ကရင်နစ္စတန်၊ ကရင်တွေ ဘာကြောင့် နိုင်ငံလိုချင်ခဲ့သလဲ

karen ဓာတ်ပုံ မူပိုင် Tom Williams
Image caption ကရင်အလံကို ဝါရှင်တန် ကက်ပီတိုတောင်ကုန်း နောက်ခံနဲ့အတူ ကိုင်ဆောင်ထား

ကရင့်တော်လှန်ရေး စတင်တာ နှစ် ၇ဝ ပြည့်ခဲ့ပါပြီ။ မြန်မာအစိုးရထုတ် စာအုပ်တွေမှာတော့ ကရင်သူပုန်ထမှု၊ ကရင်ဆိုးသောင်းကျန်းမှု အဖြစ် ပုံဖော်ခံရတဲ့ လက်နက်ကိုင် လှုပ်ရှားမှုဟာ နှစ် ၇ဝ ကျော်ခဲ့ပေမယ့် အပြီးသတ်မယ့်ပုံ မရှိသေးပါဘူး။

ကရင်လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ အစောဆုံး ပေါ်ထွက်ခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် လှုပ်ရှားမှု တခု ဖြစ်ပါတယ်။ သူ့ထက် နှစ်နည်းနည်းစောတဲ့ ရခိုင်ကွန်မြူနစ် လှုပ်ရှားမှု ချုပ်ငြိမ်းသွားပေမယ့် ကရင်လက်နက်ကိုင် တပ်တွေဟာ မြန်မာပြည် အရှေ့တောင်ပိုင်းမှာ ဆက်လက်ရပ်တည်နေကြပါတယ်။

ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားရေးလှုပ်ရှားမှုနဲ့ ဆက်စပ်သလို မြန်မာဘုရင်ခေတ်နဲ့ ဗြိတိသျှအောက်မှာ နေစဉ်က ကြုံခဲ့တဲ့ လူမျိုးရေး တင်းမာမှုတွေအပေါ်လည်း မူတည်ပါတယ်။

မြန်မာနဲ့ မွန်ဘုရင်တွေအောက်မှာ ကရင်တွေဟာ တလိုင်းကရင်၊ ဗမာကရင်တွေအဖြစ် မွန်နဲ့မြန်မာ လူ့အဖွဲ့အစည်းထဲ ရောက်သွားတာ ရှိသလို တောင်တွေပေါ် တွန်းထုတ်ခံရတာတွေ ရှိခဲ့တယ်လို့ ကရင်သမိုင်း လေ့လာသူတွေက ဆိုပါတယ်။ တောင်ပေါ်ကရင်တွေမှာ မြေပြန့်ကရင်နဲ့မတူဘဲ သီးခြားလွတ်လပ်တဲ့ သမိုင်းရှိခဲ့ပြီး မြန်မာနဲ့ ထိုင်းဘုရင်တပ်တွေ သူတို့နယ်မြေကို ဖြတ်ပြီး ချီတက်တဲ့ အခါမှသာ မြေပြန့်ထိန်းချုပ်မှု ကြုံရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Smith Collection/Gado
Image caption ကိုလိုနီခေတ်က ကရင်အမျိုးသမီးတစု

ဗြိတိသျှ မြန်မာပြည်ကို အောက်ပိုင်းက စသိမ်းပြီးနောက် ကရင်တွေက ဗြိတိသျှစစ်တပ်ကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒါကလည်း မြန်မာ အုပ်ချုပ်မှုအောက်မှာ ဖိနှိပ်လွန်းလို့ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ လူမျိုးတွေ ဆက်နေချင်စိတ် ကုန်နေတယ်လို့ ၁၉ ရာစုအစောပိုင်း ဗြိတိသျှ မှတ်တမ်းတွေမှာပါသလို အရင်ဖိနှိပ်မှုကြောင့် အသစ်ဝင်လာသူကို ကူညီတာ ဖြစ်နိုင်ပါတယ်။

