မြန်မာအစ တရုတ်ပြည်ကလားနဲ့ ဆွေမျိုးပေါက်ဖော်တို့ရဲ့ အတူယှဉ်တွဲနေထိုင်ရေး

burma ဓာတ်ပုံ မူပိုင် SOPA Images
Image caption တရုတ်ပြည် ယူနန်နယ် တာလီမြို့ဟောင်းက ရှေးဟောင်းဘုရားသုံးဆူ

မြန်မာနိုင်ငံနဲ့ တရုတ်ပြည် အဆက်အဆံရှိတာက မြန်မာပြည် ဖြစ်လာမယ့်နေရာမှာ မြို့ပြနိုင်ငံတွေ ပေါ်ထွန်းစကတည်းကလို့ ဆိုရမှာပါ။ ပျူနဲ့ မွန် မြို့ပြနိုင်ငံတွေ အေဒီ အစောပိုင်း ရာစုတွေမှာ ပေါ်ပေါက်လာပြီးနောက် တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေး လမ်းကြောင်းကို မှီပြီး ဒီနိုင်ငံတွေမှာ ယဉ်ကျေးမှုနဲ့ စီးပွားရေးအင်အားကို ထူထောင်လာခဲ့ပါတယ်။

ပျူနဲ့ တရုတ်ဆက်ဆံရေးကို အထင်ရှားဆုံး တွေ့ရတာက တန်မင်းဆက်မှတ်တမ်းတွေမှာ ပါတဲ့ ပျူယဉ်ကျေးမှုအဖွဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အေဒီ ၈ဝ၁ ခုနှစ်က လာတဲ့ ဒီဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှု အဆင့်မြင့်မားပုံကို တရုတ်မှတ်တမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီအရင် အေဒီ ၇ ရာစုနှစ်တွေက တရုတ် ဘုရားဖူးမှတ်တမ်းတွေမှာလည်း သရေခေတ္တရာ ပြည်အကြောင်း ပါရှိပါတယ်။

မိချန် နိုင်ငံကို အခု ယူနန်ပြည်နယ်မှာ ရှိတဲ့ နန်ချောင်တွေ တိုက်လို့ ၈၃၅ ခုနှစ်က ပျက်စီးတယ်ဆိုပြီး တန်မင်းဆက် သမိုင်းသစ်မှာ ရေးသားပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption သရေခေတ္တရာက ဘောဘောကြီးဘုရား

မြန်မာရာဇဝင်တွေမှာ စိန့်တိုင်းလို့ ဖော်ပြတဲ့ ဂန္ဓာလရာဇ် တရုတ်ပြည်ဟာ ယူနန်က နန်ချောင်နိုင်ငံကို ရည်ညွှန်းတာလို့လည်း နောက်ပိုင်း သမိုင်းပညာရှင်တွေက ယူဆပါတယ်။ ယူနန်နယ် တာလီမှာ ရှိတဲ့ နန်ချောင်မြို့တော်ဟောင်းကို မြန်မာရာဇဝင်တွေမှာ မိထိလာပြည် အဖြစ် ဖော်ပြကြပြီး အဲဒီအချိန်က ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံလို့လည်း သိရပါတယ်။

မွန်ဂိုလွိုက်မျိုးနွယ်စုက ဆင်းသက်လာတဲ့ မြန်မာဖြစ်လာမယ့် လူမျိုးစုတွေဟာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသတွေမှာ နှစ်ထောင်ချီ နေခဲ့ကြပြီး မြန်မာစကားဟာ တိဘက်မြန်မာဘာသာစကားအုပ်စုဝင် ဖြစ်ပါတယ်။ ပျူနဲ့မွန် နိုင်ငံတွေဟာ နန်ချောင်ရဲ့ သြဇာအောက်မှာ ဖွံ့ဖြိုးလာခဲ့ပြီး နန်ချောင်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်တာတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် ပုဂံခေတ်မှာ အနော်ရထာချီတက်ခဲ့တယ် ဆိုတဲ့ တရုတ်ပြည်ဟာ ပြည်မကြီး မဖြစ်နိုင်ဘဲ နန်ချောင်နိုင်ငံသာဖြစ်နိုင်တယ်လို့ နှောင်းခေတ် ပညာရှင်တွေက ယူဆပါတယ်။

