တပ်မတော်က သမ္မတ လက်အောက်မှာ ရှိလား - ဗိုလ်ချုပ်ကြီး စောဂျော်နီ

"တပ်မတော်က သမ္မတ လက်အောက်မှာ ရှိလား - ဆိုပြီး KNU/KNLA ဗိုလ်ချုပ်ကြီး စောဂျော်နီ မေးခွန်းထုတ် ဓာတ်ပုံ မူပိုင် BBC Burmese
Image caption "တပ်မတော်က သမ္မတ လက်အောက်မှာ ရှိလား - ဆိုပြီး KNU/KNLA ဗိုလ်ချုပ်ကြီး စောဂျော်နီ မေးခွန်းထုတ်

ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက လက်ရှိ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ဖြစ်ပေမယ့် ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလို့ ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိ တိုင်းရင်းသား ပြဿနာနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အကြောင်း KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက KNU ဌာနချုပ် နယ်မြေမှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ကရင့်လက်နက်ကိုင် တော်လှန်ရေး နှစ် ၇၀ ပြည့် ကာလမှာ ဗိုလ်ချုပ်ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ ကိုယ်တွေ့တွေနဲ့ ယှဉ်ပြီး လွန်ခဲ့တဲ့ နှစ်တွေကို ပြန်ပြီး ကြည့်ရင် ဘယ်လို သုံးသပ်မြင်မိပါသလဲ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ကျွန်တော်တို့ တော်လှန်ရေးထဲဝင်တာ၊ လက်နက်ကိုင်တာက တခြား တိုင်းရင်းသားတွေ၊ တခြား လူမျိုးတွေကို ဖိနှိပ်ချင်လို့၊ အနိုင်ကျင့်ချင်လို့ သဘောမရှိပါဘူး။ တန်းတူအခွင့်အရေး ရရှိဖို့ အတွက်ပဲ။ ဒါပေမယ့် အခုထိ ဒီအုပ်ချုပ်သူ အစိုးရက ကျွန်တော်တို့ကို တန်းတူ အခွင့်အရေး ဘာမှ မပေးသေးဘူး။

လက်နက်နဲ့ ဖြေရှင်းတာက ဘာမှ အကျိုးကျေးဇူး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ သေတာလည်း သေ၊ အစိုးရလည်းသေ မဟုတ်လား။ တဲ့တိုး ပြောရရင် ဗမာလည်းသေ၊ ကရင်လည်း သေပေါ့၊ တိုင်းပြည်လည်း ဆင်းရဲပေါ့၊ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီဗမာပြည် ပြဿနာက နိုင်ငံရေး ပြဿနာ မဟုတ်လား၊ အုပ်ချုပ်သူက နိုင်ငံရေးနဲ့ မဖြေရှင်းဘဲ လက်နက်နဲ့ ဖြေရှင်းခဲ့တာ၊ ဒီလောက် ကြာလာတော့ သူတို့ သဘောပေါက်ပြီ။

ဒါပေမယ့် (ငြိမ်းချမ်းရေးဆွေးနွေးတာ) အခုက ၇ နှစ် ရှိပြီ။ ကျွန်တော်တို့ လိုချင်တဲ့ တန်းတူ အခွင့်အရေး၊ ဖက်ဒရယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုနဲ့ ဒီမိုကရေစီလည်း မရသေးဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့် အလွန် ငြိမ်းချမ်းရေး အလားအလာ

ဘီဘီစီ။ ။ ၂၀၁၅ မှာ စပြီးတော့ အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ထိုးခဲ့တယ်ပေါ့၊ Nationwide Ceasefire Agreement (NCA) လမ်းကြောင်းလို့ အားလုံးက ခေါ်ကြတယ်၊ ဗိုလ်ချုပ်အနေနဲ့ တပ်ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဆိုရင် NCA လမ်းကြောင်းက ဘယ်လောက် အလုပ်ဖြစ်တယ်လို့ သုံးသပ်ပါသလဲ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ NCA လမ်းက ကောင်းတာပေါ့။ တကယ်လို့ ညှိနှိုင်းဆွေးနွေးမယ်၊ သွေးထွက်သံယို မရှိတဲ့နည်းက၊ အခုဟာက NCA လမ်းကြောင်းမှ မသွားသေးတာ၊ အခုဟာက အပေါ်ကနေပြီးတော့ အပေါ်စီးချည်းပဲနေတာ၊ တန်းတူအခွင့်အရေး မရသေးဘူးပေါ့။ အခုထိ ဗမာပြည်မှာ ဘာဖြစ်လို့ ဒီလောက် ပြည်တွင်းစစ် ကြာနေတယ် ဆိုတာက တကယ်လို့ အုပ်ချုပ်သူက ဗမာပြည်တစ်ပြည်လုံးမှာ တိုင်းရင်းသား တန်းတူအခွင့်အရေး ပေးမယ်ဆိုရင် ဗမာပြည်မှာ ပြည်တွင်းစစ် ရှိဦးမလား။ အခုက ပြည်တွင်းစစ် ရှိနေတယ်မလား။