ကရင်အမျိုးသားရေး လက္ခဏာပေါ်ထွန်း

နောက် ဗြိတိသျှရဲ့ ခွဲခြားအုပ်ချုပ်မှု စနစ်ကြောင့် ကရင်တွေကို ခရစ်ယာန်ဘာသာတွင်း သွတ်သွင်းတာနဲ့ ဗြိတိသျှစစ်တပ်မှာ လက်ခံတာတွေ ရှိလာပါတယ်။ ၁၉ ရာစုနောက်ပိုင်းမှာပဲ တောင်ပေါ် တောင်အောက် ကွဲပြားနေတဲ့ လူမျိုးစုတွေကိုလည်း စုစည်းပြီး ကရင်လူမျိုးအဖြစ် သီးခြားပေါ်ထွန်း လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ကရင်အဖြစ် တောင်သူခေါ် ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီတွေကို အရင်က ထည့်သွင်းရေတွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအက္ခရာကို အခြေခံပြီး ကရင်စာပေတီထွင်တာ၊ ကရင် ဘာသာရေးစာစောင်တွေ ထုတ်တာ၊ သမ္မာကျမ်းစာကို စကောကရင်၊ ပိုးကရင်ဘာသာတွေနဲ့ ပြန်ဆိုတာတွေလည်း ရှိလာပါတယ်။ ရန်ကုန်မှာ ၁၈၇၂ မှာ ဖွင့်တဲ့ ဘက်ပတစ်ကောလိပ်မှာ ကရင်ကျောင်းသားများတဲ့အတွက် ကရင်ကောလိပ်လို့တောင် ခေါ်စမှတ်ပြုပါတယ်။

မြန်မာ နိုင်ငံရေး ဘာသာရေးအဖွဲ့အစည်းတွေဟာ ၁၉ ရာစု အကုန်၂ဝ ရာစုဆန်းမှ ပေါ်လာမယ့် ကရင်အဖွဲ့တွေကတော့ ၁၉ ရာစု အလယ် ကတည်းက ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ကရင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ကို ၁၈၄ဝ က ထူထောင်သလို ကရင်အမျိုးသားအစည်းအရုံး ဒေါကလူကိုလည်း ၁၈၈၁ မှာ ထူထောင်ပါတယ်။ ဒေါကလူဟာ အိန္ဒိယအမျိုးသားကွန်ဂရက်ထောင်တာထက် လေးနှစ်ပိုစောသလို ဂျီစီဘီအေနဲ့ တို့ဗမာအစည်းအရုံးတွေထက်လည်း အနှစ် ၄ဝ၊ ၅ဝ လောက် အရင်ကျပါတယ်။

အမေရိကန်နဲ့ ဗြိတိန်မှာ အစောဆုံးပညာသင် တတ်မြောက်ခဲ့ကြတဲ့ ကရင်လူကြီး တွေက ကရင်တမျိုးလုံး စည်းလုံးရေးနဲ့ အခွင့်အရေးတွေ တိုးမြှင့်တောင်းဆိုဖို့၊ မြန်မာတွေ လွှမ်းမိုးမှုက ကာကွယ်ဖို့ နိုင်ငံရေးအဖွဲ့တွေ တည်ထောင်ကြတာပါ။ ဒီအချိန်ထိ မြန်မာပြည်အထက်ပိုင်းမှာ သီပေါမင်းနန်းစံနေတုန်း ဖြစ်ပါတယ်။ ဒေါကလူဟာ တတိယ အင်္ဂလိပ်မြန်မာစစ်မှာ ဗြိတိသျှတွေဘက်က ကူခဲ့တယ် လို့လည်း ဆိုပါတယ်။

နောက် မြန်မာပြည်ကို အုပ်ချုပ်ရေးတိုးမြှင့်ဖို့အတွက် အိန္ဒိယကို ၁၉၁၇ မှာ ခေါ်ယူမေးမြန်းရာမှာလည်း ဒေါက်တာဆာစံစီပိုးစတဲ့ ကရင်လူကြီးတွေ ပါဝင်ပါတယ်။ ၁၉၂၃ မှာ ဒိုင်အာခီ အုပ်ချုပ်ရေးအသစ် စတဲ့အခါမှာ ဥပဒေကောင်စီအမတ် ၅ နေရာကို ကရင်လူမျိုးများ ရရှိပြီး နောက်ပိုင်းမှာ ၁၂ နေရာထိ ရပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption ကရင်အလံကိုတီထွင်