ဒါပေမဲ့လည်း ပုဂံမှာတွေ့တဲ့ တရုတ်နဲ့ ပျူလို နှစ်ဘက်ရေးထွင်းထားတဲ့ ကျောက်စာမှာ အေဒီ ၁ဝ ရာစုနှစ်က တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အကြောင်းတွေ ပါတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ပုဂံပြတိုက်မှာ ပြသထားတဲ့ တရုတ်ကျောက်စာ

ပုဂံခေတ်နောက်ပိုင်းမှာတော့ တရုတ်ပြည်ကို သိမ်းထားတဲ့ မွန်ဂိုတာတာတွေကြောင့် ပုဂံပြည်ပျက်ခဲ့သလို တာတာခေါ် တာ့က်လူမျိုးတွေကို အစွဲပြုပြီး တရုတ်တရက်လို့ စိန့်တိုင်းသားတွေကို ခေါ်စပြုလာပါတယ်။

မြန်မာယဉ်ကျေးမှုမှာ အိန္ဒိယ အငွေ့အသက်များတယ် ဆိုပေမယ့် တရုတ်နန်းတွင်းထုံးစံတွေ ဖြစ်တဲ့ နေ့စဉ်မှတ်တမ်း ထားရှိခြင်းနဲ့ တရုတ်ဆန်တဲ့ ဝတ်လုံရှည်တွေ ဝတ်ဆင်တာကို အင်းဝခေတ်နံရံ ပန်းချီတွေမှာ စတွေ့ရသလို တရုတ်ဝန်နဲ့ တရုတ်ဘာသာပြန်တွေကိုလည်း မြန်မာမင်းတွေက ရုံးတွေမှာ ခန့်ထားခဲ့ပါတယ်။ တရုတ်နန်းတွင်းစားဖိုမှူး ထားရှိတဲ့အတွက် စဥကြော်၊ ခေါက်ဆွဲစတဲ့ တရုတ်ဟင်းလျာတွေ မြန်မာနန်းတွင်းမှာ သုံးဆောင်ကြသလို တရုတ်ပြည်က လက်ဆောင်ပို့တဲ့ ကတ္တီပါ သားမွေးနဲ့ ပိုးဖဲစတွေကိုလည်း မြန်မာဘက်က မက်မက်မောမော သုံးစွဲကြပါတယ်။

မန္တလေးမြို့ အနောက်ပြင်မှာ ရှိတဲ့ ဒေးဝန်းရပ်ဟာ အစဉ်အဆက်က တရုတ်ကုန်သည်တွေ စတည်းချရာ ဖြစ်ပါတယ်။ ဗန်းမော်၊ အမရပူရနဲ့ ရန်ကုန်မြို့တွေမှာလည်း တရုတ်ဘုံကျောင်းတွေ နှစ်ရာနဲ့ချီ တည်ရှိခဲ့ပါတယ်။ အမရပူရ ဘုံကျောင်းမှာ မြန်မာပြည်မှာ ကျောက်စိမ်းတူးရင်း သေဆုံးတဲ့ တရုတ်လူမျိုးတွေရဲ့ မှတ်တမ်းတွေ ကျန်ရစ်တယ်လို့လည်း ဆိုပါတယ်။ ရှမ်းပြည် ဘော်တွင်းဒေသမှာတော့ နှစ်ရာချီပြီး တရုတ်လူမျိုးတွေက ငွေသတ္တုတူးဖော်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Florilegius
Image caption တရုတ်ဝတ်လုံနဲ့ဆင်တဲ့ အမရပူရခေတ်က ဝတ်စားဆင်ယင်မှု