ဘီဘီစီ။ ။ စပြီးတော့ ညှိနှိုင်းတာနဲ့ဆို ၇ နှစ် ရှိပြီ။ လက်မှတ်ထိုးတာဆို ၃ နှစ် ရှိပြီပေါ့နော်။ တကယ်ရော ကိုယ်အုပ်ချုပ်နေရတဲ့ ကရင်လက်နက်ကိုင် တော်လှန်ရေးတပ်က တပ်သားတွေ၊ အရာရှိတွေအပေါ်ကို ဗိုလ်ချုပ်အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက အမှန် ဆိုပြီးတော့ ချပြနိုင်လောက်အောင် အောင်မြင်မှု မရသေးတော့ ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုမျိုး ကိုယ့်ရဲ့တပ်ကို နိုင်နင်းအောင် အုပ်ချူပ်နေလဲဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ကိုယ့်တပ်က အခု NCA လမ်းကြောင်းအတိုင်း သွားနေတယ်ဆိုတာ သိတယ်။ NCA လမ်းကြောင်းအတိုင်း သွားတာ အညံ့ခံ အရှုံးပေးတာ မဟုတ်ဘူး၊ ကိုယ့်လူမျိုးအတွက် တိုင်းရင်းသားတန်းတူခွင့် အတွက် တိုက်ယူတာပဲ။ သွေးထွက်သံယို မရှိတဲ့နည်းပေါ့။

ဘီဘီစီ။ ။ ဗိုလ်ချုပ်တို့တပ်ဘက်က အခု နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေတဲ့ ကရင့်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေကို တစ်စုံတစ်ရာ သဘောထား မှတ်ချက်ပေးတာမျိုး တပ်ဘက်က ဘာတွေရှိလဲဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ တပ်ဘက်ဆို .. အပစ်အခတ် ရပ်စဲတယ် ဆိုတာ သူတို့ လက်ခံတယ်လေ။ တချို့က ဘာလဲ အမြင်မတူတာမျိုး ရှိတယ်။ လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အမြင် မတူတာမျိုး ရှိတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကတော့ အတူတူပဲ။ အခုက အမှန်ဆိုရင် ဒီ NCA လမ်းကြောင်းက သွေးထွက်သံယို မရှိတဲ့နည်း၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမယ်ဆိုရင် ပိုကောင်းတာပေါ့။

အစိုးရကပဲ ဒီ NCA လမ်းကြောင်းအတိုင်း မသွားဘဲ ဘာတွေညာတွေ ထုတ်ထားတာ မဟုတ်လား။ "တပ်မတော် တစ်ရပ်ပဲ ရှိရမယ်"၊ နောက်ပြီးတော့ ဟို "ခွဲမထွက်ရ" ဆိုပြီး အများကြီးရှိတယ် မဟုတ်လား။ ဒီဥစ္စာက တစ်ဆို့တာပေါ့။