ကရင်ခေါင်းဆောင်ကြီး ဆာစံစီပိုးနဲ့ တခြားခေါင်းဆောင်တွေက ကရင်သီးခြားနိုင်ငံဖြစ်ဖို့ ဗြိတိသျှထံ တောင်းဆိုလာသလို ကရင်အလံနဲ့ ကရင်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် ဗြိတိသျှက အသိအမှတ်ပြု တာတွေလည်း ၁၉၃ဝ နှောင်းပိုင်းမှာ ရှိလာပါတယ်။ ကရင်ထဲက အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌထိ အဲဒီအချိန်က ရှိနေပါပြီ။ အလားတူပဲ တပ်ထဲမှာလည်း ကရင်အရာရှိတွေ ပေါ်ထွက် နေသလို ဗြိတိသျှ စစ်ကျောင်းဆင်းတဲ့ စမစ်ဒွန်းနဲ့ စောကြာဒိုးလို ကရင်စစ်ဗိုလ်တွေ ရှိလာပါတယ်။ မြန်မာတပ်ကိုတော့ ဒုတိယကမ္ဘာစစ်နီးမှ ပြန်ဖွဲ့တဲ့အတွက် ကရင်တပ်တွေထက် ပိုပြီးဝါနုနေပါတယ်။

ကရင်ဗမာအဓိကရုဏ်း

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိသျှတွေ ချန်ထားခဲ့တဲ့ လက်နက်တွေနဲ့ ကရင်တပ်တွေဟာ ဝင်လာတဲ့ ဂျပန်တပ်တွေ၊ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်တွေနဲ့ ပဋိပက္ခတွေ ဖြစ်လာပါတယ်။ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်ဉာဏနဲ့ ဗိုလ်စောအောင်တို့ ကရင်တွေနဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့သလို ကရင်ဘက်ကလည်း ဝန်ကြီးချုပ်ဟောင်း စောဖေသာနဲ့ အင်္ဂလိပ်ဇနီး၊ သားသမီးတွေ မြောင်းမြမှာ မြန်မာ ဘက်က သတ်ဖြတ်တာ ခံရပါတယ်။

အခြေအနေကို အမြန်ဆုံးထိန်းဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကရင်လူကြီးတွေ စီစဉ်ရပါတယ်။ စောကြာဒိုးနဲ့ ကရင်အရာရှိတွေကို ဘီအိုင်အေမှာ ခန့်ထားတာတွေ လုပ်ရပါတယ်။ ဒါပေမဲ့ လူမျိုးရေး မုန်းတီးမှု ကတော့ နဂိုရှိရင်း အထင်အမြင်မှားမှုတွေပေါ်မှာ ထပ်ဆင့်တိုးသွားပါတယ်။

အလားတူ လူမျိုးရေး အဓိကရုဏ်းတွေ ကချင်နဲ့ ရှမ်းဗမာအကြား၊ မွတ်ဆလင်နဲ့ ရခိုင်အကြားမှာ အဲဒီအချိန်က ဖြစ်ခဲ့ပေမယ့် ကရင်ဗမာအဓိကရုဏ်းကတော့ လူသိအများဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wikicommon
Image caption အစိုးရဝန်ကြီးဘဝကနေ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ စောဘဦးကြီး

စစ်ပြီးချိန်မှာ အိန္ဒိယက ပြန်လာတဲ့ ကရင်တပ်တွေကို မြန်မာတပ်တွေနဲ့ပေါင်းပြီး ဗမာ့တပ်မတော်ကို အသစ်ပြန်ဖွဲ့တာ၊ ကရင်စစ်ဗိုလ်တွေကို ရာထူးကြီးတွေပေးတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ကရင်မြန်မာ သွေးစည်းရေးကတော့ မအောင်မြင်ခဲ့ပါဘူး။ မန်းဘခိုင်၊ မန်းဝင်းမောင် စတဲ့ ကရင်ခေါင်းဆောင်တချို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပူးပေါင်းပေမယ့် စောဘဦးကြီးနဲ့တကွ ဗြိတိသျှနဲ့ နီးစပ်တဲ့ ကရင် ခေါင်းဆောင်တွေ ကတော့ သီးခြားနိုင်ငံ ကရင်နစ္စတန် ဖြစ်ဖို့၊ နယ်ခြား ကရင်ပြည်နယ်ရဖို့ ကြိုးစားလာပါတယ်။ ဦးလှထွန်းဖြူနဲ့ ရခိုင်ခေါင်းဆောင်တချို့ကလည်း အာရကန်နစ္စတန်ခေါ် သီးခြားရခိုင်ပြည် ဖြစ်ဖို့ အဲဒီအချိန်မှာပဲ လှုပ်ရှားခဲ့ပါတယ်။