သမိုင်းအစဉ်မှာ တရုတ်နဲ့ ဖြစ်တဲ့ စစ်တွေ ပုဂံခေတ်နောက်ပိုင်း ညောင်ရမ်းနဲ့ ကုန်းဘောင်ခေတ်တွေမှာ ရှိခဲ့ပေမယ့် ပုံမှန်အားဖြင့် နှစ်ဘက် အဆင်ပြေအောင် နေကြပါတယ်။ နယ်စပ်က စော်ဘွားတွေ ကလည်း နှစ်ဘက်စလုံးကို လက်ဆောင်ဆက်ပြီး သစ္စာခံကြတာ များပါတယ်။ ဒါကြောင့် တရုတ် မြန်မာ နယ်နိမိတ် သတ်မှတ်ရေးဟာ ဗြိတိသျှ လက်ထက်ကမှ အစပျိုးနိုင်ကာ ၁၉၆၁ မှ အပြီးသတ်တာ ဖြစ်ပါတယ်။

ကိုးကန့်နယ်မှာတော့ တရုတ်မြို့စားမိသားစုက ရာစုနှစ်တွေနဲ့ချီပြီး အုပ်စိုးခဲ့ပါတယ်။

ဘိုးတော်ဘုရားလက်ထက်မှာ တရုတ်ကဆက်သတဲ့ အမျိုးသမီးသုံးယောက်ကို မြှောက်စားခဲ့သလို တရုတ်သွေးပါတဲ့ သားတော် မင်းသားတပါးလည်း ထွန်းကားခဲ့ပါတယ်။

မင်းတုန်းမင်းလက်ထက်မှာတော့ ယူနန်ပြည်နယ်က ပန်းသေးသူပုန်ထမှုကြောင့် တရုတ်မြန်မာ ကုန်သွယ်ရေး ထိခိုက်ပြီး မြန်မာပြည်အထက်ပိုင်းရဲ့ စီးပွားရေး ကျဆင်းခဲ့ပါတယ်။

အဲဒီအကျိုးဆက်အဖြစ် ဗြိတိသျှ သိမ်းပိုက်မှုကို မခုခံနိုင်ဘဲ ၁၈၈၅ မှာ သီပေါမင်း ပါတော်မူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption ပါတော်မူစ စျေးချိုတော်က တရုတ်ကုန်သည်များ

ပါတော်မူပြီးနောက် တရုတ်နဲ့ဆက်ဆံရေး ဆက်ရှိခဲ့သလိုပဲ မြန်မာပြည်မှာ တရုတ်လူမျိုးတွေ အခြေချမှုလည်း ပိုများလာပါတယ်။ အိန္ဒိယကလောက် အများအပြား အခြေချတာ မဟုတ်ပေမယ့် လက်တိုကန်တုံ၊ လက်ရှည်ဖူးကျင့်၊ လက်စကဟတ်ကနဲ့ ယူနန်နယ်သားတရုတ် ရွှေ့ပြောင်းဝင်လာသူတွေဟာ ဘုရင်ခေတ်ကထက် ပိုများလာပါတယ်။

မြန်မာပြည် အောက်ပိုင်းကိုတော့ ပီနန်ကတဆင့် ဝင်လာသူများပြီး မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပုသိမ်စတဲ့ မြို့ကြီးတွေမှာ ကုန်သွယ်ကူးသန်းရင်း အခြေချသူတွေ ရှိသလို မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာလည်း ကုန်စုံဆိုင်ဖွင့်သူ၊ ရေလုပ်ငန်းလုပ်သူ တရုတ်နွယ်ဖွားတွေ ရှိလာပါတယ်။ သတ္တုတွင်းလုပ်ကိုင်သူတွေကိုတော့ ထားဝယ်နယ်မှာ အတွေ့များပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption ဗန်းမော်မြို့က ကိုလိုနီခေတ် တရုတ်တန်း

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်က ဝင်လာတဲ့ မြီးရှေ၊ မြူစွမ်၊ ကော်ရည်ခေါက်ဆွဲ၊ ပေါက်စီ၊ လမုန့်၊ ကော်ပြန့်စတဲ့ တရုတ်အစားအသောက်တွေဟာ အိန္ဒိယအစားအစာတွေလိုပဲ မြန်မာတွေရဲ့ နေ့စဉ်ဘဝမှာ ရောက်ရှိနေပြီ ဖြစ်သလို နောက်ပိုင်းမှာလည်း ကြေးအိုး၊ ဆီချက်ခေါက်ဆွဲ၊ မာလာဟင်းစတဲ့ တရုတ်အစားအစာတွေ ဝင်လာခဲ့ပါတယ်။