ဒါ "တပ်မတော် တစ်ရပ်" ဆိုတာ ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံမှာ တပ်မတော်တစ်ရပ်ပဲ ရှိရမယ်ဆိုတာ 'မူ' အရတော့ သဘောတူတာပေါ့။ အခုအချိန် ရောက်ပြီလား။ ဒီဗမာပြည်မှာ ငြိမ်းချမ်းရေး မရသေးဘူး။ ပြည်တွင်းစစ် ရှိနေတယ် မဟုတ်လား။ အခု လက်မှတ်ထိုးတာ ၁၀ ဖွဲ့ ရှိတယ်မလား။ မြောက်ပိုင်းကအဖွဲ့ ဘယ်နှစ်ဖွဲ့ ကျန်လဲ။ နောက် ၂ နှစ် ပြည်တွင်း ငြိမ်းချမ်းရေး ရမလား။ မရနိုင်ပါဘူး။ ဒီမြန်မာပြည်မှာ လုံး၀ စစ် မရှိတော့ဘူး၊ ပြည်တွင်းစစ် မရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးရမှာပေါ့။ ဘယ်လို ဘယ်နည်းနဲ့ ညှိနိုင်းဆွေးနွေးပြီးမှ ဒါ လက်ခံနိုင်မှာပေါ့။ အခုဆိုတော့ ပြည်တွင်းစစ် ရှိနေတာပဲလေ၊ တပ်မတော်တစ်ရပ်ဆိုတော့ ဗမာ့တပ်မတော်ထဲမှာပဲ ပြန်နေရမယ် မဟုတ်လား။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ရဲ့ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်က ကရင်တိုင်းရင်းသားတဦး ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အစိုးရတပ်မတော်ဘက်က တောင်းဆိုနေတဲ့ "တစ်ခုတည်းသောတပ်မတော်"တို့၊ "ခွဲမထွက်ရေး" တို့ စကားလုံးတွေက ဒီ KNLA ကရင့် လွတ်မြောက်ရေးတပ်မတော် ဘက်အနေနဲ့ဆိုရင် လက်ခံနိုင်စရာ မရှိသေးဘူးပေါ့။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ လက်ခံနိုင်စရာ အကြောင်းဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ ဒီမိုကရေဒီ နိုင်ငံဆိုရင် တစ်နေ့ကျရင် တပ်မတော်တစ်ရပ်ကို လက်ခံရမယ်။ ဒါပေမဲ့ အခု အချိန်မတော်သေးဘူး။ အချိန်မရောက်သေးဘူး။ ညှိနှိုင်းဆွေးနွေးရဦးမယ်လေ။ ဒါကြောင့်မို့ တပ်မတော်တစ်ရပ်အပြင် မခွဲထွက်ရ တစ်ခုရှိတယ်မလား။ ဒါတကယ်တော့ အုပ်ချုပ်သူအစိုးရက ဒီပြည်သူလူထုကို တန်းတူရည်တူ အုပ်ချုပ်မယ် ဆိုလို့ရှိရင် ဘယ်သူမှမခွဲထွက်ချင်ဘူး ဟုတ်လား။ ခွဲထွက်မယ်ဆိုရင် ဘယ်မှာ သွားနေမလဲ။ ဒါ အုပ်ချုပ်သူပေါ်မှာပဲ မူတည်တယ်လေ။

ဘီဘီစီ။ ။ ကရင့်တော်လှန်ရေးစကတည်းက ကရင်အမျိုးသားတွေရဲ့ ခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်တဲ့တဲ့ မူဝါဒ ၄ ချက်၊ အခြခံမူတွေလို့ ပြောလို့ ရတဲ့ ဒီ ၄ ချက်ပေါ့၊ ဒါတွေက လက်ရှိ NCA လမ်းကြောင်းနဲ့ဆိုရင် သွေဖည်မနေဘူးလားဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ သွေဖည်မနေဘဲ .. တကယ့် NCA လမ်းကြောင်းက ညှိနှိုင်းဆွေးနွေးမယ်၊ တိုင်းရင်းသားတန်းတူ အခွင့်အရေး ပေးမယ်ဆိုတော့၊ ဒါ မြန်မာပြည်မှာ တိုက်ပွဲမရှိဘဲ ငြိမ်းချမ်းရေးရမယ်ပေါ့။ တကယ်တော့ အပေါ်စီးချည်းပဲ နေမယ်ဆိုတော့ ကျွန်တော်တို့လည်း ဘာခံမလဲ၊ ကျွန်တော်တို့လည်း မူရှိတာပဲ မဟုတ်လား၊ စောဘဦးကြီး မူရှိတယ်။ သူတို့ကတော့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ၆ ချက် ရှိတယ် မဟုတ်လား။ သူ့ မူ သူပြောတဲ့ ဥစ္စာတွေက သူက ၂၀၀၈ ဖွဲ့စည်းပုံကနေ စကားပြောတယ် မလား။ ဒါ သူ့ကိုလည်း အပြစ်မတင်ဘူး။ ကျွန်တော်တို့လည်း ကျွန်တော်တို့မူနဲ့ စောဘဦးကြီးမူနဲ့ ထားမှာပဲ။ အေးဆေးပဲ။ တကယ်လို့ သူက တစ်ခုခုလုပ်လာရင်တော့ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ် မဟုတ်လား။