စစ်ပြီးစမှာ ပေါ်ထွန်းလာတဲ့ လူမျိုးရေး လှုပ်ရှားမှုတွေမှာ လက်နက်လူသူ အကူအညီ၊ ပြည်ပထောက်ခံမှုတွေ ရလာတဲ့အတွက် ကရင်လှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့ ဖြစ်လာပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း အစိုးရမှာ ပါတဲ့ ဝန်ကြီး စောဘဦးကြီးဟာ ကရင်သီးခြားနိုင်ငံဖြစ်ဖို့အတွက် လန်ဒန်ကို ၁၉၄၆ မှာ တခြားကရင်ခေါင်းဆောင်တွေနဲ့သွားပြီး အရေးဆိုပါတယ်။ စစ်အတွင်းက ကရင်တွေရဲ့ ပူးပေါင်းပါဝင်မှုအတွက် ကရင်ကိုယ်ပိုင်နယ်မြေပေးဖို့ တောင်းဆိုပေမယ့် ဗြိတိန်ဘက်က ငြင်းဆန်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့် အလွန် ငြိမ်းချမ်းရေး အလားအလာ

ဗြိတိန်မှာ စစ်ပြီးစတက်လာတဲ့ လေဘာအစိုးရက ဗိုလ်ချုပ်အောင်ဆန်းအစိုးရနဲ့ စေစ့ပ်ပြီး လွတ်လပ်ရေးပေးဖို့ ၁၉၄၇ နှစ်ဆန်းမှာ သဘောတူလိုက်ပြီးနောက် စောဘဦးကြီး အစိုးရက နုတ်ထွက်ပြီး ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကို ထူထောင်သလို ကေအန်ဒီအိုတပ်တွေ ဖွဲ့ခဲ့ပါတယ်။ သီးခြားကရင်ပြည်မှာ ပါဝင်ဖို့ ကရင်နီတွေကို ကေအန်ယူက စည်းရုံးသလို ပင်လယ်ထွက်ပေါက်ပေးဖို့နဲ့ တပ်ထဲက ကရင်လက်နက်ကိုင် တွေကို ထိန်းချုပ်ခွင့်ရဖို့တွေလည်း တောင်းဆိုပါတယ်။ ပင်လုံညီလာခံမှာလည်း ကရင်ကိုယ်စားလှယ်တွေ မတက်ခဲ့ပါဘူး။ ကရင်သီးခြားနယ်မြေလည်း မရှိတဲ့အတွက် ချင်း၊ ကချင်၊ ရှမ်းတွေလို နိုင်ငံသစ်မှာ ပါဝင်ရေး ညှိနှိုင်းဖို့ မလွယ်တဲ့ ကရင်ပြဿနာဟာ ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း မြန်မာခေါင်းဆောင်တွေအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bert Hardy
Image caption အင်းစိန်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ မြန်မာအရပ်သားများ

ထော ထော ဆိုပြီး ညာသံပေးတက်

လွတ်လပ်ရေးရပြီးနောက် တက်လာတဲ့ သခင်နုအစိုးရနဲ့ ဆက်လက်ညှိနှိုင်းနေချိန်မှာပဲ ကွန်မြူနစ်နဲ့ ရဲဘော်ဖြူတွေ တောခိုပြီး ဖြစ်သလို တပ်မတော်တပ်ရင်းတချို့လည်း တောခိုနေပြီ ဖြစ်ပါတယ်။ ကွန်မြူနစ်ကို တိုက်နေတဲ့ တပ်မတော်ထဲက ကရင်နဲ့ မြန်မာတပ်တွေအကြားမှာ သံသယတွေ တိုးလာသလို တပ်ကို ထိန်းချုပ်ဖို့ အပြန်အလှန် ကြိုးစားကြပါတယ်။