တရုတ်မြန်မာနွယ်ဖွားတွေလည်း မြန်မာပြည်မှာ ထင်ရှားလာပြီး ကိုလိုနီခေတ်က ရန်ကုန်မှာ ထောင်တဲ့ ရွှေတောင်ကြားပါတီဟာ မြန်မာ့နိုင်ငံရေးကို ဆယ်နှစ်ကျော် ကြီးစိုးခဲ့ပြီး ပထမဆုံး မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီးဟာ ဒီပါတီက ဖြစ်ပါတယ်။ ၁၉၂ဝ ကျော်က သစ်တောရေးဝန်ကြီးချုပ် ဆာလီအရိန်နဲ့ ၁၉၃ဝ ကျော်မှာ ဝန်ကြီးချုပ် တနေရာရခဲ့တဲ့ အယ်လ်စီခူးတို့ဟာလည်း တရုတ်နွယ်ဖွား တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption တရုတ်ဗမာလမ်းမကြီးကြောင့် စစ်မီးမြန်မာပြည်ကိုကူး

၁၉၃ဝ နှောင်းပိုင်းမှာ ဖောက်ခဲ့တဲ့ တရုတ်ဗမာလမ်းမကြီးကနေ ဂျပန်နဲ့ စစ်ဖြစ်နေတဲ့ တရုတ်ပြည်ကို စစ်လက်နက်အကူအညီနဲ့ လောင်စာဆီတွေကို ဗြိတိသျှဘက်က ပို့ခဲ့ပါတယ်။ အဲဒီနောက် အကျိုးဆက် အဖြစ် မြန်မာပြည်ကို ဂျပန်ကျူးကျော်စစ် ရောက်လာသလို ဒီလမ်းမကြီးကပဲ တရုတ်ကွန်မြူနစ်တွေနဲ့ အဆက်အသွယ်ရဖို့ မြန်မာဘက်က သခင်တချို့ ကြိုးစားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယုနဲ့ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အပါအဝင် တရုတ်နွယ်ဖွားတွေ မြန်မာပြည် နိုင်ငံရေးမှာ ကြီးစိုးခဲ့တယ်လို့ ဆိုကြပါတယ်။ NLD ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီးကြည်မောင်ကိုတောင် တရုတ်ကပြားလို့ ရေးသားသူတွေ ရှိပါတယ်။ ကိုးကန့်နယ်သား လော်စစ်ဟန်နဲ့ ဖုန်ကြားရှင်၊ ခွန်ဆာစတဲ့ စစ်ခေါင်းဆောင်တွေ ကလည်း မြန်မာပြည်မှာ အရေးပါခဲ့ကြပါတယ်။

စီးပွားရေးဘက်မှာတော့ စစ်မဖြစ်ခင်က အော်ဘွန်ဟော အော်ဘွန်ပါး ညီအစ်ကိုတွေရဲ့ ကျားဘမ်းပရုပ်ဆီကနေ လင်းချင်းချောင်း၊ ချန်းမားဖီးစတဲ့ တရုတ်သူဌေးအများအပြား မြန်မာပြည်မှာ ပေါ်ထွန်းခဲ့ ပါတယ်။ စစ်ပြီးခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေ ဆက်ရှိနေခဲ့ပြီး ၁၉၉ဝ ကျော်မှာတော့ နယ်စပ်ဒေသက တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ထင်ရှားလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Peter Charlesworth
Image caption ဘိန်းဘုရင်လို့ထင်ရှားခဲ့တဲ့ ခွန်ဆာ