ဘီဘီစီ။ ။ တွေ့ဆုံဆွေးနွေးဖို့မှာ ကိုယ်က စိတ်စေတနာကောင်း ပြတဲ့ အနေနဲ့ ကိုယ့်ဘက်ကစပြီးတော့ တစ်ခုခု အလျှော့ပေးတာမျိုး၊ ဒါမှမဟုတ်ရင် ညှိနှိုင်းတာမျိုး၊ တစ်စုံတစ်ရာ အပေးအယူလုပ်တာမျိုး မလုပ်နိုင်ဘူးလားဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ဘာလုပ်နိုင်မလဲ။ အခုဟာက တပ်မတော်တစ်ရပ် ဆိုတော့၊ နင်က … ကာကွယ်ရေးဝန်ကြီးလက်အောက်မှာဆိုတော့ ကိုယ့်ရဲ့ မူ ၄ ချက်ကို ဆန့်ကျင်ရာ ကျတာပေါ့။ ဒါပေမယ့် တကယ်လို့ ဒီ အပစ်အခတ်ရပ်စဲရေး ပျက်လို့ရှိရင် KNU အတွက်နဲ့ မပျက်စေရဘူး။

ဘီဘီစီ။ ။ တစ်ဖက်အစွန်းမှာချည်း ရပ်နေကြရင်၊ တကယ် NCA လမ်းကြောင်းက တွေ့ဆုံဆွေးနွေးရေးတို့၊ ညှိနှိုင်းရေးတို့၊ နောက်ဆုံး ငြိမ်းချမ်းရေးတို့က တကယ် လက်တွေ့ အကောင်အထည် ဖော်နိုင်ပါ့မလားဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ဒါတော့ သူ့မူပေါ်သူရပ်၊ ကိုယ့်မူပေါ်ကိုယ်ရပ်ဆိုတော့ … သူကတော့ တိုင်းရင်းသားတန်းတူ အခွင့်အရေးမှ မပေးတာ၊ သူက အပေါ်စီးက အုပ်ချုပ်တော့ ဒီလိုပဲ ဖြစ်မှာပဲ။ တို့ကျတော့ တန်းတူအခွင့်အရေးလေ၊ လူ့အခွင့်အရေးလည်းရ ရမယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးရ ရမယ်။ သူက သူ့မူချည်းပဲ ရပ်မယ်ဆိုရင်တော့ သူ့သဘောပေါ့။

ဓာတ်ပုံ မူပိုင် Nyein Chan Aye / BBC Burmese
Image caption KNU ဌာနချုပ် နယ်မြေမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေး အခမ်းအနားမှာ တွေ့ရတဲ့ KNLA တပ်ဖွဲ့ဝင်တွေ

ဘီဘီစီ။ ။ အဲ့တော့ အရပ်သားအစိုးရခေတ်မှာ ဒီလိုမျိုး သူ့မူသူရပ်၊ ကိုယ့်မူ ကိုယ်ရပ် အနေအထားကနေ တွေ့ဆုံဆွေးနွေးဖို့လမ်းကြောင်း ပိုရလာတယ်လို့ ဆိုချင်တာလား။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ အရပ်သားအစိုးရ ဖြစ်ပေမယ့်လို့ ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူး။ ဒီမိုကရေစီအစိုးရ ကမ္ဘာမှာရှိတဲ့ တပ်အားလုံးက သမ္မတအောက်မှာရှိတယ် မဟုတ်လား။ အခုဒီ ဗမာ့တပ်မတော်က (ဦး) ဝင်းမြင့်လက်အောက်မှာ ရှိလား။ (ဦး) ဝင်းမြင့်အပေါ်မှာ ရှိလား။

ဘီဘီစီ။ ။ ဒါကိုအခု တပ်ခေါင်းဆောင် အနေနဲ့ မေးခွန်းထုတ်တာပေါ့။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ (ဟား ဟား ဟား… ) နောက်ပြီးတော့ ဟို (ဦး) သိန်းစိန် ခေတ်တုန်းကနော် ကချင်ပြည်ကို အပစ်ခတ်ရပ်ပါ ပြောတုန်းက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် နားထောင်လား။