၁၉၄၈ နိုဝင်ဘာမှာ စစ်သေနာပတိ ဗိုလ်ချုပ်စမစ်ဒွန်းက အစိုးရနဲ့ ကေအန်ဒီအိုအကြား စေ့စပ်ပေးပေမယ့် မအောင်မြင်တော့ဘဲ မြန်မာတပ်တွေရဲ့ မယုံသင်္ကာဖြစ်မှုက ပိုတိုးလာပါတယ်။ ကွန်မြူနစ် ရန်ကြောင့် ကရင်ကို ချော့လွန်းတယ်လို့ အစွပ်စွဲခံရတဲ့ သခင်နုကိုလည်း ကရင်နုလို့ မြန်မာသတင်းစာတွေက ရေးကြပါတယ်။ ဒီအချိန်မှာပဲ ကေအန်ယူက လွတ်လပ်တဲ့ ကရင်မွန်နိုင်ငံ ထူထောင်ရေးကို ကြွေးကြော်လာပါတယ်။ ၁၉၄၈ ခရစ္စမတ်ကာလမှာတော့ တနင်္သာရီတိုင်း ပုလောမြို့က ခရစ်ယာန်ဘုရားကျောင်းကို မြန်မာစစ်ဝန်ထမ်းတပ်တွေက တိုက်ခိုက်လို့ ကရင်အရပ်သား ၈ဝ သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ကရင်တွေကို မြန်မာနိုင်ငံရေးသမားတွေနဲ့ တပ်တွေက သတ်ဖြတ်ရာကနေ ကေအန်ဒီအိုဘက်က လက်စားချေတိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် RUNGROJ YONGRIT
Image caption ကရင်စစ်သားဟောင်းကြီးတယောက်

သခင်နုနဲ့ စောဘဦးကြီးတို့ ပူးတွဲပြီး မြစ်ဝကျွန်းပေါ်မှာ အခြေအနေကို ထိန်းဖို့ လုပ်ပေမယ့် ပိုဆိုးလာပါတယ်။ စမစ်ဒွန်းက တွံတေးတူးမြောင်းကို ကွန်မြူနစ်လက်ကနေ သိမ်းဖို့ ကေအန်ဒီအိုတွေနဲ့ ကြိုးစားတာကိုလည်း ကရင်သူပုန်ထတော့မယ်လို့ မြန်မာသတင်းစာတွေက မြင်ပါတယ်။ နောက်ပိုင်းမှာတော့ အင်းစိန်က စစ်တပ်ပိုင် လက်နက်တိုက်တွေကို ကေအန်ဒီအိုတွေ ဝင်လုတာဖြစ်လာသလို စစ်ဝန်ထမ်းတွေနဲ့ မြန်မာကျောင်းသားတပ်တွေကလည်း အင်းစိန်ကို ဝင်တိုက်လာပါတယ်။ ဇန်နဝါရီလကုန်မှာတော့ ဗိုလ်မှူးကြီးစောမင်းမောင်ရဲ့ ကရင်တပ်တွေ ပုန်ကန်ပြီး တောင်ငူကို သိမ်းသလို ပုသိမ်နဲ့ ဖြူးမြို့တွေ တိုက်ခိုက်ခံရပါတယ်။

၁၉၄၉ ဇန်နဝါရီ ၃ဝ မှာ ကရင့်တော်လှန်ရေး စပြီး မကြာခင်မှာ အင်းစိန်ကို ထိန်းချုပ်နိုင်သလို မန္တလေး၊ မေမြို့စတဲ့ မြို့ကြီးတွေကို သိမ်းပြီး တောင်ငူကို မြို့တော် လုပ်ပါတယ်။ ဖြူးနဲ့ မေမြို့ စတဲ့ နေရာတွေက မြန်မာအရပ်သားတွေကို သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်က ထော ထော ဆိုပြီး ညာသံပေးတက်လာတဲ့ ကရင်တပ်တွေ ကျွဲချိုမှုတ်သံ ကြားရချိန်မှာ မြို့တမြို့ကို သိမ်းပြီးတဲ့အထိ လျင်မြန်တယ်လို့ ဆိုပါတယ်။ မြန်မာတပ်တွေနဲ့ နိုင်ငံရေးသမားတွေကတော့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ တပ်ရှိတဲ့ ပဲခူးဘုရားကြီးထိ လွတ်အောင် ဆုတ်ပြေးခဲ့ရပါတယ်။

