး ရွှေလှံဗိုလ်ရဲ့အိမ်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ မိဖုရားခေါင်ကြီးစုဖုရားလတ်ရဲ့အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှာ ဖော်ပြပါတယ်။

ရနောင်မောင်မောင်တုတ်က လင်ရှိမယားကို ဆင်နဲ့ အတင်းခိုးခဲ့တဲ့ မကလေးရဲ့ အဖြစ်သနစ်ကို ကြားတော့ "ဆင်ခိုး ဒီကရှေ့လျှောက် ဒုက္ခမရောက်စေရဘူး"လို့ မိဖုရားကြီး စုဖုရားလတ်က အားပေးခဲ့ပါတယ်။ စုဖုရားလတ်က ဆင်ခိုးလို့ခေါ်လိုက်ပြီးနောက်ပိုင်းမှာ မကလေးဟာ ဆင်ခိုးမကလေးအဖြစ်နဲ့ နန်းတော်ထဲမှာ အထင်ရှားဆုံး အကပညာရှင်မင်းသမီးတလက်ဖြစ်ခဲ့ပါတယ်။ စုဖုရားလတ်က "နိုင်ငံတော်မှာ ဆင်ခိုးအပြင် မင်းသမီးမရှိစေနှင့်" လို့ပြောတဲ့အဆင့်ထိတောင် မြှောက်စားခဲ့တယ်လို့ စွယ်စုံကျမ်းကဆိုပါတယ်။

ဒုတိယအကြိမ် မုဆိုးမဖြစ်ခြင်း

ရနောင်မောင်မောင်တုတ် အကွပ်မျက်ခံရချိန်မှာ ရနောင်က ၂၈ နှစ်ဆင်ခိုးလည်း ၂၈ နှစ်အရွယ်ပဲရှိပါသေးတယ်။

အရွယ်ရှိသေးတဲ့ ဆင်ခိုးမကလေးကို မိဖုရားခေါင်ကြီးစုဖုရားလတ်က အိမ်ထောင်ချထားပေးဖို့စီစဉ်တော့ ဆင်ခိုးမကလေးက ခင်ပွန်းဟောင်းရှိပါသေးကြောင်း လျှောက်ထားတဲ့အတွက် လယ်တော်အုပ်နဲ့ ပြန်ပြီးလက်ဆက်ပေးခဲ့ပါတယ်။

၆ နှစ်ကြာအောင် မေတ္တာရေခမ်း၊ နွမ်းခြောက်ပြီး သစ်ပင်အိုကြီးလို ဖြစ်ခဲ့တဲ့ လယ်တော်အုပ်အတွက်တော့ နှောင်းခဲ့ပါပြီ။ ဆင်ခိုးမကလေးနဲ့ ၆ နှစ်တာ ကင်းကွာခဲ့ချိန်မှာ အရူးတပိုင်းဖြစ်ခဲ့တဲ့ လယ်တော်အုပ်ဟာ ပြန်ပေါင်းထုပ်ပြီး သိပ်မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆင်ခိုးမကလေးဟာ စိတ်ပြေလက်ပျောက် အောက်ပြည်ကိုသွားရင်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ကြည့်မြင်တိုင် ဆရာမွှန်း၊ ဦးကျီးဖြူ၊ ဦးကျားကြီး၊ ဦးစိန်စစ်၊ ဦးကျော်စံစတို့နဲ့တွဲကခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Oca Sha
Image caption ပရိသတ်ရှေ့မှာ သူ့အကြောင်းကို ဇာတ်ကြောင်းလှန်

ပြည်သူ့မင်းသမီး ဆင်ခိုးမကလေး

သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်ခေတ်ရောက်တော့ ဆင်ခိုးမကလေးဟာ ဇာတ်ထောင်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။

တချိန်က နန်းတွင်းမှာ မင်းစိုးရာဇာကိုသာ ဖျော်ဖြေခဲ့တဲ့ ဆင်ခိုးမကလေးဟာ ပြည်သူ့မင်းသမီး၊ အရပ်မင်းသမီးဖြစ်လာပါတယ်။ တကယ့်သဘင်လောကထဲကို ရောက်လာပါတယ်။

ဆင်ခိုးမကလေးဟာ ပရိသတ်ရှေ့မှာ သူ့အကြောင်းကို ဇာတ်ကြောင်းလှန်ပြီး "မသွေမရှောင် တဖေတမောင် ရနောင်လေ တယ်လို့ဆိုး၊ ဆင်ခိုးလေး ကျမ၊ မရမက သူကခိုး" လို့သီချင်းဆိုပြတဲ့အခါ ပရိသတ်က သူ့ကိုသိပ်ချစ်၊ သိပ်သနားကြပါတယ်။