ဘီဘီစီ။ ။ တပ်ကို အုပ်ချုပ်နေရတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ဆိုရင် ဆွေးနွေးပွဲတွေ သွားရင်ရော အကောင်းမျှော်လင့်စရာ ဘာတွေ ထင်မြင်ယူဆမိပါသလဲ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ဒီ ဗမာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ NCA ဆိုတာ အကောင်းဘက်က မျှော်လင့်တယ်၊ အဆိုးဘက်က ကြိုတင်ကာကွယ်ရမှာပဲ။ ဒါပေမဲ့ အခု ၇ နှစ် ရှိပြီဟာ မဟုတ်လား။ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲမှု မရှိသေးဘူးနော်၊ ယုံကြည်မှု တည်ဆောက်တာလည်း မရသေးဘူး။ ဗမာ့တပ်မတော်လည်း ဒီ ကရင်ကို မယုံဘူး။ ကရင်လည်း ဗမာ့တပ်မတော်ကို မယုံဘူး။ တကယ်လို့ ကရင်ထုကို ယုံကြည်ရင်တော့ တစ်ခုခုတော့ လုပ်ရမှာပေါ့နော်။ အခု သူဘာမှ မလုပ်ဘူးလေ။

ဘီဘီစီ။ ။ ပြောင်းဖို့၊ ပြင်ဖို့ပေါ့နော်၊ ရှေ့ဆက် အကောင်အထည်ဖော်ဖို့ဆိုရင် အဓိက အချက်က ဘာလိုနေတာလဲ၊ ဘယ်သူက လုပ်ဖို့ လိုနေတာလဲ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ အဓိက ဒီအစိုးရက သူ့မူကိုလည်း နည်းနည်း လျှော့ပြောင်းပေါ့။ မပြောင်းဘူး ဒီအတိုင်းဆို ဒီဗမာပြည်ဟာ နောက်အနှစ်တစ်ရာလည်း ငြိမ်းချမ်းရေး မရဘူး။

ဘီဘီစီ။ ။ ဒါပေမယ့် ကိုယ့်ဘက်ကမူကြတော့ရော လျှော့ဖို့ မရှိဘူးလားဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ကိုယ့်ဖက်က မူကတော့ … ကရင့်လက်နက်ကိစ္စတွေ….. ကိုယ့်လက်ထဲမှာ လက်နက်ရှိတာတောင် သူများ အနိုင်ကျင့်နေတာ၊ လက်နက် စွန့်လိုက်လို့ရှိရင် စဉ်းစားလို့ ရဲဦးမလား။

ဓာတ်ပုံ မူပိုင် Nyein Chan Aye/ BBC Burmese
Image caption ကရင့်ခေါင်းဆောင် စောဘဦးကြီး လမ်းညွှန်ခဲ့တဲ့ မူဝါဒ (၄) ရပ်

ဘီဘီစီ။ ။ ဒီလိုအနေအထားကရော ရှေ့မှာ ဆိုရင် အကောင်းမျှော်လင့်နိုင်လားဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ အကောင်းဘာမျှော်လင့်နိုင်မလဲ။ အခုက ပြည်နယ်ဝန်ကြီးချုပ် လာမယ်မဟုတ်လား။ (မှတ်ချက် -- ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့် အခမ်းအနားကို ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တက်ရောက်ခြင်းကို ဆိုလိုသည်။)

NLD အစိုးရလေ၊ ဒါကပြည်သူလူထု ထောက်ခံတဲ့ အဖွဲ့မဟုတ်လား။ ဒါပေမဲ့ ဒီဝန်ကြီးချုပ်က ဒီကရင်ပြည်နယ်မှာ ဝန်ကြီးချုပ်ပြီးရင် ဟိုး.. နေပြည်တော်က ပြီးမလား။ ဝန်ကြီးချုပ်က အခု နေပြည်တော်က အမိန့်မချရင် သူဘာမှ လုပ် မရဲဘူးလေ။ အာဏာခွဲဝေမှု ရှိလား။ ပြည်နယ်နဲ့ ဟိုး… ဗဟိုနဲ့။

ဘီဘီစီ။ ။ KNU ရဲ့ ဦးဆောင်မှုနဲ့ KNLA တပ်ထဲကနေပြီးတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ၃၀ အတွင်းမှာ ခွဲထွက်သွားတဲ့ အဖွဲ့ခွဲတွေလည်း အများကြီးရှိတယ်၊ သူတို့မှာလည်း လက်နက်ကိုင်ထားတယ်ပေါ့နော်။ သူတို့အပေါ်ရော ဘယ်လို ထင်မြင်ယူဆချင်ရှိလဲဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ အခုတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မလုပ်ရ။ နားလည်မှု ရှိလာပြီပေါ့။