နောက်ဆက်တွဲအကျိုးဆက် အဖြစ် စမစ်ဒွန်းနဲ့ ကရင်စစ်ဗိုလ်တွေ ကရင်တပ်တွေ လက်နက်အဖြုတ်ခံရသလို စောစံဘိုးသင်လို ဝန်ကြီးဟောင်းတွေ တောခိုပါတယ်။ နယ်မြေသတ်မှတ်ရခက်တဲ့ ကရင်ပြည်နယ်ကိစ္စလည်း ကြာရှည်နေတဲ့အပြင် ပြည်နယ်ပေါ်လာတဲ့အချိန်မှာလည်း မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ပြည်နယ်နေရာ အနည်းငယ်သာ ရှိခဲ့ပါတယ်။ ပထမဆုံး ကရင်ပြည်နယ်ဝန်ကြီး အဖြစ် ဆာစံစီပိုးရဲ့သမီး မစ္စစ်ဘမောင်ချိန်ကို ခန့်ခဲ့ပေမယ့် တနှစ်မကြာခင်မှာ နုတ်ထွက်သွားပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ပြည်တွင်းစစ်နဲ့ ရာစုတစုနီးပါး မအေးချမ်းခဲ့တဲ့ ကရင်ပြည်နယ်

အနှစ် ၇ဝ တော်လှန်ရေး

စောဘဦးကြီး ကျဆုံးပြီးနောက် တက်လာတဲ့ ကရင်ခေါင်းဆောင်တွေဟာ သူတို့လိုလားချက်ကို အကောင်အထည်ဖော်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားပါတယ်။ တရုတ်ဖြူ လက်နက်ကိုင်တွေနဲ့ ကေအန်ယူ ပူးပေါင်းတဲ့ အချိန်ရှိသလို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ နီးစပ်ခဲ့တဲ့ အချိန်လည်း ရှိခဲ့ပါတယ်။ မြေပေါ် ကရင်နိုင်ငံရေးမှာ ဖဆပလနဲ့ နီးစပ်တဲ့ ဒေါက်တာစောလှထွန်းနဲ့ မန်းဝင်းမောင်တို့ နေရာရပေမယ့် ကရင်လက်နက်ကိုင်စစ် အဆုံးသတ်ဖို့ မန်းဝင်းမောင် သမတ ဖြစ်ချိန်မှာလည်း မကြိုးစားနိုင်ခဲ့ပါဘူး။

၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ ကရင်အဖွဲ့နဲ့ စေ့စပ်နိုင်ပေမယ့် ကျန်တဲ့ ကေအန်ယူနဲ့တော့ မပြေလည်ဘဲ အနှစ် ၂ဝ ကျော် ဆက်တိုက်ခဲ့ရပါတယ်။ တချိန်တည်းမှာ ဆိုရှယ်လစ်စီးပွားရေး စနစ်ကြောင့် မှောင်ခိုလမ်းကြောင်းပေါ်လာပြီး ထိုင်းနယ်စပ်က ကရင်တပ်တွေအတွက် ငွေရင်းမြစ် ဖြစ်လာပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ နယ်စပ်ကို ထွက်လာတဲ့ ကျောင်းသားတွေကို တပ်ဖွဲ့ပေးရေးမှာ ကေအန်ယူက အဓိက ကူညီခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Patrick AVENTURIER
Image caption ဗိုလ်ချုပ်ကြီး စောဘိုမြပုံနောက်ခံနဲ့ ကရင်ကလေးစစ်သား