ပညာရေးဘက်မှာလည်း ရန်ကုန်မှာ အစောဆုံးဘွဲ့ရသူ ဖြစ်တဲ့ ကျောက်စာဝန် မစ္စတာတော်စိန်ခိုဟာ ဗန်းမော်တရုတ်ဖြစ်ပါတယ်။ စာရေးဆရာမောင်ထင်ကစလို့ သတင်းစာဆရာကြီး အက်ဒွပ်လောရုံ၊ စာကြည့်တိုက်မှူးဟောင်း ဒေါက်တာသော်ကောင်း၊ မော်ဒယ် မိုးစက်ဝိုင်၊ မင်းသားဇန်ခီတို့အထိ ထင်ရှားတဲ့ တရုတ်နွယ်ဖွားတွေ စာပေအနုပညာလောကမှာ ရှိပါတယ်။

၁၉၄၉ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်လာပြီးနောက် ပထမဆုံးအသိအမှတ်ပြုတဲ့ ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံက မြန်မာပြည် ဖြစ်ပါတယ်။ ဘန်ဒေါင်းမူငါးချက်အပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးတွေကို တရုတ် မြန်မာခေါင်းဆောင်တွေဟာ တခြားအာရှခေါင်းဆောင်တွေနဲ့အတူ ထူထောင်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ တရုတ်ဖြူ ကူမင်တန်တွေ ရှမ်းပြည်ကို ဝင်လာလို့ မြန်မာ့တပ်မတော်ကို တိုးချဲ့ ထူထောင်ပြီး တိုက်ထုတ်ရပါတယ်။

၁၉၆၇ မှာ ဖြစ်တဲ့ တရုတ် ဗမာ အရေးအခင်းနောက်ပိုင်းမှာတော့ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားခဲ့သလို တရုတ်စာသင်ကျောင်းတွေ အပိတ်ခံခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ် ထောက်ပံ့မှုနဲ့ အပျော်တမ်း တပ်တွေ မြန်မာပြည်နယ်စပ်ကို ဝင်လာပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို ကူညီခဲ့ကြပါတယ်။ ၁၉၇၈ တရုတ်ပြည်မှာ တိန့်ရှောင်ဖိန်တက်လာပြီးနောက်မှာတော့ စီးပွားရေးတံခါးဖွင့်လာသလို ဗကပကို ထောက်ပံ့မှုတွေ ရပ်စဲခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption ပြေလည်မှုမရသေးတဲ့ လက်ပံတောင်းစီမံကိန်း

၁၉၈၈ နောက်ပိုင်း နဝတ အစိုးရနဲ့ တရုတ်ပြည်အကြား ပိုမိုနီးစပ်လာပြီး စီးပွားရေးနဲ့ တခြားအကူအညီတွေ ပိုပေးလာပါတယ်။ မန္တလေးဘက်မှာလည်း တရုတ်စီးပွားရေး လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ စာပေလှုပ်ရှားမှု ရှိလာသလို မန္တလေးမှာ လူဦးရေရဲ့ သုံးပုံတပုံခန့်ထိ တရုတ်နွယ်ဖွားတွေ ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။

၂ဝ၁ဝ နောက်ပိုင်းမှာတော့ မြစ်ဆုံဆည်ကိစ္စနဲ့ ပတ်သက်ပြီး ဆန့်ကျင်မှုတွေ ပြည်တွင်းမှာ ပိုများလာသလို ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ တရုတ်ကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ၊ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စတွေမှာလည်း တရုတ်စီးပွားရေးကို ဆန့်ကျင်မှုတွေ ရှိလာခဲ့ပါတယ်။

တရုတ်စက်ရုံတွေမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေရဲ့ လစာနဲ့ အလုပ်သမားအခွင့်အရေးကိစ္စတွေမှာလည်း ဆန့်ကျင်တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

သရေခေတ္တရာခေတ်ကတည်းက အစဉ်အလာအားဖြင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရှိခဲ့တဲ့ တရုတ်နဲ့မြန်မာကြား ဆက်ဆံရေးဟာ အရေးကြီးတဲ့ အချိုးတကွေ့ကို ရောက်လာသလို ပြည်တွင်းနေ တရုတ်နွယ်ဖွားတွေအတွက်လည်း ၁၉၆၇ လို ပြန်မဖြစ်ဖို့ အရေးကြီးပါတယ်။

ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption ရန်ကုန်မှာ ကျင်းပတဲ့ တရုတ်မြန်မာနှစ်သစ်ကူးပွဲတော်