ဘီဘီစီ။ ။ ကိုယ့်အမျိုးသားထဲက လက်နက်ကိုင်တပ်ချင်း ညီညွှတ်မှုရှိရင်၊ ဒါမှမဟုတ် နိုင်ငံရေး အဖွဲ့အစည်း အချင်းချင်း ညီညွတ်မှုရှိရင် ပိုပြီးတော့ တစ်ဖက် အစိုးရနဲ့ ဒါမှမဟုတ် အစိုးရတပ်မတော်နဲ့ ညှိနှိုင်းတဲ့အခါ ပိုလွယ်ကူလာမယ် ထင်လား။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ တကယ်လို့ ကရင်လက်နက်ကိုင်အားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ညီလို့ရှိရင်တော့ အစိုးရနဲ့ စကားပြောရတာ နည်းနည်းလွယ်တာပေါ့။ အခုက အဖွဲ့အများကြီး ရှိတယ်။ KNU လည်း ၂ ဖွဲ့ ၃ ဖွဲ့။ ကချင်လည်း ၁ ဖွဲ့ ၂ ဖွဲ့။ ရခိုင်လည်း ဘယ်နှစ်ဖွဲ့လဲ မသိဘူး။ ဒါကြောင့်မို့ မညီညွှတ်ဘူး။ အခုကတော့ ညီအောင်တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်လေ။

ဘီဘီစီ။ ။ လက်ရှိမှာဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာဆိုရင် ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတာ ရှိတယ်ပေါ့နော်။ ရက္ခိုင့်တပ်မတော်ရဲ့ စစ်ရေး လှုပ်ရှားမှုရယ်၊ နိုင်ငံရေး ရည်မှန်းချက်ရယ် ဒါကို KNLA စစ်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆိုရင် ဘယ်လိုမျိုး သုံးသပ် ပြောချင်လဲဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ဒါတော့ သူတို့က NCA မှာလည်း လက်မှတ်မထိုးဘူး မဟုတ်လား။ ဒါက သူ့ကို ပြောလို့မရဘူး၊ သူ့သဘောနဲ့ သူပဲပေါ့။

ဘီဘီစီ။ ။ ဒါပေမဲ့ ဒီရခိုင်အမျိုးသားတွေ အများစုပေါ့နော်၊ တောင်းဆိုနေကြတဲ့ သူတို့က အရင်တုန်းက ရခိုင်ဘုရင်တွေ ရှိတယ်၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေလာတယ်၊ ကိုယ်ပိုင်တိုင်းပြည် ရှိခဲ့တယ်၊ အခုလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းနေတယ်။ ဒီလိုမျိုး တောင်းဆိုချက်ခြင်း၊ ရည်မှန်းချက်ခြင်းက မတူဘူးလား၊ ကရင်နဲ့ကလေ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ တူပေမယ့်လို့ လုပ်နည်းလုပ်ဟန် ရှိသေးတာပေါ့၊ မဟုတ်ဘူးလား။ တို့ကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ စားပွဲပေါ်မှာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာမယ်လေ။ သူတို့ကတော့ လုံး၀ NCA လည်းမထိုးဘူး။ သူ့လမ်းသူသွားတယ်ဆိုတော့.. တဖြည်းဖြည်းတော့.. ဒါအစိုးရပေါ်မှာပဲ မူတည်တယ်လေ။

ဘီဘီစီ။ ။ တကယ်လို့ တိုက်တွန်းခွင့်ရမယ်ဆိုရင်ရော ဒီ ရက္ခိုင့်တပ်မတော် ခေါင်းဆောင်တွေကို ဘာတွေ အကြံပေးချင်လဲဗျ။

ဗိုလ်ချုပ်ကြီး စောဂျော်နီ။ ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး ကျွန်တော်တို့ ဗမာပြည်မှာရှိတဲ့ တော်လှန်ရေးအားလုံး ညီညွတ်ဖို့၊ တစ်သွေးတည်း တစ်သံတည်း လုပ်ဖို့တော့ ကျွန်တော်ကတော့ တိုက်တွန်းချင်တာပေါ့။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
NCA အပေါ် KNLA သဘောထား