နဝတ အစိုးရလက်ထက်မှာ မဲသဝေါနဲ့ တခြားကရင်စခန်းတွေ ကျဆုံးခဲ့ပြီးနောက် ကရင်လက်နက်ကိုင် လှုပ်ရှားမှု ဒီရေကျသွားသလို ကရင်ဒုက္ခသည်တွေ ပြည်ပကို ထွက်ခွာတာတွေ ပိုများလာပါတယ်။ မြောက်ပိုင်းက ဗကပသြဇာခံ လူမျိုးစုတပ်တွေ၊ ကေအိုင်အေတို့နဲ့ စစ်အစိုးရတို့ အပစ်ရပ်စဲရေး ယူနိုင်ပေမယ့် ကေအန်ယူနဲ့ မွန်၊ ကရင်နီအဖွဲ့တွေနဲ့တော့ မယူနိုင်ခဲ့ပါဘူး။ လူမျိုးစုလက်နက်ကိုင် လှုပ်ရှားမှုမှာ အဓိက တင်းခံခဲ့တဲ့ ကေအန်ယူနဲ့ မြန်မာအစိုးရကြား စေ့စပ်မှုတွေက ဗိုလ်ချုပ်ကြီးခင်ညွန့်ရှိကတည်းက စခဲ့ပေမယ့် ၂ဝ၁ဝ နိုင်ငံရေး ပြောင်းပြီးနောက်ပိုင်းမှ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ဘိုမြ ကွယ်လွန်ခဲ့ပြီ ဖြစ်သလို သူ့လို သြဇာကြီးတဲ့ ကေအန်ယူ အတွင်းရေးမှူး ဖဒိုမန်းရှာလည်း လုပ်ကြံခံခဲ့ရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ကရင်ပြည်နယ်တနေရာက ဘီဂျီအက်ဖ်နယ်ခြားစောင့်တပ်ကားတန်း

အဲဒီအချိန်မှာ ကေအန်ယူက ဒီကေဘီအေ ဗုဒ္ဓဘာသာကရင်တပ်တွေ ခွဲထွက်ပြီး ဖြစ်သလို တခြားအဖွဲ့တွေလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းနေကြပါပြီ။ ၂ဝ၁၂ မှာ ပဏာမ အပစ်ရပ်စဲရေး ယူပြီး ၂ဝ၁၅ မှာ အန်စီအေကို ကေအန်ယူ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကရင့်တော်လှန်ရေးဟာ အနှစ် ၇ဝ ပြည့်တဲ့အထိ ဘယ်ပုံစံနဲ့ အဆုံးသတ်မယ်ဆိုတာကို မှန်းရခက် နေပါတယ်။ ပြည်ပကို ရောက်နေတဲ့ ဒုက္ခသည် တချို့တလေ ပြန်လာပေမယ့် သူတို့အတွက် လုပ်ငန်းကိုင်ငန်း ထူထောင်မှုတွေ လုပ်ဖို့ လိုနေသလို နယ်မြေ ငြိမ်းချမ်းရေးကလည်း သေချာ ရယူနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။ ကရင်သီးခြားနိုင်ငံ မယူတော့ဘူးလို့ ကေအန်ယူဘက်က ပြောလာပေမယ့် နိုင်ငံရေး အစဉ်အလာကြီးတဲ့ ကရင်တွေအတွက် နိုင်ငံရေး ပြဋ္ဌာန်းချက် တခုကတော့ ရှိဖို့ လိုနေမှာ ဖြစ်ပါတယ်။

သီးခြားနယ်မြေဖြစ်ဖို့ အတွက် လိုအပ်တဲ့ နယ်မြေ တိတိကျကျ မရှိခဲ့တာနဲ့ မြန်မာ၊ ထားဝယ်၊ မွန်တွေနဲ့ ရောယှက်နေထိုင်မှုတွေကြောင့် ကရင်လှုပ်ရှားမှုဟာ အောက်မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းစစ်ကြီး အဖြစ် လောင်ကျွမ်းခဲ့ပါတယ်။ မြန်မာထက်စောပြီး အမျိုးသားရေး လက္ခဏာတွေ ထူထောင်ခဲ့တဲ့ ကရင်တွေအကြောင်းကို နားလည်မှုနည်းတဲ့အတွက် မြန်မာအမျိုးသားရေး လှုပ်ရှားမှုနဲ့ ပဋိပက္ခဖြစ်ပြီး ပြည်ထောင်စု ဖွဲ့စည်းရေးမှာပါ ကျရှုံးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Atid Kiattisaksiri
Image caption လက်နက်ကိုင်လမ်းစဉ်ကို ဒေသခံတွေ ထောက်ခံမှု သေချာမသိနိုင်
ဓာတ်ပုံ မူပိုင် David Longstreath
Image caption ပြည်တွင်းစစ်ရဲ့ အမွေ ခြေတုတပ်ဆင်ပေးနေရသူ