ပြည်သူ့မင်းသမီးဘဝမှာ ဆင်ခိုးမကလေးဟာ ကြည့်မြင်တိုင် အကြော်ဖိုအရပ်က အရပ်လူကြီးမောင်မောင်ဘနဲ့ တတိယအိမ်ထောင်ပြုခဲ့ပါတယ်။

ဒါပေမယ့် အရပ်လူကြီးမောင်မောင်ဘကလည်း သူနဲ့ကြာကြာမပေါင်းလိုက်ရဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဆင်ခိုးမကလေးဟာ တတိယအကြိမ်မြောက် မုဆိုးမဖြစ်ခဲ့ရပြန်ပါတယ်။

ဆင်ခိုးမကလေးဟာ အချစ်နဲ့ အကျိုးမပေးသူလို့ ဆိုရမလိုပါပဲ။ သူ့ဘဝမှာ ချစ်ရတာကနည်းနည်း၊ လွမ်းရတာကများများဖြစ်ခဲ့ပါတယ်။

သီပေါမင်း အိန္ဒိယရောက်ပြီး ရတနာဂီရိမှာ သမီးတော်တွေ နားသမင်္ဂလာပွဲလုပ်တော့ နန်းတွင်းက ထိပ်ထိပ်ကြဲအနုပညာသည်ဟောင်းကြီးတွေကို ခေါ်ယူဖျော်ဖြေခိုင်းတဲ့အခါ ဆင်ခိုးမကလေးဟာ ရွာစားကျော်စိန်ဗေဒါ၊ ဒေဝဣန္ဒာမောင်မောင်ကြီးတို့နဲ့ အတူကပြဖျော်ဖြေခဲ့ရပါတယ်။ ဆင်ခိုးဟာ သူ့သောကတွေကိုမေ့ပြီး မြန်မာပြည်ပြန်ခွင့်မရတဲ့ အသျှင်နှစ်ပါးကို သနားလွန်းလို့ မျက်ရည်ကျတဲ့အခါ သီပေါဘုရင်က "ဆင်ခိုးတို့များနေနိုင်ရော့ဟယ်၊ ငါကြိုက်တတ်တဲ့ ရွှေဘိုချဉ်ပေါင်လေးများ အခြောက်လုပ်ပြီးယူလာခဲ့ရောပေါ့"လို့ အသောဖောက်ရင်း ဆင်ခိုးမကလေးကို မျက်ရည်သုတ်ပေးခဲ့တယ်လို့ ဦးသော်ဇင်က ဆင်ခိုးမကလေး အထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။

မန္တလေးပထမသဘင်ရဲ့ သဘင့်မိခင် ဆင်ခိုးမကလေး

အနှစ် ၁၀၀ မန္တလေးသဘင်ခေတ်ကို လေးပိုင်းပိုင်းကြည့်ရင် မဆင်ခိုးတို့ မယင်းတော်တို့ မကွမ်းငုံတို့ခေတ်ကို မန္တလေး ပထမသဘင်ခေတ် သို့မဟုတ် ရတနာပုံခေတ်လို့ လူထုဒေါ်အမာက သုံးသပ်သတ်မှတ်ခဲ့ပါတယ်။

မဆင်ခိုးဟာ ပထမသဘင်ခေတ်ရဲ့ ရှေ့ဆောင် သဘင့်မိခင်တယောက်အဖြစ်နဲ့ ထင်ရှားခဲ့ပါတယ်။ အသက် ၇၀ ကျော်အရွယ်မှာ မဆင်ခိုးဟာ စီးပွားရေးချို့ချို့တဲ့တဲ့နဲ့ ကွယ်လွန်ခဲ့ပါတယ်။

ရနောင်မောင်မောင်တုတ်က ဓားစာခံအဖြစ်ပြန်ပေးဆွဲခံခဲ့ရတဲ့ ဆင်ခိုးမကလေးရဲ့ သားကြီးညာဘွားဟာ နောင်မှာ လူရွှင်တော်နဲ့ ဆိုင်းဆရာဖြစ်လာပါတယ်။ သားငယ်သက်ထားကတော့ မဆင်ခိုးရဲ့ပညာကိုဆက်ခံပြီး ဇာတ်မင်းသားဖြစ်လာပါတယ်။

ဆက်စပ် အကြောင်းအရာများ